← Chapters

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း ၁၅၅

Vol. 16 Ch. 155

155

တစ်ဖက်တွင် သခင်မကြီး လူရိုက်နေသည်ကို မြင်လိုက်ရသောအခါ ကျိုးမိသားစုအိမ်တော်မှ အစေခံများသည် အချင်းချင်းတီးတိုးမပြောရဲတော့သည့်အပြင် ယခုဆိုလျှင် တွေးပင်မတွေးရဲကြတော့ပေ။

လူတစ်ယောက်ကို ရိုက်ပြီးနောက် သခင်မကျိုးမှာ အနည်းငယ်စိတ်ငြိမ်သွားသော်ငြား အပြန်တွင် သူမချွေးမငိုနေသည်ကို မြင်လိုက်ရသောအခါ ဒေါသမီးများ ပြန်လည်တောက်လောင်လာတော့သည်။

သူမက ချွေးမဖြစ်သူပခုံးကိုပုတ်ပေးကာ ပြောလိုက်သည်။

"စိတ်မပူနဲ့၊ အမေရှိနေသရွေ့ သူနောက်ကျရင် ကောင်းကောင်းနေရမှာမဟုတ်ဘူး၊ အိမ်တော်ထဲက တစ်ယောက်ယောက်ကများ အတင်း ပြောရဲရင် အမေ့ကိုသာပြော၊ သူတို့ကို သေသေချာချာ မှတ်လောက်သားလောက်ဖြစ်အောင် လုပ်ပေးမယ်"

ထိုသို့ပြောပြီးနောက် သခင်မကျိုးက အိမ်တော်ရှိအစေခံများကို အရာရှိကျိုး၏အဝတ်အစားများသိမ်းကာ စံအိမ်သို့ပြောင်းရန် ညွှန်ကြားလိုက်၏။ သခင်မကျိုးကိုယ်တိုင် ထိုနေရာသို့သွား၍ သူမခင်ပွန်းအား ပြုစုစောင့်ရှောက်ပေးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

သခင်မကျိုးက တုတ်တစ်ချောင်းကိုကိုင်ကာ သတိလစ်နေသော အဘိုးကြီးအနီးသို့ လျှောက်သွားလိုက်သည်။ သူမက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အရာရှိကျိုး၏မျက်နှာကို ပုတ်ကာ ပြောလိုက်၏။

"အခုကစပြီး ငါတို့အပြင်မှာ နေကြမယ်၊ နင့်ကိုလူသစ်စိတ်သစ်နဲ့ လူကောင်းတစ်ယောက်ဖြစ်လာအောင် ငါ သေသေချာချာလုပ်ပေးမယ်၊ ပြီးတော့ သင့်လျော်တဲ့ကျင့်ဝတ်တွေနဲ့ အရှက်တရားဆိုတာကိုပါ သင်ပေးမယ်"

သခင်မကျိုး အရာအားလုံးစီစဉ်ပြီးသွားချိန်တွင် ဧကရာဇ်အပါအဝင် လူတစ်စု သူမတို့အိမ်တော်သို့ရောက်နေကြောင်း တွေ့လိုက်ရသည်။ သခင်မကျိုးက ကျိုးမိသားစုဝင်များကို အမြန်ဦးဆောင်ကာ ဒူးထောက်၍အရိုအသေပေးလိုက်တော့၏။

ပွဲကြည့်၍အားရသွားသော ဧကရာဇ်က ကျေနပ်အားရစွာဖြင့် လက်ဝှေ့ယမ်းပြလိုက်ပြီး တရားဝင်လုပ်ထုံးလုပ်နည်းများလုပ်ရန်မလိုကြောင်း အချက်ပြလိုက်သည်။

ဆူညံပွက်လောရိုက်နေမှုများကိုကြည့်ပြီးနောက် ရှောင်ကျိုးတစ်ယောက် သူမပွဲတော်မှ ဧည့်သည်များအားလုံး ကျိုးမိသားစုအိမ်တော်သို့ ရောက်နေကြကြောင်း သတိပြုမိသွား၏။ ထိုအခါမှသာ သူမအိမ်တွင် ပွဲတော်ကျင်းပနေဆဲဖြစ်ကြောင်းကို ပြန်အမှတ်ရသွားတော့သည်။ ထို့ကြောင့် သူမက သခင်မကျိုးအတွက် Red Bullအချိုရည်ပုလင်းအနည်းငယ် ချန်ထားခဲ့ပြီး ပြောလိုက်သည်။

"ပင်ပန်းလာရင် ခွန်အားတွေပြန်ဖြည့်ဖို့ ရေနည်းနည်း သောက်လိုက်ဦးနော်"

သခင်မကျိုးက အလွန်တရာမှ တွေးခေါ်မြော်မြင်တတ်သော ချန်လဲ့မင်းသမီးလေးအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကားပြောလိုက်သည်။

ရှောင်ကျိုးက ဧည့်သည်များဘက်သို့ လှည့်ကာ ပြောလိုက်၏။

"ငါတို့ပြန်သွားပြီး ဆက်စားကြရအောင်"

အရိုက်ခံရပြီးနောက် မြေပြင်ပေါ်တွင် သတိလစ်နေသော အရာရှိကျိုးကိုမြင်လိုက်ရသည့် ဧည့်သည်များမှာ ချက်ချင်းပင် အထိတ်တလန့်ဖြစ်သွားကြတော့သည်။ သူတို့ထဲမှအများစုမှာ မင်းသမီးလေးအား ချုံကျိုးနယ်မြေ ပေးသနားခြင်းကို ယခုလေးတင် ကန့်ကွက်ထားခဲ့ကြသူများဖြစ်၏။ မင်းသမီးလေး၏စကားများက သူတို့ကိုပြန်ခေါ်သွားပြီး နောက်မှအပြစ်ပေးတော့မည်ဟု ဆိုလိုနေခြင်းများလား။

အရာရှိတစ်ယောက်က ချက်ချင်း ရှေ့ထွက်လာပြီး ပြောလိုက်သည်။

"ဧည့်ခံကျွေးမွေးမှုအတွက် ကျေးဇူးတင်ပါတယ် မင်းသမီးလေး၊ ကျွန်တော် လုပ်စရာအလုပ်တွေ ကျန်သေးတာကို အခုလေးတင်မှသတိရသွားလို့ပါ တောင်းပန်ပါတယ်၊ ကျွန်တော် တာဝန်တွေပြန်သွားလုပ်ရမှာမို့ နောက်နေ့မှပဲ လာလည်ပါတော့မယ်"

ထိုသို့ပြောပြီးနောက် မင်းသမီးလေး စကားမပြောနိုင်ခင်မှာပင် သူက မိသားစုဝင်များကိုဆွဲခေါ်ကာ ကျိုးမိသားစုအိမ်တော်မှ ချက်ချင်းခြေရာဖျောက်သွားတော့၏။

ပထမတစ်ယောက် စသွားသည်နှင့် ဒုတိယ၊ တတိယလူများလည်း ဆက်တိုက် ထွက်ပေါ်လာတော့သည်။

"ဧည့်ခံကျွေးမွေးမှုအတွက် ကျေးဇူးတင်ပါတယ် မင်းသမီးလေး၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဒီနေ့မြို့ပြင်ကို အလုပ်ကိစ္စနဲ့သွားစရာရှိနေလို့ပါ၊ ကျွန်တော့်ကို အခုပဲခွင့်ပြုပါဦး"

ထိုသို့ပြောပြီးနောက် သူကရှေ့မှလူများနှင့်အတူ ချန်လဲ့မင်းသမီးလေး၏အမြင်အာရုံထဲမှ အလျင်အမြန် မြေလျှိုးမိုးပျံသွားတော့၏။

အရာရှိများက တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်လာကာပြောလိုက်ကြသည်။

"မင်းသမီးလေး၊ ကျွန်တော့်အစေခံက ကျွန်တော့်ဇနီး ရုတ်တရက်နေမကောင်းဖြစ်နေတယ်လို့ အခုလေးတင်လာသတင်းပို့လို့ပါ၊ သူမအတွက် သမားတော်သွားခေါ်ဖို့ အိမ်တော်ကို ချက်ချင်းအပြေးပြန်ရပါတော့မယ်"

"မင်းသမီးလေး၊ ကျွန်တော့်သမီးက ဒီနေ့မင်္ဂလာဆောင်မှာမို့ သူမကိုသွားပို့ဖို့ အမြန်ပြန်ရပါတော့မယ်"

"မင်းသမီးလေး၊ ကျွန်တော့်ဝက်မကြီးက ဒီနေ့ဝက်ကလေးတွေ မွေးတော့မှာမို့ သွားကူမွေးပေးဖို့ ပြန်ရပါတော့မယ်"

"မင်းသမီးလေး၊ ကျွန်တော့်အိမ်နီးချင်းတွေ ရန်ဖြစ်နေကြလို့ သွားဆွဲပေးဖို့ပြန်ရပါတော့မယ်"

"......."

မကြာမီမှာပင် အရာရှိအားလုံးက ထွက်ရန်အကြောင်းပြချက်အမျိုးမျိုးရှာသွားကြသဖြင့် ယခုအခါ ရှောင်ကျိုးရှေ့တွင် အရာရှိလက်တစ်ဆုပ်စာခန့်သာ ကျန်ရစ်တော့သည်။

ထိုအခြေအနေကို မြင်သောအခါ ဧကရာဇ်က သူတို့ပြန်ရောက်သည့်အချိန်ဆိုလျှင် အစားအသောက်များ အေးကုန်မည်ဖြစ်၍ ပွဲတော်ကိုစောစောသိမ်းလိုက်ရန် သမီးဖြစ်သူအားပြောလိုက်၏။

ကျန်ရစ်နေသော အရာရှိများမှာလည်း ဧကရာဇ်ကိုယ်တိုင် နှုတ်ထွက်စကားဆိုလိုက်သည်ကိုမြင်သောအခါ ချန်လဲ့မင်းသမီးလေးအား ချက်ချင်း နှုတ်ဆက်ကာ အိမ်ပြန်သွားကြတော့သည်။

ရှောင်ကျိုးတစ်ယောက် အရာရှိများ ယခုလေးတင် ပြောသွားခဲ့သည့်စကားများထဲတွင် နစ်မြောနေဆဲဖြစ်ပြီး ဖခင်ဖြစ်သူအား စပ်စုချင်စိတ်ဖြင့်မေးလိုက်သည်။

"မြို့တော်ကလူတွေကလဲ အိမ်မှာဝက်တွေမွေးကြတာလား"

ဧကရာဇ် : ‘ဒီခွေးကောင်တွေ ပိုကောင်းတဲ့ ဆင်ခြေတစ်ခု‌တောင်မပေးတတ်ကြဘူးပဲ’

မြို့တော်ရှိသာမန်ပြည်သူများမှာ အိမ်တွင် ဝက်များမွေးမြူထားကြပြီးဖြစ်ရာ မည်သို့တုံ့ပြန်ရမည်ကိုမသိသောကြောင့် ဧကရာဇ်က သမီးဖြစ်သူ၏အမေးကို မဖြေဆိုခဲ့ပေ။

ဧကရာဇ်က သမီးဖြစ်သူကို မင်းသမီးစံအိမ်တော်သို့ တိုက်ရိုက်ခေါ်ဆောင်သွားခဲ့ပြီး ပြန်မသွားကြသေးသော ကြင်ယာတော်ရှုနှင့် ကြင်ယာတော်ကွေ့တို့က အနောက်မှ လိုက်လာကြ၏။

ကြင်ယာတော်ရှုပြန်မသွားခြင်းမှာ မင်းသမီးစံအိမ်တော်မှ အစားအသောက်များကို တွေးနေဆဲဖြစ်သောကြောင့်ဖြစ်ပြီး ကြင်ယာတော်ကွေ့ ပြန်မသွားခြင်းမှာမူ သူမကိုယ်ပိုင်အတွေးများထဲတွင် နစ်မြောနေကာ ဧကရာဇ်၏စကားများကို လုံးဝမကြားလိုက်သောကြောင့်ဖြစ်သည်။ သူမက မစဉ်းစားမတွေးတောဘဲ လူအုပ်ကြီးနောက်သို့ လိုက်လာခဲ့ခြင်းသာ ဖြစ်သည်။

မင်းသမီးစံအိမ်တော်သို့ ပြန်ရောက်သောအခါ ဧကရာဇ်မှာ ခံတွင်းပျက်သွားပြီး ခြံဝင်းကိုလှည့်လည်ကြည့်ရှုကာ လမ်းလျှောက်နေတော့သည်။

ယွိဟွာတစ်ယောက် ဇရပ်ထဲတွင် အတွေးလွန်ကာထိုင်နေသော ကြင်ယာတော်ကွေ့ကိုကြည့်ရင်း အနည်းငယ် နားမလည်နိုင်အောင် ဖြစ်နေ၏။

'သူမရဲ့တပည့်ကြီး စိတ်မကြည်မလင် ဖြစ်နေတာလား'

ပုံမှန်မဟုတ်ဘဲ အလွန်တရာမှတွေးခေါ်မြော်မြင်တတ်သော ယွိဟွာက ကြက်လည်ပင်းကိုစောင်းကာ ကြင်ယာတော်ကွေ့အား ပျော်စေမည့်နည်းလမ်းတစ်ခုကို အပတ်တကုတ်စဉ်းစားနေတော့သည်။

၎င်း၏သခင်မလေးဖြစ်သူမှာ ပျော်ရွှင်သည့်အခါတိုင်း ကပြလေ့ရှိပြီး ထိုအကများထဲမှတစ်ခုကို "ပန်းပွင့်လက်လေးများလှုပ်ခါခြင်း"ဟုခေါ်ကြောင်း ယွိဟွာမှတ်မိနေ၏။ သူ့သခင်မလေးက သူမကိုပင် ကနည်းသင်ပေးခဲ့သေးသည်။

ကြင်ယာတော်ကွေ့ကို ပျော်စေချင်သော ယွိဟွာက ချက်ချင်းပင် ညွှန်ကြားချက်များ စတင်ပေးတော့သည်။

"ကွတ် ကွတ်၊ ကွတ် ကွတ်၊ ကွတ် ကွတ်၊ ကွတ် ကွတ်"

'လက်ဖမိုးချင်း မျက်နှာမူ လက်ဝါးကို ကြက်ခြေခတ်လှည့်၊ လက်ဖဝါးချင်း မျက်နှာမူ လက်ဖမိုးချင်း ကြက်ခြေခတ်'

[T-N/ Chinese shaking flower hands dance ဆိုပြီးရှာကြည့်လို့ရပါတယ်]

"ကွတ် ကွတ်၊ ကွတ် ကွတ်"

‘နောက်တစ်ဆင့်က တင်ပါးကို ဘယ်ညာယိမ်းပြီး ငါနဲ့အတူကလိုက်ကြရအောင်’

ညွှန်ကြားချက်ကို ကြားလိုက်ရသည်နှင့် ကြင်ယာတော်ကွေ့ ချက်ချင်းစတင်လှုပ်ရှားတော့၏။ အစပိုင်းတွင် သူမ သိပ်မကျွမ်းသေးသော်လည်း နောက်ထပ်အကြိမ်အနည်းငယ် လေ့ကျင့်ပြီးနောက်တွင်မူ သူမက လက်များကို ဝှေ့ယမ်းရင်း လမ်းလျှောက်နိုင်လာကာ သူမလှုပ်ရှားမှုများမှာလည်း တော်တော်လေး ချောမွေ့နေပြီပင်။

ယွိဟွာက 'ကွတ် ကွတ်'ဟူသော နောက်ခံတေးသံဖြင့် လိုက်ပါပံ့ပိုးပေးနေ၏။

အဝေးတွင်ရပ်နေသော ဧကရာဇ်က ထိုမြင်ကွင်းကို ယခုလေးတင်တွေ့မြင်လိုက်ရသည်။ သူက လက်များကို ပန်းပွင့်ပုံစံဝှေ့ယမ်းနေသော ကြင်ယာတော်ကို တစ်လှည့်၊ အသံပြုနေသော ကြက်ကို တစ်လှည့် လက်ညှိုးထိုးပြကာ အံ့အားသင့်မှုနှင့် နားမလည်နိုင်မှုများ ရောယှက်နေသော အမူအရာဖြင့် သမီးဖြစ်သူအား ကြည့်လိုက်တော့သည်။

'ဒါက မှန်ရောမှန်ရဲ့လား'

ရှောင်ကျိုး နားမလည်နိုင်စွာဖြင့် ခေါင်းလေးစောင်းကာ မေးလိုက်သည်။

"ဘာဖြစ်လို့လဲဟင်"

ဧကရာဇ်ခမျာ သူမျက်စိများမှားနေသလားဟုတွေးရင်း သူ့ကိုယ်ပိုင်မျက်လုံးများကိုပင် ထုတ်ပစ်ချင်စိတ် ပေါက်သွား၏။ သူ ရှူးရှူးရှားရှားဖြင့် ပြောလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ၊ အဖေမြင်တာ မမှားဘူးဆိုရင် ချန်လဲ့၊ သမီးမွေးထားတဲ့ အဲ့ဒီကြက်က ကြင်ယာတော်ကွေ့ကို အခုလေးတင် လမ်းညွှန်ပေးနေတာ မဟုတ်ဘူးလား"

ရှောင်ကျိုး သဘာဝကျကျပင် ခေါင်းညိတ်ကာ ပြောလိုက်၏။

"ဟုတ်တယ်လေ၊ ကြင်ယာတော်ကွေ့က ယွိဟွာစကားကို နားထောင်တယ်"

ဧကရာဇ်မှာ လုံးဝအဓိပ္ပာယ်မရှိဘဲမယုံနိုင်ဖွယ် ဖြစ်နေတော့သည်။

"ဘာလို့များ မြင့်မြတ်တဲ့ကြင်ယာတော်တစ်ပါးက ကြက်တစ်ကောင်ရဲ့စကားကို နားထောင်ရမှာလဲ၊ အဲ့ဒါမှန်တယ်လို့ ထင်နေတာလား"

ရှောင်ကျိုးကတော့ သူမဖခင်မှာ ထူးဆန်းစွာပြုမူနေသည်ဟုတွေးပြီး ပြောလိုက်၏။

"သူမ လုပ်နေတာမှန်ပါတယ် အဖေရဲ့၊ အဖေလည်း သမီးတို့ကြက်ရဲ့စကားကို နားထောင်တာပဲလေ၊ အဲ့ဒါဘာမှားနေလို့လဲ"

ဧကရာဇ်မှာ ခေါင်းကိုအရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး မျှော်လင့်ချက်တစ်စွန်းတစ်စဖြင့် မေးလိုက်သည်။

"ချန်လဲ့ သမီး ဘာပြောလိုက်တာလဲ၊ အဖေ သေသေချာချာမကြားလိုက်လို့"

ရှောင်ကျိုးက ယွိဟွာကိုလက်ညှိုးထိုးကာ ပြောလိုက်၏။

"အဖေရော ကြင်ယာတော်ကွေ့ရော နှစ်ယောက်စလုံးက ယွိဟွာစကားကို နားထောင်ကြတာလေ၊ အဖေ မမှတ်မိတော့ဘူးလား"

ရှောင်ကျိုးက နန်းတော်တွင် ယွိဟွာက သူမဖခင်အား ကြင်ယာတော်ရှန်းကို ဆူရန် လမ်းညွှန်ပေးခဲ့သည့် ဖြစ်ရပ်ကိုပါ ပြန်ပြောပြလိုက်သည်။

ဧကရာဇ်က သူ့ကိုယ်သူလက်ညှိုးထိုးလိုက် ထို့နောက် ယွိဟွာကို လက်ညှိုးထိုးလိုက်လုပ်ကာ အဓိပ္ပာယ်မရှိဟု ခံစားလိုက်ရသည်။

"အဖေ သိသင့်တယ်လို့ထင်နေတာလား၊ ပြီးတော့ သာမန်ကြက်ကလေးတစ်ကောင်က ငါ့ကိုအမိန့်ပေးတယ်ဆိုတာ လုံးဝကိုလွန်လွန်းနေပြီ"

သူမဖခင်၏ဗိုက်ထဲတွင် ပိုးကောင်များရှိနေကြောင်းကို သူမပြောပြဖူးသလားဆိုသည်ကို ရှောင်ကျိုးပြန်စဉ်းစားနေတော့၏။

'ထားလိုက်ပါတော့၊ ငါလည်း မမှတ်မိတော့ဘူး၊ ဆက်ပြီးလည်း မတွေးချင်တော့ဘူး'

ရှောင်ကျိုးက ဧကရာဇ်၏ဗိုက်ကို လက်ညှိုးထိုးကာ ယွိဟွာဘက်မှကာကွယ်ပြောလိုက်သည်။

"အဖေ့ဗိုက်ထဲမှာ ပိုးကောင်လေးတွေရှိတယ်လေ၊ ယွိဟွာက အဲ့ဒီပိုးကောင်တွေကို တာဝန်ယူထားတာ၊ အဖေ့ကို တာဝန်ယူထားတာမှမဟုတ်တာ၊ ယွိဟွာကို သွားအပြစ်တင်လို့ မရဘူးလေ"

ဧကရာဇ်က သူ့ဗိုက်ကို တွေတွေကြီး ငုံ့ကြည့်လိုက်၏။

"ပိုးကောင်တွေ၊ ဘာပိုးကောင်တွေလဲ"

ရှောင်ကျိုးပြန်စဉ်းစားရင်း ပြောလိုက်သည်။

"သူတို့က ကူပိုးကောင်တစ်မျိုးမျိုးအကြောင်း ပြောနေကြတာနဲ့တူတယ်"

ထို့ကြောင့် ရှောင်ကျိုးက ကြင်ယာတော်၏အိပ်ဆောင်ထဲတွင် ကြင်ယာတော်နှင့်ဝတ်ရုံနက်လူတို့ကြားမှ စကားဝိုင်းကို ယွိဟွာခိုးနားထောင်ခဲ့ရသည့် အကြောင်းအား ပြန်ပြောပြလိုက်တော့သည်။

ဧကရာဇ်မှာ ခေါင်းပေါက်ထွက်မတတ် ဖြစ်သွားကာ ဘုတ်ခနဲထိုင်ချလိုက်မိ၏။ သူက သူ့မှတ်ဉာဏ်များချို့ယွင်းနေပြီဟု အမြဲထင်ထားခဲ့ပြီး ထင်ယောင်ထင်မှားများဖြစ်နေသလားဆိုသည်ကိုသိနိုင်ရန် သမားတော်နှင့်ပင် တိုင်ပင်ခဲ့ဖူးသည်။ တကယ်တမ်းတွင်မူ သူ့မှတ်ဉာဏ်များမှာ ပြောင်းလဲခံထားရခြင်းဖြစ်ပြီး သူ့ဗိုက်ထဲတွင် ပိုးကောင်တစ်ကောင်ပင်ရှိနေခဲ့သည်။ သူ့ဗိုက်ထဲတွင် ပိုးကောင်တစ်ကောင်လှုပ်ရှားသွားလာနေသည်ဟူသော အတွေးကပင် သူ့လည်ချောင်းကို ကလိကလိဖြစ်ကာ အန်ချင်စိတ်ပေါက်လာစေတော့သည်။

သူက ဘေးဘက်သို့ ချက်ချင်းပြေးသွားကာ အဆက်မပြတ် အန်ချတော့သည်။

အချိန်အတော်ကြာပြီးနောက်တွင် ဧကရာဇ်မှာ ဖြူရော်နေသောမျက်နှာဖြင့် ပြန်ရောက်ချလာသည်။

All Chapters