← Chapters

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း ၁၅၆

Vol. 16 Ch. 156

156

ကြင်ယာတော်ကွေ့တစ်ယောက် ကလေးတစ်စုနှင့်အတူ စိတ်အားထက်သန်စွာ လက်ဝှေ့ယမ်းနေသည်ကို ကြည့်ရင်း ဧကရာဇ်က သမီးဖြစ်သူအား အားအင်ချိနဲ့စွာဖြင့်မေးလိုက်သည်။

"ဒါဆို သမီးရဲ့ကြက်က ဘာဖြစ်လို့လဲ၊ အဖေ့ဗိုက်ထဲကရော ကြင်ယာတော်ကွေ့ရဲ့ဗိုက်ထဲက ပိုးကောင်တွေကပါ ဘာလို့ သူမစကား နားထောင်နေကြတာလဲ"

လက်ဝှေ့ယမ်းသည့်အထဲ ဝင်ပါရန်ပြင်နေသော ရှောင်ကျိုးက ဖခင်ဖြစ်သူ၏သနားစရာကောင်းလှသောပုံစံကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ခြေလှမ်းကို ချက်ချင်းပြန်ရုပ်လိုက်၏။ ထို့နောက် သူမက ဂူအောက်ခြေ၌ ဝတ်ရုံနက်နှင့်လူထံမှ ယွိဟွာတစ်ယောက် ပုလင်းကို မည်သို့လုယူခဲ့ကြောင်းနှင့် ကံတရား၏မျက်နှာသာပေးမှုကြောင့် ပုလင်းထဲရှိ မိခင်ကူကို သူမရိက္ခာအဖြစ် မည်သို့စားသုံးခဲ့ကြောင်းတို့ကို ဖခင်ဖြစ်သူအား ပြန်ပြောပြလိုက်တော့သည်။

ဧကရာဇ်မှာ တစ်ခါတစ်ရံတွင် သူ့ဗိုက်ထဲရှိ ပိုးကောင်များအတွက် စိတ်ပူပန်ရသလို တစ်ခါတစ်ရံတွင်မူ သမီးဖြစ်သူ၏အိမ်မွေးတိရစ္ဆာန်ကလေးက ချန်ရှန်းနန်းဆောင်၏အစီအစဉ်များကို ဖျက်ဆီးပစ်ခဲ့၍ စိတ်သက်သာရာရမိပြန်သည်။ တစ်ခါတစ်ရံတွင် ကြက်တစ်ကောင်၏ထိန်းချုပ်မှုကို ခံနေရသလားဟု စိုးရိမ်မိသလို တစ်ခါတစ်ရံတွင်မူ သူ့ကို ထိန်းချုပ်ထားသူမှာ ချန်ရှန်းနန်းဆောင်မှလူမဟုတ်သည့်အတွက် စိတ်အေးရပြန်သည်။

ဧကရာဇ်၏ ရယ်ချင်တာလိုလို ငိုချင်တာလိုလိုနှင့် မတည်ငြိမ်ဘဲ တက်လိုက်ကျလိုက်ဖြစ်နေသော ခံစားချက်များကြောင့် ရှောင်ကျိုးတစ်ယောက် လုံးဝကို ဝေခွဲမရဖြစ်သွားတော့သည်။ သူမက ဖခင်ဖြစ်သူ၏ပုခုံးကိုပုတ်ကာ မေးလိုက်၏။

"အဖေ၊ ဘာဖြစ်လို့လဲဟင်"

ဧကရာဇ်က သမီးဖြစ်သူအား မျှော်လင့်ချက်အပြည့်ဖြင့်ကြည့်ကာ မေးလိုက်သည်။

"ချန်လဲ့၊ သမီးရဲ့ကြက်ကို အဖေ့ဗိုက်ထဲက ပိုးကောင်ထုတ်ပေးဖို့ ပြောလို့ရမလား၊ အဲ့ဒါကြီးက အဖေ့ကို အရမ်း စိတ်မသက်မသာဖြစ်စေလို့ပါ"

ရှောင်ကျိုး နားမလည်နိုင်စွာဖြင့် မေးလိုက်၏။

"ဘယ်လိုလုပ်ခိုင်းရမှာလဲ၊ သမီးက ယွိဟွာမှမဟုတ်တာ"

ပိုးကောင်များအကြောင်းကို ဘာမျှမသိသော ဧကရာဇ်မှာလည်း တွေဝေသွားပြီး တိုးတိုးရေရွတ်လိုက်မိသည်။

"အဖေလည်း မသိဘူးလေ"

ရှောင်ကျိုးက ဖခင်ဖြစ်သူ၏ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။

"အဖေ ရပါတယ် ကိစ္စမရှိပါဘူး၊ ယွိဟွာဗိုက်ထဲမှာလည်း ပိုးကောင်တွေရှိတာပဲ၊ ဒါပေမဲ့ ယွိဟွာက နည်းနည်းမှစိတ်မပူဘူးလေ"

ကြက်တစ်ကောင်၏လမ်းညွှန်မှုအောက်တွင် ခြံဝင်းတစ်ခုလုံး၌ လက်များကို ပန်းပွင့်ပုံစံဝှေ့ယမ်းနေသော ကြင်ယာတော်ကိုကြည့်ရင်း ဧကရာဇ်မှာ ကျောထဲစိမ့်တက်သွားသလို ခံစားလိုက်ရတော့၏။

သူက ချက်ချင်းပင်ပြတ်ပြတ်သားသား ပြောလိုက်သည်။

"မဖြစ်ဘူး မဖြစ်ဘူး၊ ချန်လဲ့ အဖေ့ဗိုက်ထဲက ဒီပိုးကောင်က ကိစ္စကြီးတယ်"

ခြံဝင်းထဲတွင် ဝတ်ရုံနက်နှင့်လူက ယွိဟွာကို တစ်ယောက်ယောက်နင်းမိမည်စိုးသကဲ့သို့ ကာကွယ်နေသည်ကို ရှောင်ကျိုးကြည့်နေခဲ့သည်။ ထိုစဉ် ဖက်တီးလေးက ထရပ်လိုက်ပြီး သူ၏ပူထွက်နေသော ဗိုက်ကလေးကို စိတ်လှုပ်ရှားစွာ ပုတ်ကာပြောလိုက်၏။

"ကျွန်တော့်မှာ နည်းလမ်းရှိတယ်"

ရှောင်ကျိုးက ဝှီးခနဲအသံနှင့်အတူ ခြံဝင်းထဲရှိ လူအုပ်ထဲသို့ပြေးဝင်သွားတော့သည်။ သူမ လူတိုင်းနှင့်အတူ တက်ကြွစွာ ကချင်နေသော်ငြား အလုပ်ကိစ္စကို အရင်ဆုံးပြီးပြတ်အောင်လုပ်ရန် သတိရသဖြင့် အောင့်အီးသည်းခံထားလိုက်၏။

ရှောင်ကျိုးက ကခုန်ခြင်း၌စိတ်ရောက်နေသော ယွိဟွာကိုဖမ်းဆွဲကာ ဖခင်ဖြစ်သူရှိရာသို့ ဆွဲခေါ်လာခဲ့ပြီး အနောက်မှလည်း ဝတ်ရုံနက်နှင့် လူတစ်ယောက် လိုက်ပါလာခဲ့သည်။

ရှောင်ကျိုးက ဝတ်ရုံနက်နှင့်လူအား ညွှန်ကြားလိုက်၏။

"နင့်အစ်ကို ငါ့အဖေဗိုက်ထဲက ပိုးကောင်တွေထုတ်ပစ်ဖို့ ကူပေးလိုက်ဦး"

ချင်းရွှီတစ်ယောက် သူကူညီရမည်မှာ ဧကရာဇ်၏ဗိုက်ထဲမှ သန်ကောင်များကို နှိမ်နင်းပေးရန်ဖြစ်ကြောင်း ကြားလိုက်ရသောအခါ ကူညီရန်အတွက် ချက်ချင်းရှေ့ထွက်လာခဲ့သည်။

ညွှန်ကြားချက်ကို ကြားလိုက်ရသည်နှင့် ဝတ်ရုံနက်နှင့်လူက ချက်ချင်းစတင်လှုပ်ရှားတော့၏။ သူက လက်များကို ဝှေ့ယမ်းကာ ဂါထာမန္တန်များကို ရွတ်ဖတ်တော့သည်။ ဝတ်ရုံနက်နှင့် လူ၏ဂါထာရွတ်သံများမှာ ပို၍ပို၍မြန်လာသဖြင့် ယွိဟွာမှာ စတင်ဂနာမငြိမ် ဖြစ်လာရတော့၏။

တစ်ဖက်တွင်လည်း ဧကရာဇ်၏ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ယင်လာပြီး နဖူးပြင်မှ ချွေးစက်ကြီးများ စီးကျလာကာ မျက်နှာမှာလည်း ပိုပြီးဖြူရော်သွားတော့သည်။

ဝတ်ရုံနက်နှင့်လူက ချင်းရွှီ၏ဆေးသေတ္တာထဲမှ ငွေအပ်တစ်ချောင်းကိုယူလိုက်ပြီး ဧကရာဇ်၏အရေးကြီးသော သွေးကြောမှတ်များထဲသို့ သာသာလေး ထိုးစိုက်လိုက်၏။

အဆုံးတွင်တော့ ပြင်းထန်လှသော နာကျင်မှုကို ခံစားရပြီးနောက် ယွိဟွာထံမှ မိခင်ကူ၏ဆွဲဆောင်မှုကြောင့် ရုပ်ဆိုးလှသော ကူကောင်မှာ ဧကရာဇ်၏နှာခေါင်းနှင့် ပါးစပ်ထဲမှ ဖြည်းဖြည်းချင်း တွားသွားထွက်လာတော့သည်။

ကူပိုးကောင်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဝတ်ရုံနက်နှင့်လူက ကျောက်စိမ်းပုလင်းထဲသို့ အလျင်အမြန် ထည့်လိုက်တော့၏။

ယခုအချိန်တွင် ဧကရာဇ်မှာ သေလုမတတ်အခြေအနေကို ကြုံတွေ့ခဲ့ရသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေသွားပြီး အသက်ကိုပြင်းပြင်းထန်ထန် ရှူနေရတော့သည်။

ပုလင်းထဲရှိ ကူကောင်၏ပုံစံကိုမြင်လိုက်ရသောအခါ ဧကရာဇ်က မိန်းမစိုးဟွမ်ကို အမြန်ဆွဲထူခိုင်းကာ ပြင်းပြင်းထန်ထန် အန်ချတော့သည်၊ ၎င်းက တကယ့်ကိုရွံစရာကောင်းလှသည်။

ရှောင်ကျိုးတစ်ယောက် ပုလင်းထဲရှိ ပိုးကောင်ကိုမြင်သောအခါ ဝတ်ရုံနက်နှင့်လူက ယွိဟွာအား ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးနိုင်ရန်အတွက် ထိုပိုးကောင်ကို ဝတ်ရုံနက်နှင့်လူ၏ ခန္ဓာကိုယ်ထဲသို့ ထည့်ပေးချင်စိတ်ကိုမအောင့်နိုင်တော့ချေ။

အမောတကောအန်နေသော ဧကရာဇ်ကို မိန်းမစိုးဟွမ်က တွဲထူပေးလိုက်မှ ဘဝအသစ်ပြန်ရလာသကဲ့သို့ ဖြစ်သွားတော့သည်။

သူက သမီးဖြစ်သူကိုကြည့်ကာ သက်ပြင်းချလိုက်၏။

"အဖေ့သမီးလေး၊ သမီးရှိနေလို့တော်သေးတာပေါ့ မဟုတ်ရင်တော့ အဖေ သွားပြီ"

ရှောင်ကျိုးက လက်ကိုဆန့်ထုတ်လိုက်သည်။

ဧကရာဇ်က သမီးဖြစ်သူ၏ဆန့်ထုတ်ထားသောလက်ကိုကြည့်ကာ နားမလည်နိုင်စွာဖြင့် မေးလိုက်၏။

"ဘာဖြစ်လို့လဲဟင်"

ရှောင်ကျိုး ပြောလိုက်သည်။

"အဖိုးအခလေ၊ ယွိဟွာ ဘယ်လောက်တောင် ပင်ပန်းသွားလဲကြည့်ဦး"

ထိုစကားကို ကြားလိုက်ရသည်နှင့် ယွိဟွာက ချက်ချင်းပင်မြေပြင်ပေါ်သို့ ဘုတ်ခနဲ လဲကျသွားပြီး ချက်ချင်းပင် ကြက်သေတစ်ကောင် ဖြစ်သွားသည့်အလား ပြုမူတော့၏။

ဧကရာဇ် : ........

ငွေတစ်ပြားမှမသုံးချင်သော ဧကရာဇ်က မြေပြင်ပေါ်တွင် မသေရုံတမယ်လဲနေသော ယွိဟွာကိုကြည့်ကာ ပြောလိုက်သည်။

"ယွိဟွာကို အရာရှိရာထူးတစ်ခုပေးရင်ရော ဘယ်လိုလဲ"

ရှောင်ကျိုးက သူမလက်ဝှေ့ယမ်းကာ မလိုချင်ကြောင်း၊ ငွေသာ လိုချင်ကြောင်း ပြောရန် ပြင်လိုက်၏။

ယွိဟွာက သေရာမှထိတ်လန့်တကြားဖြင့် ရုတ်တရက် ထထိုင်လိုက်တော့သည်။

"ကွတ် ကွတ်၊ ကွတ် ကွတ်၊ ကွတ် ကွတ်"

'ဘာအရာရှိလဲ၊ ရာထူး ဘယ်လောက်ကြီးလဲ၊ ငါ အရာရှိလုပ်ချင်တယ်'

ရှောင်ကျိုးက သူမလျှာဖျားအထိ ရောက်နေသော အငြင်းစကားလုံးများကို ပြန်မျိုချလိုက်ရ၏။

သူမက ယွိဟွာ၏စကားများကို ဖခင်ဖြစ်သူထံ ချက်ချင်းပြန်ပြောပြလိုက်သည်။ သူမက မျက်လုံးကြီးများ ဝိုင်းစက်ကာ မယုံနိုင်အောင်ဖြစ်နေသော ယွိဟွာကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။

"သူမက ဘာအရာရှိလဲ၊ ရာထူး ဘယ်လောက်ကြီးလဲလို့ အဖေ့ကိုမေးနေတာ၊ သူမ အရာရှိလုပ်ချင်တယ်တဲ့"

ဧကရာဇ်က ခဏစဉ်းစားပြီး ပြောလိုက်သည်။

"အဖေ့အမြင်တော့ သမီးရဲ့ကြက်က တော်တော်လေး ဉာဏ်ပညာရှိပုံရတယ်၊ နတ်သက်ကြွေပြီး လူဝင်စားတာဖြစ်လိမ့်မယ် ဒါမှမဟုတ် အဖေတို့သုန့်ရှားနိုင်ငံကို ကာကွယ်ဖို့ရောက်လာတာလည်း ဖြစ်နိုင်တာပဲ၊ အဲ့ဒါကြောင့် သူမကို ပထမအဆင့်နဲ့ညီမျှတဲ့ အစောင့်အရှောက်နတ်ကြက်လေးဘွဲ့နာမပေးရင် ဘယ်လိုလဲ၊ သမီး ဘယ်လိုထင်လဲ ချန်လဲ့"

ယွိဟွာ နားလည်သွားသည်နှင့်တစ်ပြိုင်နက် ၎င်း၏ကြက်လည်ပင်းကို ဆန့်ကာ ချက်ချင်းပင်အသံပြုတော့၏။

"ကွတ် ကွတ်၊ ကွတ် ကွတ်၊ ကွတ် ကွတ်"

'သခင်မလေး၊ သခင်မလေးရဲ့အဖေက တကယ့်ကို အမြင်စူးရှတာပဲ၊ အခုကစပြီး ငါ နင့်ကိုကာကွယ်ပေးမယ်'

ရှောင်ကျိုးက ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်ပြီး ပြောလိုက်၏။

"ယွိဟွာက အဖေ့မှာအမြင်ရှိတယ်လို့ ပြောတယ်၊ သူမ နောင်ကျရင် အဖေ့ကို ကာကွယ်ပေးလိမ့်မယ်"

ဧကရာဇ်က အစောပိုင်းတွင် ကြင်ယာတော်ကွေ့ လက်များကို ပန်းပွင့်ပုံစံ ဝှေ့ယမ်းနေခဲ့သည့်ပုံစံကို ပြန်တွေးမိသွားပြီး စိတ်ထဲမှတွန့်သွားမိသည်။

'အဲ့ဒါတော့ မလိုပါဘူး၊ ဒီကြက်က ထင်ရာဆိုင်းလွန်းတယ်၊ ငါ ထိန်းနိုင်မှာ မဟုတ်ဘူး'

ဧကရာဇ်က အကြောင်းအရာကို အလျင်အမြန် ပြောင်းလိုက်၏။

"ချန်လဲ့၊ သမီး ချုံကျိုးနယ်မြေကို စီမံခန့်ခွဲဖို့ ဘယ်သူ့ကိုခန့်အပ်ဖို့ စီစဉ်ထားလဲ"

ရှောင်ကျိုးက မိမိကိုကိုယ် လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"သမီးလား၊ သမီး အခုချက်ချင်းပြန်တော့မှာ"

ဧကရာဇ်မှာ ထိတ်လန့်သွားပြီး အလောတကြီး မေးလိုက်၏။

"ချန်လဲ့၊ သမီး မြို့တော်ကနေထွက်သွားတော့မလို့လား"

"ဟုတ်တယ်၊ သမီးရွာသားတွေ အကုန်လုံး သမီးကိုစောင့်နေကြတာ"

ဧကရာဇ် : 'မဖြစ်ဘူး ချန်လဲ့၊ မင်းထွက်သွားရင် မြို့တော်က ဘယ်လိုလုပ်မလဲ၊ အကယ်၍ ချန်ရှန်းနန်းဆောင်ကလူတွေ ထပ်ပြီး ပြဿနာလာရှာရင် သူ ဘယ်လိုလုပ် ထိန်းနိုင်မှာလဲ'

"ချန်လဲ့၊ သမီးထွက်သွားမှာက အဖေ့ကို ထိတ်လန့်စေတယ်၊ အကယ်၍ ချန်ရှန်းနန်းဆောင်ကလူတွေ ကူပိုးကောင်ကို အဖေ့ခန္ဓာကိုယ်ထဲ ထပ်ထည့်လိုက်ရင် ဘယ်လိုလုပ်မလဲ"

ရှောင်ကျိုးက စိုးရိမ်ကြောက်လန့်နေသော ဖခင်ဖြစ်သူကိုကြည့်ကာ ခဏစဉ်းစားပြီး ပြောလိုက်၏။

"အဖေပါ သမီးနဲ့အတူ ချုံကျိုးနယ်မြေကို လိုက်ခဲ့ပါလား"

ဧကရာဇ်က အလျင်အမြန်ငြင်းလိုက်သည်။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ အဖေမရှိရင် မြို့တော်က ဘယ်လိုလုပ်မလဲ"

ရှောင်ကျိုး မတတ်နိုင်သည့်အလား ပုခုံးတွန့်ပြလိုက်၏။

"ဒါဆိုလည်း သမီးဘာမှမတတ်နိုင်ဘူးလေ၊ အဖေတစ်ခုခုဖြစ်ရင် သမီးဆီ စာပို့လိုက်၊ သမီး အဖေ့ကိုလာကယ်မယ် စိတ်မပူပါနဲ့၊ သမီး အချိန်မီမရောက်ခဲ့ရင်တောင် အဖေ့အတွက် ကလဲ့စားချေပေးမှာပေါ့"

ဧကရာဇ် : 'ဒီသမီးလေးကတော့ တကယ့်ကို အားကိုးလို့မရဘူးပဲ'

ထိုလူနှစ်ယောက် စကားပြောနေကြစဉ် ဘေးဘက်မှ ရှိုက်ကြီးတငင်ငိုကြွေးသံတစ်ခုကို ရုတ်တရက်ကြားလိုက်ရသည်။

ရှောင်ကျိုး သံသယအပြည့်ဖြင့် ဘေးသို့လှည့်ကြည့်လိုက်ရာ ဝဝတုတ်တုတ် ဖက်တီးလေးဖြစ်သော စတုတ္ထမင်းသားမှာ သည်းကြီးမည်းကြီးငိုကြွေးနေကြောင်း တွေ့လိုက်ရ၏။

ရှောင်ကျိုးက ဘေးတွင်ရှိသော ကျောက်ဟူကို လှမ်းကြည့်ကာမေးလိုက်သည်။

"နင် သူ့ကိုအနိုင်ကျင့်လိုက်တာလား"

ကျောက်ဟူ အမြန်လက်ဝှေ့ယမ်းပြလိုက်၏။

"ရွာလူကြီးလေး၊ ဘယ်လိုလုပ်ပြီး အဲ့လိုဖြစ်ရမှာလဲ၊ ကျွန်တော် သူ့ကိုအနိုင်မကျင့်ပါဘူး၊ ဒီအတိုင်း လမ်းလျှောက်လာတာ"

ရှောင်ကျိုးက စတုတ္ထမင်းသားကို တွန်းကာမေးလိုက်သည်။

"အစ်ကို ဘာလို့ငိုနေတာလဲ"

ဧကရာဇ်ကလည်း နားမလည်နိုင်စွာဖြင့် မေးလိုက်၏။

"ဟုတ်တယ် စတုတ္ထမင်းသား၊ မင်း ဘာလို့ ငိုနေတာလဲ ဗိုက်ဆာလို့လား ဒါမှမဟုတ် မီးဖိုချောင်ထဲမှာ ဘာမှမကျန်တော့လို့လား"

စတုတ္ထမင်းသားမှာ ရှိုက်ကြီးတငင်ငိုလွန်းသဖြင့် လေချဉ်ပင်တက်လာပြီး ပြောလိုက်သည်။

"ညီမလေးချန်လဲ့ ကျေးဇူးပြုပြီး ပြန်မသွားပါနဲ့၊ ငါ ညီမလေးနဲ့မခွဲနိုင်ဘူး ဝူးးးးးးး"

ရှောင်ကျိုး : 'ဒါက တားလို့မရတဲ့ဆွဲဆောင်မှုပဲ'

All Chapters