← Chapters

အခန်း ၁၅၇

Vol. 16 Ch. 157

အခန်း ၁၅၇

Vol. 16 Ch. 157

157

ရှောင်ကျိုးက စတုတ္ထမင်းသား၏ ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။

"မငိုနဲ့တော့၊ ညီမက မြို့တော်ကိုထပ်လာဦးမှာပါ၊ အစ်ကို တစ်ခုခုလိုရင် ညီမဆီ စာရေးလိုက်ပေါ့"

စတုတ္ထမင်းသားခမျာ စာသိပ်မတတ်သလို စာဘယ်လိုရေးရမည်ကိုလည်း မသိသောကြောင့် ပို၍ပင်အော်ငိုတော့သည်။

ငိုယိုနေသော စတုတ္ထမင်းသားကိုမြင်လိုက်ရသည့် ဧကရာဇ်က ချက်ချင်းပင် ထဆူလိုက်၏။

"မင်းသားတစ်ပါးဖြစ်ပြီး ဒီလိုငိုနေတာ ဘယ်လိုအချိုးမျိုးလဲ"

ဖခင်ဖြစ်သူရှေ့တွင် အမြဲတမ်း ကြောက်တတ်သော စတုတ္ထမင်းသားက ဖခင်ဖြစ်သူကို ချက်ချင်းမော့ကြည့်ကာ ပြန်ချေပလိုက်သည်။

"သားက ငိုတောင်မငိုရဘူးလား၊ ဒါဆိုရင်လည်း မင်းသားမလုပ်တော့ဘူး၊ ညီမလေးချန်လဲ့ရဲ့အစ်ကိုပဲ လုပ်တော့မယ်"

ဧကရာဇ် : 'တကယ့်ကို ကြည့်ရဆိုးလွန်းတယ်၊ ကြင်ယာတော်ရှုက ဘယ်လိုလုပ်ပြီး ဒီလိုငတုံးသားမျိုးကို မွေးလာရတာလဲ'

တစ်ချိန်တည်းမှာပင် ကြင်ယာတော်ရှုမှာ မီးဖိုချောင်ထဲတွင် ရွှီရှောင်ရှောင်နှင့် စကားပြောရင်း အလွန်ပျော်ရွှင်နေ၏။ ကြင်ယာတော်ရှုက ရွှီရှောင်ရှောင်အား သူမ၏ဖအေမတူ၊ မအေကွဲညီမတစ်ယောက်လိုပင် ခံစားနေရသည်။

ရွှီရှောင်ရှောင်တစ်ယောက် အခုလေးတင်ဖုတ်ထားသော ကြက်ဥမုန့်များကို ကြင်ယာတော်ရှုရှေ့တွင်ချပေးရင်း ပျော်ရွှင်စွာပြောလိုက်သည်။

"မြည်းကြည့်ပါဦး၊ ကျွန်မတို့ရွာလူကြီးလေးက ဒါတွေဆိုသိပ်ကြိုက်တာ"

ရွှီရှောင်ရှောင်တစ်ယောက် ဤမျှ အားပေးအားမြှောက်လုပ်တတ်သော စားသုံးသူမျိုးနှင့် မကြုံခဲ့ရသည်မှာ ကြာနေပြီပင်။ မည်သို့ပင်ဆိုစေကာမူ ဟင်းချက်ဝါသနာပါသူတိုင်းက သူတို့အတွက် စိတ်ပိုင်းဆိုင်ရာအားပေးပံ့ပိုးမှု အပြည့်အဝပေးနိုင်မည့်သူမျိုးနှင့် တွေ့ချင်ကြသည်ချည်းသာဖြစ်၏။

ကြင်ယာတော်ရှု တစ်ကိုက် ကိုက်စားလိုက်ပြီးနောက် မျက်လုံးလေးများ အရောင်လက်သွားကာ ချက်ချင်းပင် အာမေဍိတ်သံဖြင့် ပြောလိုက်သည်။

"ဒီအရသာက တကယ့်ကိုကောင်းလွန်းတယ်၊ နင်က ဘယ်လိုလုပ် အဲ့ဒီလောက်တောင် တော်နေရတာလဲ၊ နင့်လက်တွေက နန်းတော်ထဲက စားဖိုမှူးတွေထက် အများကြီး ပိုတော်တယ်၊ နင်က တကယ့်ကို သူရဲကောင်းမလေးပဲ"

သူရဲကောင်းမလေး ရွှီရှောင်ရှောင်တစ်ယောက် ချက်ချင်းပင်အလုပ်ပြန်စလုပ်တော့သည်။

"ဒီမှာ ခဏစောင့်ဦးနော်၊ နောက်တစ်ခါကျရင် အရသာရှိတာတစ်ခုထပ်လုပ်ပေးမယ်"

ကြင်ယာတော်ရှုက မြှောက်ပင့်စကားများ ထပ်ပြောလိုက်ပြီး ရွှီရှောင်ရှောင်အား စိတ်ပိုင်းဆိုင်ရာတန်ဖိုးများ ပုံအောပေးလိုက်ရာ ရွှီရှောင်ရှောင်ခမျာ အလွန်အမင်း ပျော်ရွှင်သွားပြီး ဘာလုပ်ရမှန်းပင်မသိဖြစ်သွားတော့၏။ သူမက ဟင်းချက်စွမ်းရည်အားလုံးကို အသုံးချကာ ကြင်ယာတော်ရှုအတွက် တော်ဝင်ပွဲတော်ကြီးတစ်ခုကိုပင် ပြင်ပေးလိုက်ချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာရှာသည်။

တစ်ဖက်တွင် အရာအားလုံးအေးချမ်းသာယာပြီး သဟဇာတဖြစ်နေချိန်၌ ဧကရာဇ်တို့ဘက်တွင်မူ သားအဖနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သတ်လုမတတ် မြင်ကွင်းမျိုးဖြစ်ပေါ်နေချေ၏။

ဧကရာဇ်က မျက်ရည်များ၊ နှပ်ရည်များ စီးကျနေသော စတုတ္ထမင်းသားကို လက်ညှိုးထိုးကာ စက်ဆုပ်ရွံရှာစွာဖြင့် အော်ပြောလိုက်သည်။

"မင်းရဲ့နှပ်တွေ မျက်ရည်တွေကို အခုချက်ချင်းသုတ်စမ်း"

နှလုံးကွဲမတတ် ဝမ်းနည်းနေသော စတုတ္ထမင်းသားက မျှော်လင့်ချက်မဲ့စွာဖြင့် ပြန်ချေပလိုက်၏။

"မတိတ်နိုင်ဘူး၊ အဖေ သားအမှားလုပ်မိသွားပြီ၊ ကျွန်တော့်ကို ချုံကျိုးနယ်မြေဆီ အခုချက်ချင်းရာထူးချပြီး ပို့ပစ်လိုက်ပါတော့"

ဧကရာဇ် : 'ဒီသားမိုက်'

ဒေါသထွက်နေသော ဧကရာဇ်မှာ နောက်ထပ်ကျိန်ဆဲစကားမပြောနိုင်ခင်မှာပင် ဘေးဘက်မှ တခွပ်ခွပ်မြည်သံတစ်ခုကို ကြားလိုက်ရသည်။

ဧကရာဇ် လှည့်ကြည့်လိုက်ရာ အလွန်အံ့သြစရာကောင်းသောမြင်ကွင်းတစ်ခုကို တွေ့လိုက်ရ၏။

မင်းသမီးစံအိမ်တော်မှလူများအားလုံးက လက်ထဲတွင် ဖရဲစေ့တစ်ဆုပ်စီကိုင်ကာ ပွဲကြည့်ရန်ဆောင့်ကြောင့်ထိုင်နေကြသည်။ သူတို့က ဤပြဿနာကို ဖျော်ဖြေရေးပွဲတစ်ခုသဖွယ် သဘောထားနေကြပုံရသည်။

ဒေါသထွက်နေသော ဧကရာဇ်မှာ ပေါက်ကွဲထွက်တော့မည်ဖြစ်သော်ငြား သမီးဖြစ်သူကို မြင်လိုက်ရသောအခါ ဒေါသမီးများ ချက်ချင်းငြိမ်းသွားတော့၏။ သူ မနိုင်,နိုင်ပေ။ ဘယ်လိုမှ မနိုင်နိုင်သဖြင့် အောင့်အီးသည်းခံရန်သာ ဆုံးဖြတ်လိုက်တော့သည်။

ရှောင်ကျိုးက ထိုနှစ်ယောက်ရန်ဖြစ်ရပ်သွားသည်ကို မြင်သောအခါ အနည်းငယ် အားမလိုအားမရဖြစ်သွားပြီး မီးလောင်ရာ လေပင့်ပေးကာ သားအဖနှစ်ယောက်ကို ပြန်ရန်ဖြစ်ခိုင်းရမလားဟု တွေးနေမိသည်။

ကံကောင်းထောက်မစွာဖြင့် ရှောင်ကျိုးမှာ အသိတရားတစ်စွန်းတစ်စ ကျန်နေသေးပြီး ထိုလူနှစ်ယောက်ထဲမှ တစ်ယောက်က သူမဖခင်ဖြစ်ကာ နောက်တစ်ယောက်က သူမ၏စတုတ္ထအစ်ကိုဖြစ်ကြောင်း ပြန်သတိရသွား၏။

ရှောင်ကျိုး နှမြောတသစွာဖြင့် အကြည့်လွှဲလိုက်တော့သည်။

ကျားသစ်သည်းခြေစားထားသလို အကြောက်အလန့်မရှိ သူ့အားပြန်အာခံရဲသော စတုတ္ထမင်းသားကို ဧကရာဇ်က အမှားများကို ပြန်သုံးသပ်ရန် ဘေးဘက်သို့ မောင်းထုတ်လိုက်၏။

မိန်းမစိုးဟွမ်နှင့်တကွ ပန်းပွင့်လက်များ လှုပ်ခါရာမှ အလွန်အမင်း စိတ်လှုပ်ရှားကာ မြေပြင်ပေါ်သို့ ပုံကျသွားသော ကြင်ယာတော်ကွေ့တို့ကို ခေါ်ဆောင်ပြီး ဧကရာဇ်မှာ နန်းတော်သို့ အလျင်အမြန် ပြန်သွားတော့သည်။ သူ ဤနေရာတွင် ဆက်နေပါက သက်တမ်းတိုသွားနိုင်သည်ဟု ခံစားနေရသည်။

မိမိအဖြစ်မှန်ကို သိသွားပြီးနောက် နန်းတော်သို့ ပြန်ရောက်ရောက်ချင်း ဧကရာဇ်၏ပထမဆုံးအလုပ်မှာ လွန်ခဲ့သောငါးနှစ်က ဖြစ်ရပ်များကို စုံစမ်းစစ်ဆေးရန်ပင်။ သူ့မှတ်ဉာဏ်များမှာ ဝေဝေဝါးဝါးဖြစ်နေဆဲဖြစ်သော်ငြား ဧကရာဇ်က အစီအစဉ်တစ်ခုကို ဆွဲထားပြီးဖြစ်၏။ ၎င်းမှာ သူ့မှတ်ဉာဏ်များ ချို့ယွင်းနေချိန်တွင် ပြုပြင်၍မရနိုင်သော အမှားများမလုပ်မိစေရန်အတွက် လင်းယီအား သူ့ကို သတိလစ်အောင် ရိုက်ချခိုင်းထားရန်ပင်ဖြစ်သည်။

ထိုအချိန် မင်းသမီးစံအိမ်တော်၌ စတုတ္ထမင်းသားမှာ ချန်လဲ့တစ်ယောက် မြို့တော်မှ ထွက်သွားမည့်အကြောင်းကိုတွေးကာ နှလုံးကွဲမတတ်ဖြစ်နေဆဲပင်။ ချန်လဲ့နှင့် ခွဲခွာရမည်ကို ဝမ်းနည်းနေခြင်းလား သို့မဟုတ် မင်းသမီးစံအိမ်တော်မှ အရသာရှိသော အစားအသောက်များကို မခွဲနိုင်ခြင်းလားဆိုသည်ကိုတော့ သဲသဲကွဲကွဲမသိရပေ။

အတိုချုပ်ပြောရလျှင် ယခုအချိန်၌ စတုတ္ထမင်းသားခမျာ ကောင်းကင်ကြီး ပြိုကျသွားသကဲ့သို့ ခံစားနေရတော့သည်။

အားသို့က စတုတ္ထမင်းသားကိုကြည့်ကာ နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"သူက ဘာလို့ငိုနေတာလဲ၊ သူ ချုံကျိုးနယ်မြေကိုသွားချင်ရင် ခိုးလိုက်သွားလို့ ရတာပဲဟာ၊ သူ့မှာလည်း ခြေထောက်တွေ ရှိနေတာပဲ၊ ဘယ်သူကမှ သူ့ကို တားမထားပါဘူး"

အားသို့မှာ တကယ်ကိုနားမလည်နိုင်အောင် ဖြစ်နေ၏။ သူတို့သာ တစ်နေရာရာကိုသွားချင်ပါက အထုပ်အပိုးများဆွဲကာ လိုက်သွားကြမည်ဖြစ်ပြီး ဘေးကပ်ထိုင်ကာ ရှိုက်ကြီးတငင် ငိုယိုနေကြမည် မဟုတ်ပေ။

စတုတ္ထမင်းသား၏နားရွက်များ လှုပ်ရှားသွားပြီး အားသို့စကားများက ဘေးတွင် ရှိုက်ကြီးတငင် ငိုကြွေးနေသော သူ့နားထဲသို့ တိုးဝင်သွားတော့သည်။

စတုတ္ထမင်းသား၏မျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်းပင် မေးလိုက်သည်။

"ညီမ‌လေးချန်လဲ့၊ ညီမ‌လေးတို့ ချုံကျိုးနယ်မြေကို ဘယ်တော့ပြန်ကြမှာလဲ"

ရှောင်ကျိုး နေကြာစေ့စားရင်း ပြန်ဖြေလိုက်၏။

"မနက်ဖြန် ပြန်မှာ"

စတုတ္ထမင်းသားက ၎င်းကိုစိတ်ထဲတွင် တိတ်တဆိတ် မှတ်ထားလိုက်ပြီးနောက် မီးဖိုချောင်ဆီသို့ အပြေးအလွှားသွားကာ မိခင်ဖြစ်သူကိုဆွဲခေါ်၍ နန်းတော်သို့ပြန်ရန် ဦးတည်လိုက်တော့သည်။

ကြင်ယာတော်ရှုက ကျက်တော့မည့်အိုးထဲမှအရသာရှိသော အစားအသောက်များကို တမ်းတမ်းတတငေးကြည့်ရင်း ပြောလိုက်သည်။

"သား မလောနဲ့၊ အမေ ဒါလေးအရင် စားပြီးမှ ပြန်ကြတာပေါ့"

စတုတ္ထမင်းသားက သူ့မိခင်မှာ မည်သို့သောလူမျိုးဖြစ်ကြောင်းကို ကောင်းကောင်းကြီး သိထား၏၊ သူမက ဤတစ်နပ်ကိုစားပြီးသည်နှင့် နောက်တစ်နပ်အတွက် ထပ်စောင့်နေမည်ဖြစ်ကာ ညစာရောက်လာသည့်တိုင်အောင် အဆက်မပြတ် စောင့်နေမည်မှာ အသေအချာပင်။

စတုတ္ထမင်းသားက မိခင်ဖြစ်သူကို အလျင်အမြန် ဆွဲခေါ်သွားတော့သည်။ အချိန်က အလွန်အရေးကြီး၏။ အကယ်၍ သူသာ အထုပ်အပိုးများပြင်ရန် အမြန်မပြန်ဘဲ ချန်လဲ့တို့က နောက်တစ်နေ့ မနက်စောစော ထွက်သွားခဲ့ပါက သူတို့ကိုလိုက်ရှာတွေ့တော့မည် မဟုတ်ပေ။

ကြင်ယာတော်ရှုက သားဖြစ်သူ၏မျက်ရည်များဖြင့် ပေပွနေသောမျက်လုံးများကို မြင်လိုက်ရသောအခါ အရသာရှိသော အစားအသောက်များကို ချက်ချင်းမေ့သွားတော့သည်။

"မဟုတ်သေးပါဘူး သားရယ်၊ ဘယ်သူက သားကို အနိုင်ကျင့်လိုက်တာလဲ၊ ဘာလို့ ငိုနေရတာလဲ"

စတုတ္ထမင်းသားက အပြင်သို့လျှောက်ထွက်လာရင်း မိခင်ဖြစ်သူကို ဆွဲခေါ်ကာ ပြောလိုက်၏။

"အမေ သား မငိုပါဘူး၊ သားက ညီမလေးချန်လဲ့နဲ့ မခွဲနိုင်ရုံလေးပါ"

ကြင်ယာတော်ရှု နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"သားက အခုမင်းသမီးစံအိမ်တော်မှာ နေနေတာ မဟုတ်ဘူးလား၊ တည်းခိုစရိတ်အတွက် ပိုက်ဆံမလောက်လို့လား၊ အမေ့ဆီမှာ ပိုက်ဆံရှိပါတယ်"

စတုတ္ထမင်းသား ခေါင်းခါပြလိုက်ပြီး ရထားလုံးပေါ်တွင် မိခင်ဖြစ်သူအား တိုးတိုးလေးပြောလိုက်၏။

"အမေ သား ဆုံးဖြတ်ပြီးသွားပြီ၊ သား ညီမလေးချန်လဲ့တို့နဲ့အတူ ချုံကျိုးနယ်မြေကို လိုက်သွားချင်တယ်၊ အခုပြန်ပြီး ပစ္စည်းတွေသွားသိမ်းတော့မှာ၊ သားအတွက် စိတ်မပူပါနဲ့ အမေ၊ သားက အမေ့ဆီကို မကြာခဏပြန်လာလည်မှာပါ"

ကြင်ယာတော်ရှုက ပုံမှန်မဟုတ်ဘဲ အလွန်တရာမှ လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။

"သားက ခမည်းတော်ကိုမပြောဘဲ မြို့တော်ကနေ ခိုးထွက်သွားဖို့ စီစဉ်နေတယ်လို့ ပြောချင်တာလား"

စတုတ္ထမင်းသား ခေါင်းခါပြလိုက်၏။

"သားထွက်သွားတဲ့အခါ ခမည်းတော်အတွက် စာတစ်စောင်ချန်ထားခဲ့မှာပါ၊ ခမည်းတော် သားရဲ့စာကိုမြင်တဲ့အချိန်ဆိုရင် သားမြို့တော်ကနေ ထွက်သွားလောက်ပြီ၊ အမေက ဘာမှမသိတဲ့အတိုင်းသာ ဟန်ဆောင်နေလိုက်၊ ခမည်းတော်က အမေ့ကို သေချာပေါက် အပြစ်တင်မှာ မဟုတ်ပါဘူး"

ကြင်ယာတော်ရှုက သားဖြစ်သူကို ကျေနပ်အားရစွာဖြင့်ကြည့်ကာ ပြောလိုက်သည်။

"သားလေး၊ သား အခုလို ဉာဏ်ကောင်းလာလိမ့်မယ်လို့ အမေ မထင်ထားခဲ့ဘူး၊ သားက အများကြီးတွေးတတ်နေပြီပဲ၊ မင်းရဲ့ညီမလေးချန်လဲ့နဲ့ အချိန်ဖြုန်းတာက သားကိုလွှမ်းမိုးသွားပြီး ပိုဉာဏ်ကောင်းလာစေတယ်ဆိုတာ တကယ်ပဲကိုး၊ စိတ်မပူပါနဲ့ အမေက သားကို သေချာပေါက်ထောက်ခံပေးမှာပါ၊ သား ချုံကျိုးနယ်မြေမှာသုံးလို့ရအောင် နောက်ကျရင် အမေပိုက်ဆံတွေ အများကြီးထည့်ပေးလိုက်မယ်"

စတုတ္ထမင်းသား : 'သူ့ကို အပြစ်ပေးဖို့လောက်ပဲသိတဲ့ အဖေနဲ့မတူဘဲ အမေကတော့ သူ့ကို အချစ်ဆုံးဆိုတာ သူသိထားပြီးသား'

အိပ်ဆောင်သို့ပြန်ရောက်သောအခါ ကြင်ယာတော်ရှုနှင့် စတုတ္ထမင်းသားတို့က သူတို့အထုပ်အပိုးများကို အလျင်အမြန် စတင်ပြင်ဆင်ကြတော့သည်။

မိခင်ဖြစ်သူမှာ လက်ဝတ်ရတနာများနှင့် အဝတ်အစားများအား သိမ်းနေသည်ကိုမြင်လိုက်ရသော စတုတ္ထမင်းသားက နားမလည်နိုင်စွာဖြင့်မေးလိုက်၏။

"အမေ ဘာလို့ အမေပါပစ္စည်းတွေ သိမ်းနေတာလဲ၊ အမေက ဘယ်သွားမလို့လဲ"

ကြင်ယာတော်ရှုက သားဖြစ်သူ၏ခေါင်းကိုပုတ်ကာ ပြောလိုက်သည်။

"အမေလည်း သားနဲ့အတူ ချုံကျိုးနယ်မြေကို လိုက်သွားမှာပေါ့၊ သားတစ်ယောက်တည်းသွားရမှာကို စိုးရိမ်လို့ အမေကိုယ်တိုင် လိုက်ပို့ပေးမလို့လေ၊ သားရယ် အရမ်းကြီးလည်း ဝမ်းသာမျက်ရည်မကျပါနဲ့၊ ဒါက အမေလုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ"

စတုတ္ထမင်းသား : 'အမေက ငါ့အတွက် ပစ္စည်းတွေ သိမ်းပေးနေတယ်လို့ထင်ခဲ့တာ၊ ငါ ထင်တာမှားသွားတယ်'

"အမေ၊ တကယ်လို့ သားတို့အတူတူ မြို့တော်ကနေ ထွက်သွားရင် ခမည်းတော်ကိုကျ ဘယ်လိုလုပ်မလဲ"

ကြင်ယာတော်ရှုက ဂရုမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းပြလိုက်၏။

"စိတ်မပူပါနဲ့၊ အမေ့မှာ အစီအစဉ်ရှိပါတယ်၊ သားက မနက်ဖြန်အရင်သွားနှင့်၊ သား ထွက်သွားဖို့အတွက် အမေ အနောက်ကနေ ရှင်းပေးထားခဲ့မယ်"

မိခင်ဖြစ်သူ၏ယုံကြည်မှုအပြည့်ရှိသောဟန်ကို မြင်လိုက်ရသောအခါ စတုတ္ထမင်းသားမှာ စိတ်သက်သာရာရသွားပြီး သူ့အထုပ်အပိုးများကို သေသေချာချာ စတင်သိမ်းဆည်းတော့သည်။

All Chapters