← Chapters

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း ၁၅၈

Vol. 16 Ch. 158

158

နောက်တစ်နေ့တွင် စတုတ္ထမင်းသားက မိုးမလင်းခင်ကတည်းက ထလာပြီး သူ့အထုပ်ကိုလွယ်ကာ မင်းသမီးစံအိမ်တော်အဝင်ဝ၌ ပေါ်လာတော့သည်။

မင်းသမီးစံအိမ်တော်မှ တံခါးစောင့်မှာ သူ့ကို စတုတ္ထမင်းသားမှန်းသိထားပြီးဖြစ်၍ ချက်ချင်းပင် အထဲသို့ဝင်ခွင့်ပြုလိုက်၏။

စတုတ္ထမင်းသားတစ်ယောက် သူ့အထုပ်ကိုထမ်းကာ ချန်လဲ့၏ခြံဝင်းထဲသို့ တိုက်ရိုက်သွားလိုက်ပြီး ချန်လဲ့တံခါးဝတွင် အထုပ်ကိုချကာ အိပ်ရေးဝအောင် ပြန်အိပ်ရန် ဘုတ်တ်ခနဲ လှဲချလိုက်တော့သည်။

မနက်ခင်းတွင် ရှောင်ကျိုးတစ်ယောက် သူမအိပ်ခန်းတံခါးကို ဖွင့်လိုက်ချိန်၌ လန့်သေမတတ်ဖြစ်သွားရ၏။ သူမ ညသန်းခေါင်ယံမှာ အိပ်မက်ယောင်ပြီး အပြင်ထွက်ကာ လူတစ်ယောက်ကိုပြန်ပေးဆွဲလာခဲ့မိသလားဟုပင် တွေးလိုက်မိသည်။

စတုတ္ထမင်းသားက အိပ်ချင်မူးတူး မျက်လုံးများကိုဖွင့်ကာ ရှောင်ကျိုးအား နှုတ်ဆက်လိုက်သည်။

"မင်္ဂလာနံနက်ခင်းပါ ညီမလေးချန်လဲ့"

ရှောင်ကျိုးက သူ့ကိုမျက်စောင်းထိုးကြည့်ကာ မေးလိုက်၏။

"အစ်ကို ဘာလုပ်နေတာလဲ"

'ဒီကလေးမလေးကတော့ လန့်နေပြီ၊ ငါကိုယ်တိုင်ကလည်း ကလေးပဲရှိသေးတာကို'

စတုတ္ထမင်းသားက ချက်ချင်းကုန်းရုန်းထရပ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်သည်။

"ငါ ညီမလေးတို့နဲ့အတူ ချုံကျိုးနယ်မြေကို လိုက်သွားမလို့၊ ငွေစက္ကူတွေအပါအဝင် အကုန်လုံးသိမ်းပြီးပြီ"

ထိုစဉ် ဖြတ်လျှောက်သွားသော ကျင့်ရှင်းက အထုပ်အပိုးများသယ်လာသည့် စတုတ္ထမင်းသားကိုမြင်သောအခါ ပေါ့ပေါ့ပါးပါးပင် မေးလိုက်၏။

"ဒီကိစ္စကို မင်းအဖေသိရဲ့လား"

စတုတ္ထမင်းသား အတည်ပေါက်ဖြင့်ခေါင်းညိတ်ပြလိုက်သည်။

"ငါ အဖေ့ကိုပြောခဲ့တယ်"

'ငါရေးခဲ့တဲ့စာက အဖေ့ဆီမရောက်သေးပေမဲ့ ဒါက အဖေသိတယ်လို့ ဆိုလိုတာပဲ၊ အခုချက်ချင်းကြီးသိလာမှာ မဟုတ်ရင်တောင်ပေါ့၊ ဒါပေမဲ့ အဲ့ဒါတွေက အရေးမကြီးပါဘူး'

သူတို့ရွာလူကြီးလေးပြန်တော့မည်ကြောင်း ကြားလိုက်ရသောအခါ လူတိုင်းမှာ အလွန်အမင်းဝမ်းသာသွားကြပြီး မနက်စောစောထကာ သူတို့အထုပ်အပိုးများကို သိမ်းဆည်းကြတော့သည်။

အိမ်တော်ထိန်းမှာ မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ရှောင်ကျိုးကိုကြည့်လိုက်၏။

"မင်းသမီးလေး ချုံကျိုးနယ်မြေကနေ ဘယ်တော့ ပြန်လာမှာလဲ၊ မင်းသမီးစံအိမ်တော်ကလည်း မင်းသမီးလေးရဲ့ အိမ်ပါပဲ"

အချိန်အတော်ကြာ မျှော်လင့်စောင့်စားပြီးနောက် အဆုံးတွင်တော့ မင်းသမီးစံအိမ်တော်၌သခင်မလေးတစ်ယောက် ရရှိလာခဲ့သော်ငြား ပြောင်းရွှေ့လာပြီး မကြာမီမှာပင် သခင်မလေးက ထွက်ပြေးတော့မည်ဖြစ်သည်။ အိမ်တော်ထိန်းခမျာ နှလုံးကွဲမတတ်ဖြစ်နေရတော့၏။

မျက်ရည်ကျနေသော အိမ်တော်ထိန်းကို ကြည့်ရင်း ရှောင်ကျိုးတစ်ယောက် ထောင်ယွမ်ရွာမှ ရွာလူကြီးအဘိုးများကို ချက်ချင်းပြန်သတိရသွားသည်။ သူမ ထောင်ယွမ်ရွာမှ မြို့တော်သို့ထွက်လာစဉ်ကလည်း သူတို့ခမျာ ထိုကဲ့သို့ပင် သနားစရာကောင်းနေခဲ့ကြ၏။ တစ်ခါတစ်ရံတွင် သက်ကြီးရွယ်အိုများက ကလေးများထက်ပင် ပိုငိုတတ်ကြပြီး အထူးသဖြင့် အဘိုးများဖြစ်ကြောင်းကို ယခုအခါ ရှောင်ကျိုး နားလည်သွားပြီပင်။ တစ်ဖက်တွင်မူ အဘွားရွှီကတော့ လုံးဝငိုမည်မဟုတ်ပေ။ အဘွားရွှီမှာ သံမဏိစိတ်ဓာတ်ဖြင့်အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း ရှောင်ကျိုး တွေးလိုက်မိသည်။

အိမ်တော်ထိန်းမှာ တော်တော်လေး အသုံးဝင်သည်ဟု ရှောင်ကျိုးခံစားလိုက်ရသည်၊ သူမစကားတစ်ခွန်းတည်းဖြင့်ပင် အိမ်တော်ထိန်းက အရာအားလုံးကို သေသေသပ်သပ်စီစဉ်ပေးနိုင်သည်။ သူမပြန်သွားသည့်အခါ အိမ်တော်ထိန်းကိုပါ အတူတူခေါ်သွားရမည်ဟု ရှောင်ကျိုး တွေးလိုက်၏။

ထို့ကြောင့် သူမပြောလိုက်သည်။

"အိမ်တော်ထိန်းအဘိုး၊ ငါနဲ့အတူ ချုံကျိုးနယ်မြေကို လိုက်ခဲ့ပါလား၊ အဘိုး အသက်ကြီးလာရင် ငါစောင့်ရှောက်ပေးမယ်"

ထိုစကားကိုကြားလိုက်ရသောအခါ အိမ်တော်ထိန်းမှာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

"မင်းသမီးလေး၊ ဒီလိုသခင်ကောင်းမျိုးနဲ့တွေ့ရဖို့ ကျွန်တော့်မှာ ဘယ်လိုကုသိုလ်ကံတွေများ ပါလာခဲ့လို့လဲ၊ ကျွန်တော် အရင်ဘဝက တကယ်ကို ကံကောင်းခဲ့တာပါပဲ၊ ကျွန်တော်… ကျွန်တော်"

အိမ်တော်ထိန်းတစ်ယောက် လဲကျမတတ်ငိုယိုနေသည်ကို မြင်လိုက်ရသောအခါ ရှောင်ကျိုးက မုန့်တစ်ဖဲ့ကို သူ့ပါးစပ်ထဲသို့ အလျင်အမြန် ထိုးသိပ်ထည့်ပြီး ပြောလိုက်၏။

"ကဲ မငိုနဲ့တော့၊ မြန်မြန်သွားပြီး အထုပ်အပိုးတွေသိမ်းတော့"

"အမိန့်အတိုင်းပါ"

အိမ်တော်ထိန်းက မျက်ရည်များကို အလျင်အမြန်သုတ်လိုက်ပြီးနောက် သူ့အထုပ်အပိုးများကို သိမ်းဆည်းရန်နှင့် သူထွက်သွားပြီးနောက် မင်းသမီးစံအိမ်တော်၌ အရာအားလုံးချောမွေ့စွာ ဆက်လက်လည်ပတ်နိုင်စေရန် ကိစ္စရပ်အသီးသီးကို စီစဉ်တော့သည်။ မင်းသမီးလေးနှင့်အတူ ချုံကျိုးနယ်မြေသို့ လိုက်ပါသွားရန် အစေခံအမျိုးသမီးကြီးများကို ရွေးချယ်ဖို့လည်း သူရည်ရွယ်ထား၏။ ချုံကျိုးနယ်မြေမှာ အလွန်ဆင်းရဲလှသဖြင့် လူများနှင့် ပစ္စည်းများကို သေချာပေါက် ပိုမိုယူဆောင်သွားရန်လိုသည်။ သူ့မင်းသမီးလေးကိုတော့ အပင်ပန်း အဆင်းရဲမခံခိုင်းနိုင်ချေ။

အိမ်တော်ထိန်းထွက်သွားသည်နှင့်တစ်ပြိုင်နက် သူမသက်တော်စောင့်နှစ်ယောက်က သူမအား မျှော်လင့်ချက်တကြီးဖြင့် စိုက်ကြည့်နေကြသည်ကို ရှောင်ကျိုးမြင်လိုက်ရသည်။

ရှောင်ကျိုး : '?'

ထိုတောင့်တောင့်တင်းတင်း လူထွားကြီးနှစ်ယောက်မှာ ယခုအခါ အထိတ်တလန့်ဖြစ်နေကြပြီဖြစ်သည်။ သခငိမလေးနောက်သို့လိုက်ခြင်းက သူမကို ကာကွယ်ပေးရန်ဖြစ်သည်ဟု သူတို့ထင်ထားခဲ့သော်ငြား သူတို့သခင်မလေးမှာ သူတို့ကာကွယ်မှုကိုလုံးဝမလိုလောက်အောင် စွမ်းအားကြီးနေမည်ဟု မည်သူကများထင်ထားပါမည်နည်း။ သူတို့နှစ်ယောက်မှာ မင်းသမီးစံအိမ်တော်၌ ဘာမှအသုံးမဝင်ပေ။ နေ့စဉ်နေ့တိုင်း သူတို့သခင်မလေးနောက်သို့လိုက်ကာ အစားစားခြင်းမှလွဲ၍ ဘာမှမလုပ်ကြချေ။

ယခုအခါ သူတို့နှစ်ယောက်မှာ သခင်မလေးက သူတို့ကိုအသုံးမကျဟုထင်ကာ ချုံကျိုးနယ်မြေသို့ ခေါ်မသွားမည်ကို စိုးရိမ်နေကြတော့သည်။

အရပ်ရှည်ရှည် လူထွားကြီးနှစ်ယောက် သူမရှေ့တွင် အနေရခက်စွာရပ်နေကြသည်ကိုမြင်ရသည်မှာ ရှောင်ကျိုးအတွက် တကယ့်ကိုမျက်စိနောက်စရာကောင်းလှသည်။ သူမ မေးလိုက်၏။

"နင်တို့ကရော ငိုတော့မလို့လား"

လူထွားကြီးနှစ်ယောက်က အလျင်အမြန် ခေါင်းခါပြလိုက်ကြသည်။

"သခင်မလေး တစ်ကယ်လို့ သခင်မလေး ချုံကျိုးနယ်မြေကိုသွားမယ်ဆိုရင် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် လိုက်ခဲ့ရမလား"

ရှောင်ကျိုး မေးလိုက်သည်။

"နင်တို့လိုက်ချင်လို့လား မလိုက်ချင်လည်း ရပါတယ်၊ မင်းသမီးစံအိမ်တော်မှာပဲ ဆက်နေခဲ့လို့ရတယ်"

လူထွားကြီးနှစ်ယောက်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး စိတ်အားထက်သန်စွာဖြင့်ပြောလိုက်၏။

"လိုက်ချင်တာပေါ့၊ သေချာပေါက် လိုက်ချင်တာပေါ့၊ ကျွန်တော်တို့ အခုပဲ အထုပ်အပိုးသွားသိမ်းလိုက်ပါမယ်"

"ခဏ"

ရှောင်ကျိုးကထွက်ပြေးတော့မည့် လူနှစ်ယောက်ကို လှမ်းခေါ်လိုက်ပြီးမေးလိုက်သည်။

"ငါ နင်တို့ရဲ့နာမည်တွေကိုတောင် မသိသေးဘူး"

သူမက ယခုမှစ၍ သူတို့ကို လူထွားကြီးဟု ဆက်မခေါ်ချင်တော့ချေ။

သက်တော်စောင့်နှစ်ယောက်က အလျင်အမြန် ပြန်ဖြေလိုက်၏။

"ကျွန်တော့်နာမည်က တာ့လန်ပါ၊ သူကတော့ ကျွန်တော့်ညီ အာ့လန်ပါ"

ရှောင်ကျိုး : 'မဟုတ်မှလွဲရော တာ့လန်ဆိုတဲ့နာမည်က တကယ်ကြီး အဲ့ဒီလောက်တောင် ရေပန်းစားနေတာလား'

မဖြစ်နိုင်ပေ။ ကျောက်ဟူ၏အဖေမှာ တာ့လန်ဟု ခေါ်တွင်ပြီးဖြစ်၏။ နောက်ထပ် တာ့လန်တစ်ယောက် ထပ်ရောက်လာပါက နာမည်ခေါ်သည့်အခါ ဘယ်သူက ဘယ်သူမှန်း မည်သူမျှသိတော့မည်မဟုတ်ပေ။

ရှောင်ကျိုးပြောလိုက်သည်။

"နင်တို့နာမည်ပြောင်းလိုက်ရင်ရော ဘယ်လိုလဲ၊ တာ့လန်က ဦးလေးတာ့လန်ရဲ့နာမည်ဖြစ်နေပြီ"

ထိုစကားကိုကြားသောအခါ သက်တော်စောင့်နှစ်ယောက်က ချက်ချင်းပြန်ပြောလိုက်၏။

"ကျေးဇူးပြုပြီး သခင်မလေးပဲ ကျွန်တော်တို့ကို နာမည်ပေးပါ"

ရှောင်ကျိုးက လူထွားကြီးနှစ်ယောက်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"နင်တို့ကို ရှုံးတာ့နဲ့ ရှုံးအာ့လို့ခေါ်ရင် ဘယ်လိုလဲ"

ရှုံးတာ့နှင့်ရှုံးအာ့တို့က ကျေးဇူးတင်စကားဆိုရန် ချက်ချင်းဒူးထောက်ချလိုက်ကြ၏။

"ဒီလိုနာမည်တွေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်မလေး"

ရှုံးတာ့နှင့် ရှုံးအာ့တို့မှာ သူတို့နာမည်များကို အလွန်အမင်းကျေနပ်နေကြသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့၏ယခင်နာမည်များမှာ အလွန်ပေါများပြီး လမ်းပေါ်တွင် ထိုနာမည်မျိုးနှင့်လူများ အများအပြားရှိနေတတ်၏။ ရှုံးတာ့နှင့် ရှုံးအာ့ကတော့ ကွဲပြားသည်။ ထိုနာမည်များက သူတို့ကိုယ်ရည်ကိုယ်သွေးနှင့် လိုက်ဖက်ရုံသာမက သူတို့သိထားသူများထဲတွင် ထိုနာမည်မျိုး မည်သူမျှမရှိသေးပေ။

ရှောင်ကျိုးက ပျော်ရွှင်နေသော ထိုလူနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူမမှာ နာမည်ပေးရာတွင် တကယ့်ကို ဆရာတစ်ဆူပင်။ သူမပေးသည့် နာမည်များကို မည်သူမျှမကျေမနပ်ဖြစ်ခြင်းမရှိကြပေ။

မကျေမနပ်ဖြစ်နေသော အစောင့်အရှောက်နတ်ကြက်လေးက သူတို့ဘေးတွင် အသံနှစ်ချက်ထွက်လာတော့၏။

'ဘာဖြစ်လို့များ ရာထူးကြီးတဲ့အရာရှိတစ်ယောက်က ယွိဟွာလို့အခေါ်ခံရမှာလဲ'

စကားမစပ် ဧကရာဇ်မှာ ယွိဟွာအား အရာရှိရာထူးပေးခဲ့ရုံသာမက သူမလိုအပ်ချက်မှန်သမျှကို ပြုစုစောင့်ရှောက်ပေးရန် အစေခံမလေးနှစ်ယောက်နှင့် အစေခံနှစ်ယောက်တို့ကိုလည်း ပေးခဲ့သေးသည်။

ယွိဟွာက သူတို့တစ်ယောက်ချင်းစီအတွက် မှတ်မိလွယ်သောနာမည်များပင် ပေးထားသေး၏၊ ချွေ့ရီ၊ ချွေ့အာ့၊ ချွေ့စန်းနှင့် ချွေ့စစ်တို့ပင်။

သူမက အရာရှိတစ်ယောက်ဖြစ်ကြောင်းကို တခြားသူများမသိမည်စိုးသဖြင့် ယွိဟွာတစ်ယောက် ဧကရာဇ်ထံသွားကာ သူမအတွက်ဆိုင်းဘုတ်လေးတစ်ခုပင် လုပ်ခိုင်းခဲ့သေးပြီး "အစောင့်အရှောက်နတ်ကြက်လေး"ဟု ရေးသားထားသော ထိုဆိုင်းဘုတ်လေးကို သူမလည်ပင်းတွင်ဆွဲထားတော့သည်။

ယခုအချိန်တွင် ယွိဟွာမှာ တခြားသူများက သူမလည်ပင်းတွင်ဆွဲထားသော အရာရှိတံဆိပ်ပြားကိုမမြင်လိုက်မည်စိုးသဖြင့် ခေါင်းငုံ့ကာပင်လမ်းမလျှောက်ရဲတော့ချေ။

ယွိဟွာက သူမသခင်မလေးဖြစ်သူ ပြသခဲ့သော ကြင်နာမှုများအတွက် ကျေးဇူးဆပ်လိုသဖြင့် သခင်မလေးဖြစ်သူကို လိုက်ရှာတော့သည်။

"ကွတ် ကွတ်၊ ကွတ် ကွတ်၊ ကွတ် ကွတ်"

'သခင်မလေး၊ ကျွန်မကို လျှပ်စစ်တုတ် တစ်ချောင်းလောက် ပေးပါဦး၊ သခင်မလေးအဖေဆီ ယူသွားပေးမလို့'

ရှောင်ကျိုးက စတိုးဆိုင်ထဲမှတစ်ချောင်းကို လဲလှယ်ယူလိုက်ပြီး ယွိဟွာ၏လည်ပင်းတွင် ဆွဲထားသော အိတ်ကလေးထဲသို့ ပစ်ထည့်ပေးလိုက်သည်။

လည်ပင်းတွင် အရာရှိတံဆိပ်ပြားရော အဝတ်အိတ်ကလေးပါ ဆွဲထားရသော ယွိဟွာမှာ အလွန်လေးလံသွားသဖြင့် ရှေ့သို့ယိုင်ထွက်သွားကာ ပက်လက်လန် လဲကျသွားတော့၏။

ထိုရူးကြောင်ကြောင်ပုံစံလေးကို မြင်လိုက်ရသောအခါ ရှောင်ကျိုးမှာအော်ရယ်တော့သည်။

ယွိဟွာခမျာ သူမလည်ပင်းပေါ်မှ အလေးချိန်ကြောင့် အဖိခံထားရသဖြင့် ခေါင်းပင်မမော့နိုင်တော့ချေ။

အနီးတွင်ရပ်နေသော ချွေ့ရီနှင့် ချွေ့အာ့တို့က ချက်ချင်းရှေ့တိုးလာကြသည်။ သူတို့ထဲမှတစ်ယောက်က ကြက်ကိုတွဲထူပေးလိုက်ပြီး နောက်တစ်ယောက်က အဝတ်အိတ်ကလေးကို ကူသယ်ပေးလိုက်၏။

ယွိဟွာတစ်ယောက် အနည်းငယ်တွေဝေသွားပုံရသည်ကို မြင်လိုက်ရသောအခါ ရှောင်ကျိုးက အလျင်အမြန်ရယ်ချင်စိတ်ကို ထိန်းပြီးမေးလိုက်သည်။

"ငါ့အဖေက နင်ပြောတာကို နားလည်နိုင်တာမဟုတ်ဘူးလေ၊ ဒီဟာကို ဘယ်လိုသုံးရမလဲဆိုတာ သူ့ကိုဘယ်လိုပြောပြမှာလဲ"

ဒေါသထွက်သွားသော ယွိဟွာက သူမသခင်မလေးကို ချက်ချင်း ကျောခိုင်းပြီး အသံပြုလိုက်၏။

"ကွတ် ကွတ်၊ ကွတ် ကွတ်"

'အဲ့ဒါကို ဂရုစိုက်မနေပါနဲ့၊ ကျွန်မကိုယ်စားပြောပေးဖို့ ပါးစပ်ရှိပါတယ်'

ထိုသို့ပြောပြီးနောက် သူမက ချွေ့ရီနှင့် ချွေ့အာ့တို့ကိုခေါ်ကာ နောက်လှည့်မကြည့်ဘဲ နန်းတော်ဆီသို့ ဦးတည်သွားတော့သည်။

All Chapters