← Chapters

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း ၁၅၉

Vol. 16 Ch. 159

159

စာကြည့်ဆောင်၌ တိုင်းပြည်ရေးရာများကို ကိုင်တွယ်ဖြေရှင်းနေသော ဧကရာဇ်မှာ တံခါးအပြင်ဘက်မှ မိန်းမစိုးက အစောင့်အရှောက်နတ်ကြက်လေးဝင်ခွင့်တောင်းခံနေကြောင်း လျှောက်တင်သံကို ကြားလိုက်ရ၏။

ဧကရာဇ်မှာ စက္ကန့်အနည်းငယ်မျှ ကြက်သေသေသွားပြီးမှ မနေ့ညက ကြက်တစ်ကောင်အား အရာရှိရာထူး ပေးခဲ့မိကြောင်းနှင့် ထိုရာထူးမှာ ပထမအဆင့်အရာရှိရာထူးပင် ဖြစ်နေကြောင်းကို ပြန်သတိရသွားတော့သည်။

ရိုးရိုးသားသားပြောရလျှင် ဧကရာဇ်တစ်ယောက် စတင်နောင်တရနေချေပြီ။

'ဒီရူးကြောင်ကြောင်ကြက်က ရက်အနည်းငယ်ခြားတစ်ခါ နန်းတော်ထဲဝင်ဝင်မလာဖို့ မျှော်လင့်ရတာပဲ'

'ဒါ့အပြင် အကယ်၍ ဤကြက်က မနက်ခင်းညီလာခံကိုတက်ဖို့ တောင်းဆိုလာရင် ဘယ်လိုလုပ်မလဲ၊ ဒီကြက်က သူကိုယ်တိုင်ပေးထားတဲ့ ပထမအဆင့် အစောင့်အရှောက်နတ်ကြက်လေးဖြစ်ကြောင်း အရာရှိတွေကို သူဘယ်လို ရှင်းပြရမလဲ'

ဧကရာဇ်မှာ ပြန်လွှတ်ချင်သော်ငြား ထိုရူးကြောင်ကြောင်ကြက်က ရူးကြောင်ကြောင်ကိစ္စတစ်ခုခုလုပ်လာမည်ကို စိုးရိမ်နေမိ၏။

အဆုံးတွင်တော့ သူကကြက်ကို အထဲခေါ်လာရန် မိန်းမစိုးအားလက်ဟန်ပြလိုက်တော့သည်။

ပထမဆုံးအကြိမ် အရာရှိအဖြစ် တာဝန်ထမ်းဆောင်ရခြင်းဖြစ်ပြီး ပုံမှန်မဟုတ်ဘဲ အလွန်ယဉ်ကျေးနေသော ယွိဟွာမှာ တံခါးဝတွင် မိနစ်အနည်းငယ်မျှစောင့်နေခဲ့သည်။ သူမ ပြဿနာရှာတော့မည့်ဆဲဆဲမှာပင် အစောပိုင်းက ထွက်သွားသော မိန်းမစိုးပြန်ထွက်လာပြီး သူမကို အထဲသို့ဝင်ရန် ဖိတ်ခေါ်လိုက်၏။

ဧကရာဇ်က မြေပြင်ပေါ်ရှိကြက်ကို ကြည့်လိုက်ပြီး ကြက်စကားကို နားမလည်သဖြင့် စကားကို မည်သို့စရမည်မှန်း မသိဖြစ်နေတော့သည်။

ယွိဟွာက အထက်တွင်ထိုင်နေသော ဧကရာဇ်ကို မြင်လိုက်ရသောအခါ သူမ ယခင်ကမြင်ဖူးခဲ့သော အရာရှိများ၏ ပုံစံကိုအတုခိုးကာ သူမအတောင်ပံများကို စုကျုံ့ပြီး ဧကရာဇ်အားအရိုအသေပေးလိုက်၏။

"ကွတ် ကွတ်၊ ကွတ် ကွတ်၊ ကွတ် ကွတ်၊ ကွတ် ကွတ်"

အနောက်မှလိုက်ပါလာသော စွမ်းချိုက်က ချက်ချင်းဘာသာပြန်ပေးတော့သည်။

“သခင်မလေးရဲ့အဖေ မင်္ဂလာပါ၊ ဒီရာထူးကို ပေးသနားတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်မ မကြာခင် ချုံကျိုးနယ်မြေကိုပြန်တော့မှာပါ၊ မသွားခင် သခင်မလေးဆီကနေ လက်ဆောင်တစ်ခုတောင်းပြီး နန်းတော်ထဲက အရှင့်ဆီကိုယူလာပေးပါတယ်”

ထိုသို့ပြောပြီးနောက် ယွိဟွာက ချွေ့ရီအား အဝတ်အိတ်ကလေးကိုဖွင့်ခိုင်းလိုက်ပြီး အထဲရှိလျှပ်စစ်တုတ်ကို ဧကရာဇ်ထံ ကမ်းပေးလိုက်၏။

ကြက်တစ်ကောင်က သူ့ကို လက်ဆောင်ပေးချင်နေသည်ဟု ကြားလိုက်ရသောအခါ ဧကရာဇ်မှာ တော်တော်လေးအံ့အားသင့်သွားတော့သည်။

သူ့ထံကမ်းပေးလာသော သေးသွယ်ရှည်လျားသည့် ဆလင်ဒါပုံစံအရာကို ကြည့်ရင်း သူ ပို၍ပင်စပ်စုချင်စိတ် ဖြစ်လာရ၏။

ယွိဟွာက ကွတ်ကွတ်ဟူသော အသံဖြင့် ထိုအရာကို မိတ်ဆက်ပေးလိုက်သည်။

စွမ်းချိုက်က တတွတ်တွတ်ဖြင့် အဆက်မပြတ် ဘာသာပြန်ပေးနေတော့၏။

ဧကရာဇ်က ထိုအရာ၏အသုံးပြုပုံကို အလျင်အမြန် နားလည်သွားပြီး စမ်းသပ်ရန်အတွက် ခလုတ်ကို ချက်ချင်း နှိပ်လိုက်သည်။

သို့သော် ဘေးပတ်ဝန်းကျင်ရှိလူများကို တစ်ချက်ကြည့်လိုက်ပြီး အကြောင်းပြချက်မရှိဘဲ လူတစ်ယောက်ကို ဓာတ်လိုက်ခိုင်းရန် မသင့်တော်ကြောင်း သူ သဘောပေါက်သွား၏။

'အခုချိန်သာ လုပ်ကြံသူတစ်ယောက် ရောက်လာရင် စမ်းသပ်ဖို့အကွက်ချည်းပဲ'

ဧကရာဇ် ညည်းတွားလိုက်သည်။

ဧကရာဇ်တစ်ယောက် နှမြောတသဖြစ်နေစဉ်မှာပင် တံခါးအပြင်ဘက်မှ မိန်းမစိုးက ယုံနင်ရွာစားမှာ ဧကရာဇ်နှင့် တွေ့ဆုံခွင့်တောင်းရန် နန်းတော်သို့ဝင်ခွင့်တောင်းနေကြောင်း လာရောက်သတင်းပို့တော့သည်။

ဧကရာဇ်က ဝင်ခွင့်ပြုရန် အလျင်အမြန် အမိန့်ပေးလိုက်၏။

နန်းတော်တံခါးဝတွင် တားခံထားရသော ယုံနင်ရွာစားမှာ ယနေ့ဧကရာဇ်နှင့် တွေ့ရတော့မည်မဟုတ်ဟု ထင်ထားခဲ့သည်။ သို့သော် မျှော်လင့်မထားဘဲ အချိန်ကြာကြာ မစောင့်လိုက်ရခင်မှာပင် မိန်းမစိုးက သူ့ကိုနန်းတော်ထဲသို့ ခေါ်ဆောင်ရန် ရောက်လာတော့၏။

ယုံနင်ရွာစားမှာ သက်ပြင်းချလိုက်မိသည်။ မနေ့က ဧကရာဇ် ရုတ်တရက် စုံစမ်းစစ်ဆေးမှုတွင် မည်သည့်အရာမျှ ရှာမတွေ့ခဲ့ပုံရသည်။ မဟုတ်လျှင် သူ နန်းတော်သို့ လာရောက်ခစားသည့်အခါ ယနေ့ ဧကရာဇ်နှင့် တွေ့ဆုံခွင့်ရမည် မဟုတ်ပေ။

စာကြည့်ဆောင်သို့ဝင်ရောက်လာသည်နှင့် ယုံနင်ရွာစားက ချက်ချင်းဒူးထောက်ကာ အရိုအသေပေးလိုက်တော့သည်။

ဧကရာဇ်က သူ့လူများ ရှာဖွေတွေ့ရှိထားသောပစ္စည်းများကို ယုံနင်ရွာစားရှိရာသို့ စားပွဲပေါ်မှနေလှမ်းပစ်လိုက်၏။

အဘယ်ကြောင့် ဤမျှမြန်မြန်ရှာတွေ့ခဲ့ရသနည်းဆိုသော် ယုံနင်ရွာစားစံအိမ်ကို စောင့်ကြည့်နေခဲ့သော လျှို့ဝှက်သက်တော်စောင့်များ၏ကျေးဇူးကြောင့်ပင်။ လွန်ခဲ့သော ရက်အနည်းငယ်က ယုံနင်ရွာစားနှင့် သူ့မိခင်တို့ကြားမှ စကားဝိုင်းကို သူတို့ခိုးနားထောင်ခဲ့ရပြီးနောက် သက်တော်စောင့်များက ယုံနင်ရွာစား ယခင်က လုပ်ခဲ့သည့်ကိစ္စများအတွက် အထောက်အထားများ စုဆောင်းရရှိခဲ့ကြပြီး ဧကရာဇ်ထံ လူလွှတ်ကာအပြေးအလွှားသတင်းပို့ခဲ့ကြခြင်းဖြစ်သည်။

“ဒါက တကယ့်ကိုရိုင်းစိုင်းလွန်းတယ်”

ဧကရာဇ် ဒေါသတကြီး ငေါက်ငမ်းလိုက်သည်။

ပုံမှန်အားဖြင့်ဆိုလျှင် ဧကရာဇ်က သူ့ကို ဆင့်ခေါ်မည်မဟုတ်ဘဲ တိုက်ရိုက် ပါးရိုက်ပစ်မည်သာဖြစ်၏။ ထို့နောက် တော်ဝင်အမိန့်စာဖြင့် ထိုသူအားနယ်နှင်ဒဏ် ပေးလိုက်မည်ဖြစ်သည်။

ဧကရာဇ်က သူ့လက်ထဲရှိ လျှပ်စစ်တုတ်ကိုကြည့်လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအရာကို စမ်းသပ်မည့်သူမရှိဖြစ်နေချိန်၌ ယုံနင်ရွာစားက အလိုက်သင့် အရောက်လာခဲ့ခြင်းပင်။

အောက်တွင် ဒူးထောက်နေသော ယုံနင်ရွာစားမှာ ဧကရာဇ်ရှာတွေ့ထားသော ပစ္စည်းများကို မြေပြင်ပေါ်မှကောက်ယူရင်း တုန်ရင်နေတော့၏။ လွန်ခဲ့သောနှစ်များက ထိုကိစ္စများကို ဧကရာဇ်သိသွားပြီဖြစ်ကာ ထပ်မံဖုံးကွယ်ထား၍မရနိုင်တော့ကြောင်း သူ သိလိုက်သည်။

ယုံနင်ရွာစားမှာ မြေပြင်ပေါ်သို့ ပုံကျသွားပြီး 'အကုန်ပြီးပြီ၊ အကုန်ပြီးသွားပြီ' ဟူသော အတွေးများဖြင့် ပြည့်နှက်နေတော့သည်။

မဟုတ်သေးပါဘူး။ ယုံနင်ရွာစားက ချက်ချင်း မတ်မတ်ပြန်ဒူးထောက်လိုက်၏။

ဧကရာဇ်က ဒီကိစ္စတွေကိုသိသွားပြီဆိုမှတော့ ဘာလို့ သူ့ကိုဆင့်ခေါ်နေဦးမှာလဲ။ ကိစ္စတွေ ပြန်ကောင်းလာဖို့ အခွင့်အရေး ရှိနေသေးတာများလား။

ယုံနင်ရွာစား ကြမ်းပြင်ပေါ်တွင် ချက်ချင်းဝပ်တွားကာ ဦးညွှတ်လိုက်ပြီး ဖြောင့်ချက်ပေးတော့သည်။

“အရှင် ကျွန်တော်အပြစ်ရှိပါတယ်၊ သေသင့်တဲ့ အပြစ်ပါ၊ အဲ့ဒီတုန်းက တစ်ယောက်ယောက် ကျွန်တော့်သားရဲ့အသက်ကိုခြိမ်းခြောက်ပြီး သူတို့အမိန့်တွေကိုနာခံဖို့ ဖိအားပေးခဲ့ပါတယ်၊ ကျန်းပေနယ်စားရဲ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ပြီး သတင်းပို့ခိုင်းခဲ့တာပါ၊ ကျွန်တော် လောဘတက်ပြီး ဒီလိုကြီးလေးတဲ့အမှားမျိုး လုပ်မိခဲ့တာပါ၊ အကြိမ်တစ်ထောင် သေသင့်တဲ့အပြစ်ပါပဲ”

ယုံနင်ရွာစားက ဧကရာဇ်မတ်တတ်ထရပ်ကာ သူ့ဆီသို့လျှောက်လာသည်ကို မြင်လိုက်ရ၏။

သူနောင်တတရားများဖြင့် ပြည့်နှက်ကာ ချက်ချင်းရှိုက်ကြီးတငင် ငိုကြွေးတော့ပြီး သူ့ဖြောင့်ချက်ကို ဆက်ပြောလိုက်သည်။

“ဒီကိစ္စကိုတွေးမိတိုင်း ကျွန်တော် နောင်တရပြီး ညဘက်တွေ အိပ်မပျော်ခဲ့ပါဘူး၊ အခု အရှင့်ရှေ့မှောက်မှာ ကျွန်တော် ဘာမှဖုံးကွယ်မထားရဲတော့ပါဘူး၊ အရှင်ကရုဏာထားပြီး ကျွန်တော့်ရဲ့မိသားစုကို ချမ်းသာခွင့်ပေးဖို့ပဲ တောင်းပန်ပါတယ်”

ယုံနင်ရွာစားတစ်ယောက် နောင်တရနေစဉ်မှာပင် သူ့ခန္ဓာကိုယ်၌ ရုတ်တရက် ထုံကျင်သွားသလို ခံစားလိုက်ရပြီး သတိလစ်သွားတော့သည်။

ယုံနင်ရွာစား ချက်ချင်းတက်သွားပြီး လဲကျသွားသည်ကို မြင်လိုက်ရသောအခါ လျှပ်စစ်တုတ်ကိုင်ထားသော ဧကရာဇ်မှာ အံ့အားသင့်ကာ ပါးစပ်အဟောင်းသားဖြစ်သွားတော့၏။

“အိုး အိုး ဒါက၊ အိုး အိုး”

ဧကရာဇ်မှာ အလွန်အမင်းစိတ်လှုပ်ရှားသွားသဖြင့် လူစကားပင်မပြောနိုင်တော့ပေ။

သူက ထိုအရာကို အလွန်အမင်း သဘောကျသွားသည်။ ၎င်းက တကယ့်ကို အသက်ကယ်စွမ်းအားပါသောနတ်လက်နက်ပင်။

ဧကရာဇ်က ယွိဟွာကို သိသိသာသာမြတ်နိုးယုယသောအကြည့်ဖြင့် ကြည့်လိုက်၏။

သူ ကိုယ်တိုင်ကိုယ်ကျ အစောင့်အရှောက်နတ်ကြက်လေးဘွဲ့ကို ပေးခဲ့သည်မှာ အံ့သြစရာတော့မဟုတ်ပေ။

ဧကရာဇ်မှာ ကျေနပ်အားရသွားပြီး ယွိဟွာကို ကာကွယ်ပေးရန်အတွက် နောက်ထပ် သက်တော်စောင့်နှစ်ယောက်ကို ထပ်ပေးလိုက်တော့သည်။

ယွိဟွာက သူ့သမီးဖြစ်သူပိုင်မှန်း သိထားသဖြင့် ဧကရာဇ်က သမီးဖြစ်သူအတွက် ကိုယ်ရံတော်တပ်သား ၁,၀၀၀ ကို ထပ်မံချီးမြှင့်ပေးလိုက်၏။

ကြမ်းပြင်ပေါ်တွင် သတိလစ်မေ့မြောနေသော ယုံနင်ရွာစားကိုကြည့်လိုက်သည်။

“ဟမ့် ဒီသစ္စာမရှိတဲ့ကောင်ကို အခုချက်ချင်းဆွဲထုတ်သွားပြီး ချုံကျိုးနယ်မြေဆီ နယ်နှင်ဒဏ်ပေးလိုက်စမ်း”

ဧကရာဇ် ‌မာန်မဲလိုက်၏။

ဧကရာဇ် စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် အစောင့်များက ခန်းမထဲသို့ဝင်လာကာ ထိုလူကို ခွေးသေတစ်ကောင်ကဲ့သို့ ဆွဲထုတ်သွားကြတော့သည်။

ယွိဟွာက အရောင်လက်နေသော မျက်လုံးများဖြင့် စောင့်ကြည့်နေပြီး သူမအနေဖြင့် အများကြီးသင်ယူလိုက်ရကြောင်းပြသနေ၏။ ဤသို့ ဘုရင်တစ်ပါး၏လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါမျိုးကို ယခုပထမအဆင့် အရာရှိဖြစ်နေပြီဖြစ်သော သူမအနေဖြင့်လည်း စတင်ဟန်ရေးပြရန် လိုအပ်သည်။

"ကွတ် ကွတ်၊ ကွတ် ကွတ်"

စွမ်းချိုက်က ဘေးဘက်မှနေ၍ စိတ်လှုပ်ရှားစွာဖြင့် ဘာသာပြန်ပေးလိုက်သည်။

“ဧကရာဇ်က အစွမ်းထက်လိုက်တာ၊ ဧကရာဇ်က အမြင့်မြတ်ဆုံးပဲ”

ထိုစကားကိုကြားလိုက်ရသောအခါ ဧကရာဇ်၏ နှုတ်ခမ်းများက တဖြည်းဖြည်း ကွေးတက်သွားတော့၏။

နှစ်ပေါင်းများစွာကြာပြီးနောက် အဆုံးတွင်တော့ လူတစ်ယောက် မဟုတ်သေး ကြက်တစ်ကောင်က သူ့ကိုနားလည်ပေးခဲ့ပြီဖြစ်သည်။

သူ၏ ပိုမိုခံ့ညားထည်ဝါပြီး လွှမ်းမိုးနိုင်စွမ်းရှိသောဟန်ပန်ကို ဤကြက်အား ပြသနိုင်ရန်အတွက် ယခုအချိန်တွင် နောက်ထပ်အရာရှိ အနည်းငယ်လောက် ရောက်လာစေချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာရသည်။

ဖအေတူသမီးဆိုတာ တကယ်ကို မှန်သည်။ သူကလည်း အလွန်တရာမှ မာနကြီးလှ၏။

ဧကရာဇ်က ယွိဟွာကို ချက်ချင်းဆွဲခေါ်သွားပြီး သူမွေးလာကတည်းက အလွန်အမင်း အစွမ်းထက်ခဲ့ကြောင်း ကြွားလုံးထုတ်ကာ သူ့ဘဝဇာတ်ကြောင်းကို စတင်ပြောပြတော့သည်။

အိပ်ငိုက်လာသော ယွိဟွာက စိတ်ထဲမှ တွေးလိုက်၏။

'ငါ့သခင်မလေးတောင်မှ မွေးမွေးချင်း အဲ့ဒီလောက် အစွမ်းထက်တယ်လို့မပြောရဲဘူး၊ ကိုယ့်အသက်ကိုတောင် သူများကယ်ရတဲ့ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် မာနတကြီးပြောရဲရတာလဲ'

ဆက်သည်းမခံနိုင်တော့သဖြင့် ယွိဟွာက ဆင်ခြေတစ်ခုအမြန်ပေးကာ လစ်ထွက်လာခဲ့တော့သည်။ ဧကရာဇ်ကို ချီးမွမ်းသည့် ထိုမလိုအပ်သောစကားနှစ်ခွန်းကိုသာ သူမ မပြောခဲ့လျှင် ထိုကြွားလုံးများကို အချိန်အတော်ကြာ နားထောင်ရန် ထိုနေရာ၌ဖမ်းထားခံရမည်မဟုတ်ပေ။

ယွိဟွာပြန်ရောက်လာသောအခါ ရှောင်ကျိုးတစ်ယောက် မင်းသမီးစံအိမ်တော်ရှေ့တွင်ခံ့ညားထည်ဝါစွာ ရပ်နေကြသော ကိုယ်ရံတော်တပ်သား ၂,၀၀၀ကို ကြည့်လိုက်မိ၏။

သူမမှာ လုံးဝကိုဆွံ့အသွားတော့သည်။

“ယွိဟွာ နင် ငါ့အဖေဆီသွားပြီး ဓားပြတိုက်လာတာလား”

“ပိုက်ဆံကို ဓားပြတိုက်တာပဲမြင်ဖူးတယ်၊ အခုလို လူကိုဓားပြတိုက်လာတာ မြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ”

"ကွတ် ကွတ်၊ ကွတ် ကွတ်"

'မဟုတ်ပါဘူး၊ အဲ့ဒါသခင်မလေးအဖေဆီက လက်ဆောင်၊ သူက အဲ့ဒီလျှပ်စစ်တုတ်ကို တကယ်သဘောကျသွားတာ'

ရှောင်ကျိုး ပါးနပ်စွာဖြင့်ပြောလိုက်သည်။

“ငါ လျှပ်စစ်တုတ်တစ်ချောင်း ပေးလိုက်လို့ ကိုယ်ရံတော်တပ်သား ၁,၀၀၀ရတယ်ဆိုရင် ၁၀ချောင်းလောက်ပေးလိုက်ရင်ရော ဘယ်လိုနေမလဲ”

"ကွတ် ကွတ်၊ ကွတ် ကွတ်"

'သခင်မလေး သူတို့ကိုကျွေးမွေးထားနိုင်လို့လား'

ရှောင်ကျိုးမှာ ချက်ချင်းအသိစိတ်ဝင်သွားတော့၏။

ဟုတ်သားပဲ။ ဤလူများအားလုံးကို သူမကိုယ်တိုင် ကျွေးမွေးထောက်ပံ့ရမည်ဖြစ်သည်။

ရှောင်ကျိုးတစ်ယောက် ထိုအတွေးကို သူမစိတ်ထဲမှ ချက်ချင်းဖယ်ထုတ်ပစ်လိုက်တော့သည်။

All Chapters