← Chapters

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း ၁၆၂

Vol. 17 Ch. 162

162

ကြင်ယာတော်ရှု သူမစာထဲတွင် ရေးသားထားသည်မှာ မိခင်တစ်ယောက်အနေဖြင့် သားဖြစ်သူ၏ပုန်ကန်တတ်သည့် အပြုအမူအတွက် တာဝန်အပြည့်အဝရှိကြောင်းပင်။ သားဖြစ်သူ လမ်းမလွဲခင် သူမကိုယ်တိုင်နန်းတော်မှထွက်ကာ သွားဖမ်းမည်ဖြစ်ပြီး ထိုအခါမှ ဧကရာဇ် စိတ်ကြိုက်အပြစ်ပေးနိုင်ကြောင်း ကတိပေးထားခြင်း ဖြစ်၏။

စတုတ္ထမင်းသားမှာတော့ စိတ်မသက်မသာ ဖြစ်နေတော့သည်။

မိခင်ဖြစ်သူ၏စကားများမှာ မယုံရဘဲ ဖခင်ဖြစ်သူသည် သူ့ကို သေချာပေါက် အပြစ်ပေးလိမ့်မည်ဟု အမြဲခံစားနေရ၏။

ဖခင်ဖြစ်သူက ကောလာဟလများကို ဖြေရှင်းပေးမည် မဖြေရှင်းပေးမည်ကို သူ မသိသော်ငြား မိခင်ဖြစ်သူကမူ အလွန်အမင်း ပျော်ရွှင်နေကာ တခြားရထားလုံးဆီသို့ အတင်းသွားပြီး အစ်မရှောင်ရှောင်ကို သူတို့ရထားလုံးပေါ်ခေါ်လာခဲ့ကြောင်းကိုတော့ သူသိ၏။

စတုတ္ထမင်းသားခမျာ မိခင်ဖြစ်သူက အစ်မရှောင်ရှောင်ကို မင်းသမီးစံအိမ်တော်၏ခမ်းနားကြီးကျယ်လှသည့် ရထားလုံးပေါ်မှဆွဲချကာ အဘိုးဖြစ်သူ၏စုတ်ပြတ်နေသော ရထားလုံးပေါ်သို့ တက်ကြွစွာဖိတ်ခေါ်နေသည်ကိုကြည့်ရင်း စကားပြောရန်တွန့်ဆုတ်နေမိတော့သည်။

ရှောင်ကျိုးက ကြင်ယာတော်ရှုထိုင်နေသည့် စုတ်ပြတ်နေသောရထားလုံးကို ကြည့်လိုက်ပြီးနောက် စတုတ္ထမင်းသားထံ သနားစာနာဟန်ဖြင့်ကြည့်ကာ ပြောလိုက်သည်။

"အခုကစပြီး အစ်ကို့ဆီကနေ ထမင်းဖိုး မတောင်းတော့ဘူး၊ အစ်ကို ကိုယ်ဖော့ပညာကိုပဲ သေချာကျင့်၊ ညီမ အစ်ကို့ကို ပိုက်ဆံရှာပေးမယ်၊ ပိုက်ဆံရလာရင် အစ်ကို့အမေအတွက် ရထားလုံးအကောင်းစားလေး ဝယ်ပေးလိုက်ပေါ့"

သူမ၏စတုတ္ထအစ်ကိုမိသားစုက ဤမျှ ဆင်းရဲလိမ့်မည်ဟု သူမထင်မထားခဲ့ပေ။ ဤရထားလုံးက သူမမြင်ဖူးသမျှထဲ၌ အစုတ်ချာဆုံးပင်။

စတုတ္ထမင်းသားက ရှောင်ကျိုးစကားများကို ကြားလိုက်ရသောအခါ အလိုအလျောက်ပင် ဤသို့ဘာသာပြန်လိုက်တော့သည်။

'ကိုယ်ဖော့ပညာကို သေသေချာချာကျင့်၊ ဒါဆို ညီမလေးချန်လဲ့က အစ်ကို့ကို ခေါ်ကစားပေးမယ်'

စတုတ္ထမင်းသားက အလျင်အမြန် ခေါင်းညိတ်ပြလိုက်ပြီး သိုင်းပညာကို ကြိုးကြိုးစားစား လေ့ကျင့်မည့်အကြောင်း ပြလိုက်၏။

သူ ကိုယ်ဖော့ပညာလေ့ကျင့်ရန် စိတ်အားထက်သန်နေသည်ကို မြင်သောအခါ ရှောင်ကျိုးက ချက်ချင်း ညွှန်ကြားလိုက်သည်။

"အခုကစပြီး ရထားလုံးနောက်ကနေ လိုက်ပြေးပြီး အခြေခံကိုအရင်ကျင့်"

စတုတ္ထမင်းသားခမျာ သေမတတ်ထိတ်လန့်သွားတော့သည်။

"ပြေး.....ပြေးပြီး ချုံကျိုးနယ်မြေကို သွားရမှာလား၊ ဒီကနေလေ"

ရှီအန်း ပြုံးစစဖြင့်ပြောလိုက်သည်။

"ဘယ်ဟုတ်ပါ့မလဲ၊ ဒါပေမဲ့ ငါတို့နေ့တိုင်းပြေးရမယ်၊ ပြေးပြီးမှ နားလို့ရမှာ၊ ငါတို့က ရွာလူကြီးလေးနဲ့ အတူတူပြေးကြတာ"

စတုတ္ထမင်းသား ချက်ချင်း သက်ပြင်းချလိုက်နိုင်သော်ငြား ကြောက်တော့ကြောက်နေဆဲပင်။

သူ အသက်ရှူလို့ပင်မဝသေးခင် ရှီအန်းက သူ့ကိုဆွဲဖမ်းကာ စပြေးတော့သည်။

အဘယ်ကြောင့် ဤမျှအလောတကြီး ဖြစ်နေရသလဲဆိုလျှင်...

သူတို့ရွာလူကြီးလေးက သူမကိုယ်ရံတော်များကို စိန်ခေါ်ကာ ဘယ်လောက်တော်ကြသလဲဆိုသည်ကို သိရရန် အတင်းပြိုင်ခိုင်းသောကြောင့်ပင်။

ထိုအကြောင်းကို ကြားသောအခါ ကိုယ်ရံတော် ၂,၀၀၀မှာ ချက်ချင်းပင် မခံချင်စိတ်များဖြစ်လာကြ၏၊ သူတို့က ကလေးတစ်သိုက်ကို ဘယ်လိုလုပ် အရှုံးပေးနိုင်ပါ့မလဲ။

ထို့ကြောင့် သူတို့ရွာလူကြီးလေးက စပြေးရန်ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်း ခပ်သွက်သွက်စတင်ပြေးကြတော့သည်။

ရှီအန်းက စတုတ္ထမင်းသားကို ဆွဲကာပြေးရန် ရည်ရွယ်ထားသော်ငြား စတုတ္ထမင်းသားက အလွန်နှေးကွေးလေးလံနေသဖြင့် လက်ကိုလွှတ်ကာ ရှေ့မှပြေးသွားရင်းညွှန်ကြားလိုက်သည်။

"ငါတို့ကို မဆွဲချနဲ့၊ မင်း ဆက်မပြေးနိုင်တော့ရင်တောင် ဆက်ပြေးရမယ်နော်၊ တကယ်လို့ လုံးဝမပြေးနိုင်တော့ဘူးဆိုရင် ကိုယ်ရံတော်တစ်ယောက်ယောက်ကို ဖမ်းဆွဲထား၊ သူတို့ကို မြင်တယ်မလား၊ နောက်ဆုံးကတော့ မကျန်ခဲ့စေနဲ့နော်"

စတုတ္ထမင်းသားက ခိုင်ခိုင်မာမာ ခေါင်းညိတ်ပြလိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ထွက်ပြေးသွားသော ရှီအန်းကို ကြည့်နေလိုက်၏။ သူ မပြေးနိုင်တော့သည့်အချိန်ရောက်လျှင် နောက်ဆုံးမှ မ,ကျန်ခဲ့စေရန် တစ်ယောက်ယောက်ကို အတူတူဆွဲချမည်ဟု စိတ်ထဲမှ တိတ်တဆိတ် သန္နိဋ္ဌာန်ချလိုက်တော့သည်။

ရထားလုံးထဲတွင်တော့ ကြင်ယာတော်ရှုက အပြင်ဘက်တွင် ပြေးလွှားနေသော လူအုပ်ကြီးကိုကြည့်ကာ စိုးရိမ်တကြီး မေးလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ၊ ရှေ့မှာဘာဖြစ်လို့လဲ"

'မြို့တော်က ထွက်ထွက်ချင်းလုပ်ကြံတဲ့သူတွေ ဒါမှမဟုတ် ဓားပြတွေနဲ့များတိုးနေပြီလား'

ရွှီရှောင်ရှောင်က ရထားလုံးအပြင်ဘက်သို့ လှမ်းကြည့်ပြီး ပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့၊ ဒါ ကလေးတွေ ထပ်ပြီး သောင်းကျန်းနေကြတာဖြစ်ရမယ်"

ထို့နောက် သူမ ရထားလုံးပေါ်မှ အလျင်အမြန် ခုန်ဆင်းကာ ပြောလိုက်သည်။

"ထောင်ယွမ်ရွာက ထွက်လာကတည်းက ကျွန်မ မပြေးဖြစ်သေးဘူး၊ ဒီနေ့ ရှင်တို့နဲ့နည်းနည်းလောက် ပြေးပြီး လေ့ကျင့်ခန်း အရင်လုပ်ထားဦးမယ်"

ရွှီရှောင်ရှောင်မှ ဦးဆောင်သွားရာ အနားယူရန် စိတ်အားထက်သန်နေသော အဘွားရွှီနှင့် မင်းသမီးစံအိမ်တော်မှ အစေခံများလည်း ကလေးများ၏ပျော်ရွှင်ဖွယ် ရယ်သံလေးများ ကူးစက်သွားကာ ရထားလုံးပေါ်မှဆင်းပြီး အကြောအချဥ်များလျှော့ကြတော့သည်။

အဘွားရွှီက သူမရွာလူကြီးလေး သင်ပေးထားသော အကြောလျှော့လေ့ကျင့်ခန်းများကိုလုပ်နေရင်း ပြောလိုက်သည်။

"ငါ တခြားသူတွေနဲ့ သိုင်းမပြိုင်ဖြစ်တာ အတော်ကြာပြီ၊ ရွာပြန်ရောက်ရင် ဟိုအဘွားကြီးတွေကို နိုင်ပါဦးမလားမသိဘူး"

သခင်မချန်မှာ အံ့ဩသွားပြီးသိချင်စိတ်ဖြင့် မေးလိုက်သည်။

"အဘွားတို့ရွာက လူတွေက ပေါင်းသင်းရခက်လို့လား၊ ဘာလို့ ရန်ဖြစ်ကြတာလဲ"

အဘွားရွှီ ရယ်မောကာ ပြောလိုက်သည်။

"ထောင်ယွမ်ရွာကိုရောက်ရင် နားလည်သွားပါလိမ့်မယ်၊ ငါတို့ရွာမှာ အငယ်ဆုံးကနေ အကြီးဆုံးအထိ သိုင်းကျင့်ကြပြီး အားတဲ့အချိန်တိုင်း တစ်ယောက်နဲ့တစ်ယောက် သိုင်းပြိုင်ကြတာ"

ထောင်ယွမ်ရွာမှ ရွာသူရွာသားများမှာ အရင်ကအလုပ်မရှိလျှင်သာ သိုင်းပြိုင်ကစားလေ့ရှိသော်ငြား ယခုအခါတွင်မူ နှုတ်ဆက်သည့် အပြုအမူကိုပင် သိုင်းပြိုင်သည့် အလေ့အကျင့်အဖြစ် ပြောင်းလဲပစ်လိုက်ကြပြီဖြစ်သည်။

သခင်မချန်မှာ ထူးဆန်းနေသဖြင့် ထောင်ယွမ်ရွာအကြောင်းကို ပို၍ပင်သိချင်စိတ် ပြင်းပြလာတော့၏။

ထိုသို့ဖြင့် ရထားလုံးအဆင်သင့်ရှိနေပါသော်ငြား လူတစ်အုပ်ကြီးမှာတော့ အပြင်ဘက်တွင် ပြေးလွှားနေကြတော့သည်။

လေ့ကျင့်ခန်း သိပ်မလုပ်တတ်သော ကြင်ယာတော်ရှုနှင့် သခင်မချန်တို့ပင် အားလုံးနှင့်အတူ လေ့ကျင့်ခန်းလုပ်ရန် ရထားလုံးပေါ်မှ ဆင်းလာကြသော်ငြား သူတို့ဖိနပ်များမှာ ပြေးရန်အတွက် လုံးဝအဆင်မပြေသဖြင့် ရထားလုံးထဲသို့ လိမ္မာရေးခြားရှိရှိပြန်ဝင်ကာ အဝတ်အစားနှင့် ဖိနပ်များလဲရတော့၏။

အပြည့်အစုံပြင်ပြီးသွားသောအခါ သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည့် တတိယသခင်မက ရထားလုံးပေါ်မှ သွက်လက်ပေါ့ပါးစွာ ခုန်ဆင်းလိုက်ပြီး လူအုပ်ကြီးနောက်သို့ ကြိုးကြိုးစားစား ပြေးလိုက်သွားကာ တစ်နေ့တွင် သူမခင်ပွန်းအတွက် လက်စားချေနိုင်ရန် ချုံကျိုးနယ်မြေသို့သွားသည့်ခရီးစဉ်အတွင်း သိုင်းပညာကိုတတ်မြောက်အောင် သင်ယူမည်ဟု သန္နိဋ္ဌာန်ချထားတော့သည်။

လူအုပ်ကြီး၏အရှေ့ဆုံးမှ ပြေးနေသော ရှောင်ကျိုးက သူမကိုယ်သူမ အတော်ဆုံးဟု ထင်ထားသော်ငြား ကိုယ်ရံတော်အဖွဲ့မှနှစ်ယောက်က သူမကိုမီလာပြီး ကျော်တက်တော့မည်ဟု လုံးဝထင်မထားခဲ့ချေ။

'ဒါက တော်တော်လေးလွန်လွန်းနေပြီ'

'သူမရဲ့ကိုယ်ပိုင် ကိုယ်ရံတော်တွေက သူမကို ကျော်တက်သွားရင် မျက်နှာဘယ်နားသွားထားရမှာလဲ'

တစ်သက်လုံး အောင်မြင်မှုရရန် သန္နိဋ္ဌာန်ချထားသော ရွာလူကြီးလေးမှာ ချက်ချင်းပင် အရှိန်တင်လိုက်တော့သည်။

သူမခြေထောက်တိုတိုလေးများမှာ မီးပွင့်ထွက်မတတ်ဖြစ်သွား၏။

အနောက်မှ လိုက်လာသော ကိုယ်ရံတော်များမှာ မင်းသမီးလေးကို ကျော်တက်ရန် နီးနေပြီဖြစ်သည်။

ထိုအခါ ရှေ့မှပြေးနေသော ကလေးမလေးက ရုတ်တရက် အရှိန်တင်လိုက်ရာ သူတို့မြင်လိုက်ရသည်မှာ ဝါးတားတား အရိပ်လေးတစ်ခုသာ ဖြစ်တော့၏။

"ဒါက ဘယ်လိုကျင့်စဉ်မျိုးလဲ"

"ဘယ်လိုလုပ် ဒီလောက်မြန်နေရတာလဲ"

ရှေ့ဆုံးမှပြေးနေသော ကိုယ်ရံတော်နှစ်ယောက်ခမျာ မျက်လုံးပြူးထွက်မတတ် ဖြစ်သွားကြတော့သည်။

သူတို့နှစ်ယောက် အံ့ဩလို့ပင်မဆုံးသေးခင် နောက်ထပ်ကလေးတစ်ယောက်က သူတို့ကိုဖြတ်ပြေးသွားပြီး အနောက်သို့လှည့်ကာ ရန်စသည့်အပြုံးမျိုးဖြင့် ပြုံးပြသွား၏။

'ဒီလိုမျိုးကို ဘယ်လိုလုပ်သည်းခံနိုင်မှာလဲ'

ထို့ကြောင့် ကိုယ်ရံတော်နှစ်ယောက်က ချက်ချင်းပင် အရှိန်တင်ကာ အာရုံစိုက်ပြီး ပြေးလိုက်ကြရာ အရှေ့မှ ကလေးကို အမြန်မီသွားပြီး သူ့တို့ကိုအတုခိုးကာ အနောက်သို့လှည့်ပြီးလှောင်လိုက်ကြသည်။

မိနစ်ဝက်ပင်မပြည့်သေးခင် ဂုဏ်ယူဝင့်ကြွားနေခဲ့သော ကျောက်ဟူမှာ ထိုနှစ်ယောက်၏အနောက်တွင် ထပ်ကျန်ရစ်ခဲ့တော့၏။

တခြားကလေးများကလည်း ကိုယ်ရံတော်အဖွဲ့ကို ပိုကြီးမားသော ထိုးနှက်ချက်တစ်ခု ပေးလိုက်ကြပြန်သည်။

မင်းသမီးလေးမှာ ခွန်အားကြီးခြင်းဖြင့် နာမည်ကြီးပြီး သူတို့က သူမနှင့်မယှဉ်နိုင်ကြောင်းကို သူတို့ကြိုတင် တွေးထားခဲ့ကြသည်။ ဟုန်ဖူဘုန်းကြီးကျောင်းကို တစ်ယောက်တည်း ရင်ဆိုင်နိုင်ခဲ့သည့် ငါးနှစ်အရွယ်ကလေးမလေးတစ်ယောက်ဖြစ်သည့်အတွက် သူမနှင့် ပတ်သက်၍ ထွေထွေထူးထူးတွေးမနေခဲ့ကြချေ။

သို့သော် စာပင်သေသေချာချာ မတတ်သေးသည့် အခြားကလေးငယ်များမှာလည်း လုံးဝနောက်ကောက်မကျခဲ့သည့်အပြင် သူတို့အားလုံး အတော်လေး အလှမ်းဝေးသည်အထိ ရှေ့ရောက်နေကြပြီဖြစ်သည်။

အထူးသဖြင့် ရှန်းကျစ်ယွမ်လို မိန်းကလေးငယ်က သေချာပေါက် နောက်ကောက်ကျကျန်ခဲ့မည်ဟု စနောက်ခဲ့ကြသည့် ကိုယ်ရံတော်အချို့မှာ ယခုအခါ ထိုမိန်းကလေးက သူတို့အရှေ့အဝေးကြီးရောက်နေသည်ကို မြင်လိုက်ရသောအခါ အလွန်အမင်း ရှက်သွားကြတော့သည်။

ပိုဆိုးသည်မှာ အဘွားကြီးတစ်ယောက်ကပါ သူတို့ကိုဖြတ်ပြေးသွားပြီး "တစ်၊ နှစ်၊ တစ်၊ တစ်၊ နှစ်၊ တစ်"ဟုတောင် ရေရွတ်နေခြင်းပင်။

ထိုအသံကို နားထောင်ကြည့်ရုံဖြင့် သေချာပေါက်ကို အပြင်းအထန် တိုက်ခိုက်မှုတစ်ခုပင်ဖြစ်၏။

ပြေးလာသော အဘွားရွှီက နောက်ဆုံးတွင် ကျန်ရစ်နေသည့် ကိုယ်ရံတော်အချို့ကိုကြည့်ကာ အထင်သေးဟန်ဖြင့် ခေါင်းခါလိုက်၏။

"မဖြစ်သေးပါဘူး၊ ငါ့လိုအဘွားကြီးကိုတောင် မကျော်နိုင်ဘဲနဲ့ ရှေ့လျှောက် မင်းသမီးလေးကို ဘယ်လိုလုပ်ကာကွယ်ပေးကြမလဲ"

ထိုသို့ပြောပြီးနောက် သူမကစိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချကာ ရှေ့သို့ ဆက်ပြေးသွားတော့သည်။

အကြီးအကျယ် ခံလှောင်ခံလိုက်ရသော ကိုယ်ရံတော်အချို့မှာ ယခုအခါ မျက်နှာကိုအုပ်ပြီး ထွက်ပြေးချင်စိတ်များပင် ပေါက်သွားကြသည်၊ အလွန်ကို ရှက်စရာကောင်းလှ၏။

လူအုပ်၏အနောက်တွင် ကျန်ရစ်နေသော ကိုယ်ရံတော်အချို့မှာ ခွေးလိုက်ကိုက်ခံရသည့်အလား ရှေ့မှလူများကို ချက်ချင်းပင် အသေအလဲလိုက်ဖမ်းကြတော့သည်။

All Chapters