← Chapters

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း ၁၆၄

Vol. 17 Ch. 164

164

ထိုအချိန်တွင် တောအုပ်ထဲ၌ ယုန်ဖမ်းရန် အလုပ်ရှုပ်နေကြသော ရှောင်ကျိုးနှင့် သူမသူငယ်ချင်းများမှာ ကြက်အသတ်ခံရသကဲ့သို့အော်နေသော ယွိဟွာ၏အသံနှင့် စွမ်းချိုက်၏ အကူအညီတောင်းသံများကို ကြားလိုက်ကြရသည်။

"ယွိဟွာတစ်ယောက် တောင်ပေါ်က တောကြက်လို့အထင်ခံပြီး အဖမ်းခံရပြန်ပြီလား"

အားသို့ ခဏမျှနားထောင်ပြီးနောက် မေးလိုက်သည်။

ယွိဟွာနှင့် စွမ်းချိုက်တို့၏အော်သံများကို ကြားလိုက်ရသည်နှင့် ရှောင်ကျိုးက အသံလာရာဆီသို့ အပြေးအလွှားသွားလိုက်၏။

ကလေးအချို့ကလည်း အနောက်မှ ချက်ချင်း လိုက်သွားကြသည်။

ရှောင်ကျိုးတို့အုပ်စု ရောက်သွားသောအခါ ကြီးမားကျယ်ပြန့်ပြီး အစွမ်းထက်သော တောင်ပံကြီးများကို ဖြန့်ကျက်ကာ ကောင်းကင်ယံတွင် အမည်းရောင်လျှပ်စီးကြောင်းတစ်ခုလို ပျံသန်းနေသည့် သွက်လက်ပေါ့ပါးသော လင်းယုန်တစ်ကောင်ကို တွေ့လိုက်ကြရ၏။

၎င်း၏စူးရှရှ မျက်လုံးများက အရှေ့ဘက်သို့စိုက်ကြည့်နေပြီး ပစ်မှတ်မှာ အသက်လုပြေးနေကြသော ယွိဟွာနှင့် စွမ်းချိုက်တို့ပင်။

ယွိဟွာခမျာ အလွန်အမင်း ကြောက်လန့်နေပြီး အတောင်ပံများကို အသည်းအသန်ရိုက်ခတ်ကာ မြက်ခင်းများနှင့် သစ်ပင်များကြားတွင် ပုန်းခိုရန်နေရာ ရှာနေရှာ၏။

ယွိဟွာ၏အနောက်မှ လိုက်လာသော စွမ်းချိုက်မှာလည်း သေမတတ်လန့်နေပြီး ၎င်း၏အတောင်ပံများကို တဖျပ်ဖျပ် ရိုက်ခတ်ကာ နှုတ်မှလည်း ကြောက်လန့်တကြား အော်နေတော့သည်။

"ကြက်ကို လိုက်သတ်နေတယ်၊ ငှက်ကို လိုက်သတ်နေပါတယ် ကယ်ကြပါဦး ကယ်ကြပါဦး"

လင်းယုန်က လေထဲတွင်ဝဲပျံနေပြီး ၎င်း၏ပျံသန်းမှုအနေအထားကို အဆက်မပြတ် ချိန်ညှိကာ ရန်သူကို အနီးကပ် လိုက်လံဖမ်းဆီးနေ၏။

၎င်း၏အားကောင်းသော အတောင်ပံများက ဝှစ်ခနဲ အသံမြည်အောင် ရိုက်ခတ်နေပြီး ယွိဟွာနှင့် စွမ်းချိုက်တို့ လွတ်မြောက်နိုင်မည်မဟုတ်ကြောင်း ကြေညာနေသကဲ့သို့ပင်။

ယွိဟွာက "ကွတ် ကွတ်" ဟု ကြောက်လန့်တကြားအော်ရင်း ပြေးလွှားနေပြီး စွမ်းချိုက်ကမူ သူ့ဘေးမှနေ၍ လမ်းတစ်လျှောက်လုံး အော်ဟစ်အကူအညီတောင်းနေခဲ့သည်။

ကြက်နှင့် ငှက်တို့ထွက်ပြေးနေစဉ် လေထဲတွင် သူတို့အမွေးဆယ်ချောင်းကျော်မျှ လွင့်မျောနေ၏။ ဤအတိုင်းဖြင့်သာ ဆက်ပြေးနေရမည်ဆိုလျှင် သူတို့ခမျာ မကြာခင် အမွှေးတို့ပြောင်တလင်းခါနေသော ကြက်နှင့် ငှက်တို့ဖြစ်သွားတော့မည်။

သို့သော် လင်းယုန်ကမူ လုံးဝသနားညှာတာခြင်းမရှိဘဲ လေပြင်းတစ်သုတ်ဖန်တီးကာ အရှိန်အဟုန်ပြင်းစွာဖြင့် အောက်သို့ ထိုးဆင်းလာတော့သည်။

ကြည့်ရသည်မှာ ယွိဟွာကို ၎င်း၏နှုတ်သီးဖြင့် ကိုက်ချီတော့မည့်ပုံပင်။

ဤအရေးကြီးသော အချိန်လေးတွင် ရှောင်ကျိုးက လျှပ်တစ်ပြက် ရောက်လာပြီး အစွမ်းထက်သည့် စိတ်စွမ်းအင်များကို ချက်ချင်းထုတ်လွှတ်လိုက်သည်။ မျက်စိဖြင့်မမြင်နိုင်သော စိတ်စွမ်းအင်များက ဧရာမ ပိုက်ကွန်ကြီးတစ်ခုအလား အောက်သို့ ပြင်းထန်စွာ ထိုးဆင်းလာသော လင်းယုန်ကို ခိုင်ခိုင်မာမာထိန်းချုပ်လိုက်ပြီး လေထဲတွင် တုပ်တုပ်မျှမလှုပ်နိုင်အောင် လုပ်ပစ်လိုက်၏။ တစ်ချိန်တည်းမှာပင် ရှောင်ကျိုးက သူမလက်သေးသေးလေးကို တွန့်ဆုတ်ခြင်းမရှိ ဆန့်ထုတ်လိုက်ပြီး အံ့မခန်းခွန်အားဖြင့် လင်းယုန်၏နှုတ်သီးကို တိတိကျကျ ဆုပ်ကိုင်လိုက်ရာ အကယ်၍ လင်းယုန်သာ စကားနားမထောင်ပါက ၎င်း၏ နှုတ်သီးကို ခြေပစ်တော့မည့်အလားပင်။

လင်းယုန် : ???

'နေပါဦး၊ ဒီကလေးက ငါ့ဖင်လောက်တောင်မကြီးဘဲနဲ့ ငါ့ကို ဘယ်လိုလုပ် ထိန်းချုပ်လိုက်တာလဲ'

လင်းယုန်ခမျာ မကျေနပ်နိုင်ဘဲ ထပ်မံတိုက်ခိုက်ချင်နေသေး၏။

ရှောင်ကျိုးက သူမ၏အခြားလက်တစ်ဖက်ကို ဆန့်ထုတ်ကာ လင်းယုန်၏ ခေါင်းကိုပုတ်လိုက်သည်။

ထိုလှုပ်ရှားမှုတစ်ချက်တည်းဖြင့်ပင် အရှုံးမပေးချင်ဘဲ ထပ်တိုက်ခိုက်လိုနေသေးသော လင်းယုန်မှာ ချက်ချင်းပင် လိမ္မာကျိုးနွံသွားတော့၏။

ခုနလေးတင် ၎င်း၏ဘိုးဘေးဘီဘင်များကိုပင် မြင်လိုက်ရသကဲ့သို့ဖြစ်သွားသည်။

'အရမ်းကို ကြောက်စရာကောင်းတာပဲ'

လင်းယုန် ငြိမ်ကျသွားသည်ကိုမြင်သောအခါ ရှောင်ကျိုးက ဆုပ်ကိုင်ထားသော လင်းယုန်၏နှုတ်သီးကို လွှတ်ပေးပြီး မေးလိုက်သည်။

"နင်က ငါ့ရဲ့ယွိဟွာနဲ့ စွမ်းချိုက်ကို ဘာလို့လိုက်ဖမ်းနေတာလဲ"

ထိုအကြောင်းကို ပြောရမည်ဆိုလျှင် လင်းယုန်က ဒေါသတကြီးပေါက်ကွဲတော့မည့်ပုံပင်။ သို့သော် ရှောင်ကျိုး၏မြှောက်ထားသော လက်သီးဆုပ်လေးကြောင့် လန့်သွားကာ ငြိမ်ကျသွားတော့သည်။

၎င်းက မျက်ရည်လေးဝဲကာ သနားစရာကောင်းစွာဖြင့် ၎င်း၏နာကြည်းချက်များကို ရင်ဖွင့်တော့၏။

ပြောရင်းဆိုရင်းဖြင့် ငိုသံများက ပိုပို စူးရှလာပြီး နားကွဲမတတ်ဖြစ်လာသည်။

အလွန်ကျယ်လွန်းသဖြင့် ရှောင်ကျိုး၏နားစည်များပင် ပေါက်ကွဲထွက်သွားတော့မည့်အလား ခံစားလိုက်ရ၏။

သူမက လက်သေးသေးလေးကို ဆန့်ထုတ်ကာ လင်းယုန်၏ခေါင်းကို ထပ်ပုတ်လိုက်ပြန်သည်။

လင်းယုန် : 'နေပါဦး၊ ငါ ဘာလုပ်လိုက်လို့လဲ၊ ဘာလို့ အရိုက်ခံလိုက်ရပြန်တာလဲ'

ရှောင်ကျိုး ခြိမ်းခြောက်လိုက်သည်။

"သေသေချာချာ ပြောစမ်း"

လင်းယုန် : 'ငါ့အသံက ဒီလိုပဲထွက်တာလေ၊ ဗျည်းအသံတွေမှ မထွက်တတ်တာ'

လက်သီးနှင့်ရင်ဆိုင်ရချိန်တွင် လင်းယုန်ခမျာ ခေါင်းငုံ့ခံရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။

၎င်းက ကြက်နှင့် ငှက်ကို အဘယ်ကြောင့် လိုက်ဖမ်းနေရသလဲဆိုသည်ကို တစ်ခါမျှမသုံးဖူးသော အလွန်တိုးသည့်အသံလေးဖြင့်သာ ရှင်းပြနိုင်တော့၏။

ဖြစ်ပုံမှာ ယွိဟွာက သူ့ပျံသန်းနိုင်စွမ်းကို အားကိုးပြီး သူ့ညီလေး စွမ်းချိုက်နှင့်အတူ လေထဲတွင် ခက်ထန်သော လင်းယုန်တစ်ကောင်နှင့် ဆုံတွေ့ခဲ့ရာမှ လင်းယုန်ကို သွားရန်စမိခဲ့ခြင်းပင်။

‘သူက ကောင်းကင်မှာပျံနေတဲ့ လင်းယုန်ဖြစ်နေလို့ အဖော်မရှိတာတဲ့လား၊ သူမကတော့ ဘယ်ကိုပဲပျံပျံ သူမကို ကြွေမသွားတဲ့ ကြက်ဖဆိုတာ တစ်ကောင်မှမရှိဘူးတဲ့’

ထို့အပြင် ‘လင်းယုန်ကပျံတာ အရမ်းနှေးလွန်းလို့ အခွံသက်သက်အသုံးမကျတဲ့ကောင်’ဟုပင် ပြောခဲ့ကြသေး၏။

ထို့နောက် ဘလာ ဘလာ .....အမျိုးမျိုးထပ်ပြောခဲ့ကြသည်။

ဤသို့ရိုင်းစိုင်းပြီး စော်ကားသော စကားများက လင်းယုန်ကို အောင်မြင်စွာ ဒေါသထွက်စေခဲ့သည်။

၎င်းက ထိုကြက်နှင့် ငှက်ကို ချက်ချင်းပင် မျိုချပစ်တော့မည့်အလား ဖြစ်သွားတော့၏။

လင်းယုန်၏မခံမရပ်နိုင်ဖြစ်ကာ စွပ်စွဲပြောနေမှုများကို နားထောင်ပြီးနောက် အမြဲတမ်း ခေါင်းမော့ရင်ကော့နေတတ်သော ရှောင်ကျိုးတစ်ယောက် ယနေ့တွင်တော့ ခေါင်းလေးအနည်းငယ်ငုံ့သွားရပြီပင်။

ရှောင်ကျိုးခမျာ ဘာစကားမျှမထွက်တော့ဘဲ ခေါင်းငုံ့၍သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။

'ယွိဟွာကတော့ ပြဿနာကို တမင် မီးခွက်ထွန်းပြီး သွားရှာနေတာပဲ၊ တကယ်ကို စိတ်ပူရလို့သေတော့မယ်၊ ငါသာမရှိရင် ယွိဟွာ ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ'

ရှောင်ကျိုး၏ စူးရှရှအကြည့်များက ယွိဟွာထံသို့ ကျရောက်သွား၏။

အသက်လုထွက်ပြေးပြီးနောက် ယွိဟွာနှင့် စွမ်းချိုက်တို့မှာ မြေပြင်ပေါ်တွင် ပက်လက်လန်ကာ "ဂစ်"ဟူသော အသံတိုးတိုးလေး ထုတ်လိုက်ကြသည်။

သူတို့က ရှင်းပြချင်သော်လည်း ဘာပြောရမှန်းမသိဖြစ်နေကြသည်။

တမင်တကာ ရည်ရွယ်ခဲ့ခြင်းတော့ မဟုတ်ပေ။ လင်းယုန်တစ်ကောင်လို အမြင့်ကြီးပျံသန်းနိုင်ခဲ့သဖြင့် ယွိဟွာတစ်ကောင် ဘဝင်မြင့်သွားခြင်းလည်း ဖြစ်နိုင်သလို အမြင့်ပိုင်းတွင် အောက်ဆီဂျင်မလုံလောက်သဖြင့် အောက်ဆီဂျင်ပြတ်လပ်ကာ ဦးနှောက်ချို့ယွင်းသွားခြင်းလည်း ဖြစ်နိုင်၏။

သို့မဟုတ်ပါက လင်းယုန်ကို သွားရန်စရန် မည်သည့်အတွက်ကြောင့် ထိုမျှလောက်မိုက်မဲခဲ့ရသလဲဆိုသည်ကို ၎င်းကိုယ်တိုင်လည်း သိမည်မဟုတ်ပေ။

၎င်း၏စကားမပြောနိုင်သော မျက်နှာထားကို မြင်သောအခါ ရှောင်ကျိုးမှာ ဒေါသထွက်လာပြီး ဗိုက်ကလေးပင် စူထွက်လာတော့သည်။

မြို့တော်မှထွက်လာပြီး မကြာခင်မှာပင် ယွိဟွာနှင့် စွမ်းချိုက်တို့က ပြဿနာရှာလိမ့်မည်ဟု သူမလုံးဝထင်မထားခဲ့ချေ။

ရှောင်ကျိုးက ကြက်နှင့် ငှက်ကို လက်ညှိုးထိုးကာ ဒေါသတကြီးပြောလိုက်သည်။

"နင်တို့နှစ်ကောင် စောင့်သာကြည့်နေ၊ ကျောက်ဟူ၊ အဘွားရွှီကို ရေနွေးအိုးတည်ထားလို့ သွားပြောလိုက်၊ ဒီနေ့ နေ့လယ်စာကို ကြက်တူ‌ရွေးနဲ့ကြက်ပေါင်းစားမယ်"

ကျောက်ဟူ ချက်ချင်းပင် အကြောင်းပြန်လိုက်သည်။

"ဟုတ်ကဲ့ပါ ရွာလူကြီးလေး၊ ကျွန်တော် အခုချက်ချင်း အမြန်ဆုံးပြေးပြီး အဘွားရွှီကို သွားပြောလိုက်ပါ့မယ်"

ယွိဟွာနှင့် စွမ်းချိုက် : 'နေပါဦး သခင်မလေး၊ တကယ်ကြီး ပြောနေတာလား'

ကြက်တစ်ကောင်နှင့် ငှက်တစ်ကောင်မှာ ကျောက်ဟူ၏လမ်းကိုပိတ်တားရန် အရှေ့သို့ အပြေးအလွှားသွားကြတော့သည်။

ကျောက်ဟူက ဤနှစ်ကောင်၏ တားဆီးမှုကို ခံမည်မဟုတ်ပေ။ ရွာလူကြီးလေး ပေးအပ်သောတာဝန်ကို မီးပင်လယ်ကိုဖြတ် ဓားတောင်ကိုတက်ရပါစေ ပြီးမြောက်အောင်လုပ်ဆောင်ရမည် ဖြစ်၏။

ရွာလူကြီးလေးက နေ့လယ်စာအဖြစ် ကြက်တူရွေးနှင့် ကြက်ပေါင်းစားချင်သည်ဟု ပြောထားသဖြင့် ယနေ့ သူမအတွက် သေချာပေါက်ဆက်သရမည်သာ ဖြစ်သည်။

လင်းယုန်က ကြက်နှင့် ငှက်တို့ အပြစ်ပေးခံရသည်အား မြင်သောအခါ သူတစ်ပါးဒုက္ခရောက်သည်ကိုမြင်ပြီး ဝမ်းသာအားရ ရယ်တော့၏။

'အဲ့ဒါကြောင့် ဝဋ်ဆိုတာ တန်းလည်ပြောတာပေါ့၊ ဘယ်သူကများ ကောင်းကင်ဘုံရဲ့ အမျက်ဒေါသကနေ လွတ်မြောက်နိုင်မှာလဲ'

ခေါင်းကိုမော့ကာ အသံကျယ်ကြီးဖြင့် ရယ်နေသော လင်းယုန်မှာ ကလေးမလေးက ၎င်းကိုစိုက်ကြည့်နေသည်အား မြင်လိုက်ရသောအခါ ချက်ချင်းပင် ငြိမ်ကျသွားတော့သည်။

'ငါတော့ သေပါပြီ'

ဤသို့ကြောက်တတ်သော်ငြား ကျင့်သားရနေသော လှုပ်ရှားမှုများက ၎င်း၏ခံ့ညားထည်ဝါပြီး ကြီးစိုးလွှမ်းမိုးနိုင်သောပုံရိပ်နှင့် လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေတော့၏။

ရှောင်ကျိုးက လင်းယုန်၏လှောင်ပြောင်ရယ်မောနေမှုကြောင့် စိုက်ကြည့်နေခြင်းမဟုတ်ဘဲ လင်းယုန်၏ခြေထောက်မှ သွေးများစီးကျနေသည်ကို သတိထားမိသွားသောကြောင့်ပင်။

ရှောင်ကျိုးတစ်ယောက် ပိုလို့တောင် ထိတ်လန့်သွားတော့၏။

'ဒီဒဏ်ရာက ယွိဟွာနဲ့ စွမ်းချိုက်တို့ကြောင့် ဖြစ်ရတာများလား'

'လျော်ကြေး ဘယ်လောက်တောင်ပေးရမလဲ မသိဘူး'

'ငါတော့ သေပါပြီ'

ယခုအခါ ရှောင်ကျိုးကိုယ်တိုင် ထိုကြက်နှင့် ငှက်ကို ချက်ချင်းပင် ပေါင်းစားချင်စိတ် ပေါက်သွားတော့သည်။

ရှောင်ကျိုးက လင်းယုန်၏ခြေထောက်မှ ဒဏ်ရာကို လက်ညှိုးထိုးပြကာ သတိထားပြီး မေးလိုက်သည်။

"ဒါကို ဘယ်သူလုပ်လိုက်တာလဲ"

လင်းယုန်က ဒေါသတကြီးပြန်အော်လိုက်သည်။

"အဲ့ဒီအောက်တန်းကျတဲ့ လူတွေ ပစ်လိုက်တဲ့ မြားမှန်ပြီး ဒဏ်ရာရသွားတာ၊ အဲ့ဒီအထဲမှာ လူကောင်းဆိုလို့ တစ်ယောက်မှ မပါဘူး"

သူ့ကြက်နှင့် ငှက်ကြောင့် ဒဏ်ရာရခဲ့ခြင်းမဟုတ်ကြောင်း ကြားလိုက်ရသောအခါ ရှောင်ကျိုး၏ကုန်းနေသော ကျောလေးက ချက်ချင်းပင် မတ်မတ်လေးပြန်ဖြစ်သွားတော့၏။

ထိုအခါမှသာ ဖရဲသီးစားချင်သော ရေဒါလေးက အချက်ပေးသံမြည်လာတော့သည်။

သိချင်စိတ်ဖြင့် သူမ မေးလိုက်သည်။

"သူတို့က နင့်ကို ဘာလို့မြားနဲ့ပစ်တာလဲ"

လင်းယုန်က ကျိန်ဆဲလိုက်သည်။

"အဲ့ဒီလူတွေ သူတို့ဘာသာ အားယားနေလို့ ငါ့ကိုမြားနဲ့ပစ်တာကို ငါက ဘယ်လိုလုပ် သိမှာလဲ၊ ငါ့ခြေထောက်သာ ဒဏ်ရာမရဘဲ မြန်မြန်ပျံနိုင်ခဲ့မယ်ဆိုရင် မင်းရဲ့ကြက်နဲ့ ငှက်လှောင်တာကို ခံနေရမှာ မဟုတ်ဘူး"

ရှောင်ကျိုး၏မတ်နေသော ကျောလေးမှာ ထပ်မံကုန်းသွားရပြန်၏။

ရှောင်ကျိုးက လင်းယုန်၏ခေါင်းကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

"ငါ နင့်ကို ဦးလေးချင်းရွှီဆီ ခေါ်သွားပေးမယ်၊ ဦးလေးချင်းရွှီက တော်တော်တော်တဲ့ သမားတော်မို့ နင့်ခြေထောက်ကို သေချာပေါက် ကုပေးနိုင်မှာပါ"

ထိုစကားကိုကြားသောအခါ လင်းယုန်ခမျာ တွန့်ဆုတ်သွားသည်။

'ကလေးတစ်သိုက်နောက်ကို လိုက်သွားတာနဲ့ အဘွားရွှီဆိုတဲ့တစ်ယောက်က ရေနွေးအိုးတည်ပြီး ငါ့ကိုစောင့်နေတာမျိုးများ ဖြစ်နေမလား'

လင်းယုန်က သတိထားကာမေးလိုက်သည်။

"နင်က လူကောင်းလား"

ရှောင်ကျိုးက သူမကျောကို ချက်ချင်း မတ်လိုက်ပြီး တုန်လှုပ်ခြင်းမရှိသော ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။

"ဒါပေါ့၊ ငါ့ရွာသားတွေအကုန်လုံးက ငါ့ကို ဘုရားလောင်းဝင်စားတာတဲ့၊ ဒီလောကမှာ သဘောအကောင်းဆုံးလူ၊ ငါ့ထက် ပိုကောင်းတဲ့လူမရှိတော့ဘူးလို့ ပြောကြတယ်"

ရှောင်ကျိုးခမျာ ခေါင်းမော့ရင်ကော့ ရပ်နေကာ သူမ၏တုန်လှုပ်ခြင်းမရှိသော ဖြောင့်မတ်တည်ကြည်မှုကိုပြသရင်း မျက်လုံးများကလည်း ခိုင်မာပြတ်သားနေတော့၏။

သူမ၏ယုံကြည်မှုအပြည့်ရှိသော အာမခံချက်နှင့် ထိုကလေး၏ရွာသားများကိုယ်တိုင်က သူမကို အကောင်းဆုံးလူဟုပြောကြသည်ဆိုသောအချက်တို့ကြောင့် လင်းယုန်မှာ သဘောကျသွားတော့သည်။

'ကြည့်ရတာ ဒီကလေးက တကယ် လူကောင်းပဲဖြစ်ရမယ်'

ထို့ကြောင့် လင်းယုန်က သူမပြောသော ဦးလေးချင်းရွှီဆိုသူကိုရှာ၍ ဒဏ်ရာများ ကုသရန်အတွက် ရှောင်ကျိုးနှင့်အတူလိုက်သွားရန် သဘောတူလိုက်သည်။

ဤသို့ဖြင့် လင်းယုန်နှင့် ကလေးမလေးတို့က လက်ဆွဲနှုတ်ဆက်ကာ ပြန်သင့်မြတ်သွားကြတော့၏။

လင်းယုန်ကလည်း ယွိဟွာနှင့် စွမ်းချိုက်တို့က သူ့အားရန်စခဲ့သည့်ကိစ္စကို ဆက်အရေးမယူတော့ရန် သဘောတူလိုက်တော့သည်။

All Chapters