အခန်း ၁၆၅
Vol. 17 Ch. 165
165
ထို့ကြောင့် ကလေးတစ်သိုက်က လင်းယုန်ကိုခေါ်ကာ လူတိုင်းအနားယူနေသည့်နေရာသို့ ပြန်လာခဲ့ကြသည်။
ပြန်ရောက်လာကြသော ကိုယ်ရံတော်များက မြေပြင်ပေါ်တွင် သူတို့အမဲလိုက်လာခဲ့သော တောယုန်များနှင့် တောဝက်များကို ကြည့်လိုက်ကြ၏။
ထို့နောက် ကလေးတစ်သိုက်ခေါ်လာခဲ့သော လင်းယုန်ကို ကြည့်လိုက်ကြပြန်သည်။
'နေပါဦး၊ ပျော်ပွဲစားထွက်နေတုန်း လင်းယုန်ကို ဘယ်သူကများအမဲလိုက်မှာလဲ'
'ဒီလောက်တောင် အပြိုင်အဆိုင်ဖြစ်နေတာလား'
သေသေချာချာ ထပ်ကြည့်လိုက်ပြန်တော့လည်း ဤလင်းယုန်က သူ့သဘောဆန္ဒအလျောက် လိုက်လာခဲ့ခြင်းဖြစ်နေသည်။ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ။
ရှောင်ကျိုးကတော့ ကိုယ်ရံတော်များ ခံစားနေရသော တုန်လှုပ်မှုကို လုံးဝ သတိမထားမိခဲ့ချေ။
အနားယူသည့်နေရာသို့ ပြန်ရောက်ပြီးနောက် အဖွဲ့လိုက်ကြီးက ဦးလေးချင်းရွှီထံသို့ တန်းတန်းမတ်မတ်သွားကြတော့သည်။
ချင်းရွှီက သူ့ရှေ့ရှိ လင်းယုန်ကိုစိုက်ကြည့်ရင်း အတွေးလွန်နေတော့၏။
'ငါ့စီးပွားရေးက ဘယ်အချိန်တည်းက ဒီလောက်တောင် ကျယ်ပြန့်သွားရတာလဲ'
ကလေးများ၏မျှော်လင့်တကြီးကြည့်နေသော မျက်လုံးများကို မြင်သောအခါ ချင်းရွှီက သူ့ဆေးသေတ္တာကို ထုတ်လိုက်ပြီး လင်းယုန်၏အရိုးများကိုပြန်ဆက်ပေးကာ ပိုးသတ်၍ ပတ်တီးစည်းပေးလိုက်တော့သည်။
သူ့ပြင်ပဒဏ်ရာကုသသည့် ကျွမ်းကျင်မှုများမှာ တဖြည်းဖြည်းနှင့် ပိုမိုပိုင်နိုင်လာခဲ့ပြီပင်။
ကလေးအချို့၏လမ်းညွှန်မှုအောက်တွင် ယခုအခါ သူကဒဏ်ရာချုပ်သည့် နည်းပညာများကိုသာမက အမျိုးမျိုးသော ပိုးသတ်သည့်နည်းလမ်းများကိုပါ သင်ယူတတ်မြောက်နေခဲ့ပြီဖြစ်၏။
သူ့ဆရာက ဤကျွမ်းကျင်မှုများကို တစ်ခါမျှ မသင်ပေးခဲ့ဖူးသဖြင့် လက်ရှိ ပြင်ပဒဏ်ရာကုသသည့် နည်းပညာများက သူ့ဆရာ့ထက်ပင် သာလွန်နေသည်ဟု ခံစားမိလာသည်။ သူ့ဆရာက လျှို့ဝှက်ချက်အချို့ကို ဖုံးကွယ်ထားခဲ့တာလား သို့မဟုတ် သူ့ဆရာကိုယ်တိုင်ကလည်း ဒါတွေကိုမသိခဲ့တာလားဆိုပြီး သူတွေးနေမိတော့သည်။
ဤအရာအားလုံးကို ကလေးများက သူတို့ပြောဖူးသော သမားတော်ဟွမ်ထံမှ သင်ယူခဲ့ခြင်းဖြစ်မည်ဟု ချင်းရွှီမှတ်ယူထားခဲ့၏။ ချင်းရွှီမှာ ဒဏ္ဍာရီလာ သမားတော်ဟွမ်အပေါ် တစ်စထက်တစ်စလေးစားလာခဲ့ပြီး ထောင်ယွမ်ရွာသို့ပြန်ရောက်လျှင် သူ့ကို သေချာပေါက် သွားရောက်ဂါရဝပြုမည်ဟု သန္နိဋ္ဌာန်ချထားတော့သည်။
ချင်းရွှီက သမားတော်ဟွမ်ထံမှသင်ယူထားသည်ဟု အထင်မှားခံရသော ကလေးများမှာ တကယ်တော့ သူတို့ရွာလူကြီးလေး အကြံပေးသည်များကို လိုက်နာနေကြခြင်းသာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကလေးများက သူတို့ရွာလူကြီးလေး ဘာပဲပြောပြော ကိစ္စကြီးငယ်မရွေး အမြဲတမ်း သေသေချာချာ မှတ်ထားတတ်ကြသည်။
ရှောင်ကျိုး ဤအကြောင်းများကိုသိနေခြင်းမှာ စနစ်က သူမစိတ်ထဲတွင် အမျိုးမျိုးသော ဗီဒီယိုများကို ဖွင့်ပြပေးသောကြောင့်သာဖြစ်၏။ ရှောင်ကျိုးက ၎င်းတို့ကို မသင်ချင်ခဲ့သော်ငြား ဤဗဟုသုတများက သူမစိတ်ထဲသို့ မည်သို့မည်ပုံ စိမ့်ဝင်သွားမှန်းတော့ သူမကိုယ်တိုင်လည်း မသိခဲ့ချေ။
ရှောင်ကျိုးက ဤအရာများမှာ ဘာအတွက်သုံးမှန်းမသိသော်လည်း သူမက စကားများတတ်သူဖြစ်ရာ သူမ၏ဗဟုသုတများကို တခြားသူများနှင့် မကြာခဏမျှဝေလေ့ရှိ၏။
ဤသို့ဖြင့် ဤဗဟုသုတများက လူတိုင်းစိတ်ထဲသို့ ထပ်မံစိမ့်ဝင်သွားပြန်တော့သည်။
စနစ် : [ငါ ဝန်ခံပါတယ်၊ ငါ ဒီကလေးအပေါ် မျှော်လင့်ချက်တွေ အရမ်းကြီးလွန်းခဲ့တာ၊ ငါ့သခင်ကို ဗဟုသုတပြည့်စုံတဲ့ပါရမီရှင်လေး ဖြစ်စေချင်ခဲ့တာကို ငါ့သခင်က ဗဟုသုတသယ်ယူပို့ဆောင်ပေးတဲ့သူသက်သက်ဖြစ်နေမယ်လို့ ငါ ထင်မထားခဲ့ဘူး]
သို့သော် စနစ်က အရှုံးမပေးခဲ့ချေ။ ဤဗဟုသုတများက သခင်ဖြစ်သူ၏စိတ်ထဲမှဖြတ်သွားပြီး သူမနှုတ်မှတစ်ဆင့် ထွက်သွားရုံသာဖြစ်သော်လည်း ဘာပင်ဖြစ်ဖြစ် လက်ဆင့်ကမ်းပေးလိုက်နိုင်သည်။ အဆုံးတွင်တော့ သခင့်ရွာသားများက ၎င်းကိုသင်ယူနိုင်ခဲ့ပြီး ၎င်းက သူမကိုအရည်အချင်းပြည့်ဝသော ရွာလူကြီးတစ်ယောက်ဖြစ်လာစေရန် ကူညီပေးနိုင်ခဲ့သည်။
စနစ် : [ငါ ဝန်ခံပါတယ်၊ သခင်က တစ်နေ့ကျရင် ဗဟုသုတပြည့်စုံတဲ့ ပါရမီရှင်လေး၊ အရည်အချင်းအပြည့်ဝဆုံး ရွာလူကြီးလေးဖြစ်လာပြီး သူ့ကို ဘဝရဲ့အထွတ်အထိပ်ဆီ ခေါ်သွားပေးလိမ့်မယ်လို့ယုံကြည်ပြီး လောင်းကြေးထပ်ထားတာ]
မည်သို့ပင်ဖြစ်စေ နေ့တိုင်းငိုနေမည့် ကလေးဆိုတာမရှိသလို နေ့တိုင်းရှုံးနေမည့် လောင်းကစားသမားဆိုတာလည်း မရှိနိုင်ပေ။
စနစ်က အရှုံးပေးရန်ငြင်းဆန်နေ၏။ သူ့သခင်မှာ လုံလောက်အောင်မသင်ရသေးခြင်းသာဖြစ်သည်။ သူမ အားလပ်ချိန်တိုင်း စိတ်ထဲတွင် အမျိုးမျိုးသော အွန်လိုင်းသင်ခန်းစာများကို ဆက်ဖွင့်ပေးပြီး ဗဟုသုတမျိုးစုံကိုဖြန့်ဝေပေးနေသရွေ့ သခင်ဖြစ်သူမှာ နက္ခတ်ဗေဒမှသည် ပထဝီအထိအရာအားလုံးကို သိရှိနားလည်သော အရည်အချင်းပြည့်ဝသည့် ရွာလူကြီးတစ်ယောက်ဖြစ်လာရန်မှာ အချိန်တစ်ခုသာကြာမည်ဖြစ်ကြောင်း ယုံကြည်ထားသည်။
ယခုအခါ ပတ်တီးစည်းပြီးသွားသော လင်းယုန်မှာ အလွန်အမင်းဝမ်းသာနေတော့သည်။ ၎င်းကိုဒုက္ခပေးခဲ့သော ထိုငှက်နှစ်ကောင်ကိုပင် မေ့နေခဲ့ပြီဖြစ်၏။ မည်သို့ပင်ဆိုစေ သူတို့သာမရှိခဲ့လျှင် ဤကလေးမလေးနှင့်ဆုံနိုင်မည်မဟုတ်သလို ၎င်း၏အသက်ကိုကယ်တင်ပေးခဲ့သော သမားတော်ကြီးနှင့်လည်းဆုံနိုင်မည်မဟုတ်ဘဲ ၎င်း၏ခြေထောက် မည်သည့်အချိန်တွင် အနာကျက်မည်ဆိုသည်ကိုပင် သိနိုင်မည်မဟုတ်ပေ။
လင်းယုန်က ပျော်ရွှင်စွာဖြင့် ၎င်း၏ခေါင်းနှင့် ချင်းရွှီကို ပွတ်သီးပွတ်သပ်လုပ်လိုက်ရာ ချင်းရွှီမှာ လဲကျမတတ်ပင်ဖြစ်သွားတော့၏။
ချင်းရွှီ : 'နေပါဦး၊ ဒီလင်းယုန်က ကျေးဇူးရှင်ကို ကြေးစွပ်နေတာလား'
သို့သော် အခြားတစ်ဖက်ရှိ ယွိဟွာနှင့် စွင်းချိုက်တို့မှာ ဤအကြောင်းကိုလုံးဝ သိမနေခဲ့ကြချေ။
၎င်းတို့က အိုးထဲတွင်ရေနွေးတည်နေသော အဘွားရွှီထံ မျက်ရည်ဝဲကာ ကြည့်နေရှာ၏။
'ခဏနေရင် ဘယ်လိုသန့်စင်ဆေးကြောပြီး ဒီဟင်းချိုအိုးထဲ ဘယ်လိုအပေါင်းခံရမလဲဆိုတာကို တွေးနေမိပြီ'
ယွိဟွာနှင့် စွင်းချိုက်တို့က တစ်ကောင်နှင့်တစ်ကောင်ဖက်ကာ ငိုကြွေးနေကြတော့သည်။
ယွိဟွာ၏သခင်မလေးဖြစ်သော ရှောင်ကျိုးက ၎င်းတို့နှစ်ကောင်ကို တမင်တကာ အပြစ်ပေးရန်ကြိုးစားနေခြင်းပင်။
ထို့ကြောင့် သူမ မေးလိုက်သည်။
"နင်တို့ အိုးထဲမှာအပေါင်းခံချင်လား ဒါမှမဟုတ် နံရံကို မျက်နှာမူပြီးနောင်တရတာကို ပြချင်လား"
ယွိဟွာနှင့် စွင်းချိုက်တို့နှစ်ကောင်စလုံးက နံရံကိုမျက်နှာမူပြီး နောင်တရရန်ကိုသာ စဉ်းစားခြင်းမရှိဘဲ ရွေးချယ်လိုက်ကြသည်။
နံရံကို မျက်နှာမူရမည်ဆိုသည်မှာ နံရံကိုမှီပြီး ရပ်နေရုံသာဟု ၎င်းတို့နှစ်ကောင်ထင်ထားခဲ့သဖြင့် သခင်မလေးဖြစ်သူက သူတို့ကိုခွင့်လွှတ်ပေးလိုက်ပြီဟုတွေးကာ ချက်ချင်းပင် စိတ်အေးသွားကြတော့၏။
ရှောင်ကျိုးက ယွိဟွာနှင့် စွင်းချိုက်ကို ဦးလေးတာ့လန်၏ဘေးသို့ သယ်သွားကာ ယွိဟွာကို ခြေထောက်တစ်ဖက်တည်းဖြင့် ရပ်ခိုင်းထားပြီး ခြေထောက်ကို အောက်ချခွင့်မပေးသလို စွင်းချိုက်ကိုလည်း ထိုနည်းတူပင် သူမ၏ခွင့်ပြုချက်မရှိဘဲ ခြေထောက်ချခွင့်မပေးခဲ့ချေ။
ထိုစကားကိုကြားသောအခါ ယွိဟွာက ခြေထောက်တစ်ဖက်ကို ချက်ချင်း မြှောက်လိုက်ပြီး ကျန်တစ်ဖက်တည်းဖြင့်သာ ရပ်နေလိုက်သည်။ ၎င်းက တော်တော်လေး လွယ်လွန်းသည်။
ယွိဟွာတစ်ယောက် အလွန် သက်သောင့်သက်သာရှိနေပုံကို မြင်သောအခါ စွင်းချိုက်ကလည်း ၎င်း၏ခြေထောက်တစ်ဖက်ကို ချက်ချင်းပင် မြှောက်ထားလိုက်၏။
သို့သော် အချိန်သိပ်မကြာလိုက်ခင်မှာပင် ဤနှစ်ကောင်မှာ ဆက်လက်၍ တောင့်မခံနိုင်တော့ချေ။
ယွိဟွာက သခင်ဖြစ်သူအနားတွင် မရှိသည်ကို မြင်သောအခါ ၎င်း၏ခြေထောက်ကို မြေပြင်ပေါ်သို့ တိတ်တဆိတ် ချလိုက်သည်။ ခြေထောက်က မြေပြင်ပေါ်သို့ရောက်သွားသည်မှာ နှစ်စက္ကန့်မျှပင်မရှိသေးခင်မှာပင် အလွန်ကျယ်လောင်သော ခုတ်ထစ်သံကြီးကို ကြားလိုက်ရတော့၏။
ယွိဟွာ ကြက်လည်ပင်းကို ဆန့်ထုတ်လိုက်ရာ ကျောက်တာ့လန်က ဓားမကြီးကိုကိုင်ကာ ပျဉ်ပြားပေါ်ရှိ တောဝက်သားများကို သွက်လက်ပြီး အားပါသော လှုပ်ရှားမှုများဖြင့် အတုံးလေးများဖြစ်အောင် ခုတ်ထစ်နေသည်ကို မြင်လိုက်ရသည်။ ကျောက်တာ့လန်က အသားများကို ခုတ်ထစ်ရင်းဖြင့် ယွိဟွာနှင့် စွင်းချိုက်တို့ကိုကြည့်ကာ ပြုံးပြလိုက်၏။
ယွိဟွာတစ်ယောက် ကြောက်လန့်တကြား အော်လိုက်ပြီး ၎င်း၏ခြေထောက်ကို မြေပြင်ပေါ်မှ ချက်ချင်းပြန်မြှောက်လိုက်တော့သည်။
အသားခုတ်နေသည့်အသံများကို ကြားနေရသော ယွိဟွာမှာ ဓားကြီးက ၎င်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသကဲ့သို့ပင် ခံစားလိုက်ရ၏။
'အရမ်းကို ကြောက်စရာကောင်းလိုက်တာ'
ယွိဟွာတစ်ယောက် ခြေထောက်ပြန်မြှောက်လိုက်သည်ကို မြင်သောအခါ ကျောက်တာ့လန်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ယွိဟွာက တော်တော်လေး အသိစိတ်ရှိသည်။
အချိန်တို့ကုန်လွန်သွားပြီး မကြာမီမှာပင် လူတိုင်းအနားယူနေသည့်နေရာမှ မွှေးကြိုင်သောရနံ့များ လွင့်ပျံလာတော့၏။
မင်းသမီးစံအိမ်တော်မှလူတိုင်းနှင့် ကိုယ်ရံတော်များမှာ အိုးကိုစိုက်ကြည့်ရင်း သွားရည်ကျနေကြတော့သည်။
မင်းသမီးစံအိမ်တော်မှလူများနှင့် ကိုယ်ရံတော်များအပြင် အသစ်ရောက်လာသော ပြည်နှင်ဒဏ်ပေးခံရသည့်အုပ်စုမှာလည်း သွားရည်ကျနေကြသည်။
စစ်သားတစ်စုက သံကြိုးခတ်ခံထားရသောလူတစ်စုကို အစောင့်အရှောက်ဖြင့် ခေါ်ဆောင်လာသည်အားမြင်သောအခါ သစ်တောအုပ်ထဲရှိလူများမှာ အလွန်အမင်း စပ်စုချင်စိတ်များ ဖြစ်ပေါ်လာကြ၏။
သူတို့အားလုံး ချောင်းကြည့်လိုက်ကြကာ မည်သူဖြစ်မည်ကိုသိချင်ကြ၏။
ပြည်နှင်ဒဏ်ပေးခံရသည့်အုပ်စု တဖြည်းဖြည်း နီးကပ်လာသောအခါ...
အစောင့်များက ချန်လဲ့မင်းသမီးလေးဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် အရိုအသေပေးကာ ဒူးထောက်လိုက်ကြတော့သည်။
ချန်လဲ့မင်းသမီးလေးက လူတိုင်းကိုထရန် လက်ဝှေ့ယမ်းပြလိုက်သည်အားမြင်မှသာ သူတို့က ရဲရဲဝံ့ဝံ့မတ်တတ်ရပ်လိုက်ကြပြီး အနားယူရန် တိတ်ဆိတ်သောနေရာတစ်ခုကို သွားရှာကြတော့၏။
နေ့လယ်စာစားချိန်ရောက်နေပြီဖြစ်ရာ အရာရှိများက အတူပါလာသည့်အုပ်စုထံမှ အကျဉ်းသားများ၏နေ့လယ်စာများကို ယူဆောင်ကာ အကျဉ်းသားများအား ဝေငှပေးလိုက်ကြသည်။
၎င်းတို့မှာ အလွန်မာကျောလှသော ပေါက်စီကြမ်းများသာဖြစ်ပြီး ကိုက်လိုက်လျှင် ကျောက်ခဲကိုကိုက်မိသကဲ့သို့ပင် မာလွန်းလှ၏။
ရှီမိသားစု၏အိမ်နီးချင်းဖြစ်ခဲ့ဖူးသော စုတ်ပြတ်သတ်နေသည့် ယုံနင်ရာထူးကျရွာစားကို ကျင့်ရှင်းမှတ်မိသွားပြီး ချက်ချင်းပင် အံ့ဩသွားတော့သည်။ သူ ဘာတွေများ လုပ်ခဲ့တာလဲ။
သိချင်စိတ်ဖြစ်နေသော ကျင့်ရှင်းက ချက်ချင်းပင် သူ့ဘေးမှ သခင်မချန်ဘက်သို့လှည့်ကာ မေးလိုက်သည်။
"သခင်မရဲ့ခင်ပွန်းက..."
သူ့စကားပင်ဆုံးအောင် မပြောရသေးခင် အသံကျယ်ကြီးတစ်သံကဖြတ်ပြောလာတော့၏။
သခင်မချန် ချက်ချင်းပင် ဒေါသတကြီးဖြင့် ပြန်အော်လိုက်သည်။
"အဲ့တာ နင့်လင်"
အော်ခံလိုက်ရသဖြင့် လန့်သွားသော ကျင့်ရှင်း : 'နေပါဦး၊ ငါ့ကို ဘာလို့အော်နေတာလဲ'
ယခုအချိန်တွင် သခင်မချန် အမုန်းဆုံးအရာမှာ ယုံနင်ရာထူးကျရွာစား၏ဇနီးဟု အခေါ်ခံရခြင်းပင်။
မည်သို့ပင်ဖြစ်စေ ကွာရှင်းပြီးနောက် ယုံနင်ရာထူးကျရွာစားကို ကြည့်လေလေ သူမက ပိုရွံလေလေဖြစ်နေတော့၏။ သခင်မချန်အတွက်တော့ ယုံနင်ရာထူးကျရွာစားနှင့် အတူဖြတ်သန်းခဲ့ရသော ၁၀ နှစ်ကျော်အချိန်များက ရာဇဝတ်မှု မှတ်တမ်းတစ်ခုလိုပင်။
အကယ်၍ တစ်ယောက်ယောက်က သခင်မချန်ကို "သခင်မရဲ့ ခင်ပွန်း"ဟု ပြောလာပါက ၎င်းက သူမကိုစော်ကားလိုက်ခြင်းပင်။ သခင်မချန် မည်မျှ ဒေါသထွက်မည်ဆိုသည်ကို တွေးကြည့်ရုံဖြင့် သိနိုင်သည်။
ကျင့်ရှင်းက ကျိစစ်နျဉ်ကို နားမလည်နိုင်သောမျက်နှာထားဖြင့် ကြည့်လိုက်သည်။ ကျိစစ်နျဉ်ကလည်း သူ့ကို ချက်ချင်းပင် စူးစူးရဲရဲပြန်ကြည့်လိုက်ရာ အကယ်၍ ကျင့်ရှင်းသာ "မင်းအဖေ"ဟု ပြောလိုက်ပါက "နင့်အဖေ" ဟု ပြန်အော်တော့မည့်ပုံပင်။
ကျင့်ရှင်းမှာ ဤလူနှစ်ယောက်က ဗြောက်အိုးဖြင့် ပစ်ပေါက်ခံလိုက်ရသည့်အလား ပြုမူနေသည်ဟု ခံစားလိုက်ရသဖြင့် သူတို့နှင့်ဝေးရာသို့ အမြန် ရှောင်ထွက်သွားတော့သည်။