အခန်း ၁၆၆
Vol. 17 Ch. 166
166
အခြားတစ်ဖက်တွင်မူ ရှောင်ကျိုးနှင့် သူမအဖွဲ့ကတော့ ကွဲပြားခြားနား၏။ သူတို့က သိချင်စိတ်ပြင်းပြကာ ကာယကံရှင်ကို တိုက်ရိုက်သွားမေးကြတော့သည်။
ရှောင်ကျိုးက ဘယ်ဘက်လက်တွင် ယုန်ပေါင်ကို ကိုင်ထားပြီး ညာဘက်လက်တွင် ရေနွေးပူပူတစ်ခွက်ကို ကိုင်ထားသည်။
ထို့နောက် အဘွားရွှီ၏အိမ်နီးချင်းဖြစ်ခဲ့ဖူးသော ယုံနင်ရာထူးကျရွာစားထံသို့ အေးအေးလူလူ လျှောက်သွားလိုက်၏။
ရွာလူကြီးလေး ဘယ်သွားနေသည်ကို ကလေးများ မြင်လိုက်ရသောအခါ ချက်ချင်းပင် အနောက်မှလိုက်သွားကြတော့သည်။ အကြောင်းမှာ ရွာလူကြီးလေးရှိသည့်နေရာတိုင်းတွင် အမြဲတမ်း ပျော်စရာများရှိနေတတ်သောကြောင့်ပင်။
ထို့ကြောင့် ပေါက်စီကြမ်းကို ကိုင်ထားသော ယုံနင်ရာထူးကျရွာစားခမျာ ဘယ်ဘက်လက်တွင် ဆီပြန်နေသော အသားများကို ကိုင်ထားပြီး ညာဘက်လက်တွင် ဟင်းချိုများကို ကိုင်ထားကြသည့် ကလေးတစ်သိုက်၏ဝိုင်းအုံခြင်းကို ခံလိုက်ရတော့သည်။
ယုံနင်ရာထူးကျရွာစားက သူ့နှာခေါင်းထဲတွင် အသားကင်နံ့များမှလွဲ၍ အခြားမည်သည့်အနံ့ကိုမျှ မရတော့သကဲ့သို့ ခံစားလိုက်ရ၏။
ယုံနင်ရာထူးကျရွာစားတစ်ယောက် ချန်လဲ့မင်းသမီးလေးလက်ထဲရှိ ယုန်ပေါင်ကို စိုက်ကြည့်ရင်း တံတွေးများကို ခဲယဉ်းစွာ မျိုချနေရှာသည်။
သူက ကလေးတစ်သိုက်ကို အကဲခတ်ကြည့်လိုက်ရာ ချန်လဲ့မင်းသမီးလေးလက်ထဲမှတစ်ခုက အသားအများဆုံးဖြစ်ပြီး အမွှေးဆုံးနှင့် ကြည့်အကောင်းဆုံးဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ယုံနင်ရာထူးကျရွာစားက ဆွဲလုချင်စိတ်ကို မနည်းထိန်းထားရတော့သည်။
ရှောင်ကျိုးက ယုံနင်ရာထူးကျရွာစားတစ်ယောက် ပေါက်စီကို ကိုင်ထားသော်ငြား မစားဘဲနေသည်ကို သတိထားမိသွားသဖြင့် သိချင်စိတ်ဖြင့်မေးလိုက်သည်။
"နင် ဘာလို့မစားတာလဲ၊ ဗိုက်မဆာလို့လား"
ယုံနင်ရာထူးကျရွာစား၏မျက်လုံးများက မီးထွက်မတတ်ဖြစ်နေတော့သည်၊ ဤသည်က တကယ်ကို ရင်ကွဲနာကျစရာပင်။
ရှောင်ကျိုးက ယုံနင်ရာထူးကျရွာစား မျက်နှာမကောင်းသည်ကို မြင်သောအခါ သူ ဗိုက်မဆာဘူးဟုသာ ထင်လိုက်သော်လည်း အစားအသောက်များကို အလဟဿမဖြစ်စေချင်သဖြင့် ဘာလုပ်ရမှန်းမသိဘဲ စိုးရိမ်သွားတော့၏။
အကူအညီပေးတတ်သော ရှောင်ကျိုးက သူမဘေးနားရှိ အရာရှိကို ချက်ချင်း လှမ်းခေါ်လိုက်သည်။
"ဦးဦးအရာရှိ သူ ဗိုက်မဆာဘူးတဲ့"
အရာရှိက အလိုအလျောက်ပင် ဤသို့ ဘာသာပြန်လိုက်တော့သည်။
'အရာရှိ သူ့ဆီက ပေါက်စီကို ယူလိုက်၊ သူ့ကို ပေးမစားနဲ့'
ထို့ကြောင့် အရာရှိအချို့က ချက်ချင်းပင် အရှေ့သို့ထွက်လာပြီး ယုံနင်ရာထူးကျရွာစားလက်ထဲမှ ပေါက်စီကိုဆွဲလုသွားကြတော့၏။
"ဗိုက်မဆာရင်လည်း အစားအသောက်တွေကို အလဟဿမလုပ်နဲ့"
ဗိုက်ထဲတွင် တဂွီဂွီမြည်နေသော ယုံနင်ရာထူးကျရွာစားခမျာ အလုခံလိုက်ရသော ပေါက်စီများကိုကြည့်ရင်း ငိုချင်စိတ်ပင် ပေါက်သွားရှာသည်။
နေ့တစ်ဝက်အတွင်းမှာပင် စုတ်ပြတ်သတ်သွားသော ယုံနင်သခင်မကြီးက ဘေးတွင်ရပ်နေခဲ့၏။ သားဖြစ်သူ၏အစားအသောက်များ အလုခံလိုက်ရပြီး ဗိုက်ဆာတော့မည်ကိုမြင်သောအခါ သခင်မကြီးက ချန်လဲ့မင်းသမီးလေးကို ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"မင်းသမီး၊ မင်းသမီးက သဘောကောင်းတယ်ဆိုပြီး နာမည်ကြီးနေတာမဟုတ်ဘူးလား၊ ဘာလို့ အဲ့ဒီအရာရှိတွေကို ကျွန်မသားရဲ့သနားစရာ ပေါက်စီလေးကို လုခိုင်းရတာလဲ၊ မင်းသမီးက ကျွန်မတို့သားအမိကို သေတွင်းထဲ တွန်းပို့နေတာလား"
ယုံနင်ရာထူးကျရွာစားအရှေ့တွင် အသားကို အားပါးတရကိုက်စားနေသော ရှောင်ကျိုးက ထိုစကားကိုကြားသောအခါ ပွဲလာကြည့်သည့် ကျင့်ရှင်းကို နားမလည်စွာဖြင့်မေးလိုက်၏။
"သူ ဘာတွေပြောနေတာလဲ၊ ငါ နားမလည်ဘူး"
ကျင့်ရှင်းက သခင်မကြီးပြောလိုက်သည်များကို တိုတိုတုတ်တုတ်ဘာသာပြန်ပေးလိုက်သည်။
"မင်းက သူ့သားရဲ့အစားအသောက်ကိုလုပြီးငတ်သေအောင် လုပ်နေတာလို့ ပြောတာ"
ထိုစကားကို ကြားပြီးနောက် ရှောင်ကျိုးက ချက်ချင်းပင် ဒေါသတကြီးပြန်အော်လိုက်၏။
"နင်က ငါ့ကို ဒီလိုစွပ်စွဲရဲတယ်ပေါ့၊ နင်ကို အသက်ကြီးနေလို့ မရိုက်ရဲဘူးလို့မထင်နဲ့နော်၊ နင့်ကို ပြောပြရဦးမယ်၊ ငါက ဒေါသထွက်ပြီး ရိုက်ပြီဆိုရင် ငါ့ကိုယ်ငါတောင် ပြန်ကြောက်ရတဲ့သူမျိုးနော်"
အရိုက်ခံရတော့မည်ဟု ကြားသောအခါ ယုံနင်သခင်မကြီးခမျာ ချက်ချင်းပင် ကြောက်လန့်တကြား တွန့်ဆုတ်သွားသော်လည်း ဘေးဘီကို ဝေ့ဝဲကြည့်လိုက်ရာ အဝေးတွင်ရပ်နေသော သခင်မချန်နှင့် ကျိစစ်နျဉ်တို့ကိုလှမ်းမြင်သွားတော့သည်။
ယုံနင်သခင်မကြီးက ချက်ချင်းပင် ပစ်မှတ်ပြောင်းသွားပြီး ထိုဘက်သို့ စူးစူးရဲရဲကြည့်လိုက်ရာ သူမမျက်လုံးများထဲတွင် နာကြည်းချက်များနှင့် ခါးသီးမှုများ ပြည့်နှက်နေတော့၏။
"နင်တို့လို သွေးအေးရက်စက်တဲ့ ကောင်မတွေ၊ ငါ့သားကတော့ ငတ်သေတော့မယ်၊ နင်တို့ကတော့ ဒီမှာလိပ်ပြာသန့်သန့်နဲ့ အသားတွေထိုင်စားနေကြတယ်ပေါ့၊ ငါ့သားလေး သူ ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေမျိုးကို ရောက်သွားရတာလဲ"
ဖရိုဖရဲဖြစ်နေပြီး အက်ကွဲစူးရှသော အသံဖြင့် ယုံနင်သခင်မကြီးက သူမ၏သံကြိုးခတ်ခံထားရသော လက်ချောင်းများဖြင့် သူတို့ကို လက်ညှိုးထိုးကာ ကျိန်ဆဲလေတော့သည်။
"နင်လို မိဘကျေးဇူးမသိတတ်တဲ့ သမီးမိုက်၊ နင့်အဖေက နင့်အပေါ် အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာကို နင်က သူ ဒုက္ခရောက်နေတာကိုတောင် ထိုင်ကြည့်နေရက်တယ်၊ တကယ်ကို သွေးအေးလွန်းတယ်"
"ပြီးတော့ နင် ချန်မျိုးရိုး နင်တို့ကွာရှင်းထားတယ်ဆိုပေမဲ့ အရင်က လင်မယားတွေ ဖြစ်ခဲ့ကြတာပဲလေ၊ နင်က ဘယ်လိုလုပ်ပြီး ဒီလောက်ရက်စက်နိုင်ရတာလဲ၊ သူ ငတ်သေတော့မှာကို ထိုင်ကြည့်နေရက်တဲ့ နင့်ကိုယ်နင်ရော သဘောကျရဲ့လား"
ယုံနင်သခင်မကြီးခမျာ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာပြီး သူမဒေါသများအားလုံးကို သူတို့အပေါ်ပုံချချင်နေသည့်အလား ရူးမတတ်ပင်ဖြစ်နေတော့၏။
သခင်မချန်နှင့် ကျိစစ်နျဉ်တို့ကမူ ဟိုဘက်ရှိ လူရွှင်တော်သခင်မကြီးကို လုံးဝဂရုမစိုက်ဘဲ သူတို့လက်ထဲရှိ အသားများကို ပို၍ပင်အရသာရှိရှိနှင့် အားပါးတရ ဆက်စားနေကြသည်။
စိတ်လှုပ်ရှားတက်ကြွနေသော ယုံနင်သခင်မကြီးက ထိုနှစ်ယောက်စလုံး နှုတ်ဆိတ်နေသည်ကို မြင်သောအခါ ချန်လဲ့မင်းသမီးလေးဘက်သို့ ချက်ချင်းလှည့်ကာ တောင်းပန်ခယသောအသံဖြင့် ပြောလိုက်သော်ငြား သေသေချာချာ နားထောင်ကြည့်လျှင် စွပ်စွဲသည့် အရိပ်အယောင်လေးများလည်း ပါဝင်နေ၏။
"မင်းသမီး၊ မင်းသမီးရဲ့ကရုဏာတရားဆိုတာ ပြည်သူတွေအရှေ့မှာ ဟန်ဆောင်ပြဖို့ သက်သက်ပဲလား၊ ကျွန်မသားကလည်း လူ့အသက်တစ်ချောင်းပဲလေ၊ မင်းသမီးက နည်းနည်းလေးတောင် သနားညှာတာပြီး သူ့ကိုမကယ်တင်ပေးနိုင်တော့ဘူးလား"
ပြောရင်းဆိုရင်းဖြင့် သူမက ချန်လဲ့မင်းသမီးလေးရှိရာဘက်သို့ ဒူးထောက်ချလိုက်ပြီး မြေကြီးကို လက်သီးဖြင့် တဒုန်းဒုန်းထုတော့သည်၊ သူမ၏သနားစရာကောင်းသောအသွင်က လူတိုင်းကို စိတ်ထိခိုက်သွားစေ၏။
ချန်လဲ့မင်းသမီးလေးကပဲ သနားစရာကောင်းသော သားအမိကို အနိုင်ကျင့်ကာ မတရားလုပ်ထားသည်ဟု လူများကို ထင်ယောင်ထင်မှားပင်ဖြစ်သွားစေတော့သည်။
ယခုအချိန်တွင် ယုံနင်သခင်မကြီးက ပြီးခဲ့သည့်အကြိမ် ရှောင်ကျိုးနှင့် သူမအဖွဲ့ လာလည်စဉ်က ယုံနင်ရာထူးကျရွာစားအိမ်တော်ကို ပြောင်သလင်းခါအောင် လုပ်သွားခဲ့သည်ကို မေ့နေလောက်ပြီဖြစ်၏။ မကြာသေးမီက ချန်လဲ့မင်းသမီးလေးအတွက် ပြည်သူများ၏ချီးကျူးထောပနာပြုမှုများကို အများကြီးကြားထားခဲ့သဖြင့် ချန်လဲ့မင်းသမီးလေးမှာ ပြည်သူများပြောနေကြသည့်အတိုင်း သဘောကောင်းပြီး ပြည်သူများဒုက္ခရောက်နေသည်ကို မကြည့်ရက်သူဟု သူမထင်နေခဲ့ခြင်းပင်။
ယုံနင်သခင်မကြီးက သူမသာ သနားစရာကောင်းအောင် ဟန်ဆောင်လိုက်လျှင် ချန်လဲ့မင်းသမီးလေးက သူမပုံရိပ်ကို ထိန်းရန်အတွက် သူတို့သားအမိကို အစားအသောက်အချို့ သေချာပေါက် ခွဲဝပေးလိမ့်မည်ဟု တွေးထားခဲ့၏။
သို့သော် ချန်လဲ့မင်းသမီးလေးမှာ အသက်ငါးနှစ်အရွယ် ကလေးမလေးသာဖြစ်ပြီး သူမ၏ကိုယ်ကျင့်တရားအရ အကျပ်ကိုင်မှုများကို လုံးဝ နားလည်နိုင်မည်မဟုတ်ကြောင်းကိုတော့ သူမ မေ့နေခဲ့သည်။
မည်သို့ပင်ဆိုစေ ရှောင်ကျိုးစိတ်ထဲတွင်တော့ သူမ၏သဘောကောင်းမှုအတွက် ပြည်သူများက ချီးကျူးနေကြသည်ဆိုသည့်အချက်ကသာ ပြည့်နှက်နေခဲ့တော့၏။
ရှောင်ကျိုး ခဏတာရပ်တန့်သွားပြီးနောက် မေးလိုက်သည်။
"ငါ့ရဲ့သဘောကောင်းတယ်ဆိုတဲ့ နာမည်က ဒီလောက်အထိတောင် ကျော်ကြားနေတာလား"
ယုံနင်သခင်မကြီးက ထိုစကားကိုကြားသောအခါ ဘာမှပြန်မပြောဘဲ ခေါင်းငုံ့ကာ ဝမ်းနည်းပက်လက် ငိုကြွေးနေရုံသာ တတ်နိုင်တော့သည်။
သဘောကောင်းသော ရှောင်ကျိုးလေးက သူမပြန်မဖြေသည်ကို မြင်သောအခါ ဆက်မေးလိုက်၏။
"နင် ဘာလို့ ငိုနေတာလဲ၊ နင့်သားက မိဘကျေးဇူးမသိလို့ စိတ်မကောင်းဖြစ်နေတာလား"
ယုံနင်သခင်မကြီးက ချက်ချင်းပင်ပြန်အော်လိုက်သည်။
"ကျွန်မသားက မိဘကျေးဇူးမသိတတ်တာ မဟုတ်ဘူး"
ယခုအခါ မင်းသမီးလေးမှာ အလွန်ကောက်ကျစ်စဉ်းလဲပြီး ရက်စက်လွန်းကာ သူမသားအပေါ် မိဘကျေးဇူးမသိတတ်မှုဆိုသည့် အပြစ်ကိုပါထပ်ပုံချရန် ကြိုးစားနေသည်ဟု သခင်မကြီး ခံစားလိုက်ရတော့၏။
ကောင်းမှုကုသိုလ်လုပ်ရန် စိတ်အားထက်သန်နေသော ရှောင်ကျိုးက ဆက်နှစ်သိမ့်ပေးလိုက်သည်။
"မကြောက်နဲ့၊ နင့်သားက နင့်ကို ခဏခဏရိုက်တတ်လို့ နင် ထုတ်မပြောရဲတာလား၊ စိတ်မပူနဲ့နော် ဒီမှာ အရာရှိတွေ အကုန်ရှိတယ်၊ နင့်သား နင့်ကိုထပ်အနိုင်ကျင့်ရင် အရာရှိတွေကို သွားပြောပြီး သူ့ကို ကြိုးနဲ့ဆွဲချိတ် နှစ်ချက်သုံးချက်လောက် ရိုက်ခိုင်းလိုက်၊ ဒါဆို နင့်သား ထပ်မလုပ်ရဲတော့ဘူး"
သခင်မကြီးမှာ ကျိန်ဆဲမိတော့မတတ်ပင် ဖြစ်သွားသည်။ ဤချန်လဲ့မင်းသမီးလေးက သူမသားကိုသတ်ရန် သန္နိဋ္ဌာန်ချထားသည်မှာ အသေအချာပင်။
ယုံနင်သခင်မကြီး ပြန်ဖြေလိုက်၏။
"မင်းသမီး၊ ဘာလို့ ကျွန်မကို အတင်း ဖိအားပေးနေရတာလဲ၊ ကျွန်မသားက ဒီအခြေအနေအထိ ရောက်နေပြီကို မင်းသမီးလေးက မကျေနပ်သေးဘူးလား"
ရှောင်ကျိုး သူတို့အသွင်အပြင်ကို အကဲခတ်ကြည့်လိုက်ရာ သူတို့မှာ အကျဉ်းသားများဖြစ်နေကြောင်းကို သတိထားမိသွားသဖြင့် မေးလိုက်သည်။
"နင်တို့ ဘာအပြစ်လုပ်ခဲ့လို့လဲ၊ ငါ့အဖေက ဘာလို့ နင်တို့ကိုအပြစ်ပေးရတာလဲ"
ယုံနင်သခင်မကြီး စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် သေချင်ယောင်ဆောင်ကာငြိမ်နေခဲ့သော ယုံနင်ရာထူးကျရွာစားက ချက်ချင်းပင် လက်လှမ်းကာ မိခင်ဖြစ်သူ၏ပါးစပ်ကို ပိတ်လိုက်တော့၏။
သူက သူ့မိခင် တစ်ခုခုပြောလိုက်လျှင် ချန်လဲ့မင်းသမီးလေးက ရုတ်တရက် ရန်မူလာမည်ကို စိုးရိမ်သွားခြင်းပင်။
သူနှင့် သူ့မိခင်တို့မှာ ချုံကျိုးနယ်မြေသို့ပင် မရောက်ခင်သေသွားနိုင်သည်။
ရှောင်ကျိုးက ယုံနင်ရာထူးကျရွာစားတစ်ယောက် ယုံနင်သခင်မကြီး၏ ပါးစပ်ကို တင်းတင်းပိတ်ထားသည်ကို မြင်လိုက်ရသည်။
ဤသည်က သူမ ခုနလေးတင်ပြောခဲ့သည့်စကားများကို ချက်ချင်းပင် အတည်ပြုပေးလိုက်သကဲ့သို့ ဖြစ်သွားတော့၏။
'မြင်လား မြင်လား ငါ ပြောသားပဲ သူ့သားက မိဘကျေးဇူးမသိတတ်ဘူးလို့'
‘လူတွေ ဒီလောက်အများကြီးရှိနေတာကိုတောင် သူ့သားက မအေကို အသက်မရှူနိုင်အောင် နှာခေါင်းပိတ်သတ်ဖို့ ကြိုးစားရဲသေးတယ်တဲ့’
'လူမရှိတဲ့နေရာတွေမှာဆို သူပိုပြီးတောင် ရိုင်းစိုင်းမှာပေါ့'
ရှောင်ကျိုးက အရာရှိကို ချက်ချင်း လှမ်းအော်လိုက်သည်။
"ဦးဦးအရာရှိ သူက မိဘကျေးဇူးမသိတတ်ဘူး၊ သူ့အမေကို နှာခေါင်းပိတ်သတ်ဖို့ ကြိုးစားနေတယ်၊ သူ့ကိုကြိုးနဲ့ဆွဲချိတ်ပြီးသာ ရိုက်လိုက်၊ သူ သူ့အမေကို ထပ်အနိုင်ကျင့်ရင် မြင်တဲ့အချိန်တိုင်းသာရိုက်"
ယုံနင်ရာထူးကျရွာစားကို ကြိုးဖြင့်ဆွဲချိတ်ကာရိုက်ရန် မင်းသမီးလေး၏အမိန့်ကို ကြားလိုက်ရသောအခါ အရာရှိများက ချက်ချင်းပင် လက်တွေ့အကောင်အထည်ဖော်ကြတော့သည်။