← Chapters

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း ၁၆၈

Vol. 17 Ch. 168

168

ရှောင်ကျိုးစိတ်ထဲရှိ စနစ်ခမျာ ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ ကောင်းကင်ကြီး ပြိုကျသွားသကဲ့သို့ပင် ခံစားလိုက်ရတော့၏။

၎င်း၏ဗဟုသုတကြွယ်ဝပြီး ပညာတတ်ဖြစ်လာမည့် သခင်မှာ တဖြည်းဖြည်းနှင့် တစ်စထက်တစ်စအလှမ်းဝေးလာနေချေပြီ။

ဆန့်ကျင်ဘက်အနေဖြင့် ၎င်း၏သခင်က အသက်ကြီးလာသည်နှင့်အမျှ ပိုထူးဆန်းလာပြီး ရယ်စရာကောင်းလာတော့သည်။

စနစ်က ၎င်းကိုယ်၎င်း အဆက်မပြတ် ပြန်သုံးသပ်နေပြီး သခင်ဖြစ်သူကို ပေးထားသော အွန်လိုင်းသင်ခန်းစာများထဲတွင် ၎င်းပုံမှန်ကြည့်လေ့ရှိသော ရူးကြောင်ကြောင် ဗီဒီယိုတိုလေးများ မတော်တဆပါသွားခဲ့သလားဟု တွေးနေမိတော့၏။

သို့မဟုတ် သူ့သခင်ကြီးပြင်းလာသည့် လုပ်ငန်းစဉ်တစ်လျှောက်တွင် တစ်ယောက်ယောက်၏လွှမ်းမိုးမှုကိုများ ခံခဲ့ရလေသလားပင်။

စုံစမ်းကြည့်ပြီးနောက် စနစ်က ၎င်း၏သခင်မှာ ယခုလိုအခြေအနေမျိုး ရောက်လာခြင်းက သူမကိုယ်တိုင်၏အရည်အချင်းသက်သက်သာဖြစ်ကြောင်း နောက်ဆုံးတွင်တွေ့ရှိသွားတော့သည်။

သူမက တခြားသူများ၏လွှမ်းမိုးမှုကို မခံရရုံသာမက သူမကိုယ်ပိုင်ကြိုးစားအားထုတ်မှုများဖြင့် လူတိုင်းကိုပင် လွှမ်းမိုးထားနိုင်သေး၏။

ပိုစိုးရိမ်ပူပန်နေသူမှာ ဖခင်ကို သင်္ဂြိုဟ်ရန် ကိုယ့်ကိုကိုယ်ရောင်းစားသည့် အမျိုးသမီးပင်။

'နေပါဦး၊ ချန်လဲ့မင်းသမီးလေးက ဘာလို့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း မကစားရတာလဲ'

အမျိုးသမီးခမျာ အငိုက်မိသွားတော့၏။

သူတို့က သေသေချာချာ စုံစမ်းထားခဲ့ပြီး ချန်လဲ့မင်းသမီးလေးအနားတွင် ဆေးဘုရားတောင်ကြားမှ တပည့်တစ်ယောက်ရှိနေကြောင်းကိုပါ သိထားခဲ့၏။ အစီအစဉ်ကိုပြီးပြည့်စုံစေရန်အတွက် အမျိုးသားဖြစ်သူက အသေခံဆေးကိုပင် သောက်ထားခဲ့သေးသည်။ ၎င်းမှာလည်း ပိုပီပြင်သွားစေရန်သာဖြစ်၏။

သတိပြန်ဝင်လာသော အမျိုးသမီးက အုပ်စုကိုတားရန် ချက်ချင်းကြိုးစားလိုက်ပြီး အရှေ့သို့ ပြေးသွားရင်း သူမစိတ်ထဲတွင်လည်း အကြံအစည်များ လျင်မြန်စွာ လည်ပတ်နေတော့သည်။

ချန်လဲ့မင်းသမီးလေးနှင့် သူမအဖွဲ့ထံမှ လူကိုအပြစ်အနာအဆာကင်းကင်းပြန်လုရန်အတွက် သူမအနေဖြင့် မည်သည့်အကြောင်းပြချက်ကို သုံးနိုင်မည်နည်း။

အမျိုးသမီးက ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် သဘောကောင်းသော ကြင်ယာတော်ရှုမှာ သူမကို ချက်ချင်းတားပြီး နှစ်သိမ့်ပေးလိုက်သည်။

"မစိုးရိမ်ပါနဲ့၊ ချန်လဲ့မင်းသမီးလေးက အမြဲတမ်း သဘောကောင်းပြီး နင့်ကို အစေခံဖြစ်ခွင့်ပေးမှာမဟုတ်ပါဘူး၊ ချန်လဲ့မင်းသမီးလေးနဲ့ဆုံရတာ နင့်ရဲ့ ကံကောင်းမှုပဲ၊ နင် တခြားသူတစ်ယောက်ယောက်နဲ့သာဆုံခဲ့ရင် သူတို့က သေချာပေါက် ဒီလောက် သဘောကောင်းမှာ မဟုတ်ဘူးလေ၊ ဒီမှာပဲ နားနေလိုက်ပါ၊ သူတို့ အကုန်လုံးကို သေချာစီစဉ်ပေးပါလိမ့်မယ်၊ သူတို့ သင်္ဂြိုဟ်ပြီးသွားရင် နင်အပေါ်တက်ပြီး နင့်အဖေကို သေသေချာချာသွားနှုတ်ဆက်လို့ရတယ် မပူပါနဲ့၊ အဲ့ဒီတာအိုဆရာက အရမ်းစွမ်းတယ်လို့ နာမည်ကြီးတာ၊ နင့်အဖေအတွက် ကောင်းမြတ်တဲ့ မြေမြှုပ်သင်္ဂြိုဟ်မဲ့ နေရာကောင်းကို သေချာပေါက်ရှာပေးနိုင်မှာပါ"

ကြင်ယာတော်ရှုတစ်ယောက် အမျိုးသမီးကို နှစ်သိမ့်ပေးနေရင်း အော်ဟစ်ငိုယိုနေသော သူမ၏ဝဝကစ်ကစ် သားလေးကိုကြည့်ကာ ဤမြင်ကွင်းက လုံးဝကို ရယ်စရာကောင်းနေသည်ဟု ခံစားလိုက်ရ၏။

ထို့နောက် သူမ မတော်တဆ အသံထွက်၍ ရယ်လိုက်မိတော့သည်။

ကြင်ယာတော်ရှုက အနေခက်စွာဖြင့် ပြုံးနေခြင်းကို ချက်ချင်းရပ်လိုက်ပြီး အမျိုးသမီးကို ရှင်းပြလိုက်သည်။

"ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့နော်၊ ငါ နင့်ကို လှောင်ချင်လို့မဟုတ်ပါဘူး၊ ငါက ငါ့ရဲ့ဝမ်းနည်းမှုကို တခြားသူတွေနဲ့မတူတဲ့ပုံစံမျိုးနဲ့ ဖော်ပြတတ်လို့ပါ"

ဖခင်ကို သင်္ဂြိုဟ်ရန် ကိုယ့်ကိုကိုယ် ရောင်းစားသည့် အမျိုးသမီးမှာ ဤလူ၏အဆက်မပြတ်ရေရွတ်နေမှုများကို ဆက်နားမထောင်ချင်တော့ချေ။

သူမက ကြင်ယာတော်ရှုလက်ထဲမှ ရုန်းထွက်လိုက်ပြီး အရှေ့ရှိတောင်ပေါ်သို့ ဦးတည်သွားတော့၏။

ကြင်ယာတော်ရှု : 'နေပါဦး၊ ဒီမိန်းမရဲ့ ရာသီခွင်က ဘာလဲ၊ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ခွန်အားကြီးနေရတာလဲ'

တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်၌ လူအနည်းငယ်မှာ တောင်ထိပ်သို့ ရောက်နေကြပြီဖြစ်သည်။

သေသေချာချာရှာဖွေပြီးနောက် ကျင့်ရှင်းက နေရာတစ်ခုတွင် နောက်ဆုံးရပ်ပြီး ပြောလိုက်သည်။

"ဒီနေရာမှာ စိမ်းလန်းစိုပြည်တဲ့ မြက်ခင်းတွေ ဖုံးလွှမ်းနေပြီး ညင်သာတဲ့ လေပြေလေးက အေးချမ်းတဲ့လေထုကို သယ်ဆောင်လာတယ်၊ ဒါက ဖုန်းရွှေပညာအရ ရတနာမြေပဲ၊ သူမအဖေကို သင်္ဂြိုဟ်ဖို့အတွက် ပြီးပြည့်စုံတဲ့နေရာကောင်းဖြစ်ပြီး သူ့ငြိမ်းချမ်းမှုကို သေချာစေသလို သူ့မျိုးဆက်တွေဆီကိုလည်း ကောင်းချီးမင်္ဂလာတွေ ယူဆောင်လာပေးလိမ့်မယ်"

ရှောင်ကျိုးနှင့် တခြားသူများက ကျင့်ရှင်းပြောသောနေရာကို ကြည့်လိုက်ကြ၏။ ၎င်းက ပေါင်းပင်များထူထူထဲထဲ ပေါက်ရောက်နေပြီး သေသေချာချာ ထပ်ကြည့်လိုက်လျှင် လူ သို့မဟုတ် တိရစ္ဆာန်၏မစင်များဟု ထင်ရသော အရာများကိုပင် မြင်တွေ့နိုင်သည်။

သူတို့သံသယဖြစ်နေကြသော်ငြား ရှောင်ကျိုးက ကျင့်ရှင်း၏ယုံကြည်မှုအပြည့်ရှိသောအမူအရာကို မြင်သောအခါ လူတိုင်းကိုစတူးရန် အမိန့်ပေးလိုက်တော့သည်။

ထို့ကြောင့် မင်းသမီးစံအိမ်တော်မှ ကိုယ်ရံတော်များအနေဖြင့် ချန်လဲ့မင်းသမီးလေးနှင့်အတူ ပထမဆုံးလုပ်ပေးရသည့်အလုပ်မှာ တွင်းတူးပြီး လူမြေမြှုပ်ပေးရခြင်းပင်။

ကိုယ်ရံတော်အချို့ အရှေ့သို့ထွက်လာပြီး တူးရွင်းဖြင့် အချက်အနည်းငယ်စီသာ တူးလိုက်ရုံဖြင့် တွင်းတစ်ခုဖြစ်သွားတော့သည်။

တွင်းတူးပြီးသွားသောအခါ အုပ်စုက ဖျာကြမ်းဖြင့် ပတ်ထားသော အမျိုးသားကို တွင်းထဲသို့ ညင်သာစွာ ချထားလိုက်ကြ၏။

ကိုယ်ရံတော်များက ချန်လဲ့မင်းသမီးလေး နှဲမှုတ်နေသည်ကိုကြည့်နေစဉ် အနီးနားရှိ ကလေးအချို့က ချက်ချင်းပင် အော်ဟစ်ငိုယိုကြတော့သည်။

ပိုဆိုးသည်မှာ ကြက်တစ်ကောင်နှင့် သူမခေါင်းပေါ်ရှိ ကြက်တူရွေးတစ်ကောင်ကပါ ဝင်ရောက်အားဖြည့်ပေးနေခြင်းပင်။

ကြက်တစ်ကောင်က လူအုပ်အထက်တွင်ဝဲပျံကာ မနားတမ်း "ကွတ် ကွတ်" ဟု အော်နေပြီး နောက်ထပ် ကြက်တူရွေးတစ်ကောင်ကလည်း အနောက်မှလိုက်ကာ ကလေးများကို အတုခိုးပြီး အသံကျယ်ကြီးဖြင့် အော်ဟစ်ငိုယိုနေတော့သည်။

ကိုယ်ရံတော်များမှာ ကြက်သီးများပင် ထသွားကြပြီး နောက်ကျလျှင် မင်းသမီးလေးက သူတို့ကိုပါ အတူတူ ငိုခိုင်းမည်ကို စိုးရိမ်သဖြင့် တွင်းကို ပို၍မြန်မြန် ပြန်ဖို့ကြတော့၏။

ကျွမ်းကျင်သော လယ်သမားတစ်ဦးဖြစ်သည့် ကျောက်တာ့လန်မှာ လယ်ယာလုပ်ငန်းတွင် အထူး ကျွမ်းကျင်သူဖြစ်သည်။ ထောင်ယွမ်ရွာတွင် မြေဩဇာလုပ်ရန် မစင်များကို မြေဆွေးလုပ်နေကျဖြစ်သောကြောင့်လားတော့မသိ သူက မစင်များကို တွင်းထဲသို့ရွေးချယ်ပြီး တမင်မြေမြှုပ်ပေးလိုက်သည်။

အမျိုးသမီး တောင်ပေါ်သို့ ရောက်လာသောအခါ သူမအဖော်မှာ မြေအောက်သို့ရောက်နှင့်နေပြီဖြစ်ကြောင်း တွေ့လိုက်ရတော့၏။

အမျိုးသမီးခမျာ မြေကြီးပေါ်သို့ခွေကျသွားပြီး အော်ဟစ်ငိုကြွေးတော့သည်။

သနားစရာကောင်းသော ငိုသံများကို ကြားသောအခါ ရှောင်ကျိုးက သူမ၏နှဲကို ပို၍ပင် အားပါးတရမှုတ်တော့၏။ မျက်ရည်တစ်ပေါက်မျှမကျဘဲ ဟန်ဆောင်ငိုနေကြသော ကျောက်ဟူအပါအဝင် တခြားသူများနှင့်ယှဉ်ကြည့်လိုက်လျှင် အမျိုးသမီးက မည်မျှ အစစ်အမှန်ငိုကြွေးနေကြောင်းကို မြင်တွေ့နိုင်သည်။

'အဲ့ဒါကြောင့် ခုနလေးတင် သူမသိပ်ပြီး စိတ်ပါလက်ပါ မမှုတ်နိုင်ခဲ့တာကိုး၊ လေထုက သူမမှတ်မိနေတာနဲ့ လုံးဝကို ကွဲနေတာ၊ တကယ်တော့ ကျောက်ဟူနဲ့ တခြားသူတွေက သူမနဲ့တစ်လှိုင်းတည်း ရှိမနေခဲ့ဘူးပဲ’

ရှောင်ကျိုး သေသေချာချာ မှတ်သားထားလိုက်သည်။ နောက်တစ်ခါကျလျှင် ကျောက်ဟူနှင့် တခြားသူများကို ပို၍တိတိကျကျ အတုခိုးခိုင်းမည် ဖြစ်သည်။

ရှောင်ကျိုးက လမ်းဘေးမှတောပန်းအချို့ကို ပေါ့ပေါ့ပါးပါးခူးယူလိုက်ပြီး အမျိုးသမီး၏ဖခင်သင်္ချိုင်းပေါ်တွင် အလှဆင်သည့်အနေဖြင့် တင်ပေးလိုက်၏။

ထို့နောက် သူမက လူတိုင်းကို တောင်ပေါ်မှဆင်းရန်ပြောလိုက်ပြီး အမျိုးသမီးနှင့် သူမဖခင် နှုတ်ဆက်နေကြသည်ကို မနှောင့်ယှက်ကြရန်ပြောလိုက်တော့သည်။

တစ်နေ့တာ ကောင်းမှုကုသိုလ်တစ်ခု ပြုလုပ်ပြီးသွားသော ရှောင်ကျိုးနှင့် သူမအဖွဲ့မှာ သူတို့ကိုယ်သူတို့ အလွန် ကျေနပ်နေကြပြီး ရထားလုံးဆီသို့ ပြန်လာခဲ့ကြ၏။

ခုနလေးတင် လူတစ်ယောက်ကို မြေမြှုပ်ပေးခဲ့သော တောင်ကုန်းလေးကို လှမ်းကြည့်လိုက်ရာ အလွန်ကိုမျက်စိပသာဒဖြစ်နေတော့သည်။

'ကောင်းမှုကုသိုလ်တွေလုပ်တာက ငါ့ကို အမြဲတမ်း ပိုခံစားရကောင်းစေတာ တကယ်ပဲ'

ရထားလုံးများ ခရီးဆက်လာခဲ့ပြီး ရှောင်ကျိုးက အရှေ့တွင်ထိုင်ကာ သီချင်းလေးညည်းရင်း ခြေထောက်လေးများကို ပျော်ရွှင်စွာလွှဲခါနေတော့၏။

"တာ တာ တာ၊ တူ တူ တူ တူ၊ တာ တာ တာ"

တစ်ချိန်တည်းမှာပင် တောင်ပေါ်တွင် ချန်လဲ့မင်းသမီးလေးနှင့် သူမအဖွဲ့ ထွက်သွားပြီးနောက် အမျိုးသမီးက မြေဖို့ထားသော မြေပုံငယ်လေးဆီသို့ အလျင်အမြန် ပြေးသွားတော့သည်။ သူမ ဘေးဘီကိုဝေ့ကြည့်လိုက်ရာ မည်သည့် ကိရိယာမျှကျန်မနေခဲ့သည်ကို မြင်လိုက်ရ၏။ တွင်းတူးရန်အတွက် ချန်လဲ့မင်းသမီးလေးနှင့် သူမအဖွဲ့ ယူဆလာခဲ့သော ကိရိယာများအားလုံးကို သူတို့လာခဲ့သည့်လမ်းအတိုင်း ပြန်သယ်သွားကြပြီး တစ်ခုမျှချန်မထားခဲ့ကြချေ။

အမျိုးသမီးခမျာ အလွန်အမင်း စိုးရိမ်နေပြီး သူမ၏လက်ဗလာဖြင့်သာ မြေကြီးကို တူးဆွရတော့သည်။

သူမ အချက်အနည်းငယ်မျှပင် မတူးရသေးခင် သူမလက်ထဲတွင် စေးကပ်ကပ်အရာတစ်ခုကို ခံစားလိုက်ရ၏။

အမျိုးသမီးက ၎င်းကိုထုတ်ကြည့်လိုက်ရာ ထိုနေရာမှာပင် ပွဲချင်းပြီးသေမတတ်ဖြစ်သွားတော့သည်။

'အော့'

'အရမ်းကို ရွံစရာကောင်းလိုက်တာ'

'ဘယ်သူက လူကို မြေမြှုပ်ဖို့တွင်းတူးပြီး မစင်တွေကိုပါ အတူတူထည့်ပေးလိုက်တာလဲ၊ ဒါက ဘာလဲ၊ မြေဆွေးပုံများလား'

အမျိုးသမီးက ပျို့အန်ချင်စိတ်ကိုမြိုသိပ်ကာ ဆက်တူးတော့သည်။

အချိန်အတော်ကြာ တူးပြီးနောက် သူမလက်များမှာ သွေးများဖြင့်ဖုံးလွှမ်းသွားတော့၏။

သူမတူးထားသော ဧရာမတွင်းကြီးကို ကြည့်လိုက်သော်လည်း မြေမြှုပ်ခံထားရသည့် သူမအဖော်ကို မမြင်ရသေးသဖြင့် အမျိုးသမီးခမျာ လူသတ်ချင်စိတ်ပင်ပေါက်သွားရှာသည်။

'ဘယ်လောက်တောင် အနက်ကြီးမြှုပ်ထားတာလဲ'

ချန်လဲ့မင်းသမီးလေးကို စိတ်ထဲမှနေ၍ အကြိမ်ပေါင်းများစွာ အပိုင်းပိုင်း ခုတ်ထစ်ပြီးနောက် အမျိုးသမီးက ဆက်လက်တူးဆွနေတော့သည်။

မှောင်သွားပြီးနောက်မှသာ နောက်ဆုံးတွင် ထိုလူကိုတူးဖော်နိုင်ခဲ့သည်။

သူမအဖော်၏ ပါးစပ်နှင့် နှာခေါင်းတို့တွင် ရွှံ့များဖုံးလွှမ်းနေသည်ကို မြင်သောအခါ သူမ ချက်ချင်းသန့်စင်ပေးလိုက်၏။

ကံကောင်းစွာဖြင့် သူက အသေခံဆေးကိုသောက်ထားသဖြင့် အသက်ရှူမဝခြင်းကို ယာယီရှောင်ရှားနိုင်ခဲ့သည်။ သူ မနက်ဖြန်မနက်ရောက်မှ နိုးလာလိမ့်မည်ဖြစ်၏။ သို့မဟုတ်ပါက အချိန်အတော်ကြာ မြေမြှုပ်ခံထားရသဖြင့် အောက်ဆီဂျင်ပြတ်ကာ သေဆုံးသွားလောက်ပြီဖြစ်သည်။

သူမ၏အမာရွတ်များ၊ ဒဏ်ရာများဖြင့် ပြည့်နှက်နေသော လက်များကိုကြည့်ကာ အမျိုးသမီး၏လက်စားချေလိုစိတ်များက အထွတ်အထိပ်သို့ရောက်သွားတော့၏။

အမျိုးသမီးက ထိုအမျိုးသားမျက်လုံးဖွင့်လာသည့် မိုးလင်းချိန်အထိ တောင်ပေါ်တွင် ထိုင်နေခဲ့သည်။

သေရာမှပြန်ရှင်သန်လာသည့်အလား အမျိုးသားက မျက်လုံးဖွင့်ကာ ဘေးဘီကို ဝေ့ကြည့်လိုက်၏။

'တောကြိုတောင်ကြားနဲ့ လူသူကင်းမဲ့နေတာလား'

ထို့နောက် သူ့ဘေးမှ သူနှင့်အတူ တာဝန်ထမ်းဆောင်နေသော သူလျှိုအဖော်ကို ကြည့်လိုက်သည်။ သူတို့ ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ။

'အစီအစဉ်က ကျရှုံးသွားတာများလား'

အမျိုးသားက ရုန်းကန်၍ထိုင်လိုက်ရာ သူ့ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီပြုတ်ထွက်တော့မည့်အလား ချက်ချင်းခံစားလိုက်ရတော့၏။

ထို့နောက်ဘေးရှိ တွင်းကြီးကို သတိထားမိသွားသည်။

နားမလည်နိုင်ဖြစ်နေသော အမျိုးသားက မေးလိုက်သည်။

"ငါ ဘယ်ရောက်နေတာလဲ"

အမျိုးသမီးက တွင်းကြီးကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။

"နင့်ကို မြေမြှုပ်ခဲ့တဲ့နေရာလေ"

ထို့နောက် သူမက သွေးထွက်သံယိုဖြစ်ကာ စုတ်ပြတ်နေသော သူမလက်ကို မြှောက်ပြပြီး ပြောလိုက်သည်။

"နင့်ကိုဖော်ပေးတဲ့ လူလေ"

အမျိုးသားမှာ နားမလည်နိုင်ဖြစ်နေဆဲဖြစ်သည်ကို မြင်သောအခါ အမျိုးသမီးက သူမ ချန်လဲ့မင်းသမီးလေးနှင့် မည်သို့တွေ့ဆုံခဲ့ကြောင်းနှင့် ချန်လဲ့မင်းသမီးလေးနှင့် သူမအဖွဲ့က သူ့ကို မည်ကဲ့သို့ ခမ်းခမ်းနားနားမြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ကြောင်းကို ပြန်လည် ပြောပြတော့သည်။

အမျိုးသားခမျာ သူ့ကိုယ်သူရွှံ့ထဲမှ ခုနလေးတင် အဖော်ခံလိုက်ရပြီး သူ့စိတ်များဝေဝါးနေသည်ဟုသာ ခံစားလိုက်ရ၏။

'ဒါမှမဟုတ်ရင် ဘယ်လိုလုပ် ဒီလောက် အဓိပ္ပါယ်မရှိတဲ့ကိစ္စတွေကို ကြားရမှာလဲ'

ထို့ကြောင့် နံစော်နေသော ထိုလူနှစ်ယောက်က သေသေချာချာစဉ်းစားဆင်ခြင်ပြီးနောက် သူတို့အစီအစဉ်မှာ လုံလောက်အောင် ပြီးပြည့်စုံမှုမရှိခဲ့ကြောင်း နားလည်သွားကြတော့သည်။

ထိုနှစ်ယောက်က ရုပ်ဖျက်ပြီး ချန်လဲ့မင်းသမီးလေး၏နောက်သို့ ဆက်လိုက်ရန်နှင့် အနီးကပ်ချဉ်းကပ်ရန် အခြားအခွင့်အရေးတစ်ခုကိုရှာဖို့ ဆုံးဖြတ်လိုက်ကြသည်။ ချန်လဲ့မင်းသမီးလေးလို ကလေးတစ်ယောက်က သူတို့အစီအစဉ်များကို နေရာတိုင်းတွင် ထိုးထွင်းသိမြင်နိုင်သည်ဆိုသည်ကိုတော့ သူတို့ လုံးဝမယုံကြည်နိုင်ကြချေ။

All Chapters