အခန်း ၁၆၉
Vol. 17 Ch. 169
169
ထို့ကြောင့် သူလျှိုနှစ်ယောက်မှာ ရုပ်ဖျက်လိုက်ကြပြီးနောက် နေ့ရက်ပေါင်းများစွာ ခေါင်းခြောက်ခံစဉ်းစားကာ နောက်ထပ်အကြံဉာဏ်ကောင်းတစ်ခု ထုတ်လိုက်ကြတော့၏။
ယခင်အစီအစဉ်ကျရှုံးရသည့် အကြောင်းရင်းများကို ပြန်သုံးသပ်ကြည့်ရာ ဖခင်ကိုသင်္ဂြိုဟ်ရန် ကိုယ့်ကိုကိုယ် ရောင်းစားသည့်နေရာရွေးချယ်မှု မှားသွားခြင်းဖြစ်နိုင်ကြောင်း သူတို့ တွေ့သွားကြသည်။ လမ်းဘေးမှာ အရမ်းခြောက်ကပ်လွန်းနေသောကြောင့် ချန်လဲ့မင်းသမီးလေးက သူတို့အကြံကို အလွယ်တကူ ရိပ်မိသွားခြင်းဖြစ်ရမည်။
ယခုတစ်ခေါက်တွင်တော့ သူတို့ပိုပါးနပ်လာကြ၏။ ချန်လဲ့မင်းသမီးလေးနှင့် သူမအဖွဲ့ ဖြတ်သွားရမည့် စီရင်စုမြို့လေးသို့ သူတို့စောစောစီးစီးရောက်နေခဲ့ကြသည်။ အမျိုးသားက သူ့အဖော်များထက် မိမိကိုယ်ကို ပိုဉာဏ်ကောင်းသည်ဟု ယုံကြည်ထားပြီး ယခင်တစ်ခေါက်က သရုပ်ဆောင်ညံ့လွန်းသဖြင့် ချန်လဲ့မင်းသမီးလေး ရိပ်မိသွားခြင်းဖြစ်သည်ဟု တွေးလိုက်၏။ ထို့ကြောင့် ဤတစ်ကြိမ်တွင်တော့ ကိစ္စရပ်များကို သူကိုယ်တိုင် ဦးစီးလုပ်ဆောင်ရန် ဆုံးဖြတ်လိုက်တော့သည်။
အနှီအမျိုးသားက ယခုတစ်ကြိမ်တွင် သူတောင်းစားအဖြစ် ဟန်ဆောင်ရန် ဆုံးဖြတ်လိုက်ပြီး ချန်လဲ့မင်းသမီးလေးအနားသို့ ချဉ်းကပ်ရာတွင် အမှားအဖြစ်မခံတော့ဟု သန္နိဋ္ဌာန်ချထားလိုက်သည်။
အမျိုးသားက သူတောင်းစားများ နေထိုင်ရာနေရာတွင် အချိန်အတိုင်းအတာတစ်ခုအထိ အထူးတလည် သွားရောက်လေ့လာသင်ယူခဲ့ပြီး ယနေ့တွင်တော့ ချန်လဲ့မင်းသမီးလေးတို့အဖွဲ့ စီရင်စုမြို့လေးသို့ရောက်လာကာ လမ်းမများပေါ်တွင် လျှောက်လည်နေကြပြီဟူသော သတင်းကိုရခဲ့၏။ အမျိုးသားက သူမအနားသို့ စတင်ချဉ်းကပ်ရန် ရည်ရွယ်ချက်ဖြင့် မြင်ကွင်းထဲထင်းနေမည့်နေရာတစ်ခုကို တမင်တကာ ရွေးချယ်ကာ တောင်းရမ်းနေလိုက်သည်။
သူ ထိုင်လိုက်ရုံရှိသေး ပြည်သူပြည်သားအချို့က သူ၏ဖြူရော်ရော် ပိန်ချုံးချုံးနှင့် မျက်လုံးများ အရောင်မဲ့နေပုံကို သတိထားမိသွားကြပြီး အခြားသူတောင်းစားများထက် ပိုသနားစရာကောင်းနေသည်ဟု ထင်သွားကြတော့သည်။ ထို့ကြောင့် သူ့ခွက်ထဲသို့ အကြွေစေ့အနည်းငယ်စီ ပစ်ထည့်ပေးလာကြ၏။
ခွက်ထဲမှ အကြွေစေ့များကို မြင်သောအခါ သူ့သရုပ်ဆောင်မှုများ အောင်မြင်သွားပြီဖြစ်ကြောင်း အမျိုးသား သိလိုက်ပြီး အလွန်အမင်း ယုံကြည်ချက်ရှိသွားတော့သည်။
ရှောင်ကျိုးနှင့် သူမသူငယ်ချင်းများကတော့ လက်ရှိတွင် လမ်းမများပေါ်၌ ဟိုပြေးဒီလွှားလုပ်နေကြ၏။
လမ်းမများပေါ်တွင် အမျိုးမျိုးသော အစားအသောက်များ ရောင်းချသည့် ဆိုင်ခန်းများက တန်းစီနေကြပြီး ကလေးများအမြင်တွင်တော့ အနည်းဆုံး ထိုကဲ့သို့ပင်ထင်ရသည်။
မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင် သူတို့မြင်နိုင်သမျှက အသားပေါက်စီဆိုင်များ၊ အသားကပ်ကြော်ဆိုင်များနှင့် အသားဝမ်ထန်ဆိုင်များသာဖြစ်နေ၏။
(T/N : ဝမ်ထန် - ဖက်ထုပ်ဟင်းရည်တစ်မျိုး။)
အသားရှိသည့်နေရာတိုင်း၌ ကလေးအနည်းငယ်စီ ရှိနေတတ်သည်။
ထိုမျှသာမက ကမ္ဘာသစ်ကြီးတစ်ခုကို ဖွင့်လှစ်လိုက်ရသကဲ့သို့ဖြစ်နေသော ကြင်ယာတော်ရှုလည်း ကလေးများအနောက်မှ လိုက်ပါလာခဲ့၏။
ကြင်ယာတော်ရှုက ဘယ်ဘက်လက်ရှိ အသားကပ်ကြော်ကို ပလုတ်ပလောင်း ဝါးစားနေရင်း ညာဘက်လက်တွင်လည်း အစားအိတ်တစ်အိတ်ကို သယ်ထားသေးသည်။
မည်သို့ပင်ဖြစ်စေ ခေါင်းအစ ခြေအဆုံး လုံးဝကို အလုပ်များနေတော့၏။
ခြေလက်အင်္ဂါတစ်ခုလေးမျှပင် အားမနေခဲ့ချေ။
အာရုံခံစားမှုများကလည်း အလုပ်များနေသေးသည်။ မျက်လုံးများက ပတ်ဝန်းကျင်ရှိ အစားအသောက်များကို လိုက်ကြည့်ရန် အလုပ်များနေပြီး ပါးစပ်များက လက်ထဲရှိအစားအစာများကို မြည်းစမ်းရန် အလုပ်များနေသလို နှာခေါင်းများကလည်း အစားအသောက်များ၏သင်းပျံ့ပျံ့ အနံ့များကိုရှူရန် အလုပ်များနေကာ နားများကလည်း ဆိုင်ခန်းတစ်ခုခုကိုများ မမြင်ဘဲ ကျော်သွားမိမည်စိုးသဖြင့် ပတ်ဝန်းကျင်ရှိ ပြည်သူပြည်သားများ၏အော်ဟစ်ခေါ်ဝေါ်သံများကို လိုက်နားထောင်ရန် အလုပ်များနေတော့သည်။
လမ်းတစ်လျှောက်လုံးတွင် ကြင်ယာတော်ရှု၏ "သားလေး"ဟု ထပ်ခါတလဲလဲ အော်ခေါ်နေသံများကိုလည်း ကြားနေရလိမ့်မည်။
"သားလေး၊ အမေ ဒီအသားကပ်ကြော်လေး စားချင်တယ်၊ အမေ့အတွက် မြန်မြန်လေး တစ်ခုလောက်ဝယ်ပေးပါဦး"
"သားလေး၊ ဒီအသားပေါက်စီလေးတွေက အခုလေးတင်ပေါင်းထားတာ၊ မြန်မြန် မြန်မြန် အမေ့အတွက် သွားဝယ်ပေးပါဦး၊ အေးသွားရင် စားမကောင်းတော့ဘဲ နေမယ်"
"သားလေး အမေ ရေဆာလာပြီ၊ ဟော်သွန်းလက်ဖက်ရည်ရောင်းတဲ့ဆိုင် ဘယ်မှာရှိမလဲ၊ အမေ့အတွက် သွားရှာပေးပါဦး၊ အမေ သောက်ချင်လို့"
"သားလေး"
"သားလေး၊ ဘာလို့ မပျော်မရွှင်ဖြစ်နေရတာလဲ၊ ဒီမှာ အရသာရှိတဲ့ အစားအသောက်တွေ အများကြီးလေ၊ အကုန်လုံး ကုန်အောင်စားလိုက်၊ နန်းတော်ထဲပြန်ရောက်သွားရင် ဒီလိုမျိုး စားရတော့မှာမဟုတ်ဘူး"
ခေါင်းတစ်ခုလုံးတွင် "သားလေး" ဟူသော စကားလုံးများဖြင့် ဖုံးလွှမ်းနေသကဲ့သို့ဖြစ်နေသော စတုတ္ထမင်းသားခမျာ ခြေလှမ်းများကို လေးလေးကန်ကန်လှမ်းနေရင်း ထပ်တလဲလဲ သက်ပြင်းချနေတော့၏။
သူ့ခမျာ အသက်ခုနစ်နှစ်အရွယ်သာရှိသေးသော်လည်း သူ့စိတ်ထဲတွင်တော့ အသက် ၇၀အရွယ် အဘိုးကြီးတစ်ယောက်လို ခံစားနေရသည်။
သို့သော်ငြား စတုတ္ထမင်းသားက မိခင်ဖြစ်သူအတွက် အစားအသောက်များ ဝယ်ပေးရန် ပျော်ပျော်ရွှင်ရွှင်နှင့်ပင် ခုန်ပေါက်ပြေးလွှားနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မိခင်ဖြစ်သူနှင့်အတူတူစားသောက်ခွင့်ရခြင်းက သူ့ကို အလွန်အမင်းပျော်ရွှင်စေသောကြောင့်ပင်။
စတုတ္ထမင်းသားက အသားကပ်ကြော်ကို ကိုက်ဖဲ့စားသောက်လိုက်ပြီးနောက် မိခင်ဖြစ်သူထံ ကမ်းပေးပြီးပြောလိုက်၏။
"အမေ အကျန်တွေကိုတော့ အမေပဲ စားလိုက်တော့၊ အမေ ကျွန်တော်တို့တွေ ပေါက်စီတွေကိုလည်း တစ်ယောက် တစ်ဝက်စီပဲစားကြမယ် ဒါမှ လမ်းပေါ်က အစားအသောက်တွေ အကုန်လုံးကို မြည်းကြည့်ဖို့ ဗိုက်ထဲမှာ နေရာကျန်မှာ"
ကြင်ယာတော်ရှုက သားဖြစ်သူထံမှ အသားကပ်ကြော်ကို လှမ်းယူလိုက်ပြီး လက်မထောင်ပြကာ ချီးကျူးလိုက်သည်။
"သားက အရမ်းဉာဏ်ကောင်းတာပဲ"
ထိုအချိန်တွင် လမ်းမများပေါ်၌ လျှောက်လည်နေသော ရှောင်ကျိုးက အသားကပ်ကြော်ဆိုင်ဘေးရှိ စုတ်ပြတ်သတ်နေသော သူတောင်းစားကို နောက်ဆုံးတွင် သတိထားမိသွားတော့၏။
ရှောင်ကျိုးတစ်ယောက် နှမ်းကိတ်ဝယ်ပြီးသွားသောအခါ ထိုသူတောင်းစားက သူမကိုစိုက်ကြည့်နေကြောင်း သတိထားမိသွားသည်။
ရှောင်ကျိုးမှာ စပ်စုချင်စိတ်ပေါ်လာသဖြင့် နှမ်းကိတ်ကို ကိုင်ထားလျက် ဆောင့်ကြောင့်ထိုင်ချကာ သူ့ကိုပြန်ကြည့်နေလိုက်၏။
သူမက သူ့ခွက်ထဲရှိ အကြွေစေ့အနည်းငယ်ကို အားကျသည့်မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ဤအလုပ်ဖြင့် တစ်နေ့လျှင် ဘယ်လောက်တောင်ရှာနိုင်မလဲဟု တွေးနေမိသည်။
မည်သို့ပင်ဖြစ်စေ ရှောင်ကျိုးလေးက ဤကဲ့သို့ငွေရှာရသည်မှာ အလွန်လွယ်သည်ဟု ခံစားနေရ၏၊ ဒီအတိုင်းလေး ထိုင်နေရုံဖြင့် လူများက သူ့ခွက်ထဲသို့ ပိုက်ဆံများ ပစ်ထည့်ပေးသွားကြသည်။
အမျိုးသားက သူ့အသွင်ကို ပိုပီပြင်စေရန်အတွက် သုံးရက်အတွင်း အစားကိုးနပ်တိတိ တမင်တကာ အငတ်ခံထားခဲ့၏။ ယခုလို သူ့အရှေ့တည့်တည့်မှ နှမ်းကိတ်၏မွှေးပျံ့လှသောအနံ့ကို ရှူမိလိုက်ချိန်တွင်တော့ ဗိုက်ထဲမှ အသံများ တဂွီဂွီမြည်လာတော့သည်။
သူတောင်းစား၏ဘေးတွင် ဆောင့်ကြောင့်ထိုင်နေသော ရှောင်ကျိုးက ထိုမြည်သံကိုကြားလိုက်ရသောအခါ သူမဗိုက်ဆာနေသောကြောင့်ဟု တွေးလိုက်မိသည်။ ထို့ကြောင့် သူမက နှမ်းကိတ်တစ်ချပ်ကို အမြန်ထုတ်ကာ အားပါးတရကိုက်စားလိုက်တော့၏။
အမျိုးသားက ချန်လဲ့မင်းသမီးလေး နှမ်းကိတ်ထုတ်လိုက်သည်ကို မြင်သောအခါ သူ့အတွက်ဟုသာထင်ထားခဲ့သည်။ ယုတ္တိရှိရှိစဉ်းစားကြည့်လျှင် ပြည်သူပြည်သားများ ပြောနေကြသည့်အတိုင်း သဘောကောင်းလှသော မင်းသမီးလေးတစ်ပါးအနေဖြင့် ဗိုက်ဆာနေသည့် စုတ်ပြတ်သတ်နေသော သူတောင်းစားကို မြင်သောအခါ အနည်းဆုံးတော့ သနားစိတ်လေးဝင်လာပြီး စားစရာတစ်ခုခုပေးလိမ့်မည်သာ ဖြစ်၏။ ဤသည်က သူ့အတွက် စကားစမြည်ပြောရန်နှင့် ချန်လဲ့မင်းသမီးလေးအနားသို့ ပိုမိုနီးကပ်သွားစေရန် အခွင့်အရေးတစ်ခုဖြစ်လာလိမ့်မည်။
'ဒါပေမဲ့ အခုက ဘာတွေလုပ်နေတာလဲ'
သူ့အရှေ့တည့်တည့်တွင် လာစားပြနေခြင်းပင်။
'ချန်လဲ့မင်းသမီးလေးက နတ်ဆိုးများလား'
ပိုပီပြင်စေရန်အတွက် သုံးရက်အတွင်း အစားကိုးနပ်တိတိ အငတ်ခံထားခဲ့သော သူတောင်းစားဖြစ်သူ သူ့ခမျာ ယခုတော့ ဤနတ်ဆိုးမလေးက သူ့အရှေ့တည့်တည့်တွင် နှမ်းကိတ်စားနေသည်ကို ထိုင်ကြည့်နေရချေပြီ။
အနံ့ကလည်း အလွန်မွှေးနေပြီး အထဲတွင်လည်း အသားများအပြည့်ပါနေသည်။
အမျိုးသားခမျာ တံတွေးများကို ခက်ခက်ခဲခဲ မျိုချလိုက်ရပြီး သူ့ဗိုက်ထဲမှ အသံများက ပို၍ပင်ကျယ်လောင်စွာ မြည်လာတော့၏။
ထိုအလောတကြီးမြည်လာသော အသံများကို ကြားသောအခါ ရှောင်ကျိုးက ပို၍ပင်မြန်မြန်စားလိုက်ပြီး ဗိုက်ဆာသွားမည်ကို စိုးရိမ်နေသည့်အလား ပလုတ်ပလောင်း ဝါးစားနေတော့သည်။
နောက်ဆုံးတွင်တော့ ရှောင်ကျိုးတစ်ယောက်စားလို့ပြီးသွားကာ ကျေနပ်အားရစွာဖြင့် လေချဉ်တက်လိုက်၏။
ဗိုက်အရမ်းကားသွားသော ရှောင်ကျိုးလေးက သူမ ဘာကြောင့် ဆောင့်ကြောင့်ထိုင်နေမိလဲဆိုသည်ကိုပင် မေ့သွားတော့သည်။
ဘာကြောင့် ဆောင့်ကြောင့်ထိုင်ရလဲဆိုသည်ကို မေ့သွားပြီဖြစ်ရာ ၎င်းက အရေးမကြီးသော ကိစ္စတစ်ခုခုသာဖြစ်ရမည်။
အရေးမကြီးတော့မှဖြင့် ဤနေရာတွင် ဆက်ပြီး ဆောင့်ကြောင့်ထိုင်နေစရာ အကြောင်းမရှိတော့ပေ။
ထို့ကြောင့် ရှောင်ကျိုး မတ်တတ်ရပ်လိုက်ပြီး အနောက်သို့ပင်ပြန်လှည့်မကြည့်တော့ဘဲ ထွက်သွားတော့၏။
'ထွက်သွားပြီလား'
သူမ တကယ်ကြီးထွက်သွားပြီပေါ့လေ။
သူတောင်းစား : 'ချန်လဲ့မင်းသမီးလေးက သာမာန်လူရော ဟုတ်ရဲ့လား'
'ဒါမှမဟုတ် သူမက သူတောင်းစားဖြစ်တဲ့ ငါ့ကို နှမ်းကိတ်၊ အဲ့ဒီအသားအပြည့်နဲ့ နှမ်းကိတ်ကို အနီးကပ်လာကြွားပြဖို့သက်သက် ဆောင့်ကြောင့်လာထိုင်တာများလား'
'ဒါက မေတ္တာရှင်မလေးရဲ့နှလုံးသားလား ဒါမှမဟုတ် နတ်ဆိုးတစ်ကောင်ရဲ့ နှလုံးသားလား'
အမျိုးသားက နေ့ရက်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဇာတ်ကောင်ထဲတွင် ပိုစီးမျောနိုင်ရန်အတွက် သူကိုယ်တိုင်ပင် သူတောင်းစားအစစ်ဖြစ်နေပြီဟု ထင်လုနီးပါးဖြစ်နေခဲ့သည်။
'ရလဒ်အနေနဲ့ စကားတစ်ခွန်းတောင်မဟလိုက်ရဘဲ ကွင်းထဲရောက်ပြီး မိနစ်အနည်းငယ်အတွင်းမှာတင် ငါရှုံးသွားခဲ့ပြီလား'
အမျိုးသားက သူ့ရှုံးနိမ့်မှုကို လုံးဝ အသိအမှတ်မပြုချင်ပေ။ နေရာရွေးချယ်မှု ညံ့ဖျင်းသွားခြင်းကြောင့် သို့မဟုတ် သူတောင်းစားက ညစ်ပတ်လွန်းနေခြင်းကြောင့်ဖြစ်ရမည်ဟုသာ သူ တွေးလိုက်၏။ မည်သို့ပင်ဖြစ်စေ ချန်လဲ့မင်းသမီးလေးက မင်းသမီးတစ်ပါးဖြစ်ရာ သူ့ကိုဂရုမစိုက်ခြင်းမှာ ပုံမှန်ကိစ္စတစ်ခုသာ ဖြစ်သည်။
အမျိုးသားခမျာ သူ့ကိုယ်သူ အချိန်အတော်ကြာအောင် နှစ်သိမ့်နေပြီး နောက်ဆုံးတွင်တော့ စိတ်ပြန်တည်ငြိမ်သွားစေခဲ့၏။
ပြိုင်ဆိုင်လိုစိတ်ကြောင့်ပင်ဖြစ်ဖြစ် မွေးရာပါ ခေါင်းမာမှုကြောင့်ပင်ဖြစ်ဖြစ် ထိုသူလျှိုနှစ်ယောက်က အကြိမ်ကြိမ် ရှုံးနိမ့်နေသည့်တိုင်အောင် ဆုတ်ယုတ်မှုတစ်ခုစီတိုင်းနှင့်အတူ ပို၍ပို၍သာ သန္နိဋ္ဌာန်ခိုင်လာကြတော့သည်။
ထို့ကြောင့် သူတို့နှစ်ယောက်က နေ့ရောညပါ ရေတွက်၍မရနိုင်သော အချိန်များအထိ နောက်ယောင်ခံလိုက်လာခဲ့ကြရာ နောက်ဆုံးတွင် ချန်လဲ့မင်းသမီးလေးနှင့် သူမအဖွဲ့ ချုံကျိုးနယ်မြေအနီးသို့ ရောက်လာခဲ့ကြပြီဖြစ်၏။
ချုံကျိုးနယ်မြေနှင့် နီးလာလေလေ လူသူအရောက်အပေါက် ပိုနည်းလာလေလေပင်။
အိမ်တော်ထိန်းခမျာ သက်ပြင်းရှည်ကြီးချလိုက်တော့၏။
သူ့မင်းသမီးလေးက ဤမျှ ဆင်းရဲနွမ်းပါးလှသောနေရာတွင် ကြီးပြင်းလာခဲ့ရရှာသည်။ မြို့တော်သို့ ပြန်ရောက်ပြီးနောက်တွင် သူမဘဝကို ကောင်းကောင်းမွန်မွန် နေထိုင်ရတော့မည်ဟု ထင်ထားခဲ့သော်ငြား ယခုအခါ ချုံကျိုးနယ်မြေသို့ ပြန်ရောက်လာခဲ့ရပြန်ပြီဖြစ်၏။
သူမက ချုံကျိုးနယ်မြေတွင် ဘုရင်တစ်ပါးသဖွယ် ဖြစ်လာမည်ဆိုသော်ငြား ဤသည်မှာ နယ်နှင်ဒဏ်ပေးခံရသည်နှင့် ဘာများကွာခြားနေသနည်း။
မြို့တံခါးကပင် ယိုယွင်းပျက်စီးနေသေးရာ လုံးဝကို ယုံကြည်နိုင်စရာမရှိချေ။
နယ်စပ်ဂိတ်မှ ရန်သူများသာ ဝင်ရောက်တိုက်ခိုက်လာပါက မြို့ကိုဝန်းရံပိတ်ဆို့နေရန်ပင်လိုမည်မဟုတ်ပေ။
မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် ဤမြင်ကွင်းများအားလုံးက စိတ်ကူးယဉ် အာရုံချောက်ချားမှုများသာဖြစ်နေပါစေဟု ဆုတောင်းရင်း အိမ်တော်ထိန်းက သူ့မျက်လုံးများကို မှိတ်ထားလိုက်၏။
နောက်ဆုံးတွင် လက်တွေ့အခြေအနေကို လက်ခံလိုက်ရသော အိမ်တော်ထိန်းက ရထားလုံးထဲရှိ မင်းသမီးလေးထံသို့ အလျင်စလို လှမ်းပြောလိုက်သည်။
"မင်းသမီးလေး၊ ကျွန်တော်တို့တွေ မြို့ထဲ ဝင်တော့မယ်၊ ဒီနေ့က ပြည်သူပြည်သားတွေရဲ့အရှေ့မှာ မင်းသမီးလေး ပထမဆုံးမျက်နှာပြရမဲ့နေ့ပဲ၊ မင်းသမီးလေးအနေနဲ့ တည်တည်ငြိမ်ငြိမ်နေပြီး တော်ဝင်ဂုဏ်သိက္ခာကို ထိန်းသိမ်းထားရမယ်နော်"
ရှောင်ကျိုး ခေါင်းညိတ်ပြလိုက်၏။
ဤအချက်ကို သူမကောင်းကောင်းကြီး နားလည်သည်။ ယခုမှစ၍ သူမက ဤနေရာရှိ အဆင့်အမြင့်ဆုံးခေါင်းဆောင်တစ်ဦး ဖြစ်လာတော့မည်။
ပြည်သူပြည်သားများအရှေ့တွင် ပထမဆုံးမျက်နှာပြရချိန်၌ သူမ၏ခွန်အားကြီးမားပြီး ဩဇာညောင်းသောပုံရိပ်ကို ချုံကျိုးနယ်မြေတစ်ခုလုံးရှိ လူတိုင်းသိသွားစေရန် သေချာပေါက်လုပ်ဆောင်ရမည်သာဖြစ်၏။