← Chapters

အခန်း ၁၇၀

Vol. 17 Ch. 170

အခန်း ၁၇၀

Vol. 17 Ch. 170

170

ထို့ကြောင့် မြို့တံခါးကြီးပွင့်သွားပြီး မင်းသမီးလေးတို့အဖွဲ့ မြို့ထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာခဲ့ကြသည်။ တော်ဝင်အမိန့်စာကို လက်ခံရရှိထားသော အရာရှိများကလည်း မြို့တံခါးဝတွင် စောင့်နေနှင့်ပြီဖြစ်၏။

အဖွဲ့ကြီးက ပြည်သူပြည်သားများ သွားလာလှုပ်ရှားနေကြသောနေရာများမှတစ်ဆင့် ဖြတ်သန်းသွားခဲ့သည်။

အိမ်တော်ထိန်းက လိုက်ကာကို မ,တင်လိုက်ပြီး သူမအနေဖြင့် အရာရှိများအရှေ့တွင် တော်ဝင်အာဏာစက်ကိုပြကာ သူတို့က သူမအား အနိုင်ကျင့်ရလွယ်သော ကလေးတစ်ယောက်ဟုမထင်သွားစေရန် သတိပေးရမည်ဟု တွေးလိုက်၏။

သို့သော် ရထားလုံးထဲတွင် မည်သူမှမရှိတော့ကြောင်းကို အိမ်တော်ထိန်းတွေ့လိုက်ရတော့သည်။

'မဟုတ်ဘူးလေ'

‘သူ့မှာ ဒီလောက်ကြီးတဲ့ မင်းသမီးလေးတစ်ပါးရှိနေခဲ့တာကို’

'သူခိုးများလား'

'လုပ်ကြံသူများလား'

‘လူတွေအားလုံးရဲ့ရှေ့မှာပဲ သူ့မင်းသမီးလေးကို ပြန်ပေးဆွဲသွားကြပြီလား’

အိမ်တော်ထိန်းခမျာ လုပ်ကြံသူကို ဖမ်းရန်ပင် အော်ချိန် မရလိုက်သေးခင် လမ်းပေါ်ရှိ ပြည်သူပြည်သားများနှင့် အရာရှိများအားလုံးက အပေါ်သို့ မော့ကြည့်နေကြကြောင်း သူသတိထားမိလိုက်၏။

အိမ်တော်ထိန်း သူ့ခေါင်းကို မော့ကြည့်ရန် ကြိုးစားလိုက်သော်ငြား မျက်လုံးများကိုတော့ တင်းတင်းမှိတ်ထားပြီး လုံးဝဖွင့်မကြည့်ရဲခဲ့ချေ။

အိမ်တော်ထိန်းမှာ မင်းသမီးလေးကို ပြုစုစောင့်ရှောက်လာခဲ့သည်မှာ အချိန်အတိုင်းအတာတစ်ခုအထိ ရှိနေပြီဖြစ်ပြီး သူမအကြောင်းကို တော်တော်လေး သိကျွမ်းနေပြီဖြစ်ရာ သူမလုပ်ရပ်များက နည်းနည်းတော့ ထူးဆန်းလွန်းသည်ဟု ဆိုရမည်။

ပတ်ဝန်းကျင်ရှိလူများ၏မျက်နှာပေါ်မှ အံ့သြမှင်တက်နေသော အမူအရာများကိုလည်း တွေ့မြင်နိုင်သည်။

အိမ်တော်ထိန်းက ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို ကောင်းကောင်းကြီး မှန်းဆမိနေ၏။

‘ဒီတစ်ခေါက်လည်း သူ့မင်းသမီးလေးက အားလုံးရဲ့အာရုံစိုက်မှု ဗဟိုချက် ဖြစ်နေပြန်ပြီ’

အိမ်တော်ထိန်း တွေးထားသည်က မှန်နေသည်။ ထင်ပေါ်ချင်လွန်းသော ရှောင်ကျိုးတစ်ယောက် ယခုအခါတွင် ရထားလုံး၏အမိုးပေါ်၌ ဩဇာအပြည့်ဖြင့် မတ်တတ်ရပ်နေ၏။ ဘယ်နေရာကနေထုတ်ယူလာမှန်းမသိသော အနီရောင်ဝတ်ရုံကြီးကိုလည်း သူမကိုယ်တွင်ပတ်ချည်ထားသေးသည်။ ရထားလုံးက ဖြည်းဖြည်းချင်း ရှေ့သို့ဆက်သွားနေစဉ် အနီရောင်ဝတ်ရုံကြီးက လေထဲတွင် လွင့်နေတော့၏။

ထိုမျှသာမက သူတို့က နေကာမျက်မှန်များကိုပင် စတင်အသုံးပြုနေကြပြီ ဖြစ်သည်။

ထိုဧရာမနေကာမျက်မှန်ကြီးများက ရှောင်ကျိုးမျက်နှာတစ်ဝက်နီးပါးကို ဖုံးကွယ်ထားလုမတတ်ပင်။

ရှောင်ကျိုးစိတ်ထဲတွင်တော့ သူမ၏လက်ရှိပုံရိပ်က ကမ္ဘာကြီးကို ကယ်တင်ပြီးနောက် ပရိသတ်များကြားသို့ပြန်လည်ရောက်ရှိလာသော အလွန်တရာမှ အစွမ်းထက်ပြီး ဩဇာကြီးမားလှသည့် အမျိုးသမီးသူရဲကောင်းမလေးတစ်ဦး၏ပုံစံမျိုး ဖြစ်နေရမည်ဟု တွေးထား၏။

အိမ်တော်ထိန်း မျက်လုံးများကို သတိထားကာ ဖွင့်ကြည့်လိုက်ရာ လေထုထဲတွင် လွှမ်းမိုးနေသော စိုးရိမ်မှုများက နောက်ဆုံးတွင်တော့ ပြေပျောက်သွားတော့သည်။

အိမ်တော်ထိန်းမှာ လမ်းပေါ်ရှိ ပြည်သူပြည်သားများနှင့် အရာရှိများ၏အကြည့်များကို လုံးဝရှောင်လွှဲကာ ခေါင်းငုံ့ထားရုံသာတတ်နိုင်တော့၏။

ရထားလုံးက အရာရှိများရှိရာသို့ ရောက်လာသောအခါ သူတို့မှာ ကြက်သေသေကာ မတ်တတ်ရပ်နေကြဆဲပင်။

သူတို့က ရထားလုံးအမိုးပေါ်သို့ မော့ကြည့်လိုက်ကြသည်။

'မဟုတ်သေးပါဘူး၊ သူတို့ ဘယ်လို နှုတ်ဆက်ရမလဲ'

သူတို့စိတ်ထဲတွင် မည်သို့ပင်တွေးနေပါစေ အရာရှိအားလုံးက ရထားလုံးအမိုးပေါ်ရှိ မင်းသမီးလေးကို ရိုရိုသေသေ အရိုအသေပေးလိုက်ကြ၏။

မည်သို့ပင်ဖြစ်စေ ဆင်းရဲနွမ်းပါးလှသော ချုံကျိုးနယ်မြေသို့ တော်ဝင်ဧည့်သည်တစ်ပါး နောက်ဆုံးတော့ ရောက်လာပြီဖြစ်ရာ လူတိုင်းက မျှော်လင့်ချက် တစ်စွန်းတစ်စတော့ ထားနေကြဆဲပင်။

သို့သော် ဤကဲ့သို့ ကြောင်တောင်တောင်နိုင်လှသော မြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့မျှော်လင့်ချက်များအားလုံး လုံးဝ ရိုက်ချိုးခံလိုက်ရတော့သည်။

အရာရှိများက အရိုအသေပေးပြီးသွားသောအခါ နောက်ဆက်တွဲ ဘာဆက်လုပ်ရမည်မှန်းမသိတော့ဘဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြ၏။

'ငါတို့တွေ ကလေးထိန်းတတ်တဲ့ အဘွားကြီးတစ်ယောက်ယောက်ကို သွားရှာရမလား'

'ဒါမှမဟုတ် သူတို့ကို အောက်ဆင်းလာအောင် ဘယ်လိုလုပ်ရမလဲ'

ရှောင်ကျိုးက ရထားလုံးရပ်သွားသည်ကို မြင်သောအခါ သူမ၏တော်ဝင်အာဏာစက်က လူများကို အလွန်အမင်း အထင်ကြီးသွားစေပြီး ချုံကျိုးနယ်မြေ၏အနာဂတ်ခေါင်းဆောင်ဖြစ်လာမည့် သူ့ပုံရိပ်ကို လူတိုင်းက စွဲစွဲမြဲမြဲမှတ်မိသွားကြပြီဟု ယုံကြည်လိုက်ကာ ရထားလုံးပေါ်မှ ကျေနပ်အားရစွာဖြင့် ခုန်ချလိုက်တော့သည်။

ရထားလုံးအမိုးပေါ်တွင် မင်းသမီးလေး မရှိတော့သည်ကို မြင်သောအခါ အရာရှိများက ချက်ချင်းပင် သက်ပြင်းချနိုင်သွားကြတော့၏။

ထို့နောက် အိမ်တော်ထိန်းလည်း စိတ်လျှော့လိုက်တော့သည်။

သူတို့က မင်းသမီးလေးကို ချုံကျိုးစံအိမ်တော်သို့ အနားယူရန် ခေါ်သွားကြဖို့ အရာရှိများကို အလျင်အမြန်ညွှန်ကြားလိုက်ကြ၏။

ထိုစကားကိုကြားသောအခါ အရာရှိများမှာ ထိတ်လန့်တကြားဖြစ်သွားပြီး ကြောက်ရွံ့နေသည့် အမူအရာများ ပေါ်လာကြတော့သည်။

ဤကဲ့သို့ ဝေးလံခေါင်သီပြီး ဆင်းရဲနွမ်းပါးလှသော ချုံကျိုးနယ်မြေတွင် တော်ဝင်နယ်မြေတစ်ခုရှိလာလိမ့်မည်ဟု သူတို့ တစ်ခါမျှမတွေးကြည့်ဖူးခဲ့ချေ။

ရှောင်ကျိုးကို ချုံကျိုးနယ်မြေ၏နယ်စားအဖြစ်ခန့်အပ်ကြောင်း တော်ဝင်အမိန့်စာကိုလက်ခံရရှိပြီး မကြာမီမှာပင် ချန်လဲ့မင်းသမီးလေးနှင့် သူမအဖွဲ့က ချုံကျိုးနယ်မြေသို့ ရောက်ရှိလာခဲ့ကြခြင်းပင်။

ဤသည်က သူတို့ကို လုံးဝအငိုက်မိသွားစေပြီး မင်းသမီးလေးအတွက် ချုံကျိုးစံအိမ်တော်ကို တည်ဆောက်ရန် အချိန်မရလိုက်ပေ။

အသက်အနည်းငယ် ပိုကြီးသော အရာရှိတစ်ဦးက တုန်တုန်ရီရီဖြင့်ပြောလိုက်၏။

"မင်းသမီးလေး၊ ဒီနေရာက အမြဲတမ်း ဆင်းရဲနွမ်းပါးခဲ့ပြီး တော်ဝင်မိသားစုဝင်တစ်ယောက်က ဒီနေရာမှာ နယ်မြေပိုင်ဆိုင်ခွင့်ရလိမ့်မယ်လို့ ကျွန်တော်တို့ တစ်ခါမှ မမျှော်လင့်ထားခဲ့ပါဘူး၊ အဲ့ဒါကြောင့် ချုံကျိုးစံအိမ်တော်က အခုထိ မပြီးသေးပါဘူး၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ မင်းသမီးလေး"

အိမ်တော်ထိန်းက ချက်ချင်းပင်မကျေနပ်သည့် အမူအရာကိုပြလိုက်ပြီး အသံကိုမြှင့်ကာ ပြောလိုက်သည်။

"မမျှော်လင့်ထားခဲ့ဘူး ဟုတ်လား၊ အခု မင်းသမီးလေးအတွက် ဘယ်လိုလုပ်ပေးရမလဲ၊ ဒါက အရာရှိတွေဖြစ်တဲ့ မင်းတို့ဘက်က တာဝန်ပျက်ကွက်တာပဲ"

အိမ်တော်ထိန်းမှာ ဤအရာရှိအနည်းငယ်၏အမှားမဟုတ်ကြောင်း သိထားသော်ငြား သူက သင့်လျော်သော သဘောထားကိုတော့ ပြသရမည်သာ ဖြစ်သည်။ သို့မဟုတ်ပါက ဤလူများမှာ မင်းသမီးလေးကို လှည့်စားရလွယ်သည်ဟုထင်သွားပါက နောင်တွင် ထိန်းချုပ်ရန် ပိုခက်သွားလိမ့်မည်။

အခြားအရာရှိတစ်ဦးက အလျင်အမြန် ပြန်ဖြေလိုက်၏။

"မင်းသမီးလေး၊ မင်းသမီးလေး အနားယူဖို့ ယာယီနေရာတစ်ခုကို အမြန်ဆုံး သေချာပေါက်ရှာပေးပါ့မယ်"

အိမ်တော်ထိန်း နှာခေါင်းရှုံ့လိုက်ပြီးနောက် တိတ်ဆိတ်သွားတော့သည်။

အဖြစ်အပျက်တစ်ခုလုံးကို စောင့်ကြည့်နေသော ရှောင်ကျိုးကတော့ အဘိုးကြီးက ဒေါသတော်တော်ကြီးတာပဲဟုသာ တွေးနေမိပြီး အခြားရှုပ်ထွေးလှသော ကိစ္စရပ်များကို တွေးနေခြင်းမရှိခဲ့ချေ။

ထို့ကြောင့် သူမလက်ယမ်းပြပြီး ပြောလိုက်၏။

"မလိုပါဘူး၊ ငါ့ရဲ့အိမ်တော်ထိန်းကို ပိုက်ဆံသာပေးလိုက်၊ ငါတို့ဘာသာ ငါတို့ ဆောက်လိုက်မယ်၊ ပြီးတော့ ငါက အခု ထောင်ယွမ်ရွာမှာပဲနေမှာဆိုတော့ နင်တို့ တစ်ခုခုလိုရင် အဲ့ဒီကိုပဲလာရှာလိုက်တော့"

ထိုသို့ပြောပြီးနောက် ရှောင်ကျိုး ရထားလုံးပေါ်သို့ ပြန်ခုန်တက်သွားကာ သူမအနေဖြင့် ရွာသို့ပြန်တော့မည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းပြလိုက်တော့သည်။

ထို့ကြောင့် မင်းသမီးလေးကို သူမ၏ယာယီအိမ်တော်သို့ ခေါ်ဆောင်ရန် ရောက်လာကြသော အရာရှိများက မင်းသမီးလေး၏အဖွဲ့ ထွက်သွားသည်ကိုသာ ငေးကြည့်နေလိုက်ကြရတော့၏။

ဤနေရာက ချင်းရှန်စီရင်စုနှင့် အတော်လေး ဝေးနေသေးသည်။

ရှောင်ကျိုးနှင့် သူမအဖွဲ့က ထောင်ယွမ်ရွာသို့ ဆက်လက်ထွက်ခွာလာခဲ့ကြပြီး အလွန်အမင်း မျှော်လင့်နေကြ၏။

ရထားလုံးက ချုံကျိုးနယ်မြေသို့မပြန်မီ စီရင်စုများစွာကို ဖြတ်သန်းသွားခဲ့ရသဖြင့် အလွန်သိသာထင်ရှားသော ကွာခြားမှုကြီးကို ဖြစ်ပေါ်စေခဲ့သောကြောင့်လည်း ဖြစ်နိုင်သည်။

ကလေးများမှာ ယခင်က ချုံကျိုးနယ်မြေကို ဆင်းရဲသည်ဟု တစ်ခါမျှမတွေးခဲ့ဖူးသော်ငြား ယခုအခါ ပြန်ကြည့်လိုက်ချိန်တွင် ထိုနေရာက လူသူကင်းမဲ့နေပြီး အိမ်များကလည်း ယိုယွင်းပျက်စီးနေကာ ပြည်သူပြည်သားများကလည်း သနားစရာကောင်းလှ၏။

မြို့တော်တွင် ပြည်သူပြည်သားများ၏မျက်နှာပေါ်၌ အပြုံးများကို မကြာခဏ မြင်တွေ့ရတတ်သော်ငြား ဤနေရာတွင်တော့ ပြည်သူပြည်သား အများစုမှာ ပိန်ချုံးနေကြပြီး သိပ်မပြုံးကြချေ။ သူတို့အားလုံးက အလွန်တရာ ပင်ပန်းနေပုံပေါ်၏။

လက်ရှိ သူမခံစားချက်ကို ရှောင်ကျိုးလေးခမျာ သေသေချာချာမဖော်ပြတတ်ခဲ့ချေ။ သူမ ရုတ်တရက် အနည်းငယ် မပျော်မရွှင်ဖြစ်သွားသည်ဟုသာ ခံစားလိုက်ရ၏။

ကံကောင်းစွာဖြင့် ထိုမပျော်ရွှင်မှုက သိပ်မကြာလိုက်ချေ။

ထို့နောက် သူမက မိန်းကလေးတစ်ယောက်၏ဒေါသတကြီးအော်သံကို ကြားလိုက်ရသည်။

"ဒီသောက်သူခိုး နင် ဘယ်ပြေးမလို့လဲ"

ထို့နောက် အသက်ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ခန့် မိန်းကလေးတစ်ယောက်က အနီးရှိသစ်ပင်ပေါ်မှ ခုန်ချလာတော့၏။

သူမက ရှေ့မှပြေးနေသော အမျိုးသားကို မြေပြင်ပေါ်သို့ ကန်ချလိုက်သည်။

ချက်ချင်းဆိုသလိုပင် ကလေးတစ်စုက ပြေးထွက်လာကြပြီး "ယားဟူး"ဟုအော်ကာ ထွက်ပြေးရန်ကြိုးစားနေသော အခြားအမျိုးသားများအားလုံးကို မြေပြင်ပေါ်သို့ ကန်ချလိုက်ကြတော့၏။

ဦးဆောင်နေသော အသက်ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ခန့် မိန်းကလေးက သူမပခုံးပေါ်တွင် ဓားမကြီးတစ်လက်ကိုထမ်းထားသည်။

အမျိုးသား၏ခေါင်းကို ခြေထောက်ဖြင့်နင်းထားလျက် သူမပြောလိုက်၏။

"ပြေးမလို့လား၊ နင် ပြေးလို့ရရင်တောင် ပုန်းလို့မရဘူးလေ၊ ငါ့ရှေ့မှာတင် ပိုက်ဆံခိုးရဲတယ်ပေါ့လေ၊ နင်ကတော့ အသက်ရှင်ရတာ ငြီးငွေ့နေပြီပဲ"

ထိုသို့ပြောပြီးနောက် သူမလွယ်ထားသော အိတ်ထဲမှကြိုးခွေများကို ဆွဲထုတ်လိုက်ပြီး ကလေးတစ်စုကို ပြောလိုက်သည်။

"သူတို့ကိုကြိုးတုပ်ပြီး ကန်စွန်းဥစိုက်ဖို့ ရွာကိုပြန်ခေါ်သွားကြ"

ကလေးများက ချက်ချင်းပင် လူများကို ကျွမ်းကျင်စွာ ကြိုးတုပ်တော့၏။

ရှောင်ကျိုးက ဓားမကြီးများကို အားကျသည့်မျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။

'ဒီလိုမှပေါ့၊ ငါလည်း အဲ့ဒီလိုလုပ်မယ်၊ နောက်တစ်ခါ ငါလူရိုက်ရင် သူတို့ကို ငါ့ပခုံးပေါ်ထမ်းတင်လိုက်မယ်၊ ဘယ်လောက်တောင် ဩဇာကြီးလိုက်မလဲ'

ကလေးများအားလုံးက ဓားမကြီးကိုသာ အာရုံစိုက်နေကြပြီး ကောင်လေးကို ရိုက်နေခဲ့သော ကလေးများကိုတော့ လုံးဝသတိမထားမိကြချေ။

အဘွားရွှီတစ်ယောက်သာ မေးရိုးများ မြေကြီးပေါ် ပြုတ်ကျမတတ်ဖြစ်သွားရ၏။

သူမ မသေချာမရေရာစွာဖြင့်ခေါ်လိုက်သည်။

"ရှင်း... ရှင်းအာလား"

ရှင်းအာက သူမနာမည်အား ခေါ်သံကြားသောအခါ ဓားမကြီးကို ထမ်းထားလျက် အနောက်သို့လှည့်ကြည့်လိုက်၏။

ကျစ်ဆံမြီးနှစ်ဖက်နှင့် ရွာသူကြီးလေးကိုမြင်သောအခါ သူမက ဓားမကြီးကို မြေကြီးပေါ်သို့ ချက်ချင်းစိုက်ချလိုက်ပြီး ရွာသူကြီးလေးထံသို့ ပြေးသွားတော့သည်။

"ရွာသူကြီးလေး ရွာသူကြီးလေး၊ ကျွန်မက ရွာသူကြီးလေးကို အရမ်းလွမ်းနေတာ ဝူးးးးးးး ဘာလို့ ဒီလောက်တောင် ကြာမှပြန်လာရတာလဲ"

ရှောင်ကျိုးမှာ သေသေချာချာသတိမကပ်နိုင်သေးခင်မှာပင် ရှင်းအာက သူမကိုပွေ့ချီကာ အကြိမ်ပေါင်းများစွာ လှည့်လိုက်တော့၏။

သူမနှင့်အတူ အဘွားရွှီနှင့် သူမအဖွဲ့မှာလည်း အငိုက်မိသွားကြသည်။

သူတို့ မှတ်မိသလောက်ဆိုလျှင်တော့

'ရှင်းအာက ငိုတတ်ပြီး တော်တော်လေးလည်း ကြောက်တတ်တယ်မလား'

'သူမက နူးနူးညံ့ညံ့အသံလေးနဲ့ စကားပြောတတ်ပြီး တခြားသူတွေအသံကျယ်ကျယ်နဲ့ပြောရင်တောင် အလွယ်တကူ လန့်သွားတတ်တာလေ'

'ဒါ ခုနလေးတင် ဓားမကြီးကိုထမ်းပြီး စကားကြမ်းကြမ်းတွေပြောနေတဲ့ ကောင်မလေးနဲ့ လားလားမှမသက်ဆိုင်ပါဘူး'

'ဘာတွေဖြစ်သွားတာလဲ'

ရှောင်ကျိုးက ဓားမကြီးကို လက်ညှိုးထိုးပြကာ ရှင်းအာကိုမေးလိုက်၏။

"နင် ဒီမှာဘာလုပ်နေတာလဲ"

'ငါ မှတ်မိသလောက်ဆို ဒီနေရာက ထောင်ယွမ်ရွာနဲ့ တော်တော်လေးဝေးတယ်လေ'

"ပြီးတော့ သူတို့က ဘယ်သူတွေလဲ၊ သူတို့က ဘာလို့ နင့်နောက်ကိုလိုက်နေကြတာလဲ"

'ငါ အမြင်မမှားဘူးဆိုရင် သူတို့ထဲက အများစုက တခြားရွာက ကလေးတွေပဲ'

ရှင်းအာ ပြန်ဖြေလိုက်၏။

"ရွာသူကြီးလေး မသိလို့၊ ကျွန်မတို့ရွာမှာ မကြာသေးခင်က အပင်တွေ အများကြီးစိုက်ထားတော့ လူအင်အားမလောက်ဖြစ်နေတယ်လေ၊ အဲ့ဒါကြောင့် ကျွန်မက သူတို့ကိုခေါ်ပြီး လူဆိုးတွေကို လိုက်ရှာနေတာ၊ သူတို့ကိုဖမ်းပြီး လယ်ထဲမှာ အလုပ်လုပ်ဖို့ ရွာကိုခေါ်သွားမလို့၊ သူတို့တွေ ပြုပြင်ပြီးသွားရင်တော့ သူတို့ကိုလွှတ်ပေးပြီး အိမ်ပြန်ခိုင်းလိုက်မယ်လေ၊ ဒါက ရွာသူကြီးလေး သင်ပေးထားခဲ့တာမလား"

ရှောင်ကျိုးခမျာ ဇဝေဇဝါဖြစ်သွားတော့သည်။

‘သူမ ဘယ်တုန်းကများ ဒါကိုသင်ပေးခဲ့ဖူးလို့လဲ’

ရွာသားများ : ‘ရွာသူကြီးလေးရဲ့ လှုပ်ရှားမှုတိုင်းကို အားလုံးက စိတ်ထဲမှာ မှတ်ထားကြပြီး သူတို့သင်ခဲ့ရတာတွေကို အခြားအခြေအနေတွေမှာ ဘယ်လိုအသုံးချရမလဲဆိုတာကိုတောင် သင်ပြီးသွားကြပြီလေ’

All Chapters