← Chapters

အခန်း ၁၇၁

Vol. 18 Ch. 171

အခန်း ၁၇၁

Vol. 18 Ch. 171

171

ကျောက်ဟူနှင့် သူ့သူငယ်ချင်းများက ဩဇာအပြည့်ဖြင့်ရပ်နေသော ရှင်းအာကို မြင်လိုက်ရသောအခါ အန္တရာယ်တစ်ခု ကျရောက်လာတော့မည်ကို ချက်ချင်းခံစားလိုက်ရ၏။

ရှင်းအာတစ်ယောက် သူတို့တွေ ရွာတွင်မရှိခိုက် အခွင့်ကောင်းယူကာ သိုင်းပညာများကို ကြိုးကြိုးစားစား လေ့ကျင့်နေခဲ့ခြင်းဖြစ်ရမည်။

အထူးသဖြင့် ကျောက်ဟူက ကလေးများကြား သိုင်းပြိုင်ပွဲများတွင် အမြဲတမ်း နံပါတ်တစ်ဖြစ်ခဲ့သူ ဖြစ်သည်။

သို့သော် မြို့တော်သို့သွားပြီးကတည်းက သူပျင်းလာခဲ့ပုံရ၏။

'သူ့ရဲ့ နံပါတ်တစ်နေရာကို တခြားတစ်ယောက်ယောက်ကများ လုသွားတော့မှာလား'

သူ ထင်ထားသည့်အတိုင်းပင်ဖြစ်လာတော့၏။

ရှင်းအာ သူ့ကို မြင်မြင်ချင်း ပထမဆုံး လုပ်ခဲ့သည့်အရာက သူ့ကိုစိန်ခေါ်လိုက်ခြင်းပင်။

"ကျောက်ဟူ ငါ နင့်ကို စိန်ခေါ်တယ်၊ ငါ နင့်ကို စိန်ခေါ်ချင်တယ်"

သိုင်းပညာများကို ကြိုးကြိုးစားစား လေ့ကျင့်နေသော ရှင်းအာမှာ ထောင်ယွမ်ရွာတွင် ရွာသူကြီးလေးမှလွဲ၍ အစွမ်းအထက်ဆုံး ကလေးတစ်ယောက်ဖြစ်လာရန် ကံကြမ္မာက ဖန်တီးပေးထားပြီဖြစ်သည်။

ယခုမှစ၍ သူမက ရွာသူကြီးလေး၏ အစွမ်းအထက်ဆုံး စစ်သည်တော်တစ်ဦး ဖြစ်လာတော့မည်။

ရွာသူကြီးလေး လက်ညှိုးထိုးပြသည့် မည်သည့်နေရာကိုမဆို သူမဝင်ချမည်သာဖြစ်၏။

ဤပန်းတိုင်ကို ရရန်အတွက် ရှင်းအာတစ်ယောက် နေ့စဉ်နေ့တိုင်း သိုင်းပညာ လေ့ကျင့်ခြင်း သို့မဟုတ် သိုင်းပညာ လေ့ကျင့်ရန် သွားရာလမ်းတွင်သာ အချိန်ကုန်ဆုံးနေတော့သည်။

အထူးသဖြင့် ယခုအခါတွင် သူတို့က နေ့စဉ်နှင့်အမျှ ရွာပြင်ထွက်ကာ လူဆိုးများကို ဖမ်းဆီးပြီး သူတို့နှင့်တိုက်ခိုက်နေကြရာ သူတို့တိုက်ခိုက်ရေး အတွေ့အကြုံများက ကြောက်ခမန်းလိလိ အားကောင်းနေပြီဖြစ်သည်။

အလွန်အမင်း တိုက်ခိုက်ချင်နေသဖြင့် လက်နှစ်ဖက်ကို ပွတ်နေသော ရှင်းအာကိုကြည့်ရင်း ကျောက်ဟူခမျာ တံတွေးများကို ခက်ခက်ခဲခဲမျိုချလိုက်ရ၏။

'ငါ ထွက်ပြေးချင်စိတ်တောင်ပေါက်လာပြီ'

သူ အမြန်ငြင်းချလိုက်သည်။

"မဖြစ်ဘူး၊ ငါ ခရီးကနေ အခုလေးတင် ပြန်ရောက်တာဆိုတော့ အားတွေ အပြည့်အဝ မရှိသေးဘူး၊ ဒါ မတရားဘူးလေ"

သိုင်းလေ့ကျင့်ရန် ပျက်ကွက်ခဲ့သော ကျောက်ဟူကမူ ယခုအခါတွင် အလွန်အမင်း စိတ်လှုပ်ရှားနေတော့၏။

သူက ဘယ်ညာကိုသာ လိုက်ကြည့်နေပြီး ရှင်းအာကိုတော့ လုံးဝမကြည့်ရဲခဲ့ချေ။

သို့သော် ရှင်းအာက သူ့အလိုလိုက်မည် မဟုတ်ပေ။ သူမက မြေကြီးထဲမှ ဓားမကြီးကို ဆွဲနှုတ်လိုက်၏။ သူမက ကျောက်ဟူကို ပြောလိုက်သည်။

"မပြိုင်ချင်ဘူးလား၊ ငါ့ရဲ့ဓားကို သဘောတူလား အရင်မေးကြည့်လိုက်လေ၊ နင့်ကို အနားယူဖို့ နှစ်ရက်အချိန်ပေးမယ်၊ ပြီးရင်တော့ ငါတို့ အဆုံးအဖြတ် ခံယူကြမယ်"

ကျောက်ဟူတစ်ယောက် အချိန်ဆွဲချင်နေပြီး နောက်ဆုံးမိနစ်အထိ အချိန်ဆွဲကာ သိုင်းပညာများကို ပိုလေ့ကျင့်နိုင်ရန်အတွက် ဆယ်ရက် သို့မဟုတ် လဝက်ခန့် ရွှေ့ဆိုင်းနိုင်မည်ဟုတွေးထားခဲ့၏။

သို့သော် ရှင်းအာက ကျောက်ဟူ၏ရည်ရွယ်ချက်များကို ရိပ်မိသွားပြီဖြစ်ရာ အေးစက်စက် နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။

"နင် ကြောက်နေတာလား၊ နင် ငါ့ကို မနိုင်ဘူးဆိုတာ သိနေတယ်မလား"

ကျောက်ဟူမှာ သူရဲဘောကြောင်သူဟု အခေါ်ခံရခြင်းကို လုံးဝသည်းမခံနိုင်ချေ။ သူက ဘယ်လိုလုပ်ပြီး သူရဲဘောကြောင်တဲ့သူ ဖြစ်နိုင်မှာလဲ။

၎င်းက သိုင်းပြိုင်ပွဲတစ်ခုသာဖြစ်ပြီး သူသည်သာ အကောင်းဆုံးဖြစ်ကြောင်း သေချာနေသည်။ သူ ချက်ချင်းပင် ပြန်ချေပလိုက်၏။

"ပြိုင်ကြတာပေါ့၊ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ"

သူတို့နှစ်ယောက်စလုံး စိတ်အားထက်သန်နေကြတော့သည်။

ကလေးတစ်သိုက်က ဒဏ္ဍာရီလာ ရွာသူကြီးလေးကိုမြင်သောအခါ သူမထံသို့ ပြေးလာကြ၏။

ကလေးများက "ရွာသူကြီးလေး"ဟု အဆက်မပြတ် အော်နေကြတော့သည်။

ရှင်းအာနှင့် ငြင်းခုံနေသော ကျောက်ဟူက အန္တရာယ်အချက်ပေးသံကို ချက်ချင်းကြားလိုက်ရ၏။

"မင်းတို့က ဘယ်သူ့ကို ရွာသူကြီးလို့ ခေါ်နေကြတာလဲ၊ ဒါက ထောင်ယွမ်ရွာရဲ့ရွာသူကြီးလေး၊ သူမကို အဲ့ဒီလိုမခေါ်ကြနဲ့"

အားသို့နှင့် တခြားသူများကလည်း ရွာသူကြီးလေးကို လုရန် အရှေ့သို့ပြေးထွက်လာကြတော့သည်။

"ဟုတ်တယ် ရွှမ်းကျစ်၊ မင်းက ဘယ်သူ့ကို ရွာသူကြီးလို့ခေါ်နေတာလဲ၊ မင်းက ရှဟယ်ရွာကလေ၊ မင်းတို့ရွာသူကြီးက မင်းအဘိုးပဲဟာ၊ ဘယ်သူ့ကိုလာပြီး ရွာသူကြီးလို့ ခေါ်နေတာလဲ"

"ဟုတ်တယ် ဟုတ်တယ်၊ ဟေးဝါ မင်းက ရှင်းဟွာရွာကလေ၊ ငါတို့ရဲ့ ရွာသူကြီးလေးကို အဲ့လိုခေါ်ခွင့်မရှိဘူး"

"ဟုတ်တယ် ဟုတ်တယ်၊ မင်းတို့ ရွာသူကြီးလိုချင်ရင် ကိုယ့်ရွာသူကြီးကို ကိုယ်သွားရှာကြ၊ ဒီမှာလာပြီး လျှောက်မအော်နဲ့"

"......"

သို့သော် ကလေးများကမူ လုံးဝဂရုမစိုက်ကြချေ။

သူတို့က "ရွာသူကြီးလေး"ဟုသာ ဆက်ခေါ်နေကြ၏။

"ငါတို့ကို ခေါ်ခွင့်မရှိဘူးလို့ ဘယ်သူပြောလဲ၊ အခု ငါတို့အားလုံးက ထောင်ယွမ်ရွာက ရွာသားတွေဖြစ်သွားပြီလေ၊ အခုကစပြီး မင်းတို့ရဲ့ရွာသူကြီးလေးက ငါတို့ရဲ့ရွာသူကြီးလေးပဲ၊ မင်းတို့တောင် ခေါ်လို့ရရင် ငါတို့က ဘာလို့ခေါ်လို့မရမှာလဲ"

"ဟုတ်တယ် ဟုတ်တယ်၊ ရွာသူကြီးလေး ရွာသူကြီးလေး၊ ကျွန်တော်တို့ကလည်း အခုရွာသူကြီးလေးရဲ့ ရွာသားတွေ ဖြစ်နေပြီ"

"ရွာသူကြီးလေး အခုကစပြီး ကျွန်တော်တို့အားလုံး ရွာသူကြီးလေးလို့ပဲခေါ်တော့မယ်၊ ရွာသူကြီးလေးက ကျွန်တော်တို့အားလုံးရဲ့ ရွာသူကြီးလေးပဲ"

ရှောင်ကျိုးက အဓိကစကားလုံးများကို ဖမ်းဆုပ်မိလိုက်သည်။

"နင်တို့အားလုံးက ငါ့ရဲ့ရွာသားတွေ ဟုတ်လား၊ ဘာတွေဖြစ်ကုန်တာလဲ"

ကလေးများက ရှင်းရှင်းလင်းလင်းသိစေရန် တစာစာပြောနေကြသော်ငြား အသံများ ဆူညံလွန်းနေသောကြောင့် ဖြစ်မည်။ ရှောင်ကျိုးခမျာ စကားတစ်ခွန်းကိုမျှ နားမလည်တော့ဘဲ ပို၍ပို၍သာ ဇဝေဇဝါဖြစ်လာတော့၏။

နောက်ဆုံးတွင် ရှောင်ကျိုးက ကိုယ့်ရွာမှ ရှင်းအာကိုသာ ကိုယ်စားလှယ်အဖြစ် ရွေးချယ်လိုက်တော့သည်။

ရှင်းအာကတော့ အံ့မခန်းပင်။ ကလေးအများအပြား စာကြောင်းဆယ်ကြောင်းကျော်လောက် ရှင်းအောင်မပြောနိုင်ခဲ့သည့်အရာကို သူမက စာကြောင်းတစ်ကြောင်းတည်းဖြင့် အကျဉ်းချုပ် ပြောပြနိုင်၏။

"တခြားရွာက ရွာသားတွေက ရွာသူကြီးလေးနောက်ကိုလိုက်ရင် ပိုပြီး မျှော်လင့်ချက်ရှိတယ်လို့ ခံစားရလို့ ကျွန်မတို့ရွာနဲ့ ပေါင်းလိုက်ကြတာလေ"

ရှင်းအာပြောသည့်အတိုင်း ရှောင်ကျိုးတစ်ယောက် ချက်ချင်းပင်နားလည်သွားတော့သည်။

သို့သော် သူမက အသေးစိတ်ကိုသိချင်နေသေးရာ နားထောင်ရုံဖြင့်မကျေနပ်နိုင်ခဲ့ချေ။

အဘွားရွှီကလည်း အသေးစိတ် အကြောင်းအရာများကို သိချင်နေသဖြင့် ရှင်းအာကို အလျင်အမြန်ပြောလိုက်သည်။

"အသေးစိတ်လေး ထပ်ပြောပြပါဦး"

ရွာသူကြီးလေး မြို့တော်သို့ရောက်နေစဉ် ရွာတွင် တစ်ခုခုတော့ သေချာပေါက် ဖြစ်ပျက်ခဲ့မည်ဟု အဘွားရွှီ ခံစားမိသည်။ သို့မဟုတ်ပါက အခြားရွာများအားလုံး ထောင်ယွမ်ရွာထဲသို့ အဘယ်ကြောင့်ပေါင်းသွားရမည်နည်း။ ရှင်းအာက ဇဝေဇဝါဖြင့် ပြန်ဖြေလိုက်၏။

"ကျွန်မ ပြောလို့ပြီးသွားပြီလေ"

အကြောင်းနှင့် အကျိုးကို ရှင်းသွားစေရန် လုံလောက်သော အသေးစိတ် အချက်အလက်များဖြင့် ရှင်းပြပြီးပြီဟု ရှင်းအာ ခံစားနေရရာ နောက်ထပ် ဘာများ ပြောစရာရှိဦးမည်နည်း။

အဘွားရွှီခမျာ နေကြာစေ့အချို့ကို ထုတ်လိုက်ရုံသာရှိသေးပြီး စမစားရသေးခင်မှာပင် ပြီးသွားပြီဟုပြောခံလိုက်ရ၏။

အတင်းပြောရသည်ကို နှစ်သက်သော သူမအတွက် ဤသည်က လုံးဝကို ဒေါသထွက်စရာပင်။

‘ဘယ်သူက ဖရဲသီးကို ဒီလိုစားလို့လဲ၊ နင်က ဖရဲသီးအစိတ်လေး တစ်ခုကိုပဲ ကျွေးနေတာလေ၊ ဘာလို့ ဖရဲသီး တစ်လုံးလုံးကိုခွဲပြီး အကုန်လုံးကို မကျွေးတာလဲ’

ကလေးအနည်းငယ်မှာလည်း အဘွားရွှီနည်းတူ ခံစားနေကြရ၏။

ရှောင်ကျိုးတစ်ယောက် ရှင်းအာဗိုက်ထဲသို့ဝင်ကာ ထိုဖရဲသီးနှင့် ပတ်သက်ပြီး ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို ဝင်ကြည့်ချင်စိတ်ပင် တဖွားဖွားပေါက်နေပြီပင်။

အတင်းအဖျင်းတွေ၊ အတင်းအဖျင်းတွေ။

ဘာအတင်းအဖျင်းမှမရှိဘဲ စာကြောင်း တစ်ကြောင်းတည်းသာဖြစ်နေခဲ့သည်။

ရှောင်ကျိုးမှာ ရှင်းအာအငိုက်မိနေစဉ် တိတ်တဆိတ် ကန်လိုက်တော့၏။

သူမခမျာ ဒေါသထွက်လွန်း၍သေလုမတတ်ပင်။

အကန်ခံလိုက်ရသော ရှင်းအာမှာ ရွာသူကြီးလေး၏ညစ်ပတ်နေသော ဖိနပ်များကိုကြည့်၍ ပြောလိုက်သည်။

"ရွာသူကြီးလေး၊ ကျွန်မအမေက ရွာသူကြီးလေးအတွက် အဝတ်အစားတွေ ဖိနပ်တွေ အများကြီးချုပ်ပေးထားတယ်၊ ရွာပြန်ရောက်ရင် လဲဝတ်ဖို့ ကျွန်မ ကူညီပေးမယ်နော်"

တိတ်တဆိတ် အမှားလုပ်ထားမိသော ရှောင်ကျိုးမှာ အနည်းငယ်အပြစ်ရှိသလို ခံစားနေရ၏။

သူမက ထောင်ယွမ်ရွာသို့ အမြန်သွားကြရန် လူတိုင်းကို ချက်ချင်းညွှန်ကြားလိုက်တော့သည်။

လမ်းတွင် ရှင်းအာက ဟိုဘက်ရှိ ကိုယ်ရံတော်များအဖွဲ့ကို စပ်စုချင်စိတ်ဖြင့် ကြည့်လိုက်ပြီးနောက် ဓားမကြီးကိုထမ်းကာ ပြေးသွားပြီးမေးလိုက်၏။

"ရှင်တို့က ရွာသူကြီးလေးကို ကာကွယ်ဖို့ ရောက်လာတာလား၊ ရှင်တို့က တအားစွမ်းတာလား"

ကိုယ်ရံတော်များကို မေးလိုက်သောအခါ ဤသို့ပြန်ဖြေလာကြသည်။

"ငါတို့ရဲ့တာဝန်က မင်းသမီးလေးကို ကာကွယ်ပေးဖို့ပဲ"

မည်မျှအစွမ်းထက်သနည်းဆိုသည်ကိုတော့ ကိုယ်ရံတော်များက ပြန်လည်ဖြေကြားခြင်းမရှိခဲ့ချေ။

မည်သို့ပင်ဖြစ်စေ ကိုယ့်ကိုကိုယ် အစွမ်းထက်လှပါသည်ဟု ထုတ်ကြွားနေလောက်အောင် ဘယ်သူကများ ကိုယ့်ကိုကိုယ် အထင်ကြီးနေမည်နည်း။

ထို့ကြောင့် သူတို့က အဆိုပါမေးခွန်းကို လျစ်လျူရှုရန်သာ ရွေးချယ်လိုက်ကြ၏။

သူတို့ မေးခွန်းမဖြေသည်ကို မြင်သောအခါ ရှင်းအာမှ ဆက်ပြောလာသည်။

"ရှင်တို့ကို ပြောပြရဦးမယ်၊ ကျွန်မကလည်း ရွာသူကြီးလေးကို ကာကွယ်ပေးတာ၊ ပြီးတော့ ကျွန်မက တအားစွမ်းတာနော်၊ ကျွန်မက ရွာသူကြီးလေးအနားမှာ အစွမ်းအထက်ဆုံးလူပဲ"

ကိုယ်ရံတော်များ : 'ဒီလိုမျိုး ကိုယ့်ကိုကိုယ် အထင်ကြီးနေတဲ့လူတွေလည်း တကယ်ရှိတာပဲကိုး'

ရှင်းအာက သူတို့၏သပ်ရပ်လှသော တန်းစီပုံကိုမြင်သောအခါ ချက်ချင်း လှမ်းခေါ်လိုက်တော့၏။

ရှင်းအာနောက်မှ လိုက်လာကြသော ကလေးတစ်စုက ချက်ချင်းပင် ကိုယ်ရံတော်များကဲ့သို့ တန်းစီလိုက်ကြပြီး ရှင်းအာနောက်မှ လိုက်ပါလာကြသည်။

ကိုယ်ရံတော်များအဖွဲ့နှင့် ဩဇာအရှိန်အဝါချင်း ယှဉ်နေသကဲ့သို့ပင်။

ရှောင်ကျိုးက ဤမြင်ကွင်းကို စပ်စုချင်စိတ်ဖြင့်ကြည့်နေပြီးနောက် မေးလိုက်၏။

"သူတို့အားလုံးက ဘာလို့ နင့်စကားကို နားထောင်နေကြတာလဲ"

ရှင်းအာက လက်သီးကိုဆုပ်ပြကာ ပြောလိုက်သည်။

"ရွာသူကြီးလေး၊ သူတို့ စကားနားမထောင်ရင် ထိုးပစ်လိုက်လို့ပြောခဲ့တယ်လေ၊ သူတို့ ကျွန်မစကားကို နားထောင်လာအောင်လို့ ကျွန်မ သူတို့ကို အကြိမ်ကြိမ် ရိုက်နှက်ဆုံးမခဲ့တာ"

ရှင်းအာတစ်ယောက် စကားပြောပြီးသွားသောအခါ 'ရွာသူကြီးလေး၊ ကျွန်မ သင်တာ တော်တယ်မလား' ဟုပြောချင်နေသည့်အလား ရှောင်ကျိုးကို မျှော်လင့်တကြီး မျက်နှာထားဖြင့် ကြည့်နေတော့၏။

ရှောင်ကျိုး ကျေနပ်အားရစွာဖြင့် လက်မထောင်ပြပြီး ချီးကျူးလိုက်သည်။

"အရမ်းကောင်းတယ်၊ တော်တယ်၊ တာဝန်ကျေတယ်"

ရွာသူကြီးလေး၏သဘောတူလက်ခံမှုကိုရသွားသော ရှင်းအာက အလွန်အမင်း ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းကို ချက်ချင်းမော့လိုက်ပြီး ကျောက်ဟူကိုပင် ရန်စသည့်အကြည့်ဖြင့် ကြည့်လိုက်သေး၏။

ကျောက်ဟူ : "စောင့်ကြည့်နေလိုက်၊ ရွာပြန်ရောက်တာနဲ့ သိုင်းကို သေသေချာချာ လေ့ကျင့်ပြီး မင်း ဘယ်လောက်တောင် မောက်မာနိုင်ဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ရှောင်ကျိုးက ရှင်းအာလက်ထဲမှ ဓားမကြီးကို အားကျသည့်မျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။

မည်သို့ပင်ဖြစ်စေ သူမကိုယ်သူမ ရွာသူကြီးတစ်ယောက်အဖြစ် သတ်မှတ်ထားသော ရှောင်ကျိုးမှာ ကလေးဆန်ဆန်ပြုမူခြင်းသည် မကောင်းဟု ယုံကြည်ထား၏။

ထို့ကြောင့် သူမ ခဏတဖြုတ်တွေးပြီးနောက် မေးလိုက်သည်။

"ရှင်းအာ နင် ဒီဓားမကြီးကို ဘယ်ကနေရလာတာလဲ"

ရှင်းအာ သူမ၏ဓားမကြီးကို ငုံ့ကြည့်ပြီး ပြောလိုက်၏။

"ပြီးခဲ့တဲ့တစ်ခေါက် သံလက်သီးစခန်းက လူတစ်ယောက် ရိုင်းရိုင်းစိုင်းစိုင်း လုပ်လို့ ကျွန်မ သူ့ဆီကနေ ဓားမကြီးကို လုယူလာခဲ့တာ"

ရှောင်ကျိုး ချက်ချင်းပင် စိတ်ဝင်စားသွားတော့သည်။

"သံလက်သီးစခန်း ဟုတ်လား"

ရှောင်ကျိုးမှာ ထိုအမည်ကို အလွန်အမင်း စိတ်ဝင်စားနေခဲ့၏။

'အဲ့ဒီရွာက လူတွေအားလုံးက သံလက်သီးတွေနဲ့များ ဖွဲ့စည်းထားတာလား'

ရှောင်ကျိုး ဆက်မေးလိုက်သည်။

"အဲ့ဒီမှာ ဓားမကြီးတွေ အများကြီးရှိလား"

ရှင်းအာ ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်တယ်၊ အဲ့ဒီမှာ ဓားမကြီးတွေ အများကြီးရှိတယ်လို့ ကျွန်မကြားထားတယ်၊ ဒါပေမဲ့ အဲ့ဒီကလူတွေက တအားတော်တယ်လို့လည်း ကြားထားတယ်၊ ကျွန်မရဲ့သိုင်းပညာတွေ ပိုပြီးတိုးတက်လာတဲ့အခါကျရင် နောက်ထပ် ဓားအလက်နည်းနည်းလောက် သွားလုဦးမယ်”

All Chapters