အခန်း ၁၇၂
Vol. 18 Ch. 172
172
ပြီးခဲ့သည့်တစ်ခေါက်က သူမ တွေ့ခဲ့ရသောသူကို ရှင်းအာ မှတ်မိနေသေးသည်။ သူမနောက်လိုက်များသာမရှိခဲ့လျှင် သူမကို သေချာပေါက်အနိုင်ရခဲ့မည် မဟုတ်ပေ။
ရှောင်ကျိုးမျက်လုံးများက တစ်စထက်တစ်စ အရောင်တောက်လာတော့၏။
ဓားမကြီးတစ်လက် လိုချင်နေသော ရှောင်ကျိုးက ချက်ချင်းပင် လက်ယမ်းပြကာ ပြောလိုက်သည်။
"သွားမယ်၊ သံလက်သီးစခန်းကို သွားကြမယ်"
သူမ၏ရွာသူကြီးလေး လှုပ်ရှားတော့မည်ကို မြင်သောအခါ ရှင်းအာ၏ ယုံကြည်မှုများက ချက်ချင်းတက်လာတော့၏။ သူမ အမြန်ပြောလိုက်သည်။
"အဲ့ဒီနေရာကို ကျွန်မသိတယ်၊ ကျွန်မ လမ်းပြပေးမယ်"
ထို့ကြောင့် လူတိုင်းက ရှင်းအာနောက်မှလိုက်ကာ သံလက်သီးစခန်းဘက်သို့ ထွက်လာခဲ့ကြတော့သည်။
သိပ်မကြာခင်မှာပင် အဖွဲ့က တောင်ခြေသို့ ရောက်လာကြ၏။
ရှင်းအာက တောင်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"သူတို့က ဒီတောင်ပေါ်မှာနေကြတာ၊ ဒါပေမဲ့ ဘယ်နားမှာနေလဲတော့ သေသေချာချာ မသိဘူး၊ ပြီးခဲ့တဲ့တစ်ခေါက် သူတို့နောက်လိုက်သွားတုန်းက ဒီအထိပဲလိုက်ရဲတာ၊ ပြီးတော့ ရှေ့ဆက် မလိုက်ရဲတော့ဘူး"
ရှောင်ကျိုးက တောင်ပေါ်သို့မော့ကြည့်လိုက်ပြီး သူမ၏ထင်ပေါ်လွန်းသော ဧရာမအဖွဲ့ကြီးကို ပြန်ကြည့်လိုက်၏။
ထို့ကြောင့် ရှောင်ကျိုးက ကျောက်တာ့လန်ကို မင်းသမီးစံအိမ်မှလူများ၊ ကိုယ်ရံတော်များနှင့်အတူ တောင်ခြေတွင်စောင့်နေရန် ညွှန်ကြားလိုက်တော့သည်။
သူမက အလုပ်ကိစ္စကိုပြီးပြတ်အောင် လုပ်ရမည်။
ရှောင်ကျိုးနှင့် သူမအဖွဲ့က လက်တွေ့လုပ်ဆောင်ရန် ဝန်မလေးသူများသာ ဖြစ်ကြ၏။
ယနေ့ သံလက်သီးစခန်းကို ဓားပြသွားတိုက်မည်ဟု ပြောပြီးမှတော့ ကောင်းကင်ကြီး ပြိုကျလာလျှတောင် ယနေ့ ပြီးအောင် လုပ်မည်သာ ဖြစ်သည်။
နောက်တစ်နေ့ကိုတောင် အကူးခံမည် မဟုတ်ပေ။
ထို့ကြောင့် ရှောင်ကျိုးက အဖွဲ့ထဲရှိ သန်သန်မာမာနှင့် အစွမ်းထက်ပုံရသော လူများအားလုံးကို အနောက်တွင်ချန်ထားခဲ့တော့၏။
သူမနှင့်အတူ ကလေးတစ်စု၊ မလိုက်ရမနေနိုင်လိုက်လာသော အိမ်တော်ထိန်း၊ ကြင်ယာတော်ရှုနှင့် အဘွားရွှီတို့သာ ပါလာခဲ့သည်။
ရှောင်ကျိုးက အဖွဲ့၏အရွယ်အစားကို စစ်ကြည့်လိုက်ရာ ကွက်တိဖြစ်နေသည်ကိုတွေ့လိုက်ရသဖြင့် တောင်ပေါ်သို့ တိတ်တဆိတ်တက်လာခဲ့ကြတော့သည်။
ရှောင်ကျိုးက သူမစိတ်စွမ်းအင်ကို အသုံးပြု၍ နေရာရှာလိုက်ပြီး ယေဘုယျဦးတည်ချက်ကို အတည်ပြုလိုက်သည်။
ထို့နောက် စခန်းနှင့် မလှမ်းမကမ်းနေရာတွင် ကလေးအချို့စုရုံးကာ နောက်ထပ် ဘာဆက်လုပ်မည်ကို စတင်ဆွေးနွေးကြတော့သည်။
ကလေးများအားလုံးက သူတို့အကြံများကို ချက်ချင်းလက်တွေ့အကောင်အထည်ဖော်တတ်ကြသည်။
ဘာဆက်လုပ်မလဲ။
ဆောရီးပဲ။ ကလေးတွေက အဲ့ဒီလောက်အထိ အဝေးကြီးကြိုမတွေးထားကြဘူးလေ။
အခြားသူများက ခြေတစ်လှမ်းမလှမ်းမီ ဆယ်လှမ်းကြိုစီစဉ်ကြသည်။
ဤကလေးများကတော့ တွေးနေဆဲဖြစ်သော်ငြား သူတို့ခန္ဓာကိုယ်များကမူ လှုပ်ရှားနေနှင့်ပြီဖြစ်၏။
အားသို့ : "ငါတို့ ခဏနေရင် ဘာပြောကြမလဲ"
ကျောက်ဟူ : "ငါတို့ ဩဇာပိုရှိပုံပေါက်အောင် အော်ကြမလား"
ထျဲနျို : "ငါကတော့ ဒီအတိုင်း ဝင်လုတာကို ပိုသဘောကျတယ်"
ရှန်းကျစ်ယွမ် : "ငါတို့မလုခင် အရင်ဆုံး နှုတ်ဆက်လိုက်ရင်ရော ဘယ်လိုလဲ"
ရှီအန်း : "ငါတို့က ဓားမကြီးတွေကိုပဲ လုမှာလား"
ဖက်တီးလေး : "စခန်းထဲမှာ တန်ဖိုးရှိတဲ့ဟာ တစ်ခုခုတော့ရှိမှာပဲ"
စတုတ္ထမင်းသား : "ဒါဆို ငါတို့နည်းနည်းလေးပဲ ယူမယ်၊ ပိုမယူဘူး"
ကျန်းဟယ် : “ဂုန်နီအိတ်ယူ၊ တိုက်၊ တိုက်၊ တိုက်”
ရှီထုံ : "အကုန်လုမယ်၊ အကုန်လုမယ်"
ရှင်းအာ : "ငါတို့လူတွေ ထပ်စုဖို့လိုတယ်၊ စခန်းကို ရှင်းပစ်ရမယ်"
ရှောင်ကျိုး : "နင်တို့ပြောတဲ့အတိုင်း လုပ်မယ်၊ အခုပဲ စခန်းကို သွားလုကြမယ်"
ကလေးများက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး သူတို့ထဲရှိ တစ်ယောက်ယောက်များ စခန်းတစ်ခုလုံးကို ဓားပြတိုက်မည်ဟု ခုနကပြောလိုက်သေးလားဟု တွေးမိကြ၏။
မမှတ်မိတော့ဘူး။ ထားလိုက်ပါတော့။ ဆက်လည်း မတွေးတော့ဘူး။
ရွာသူကြီးလေးမှ ပြောလိုက်သည်။
"ဒါဆိုလည်း ဓားပြတိုက်ကြတာပေါ့"
ထို့ကြောင့် ဧရာမအဖွဲ့ကြီးက တောင်ပေါ်စခန်း၏ဝင်ပေါက်သို့ ခမ်းခမ်းနားနားနှင့် ပေါ်ပေါ်ထင်ထင်ပင် ရောက်လာကြတော့၏။
အဖွဲ့က ခုနလေးတင် တောင်ပေါ်သို့ တိတ်တဆိတ် တက်လာခဲ့ကြသည်ကို သူတို့ လုံးဝမေ့သွားကြပြီဖြစ်သည်။
ရှောင်ကျိုးနှင့် သူမအဖွဲ့လှုပ်ရှားမှုများကို ရွာသားများက သတိထားမိနှင့်နေပြီ ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ဤလူစုက မည်သည့်အရာကိုမျှ ဖုံးကွယ်ရန်မကြိုးစားကြချေ။ မသိလျှင် ဆွေမျိုးများထံ အလည်လာသည့်အလားပင်။
ထို့အပြင် ဤလူစုက အလွန်တရာမောက်မာကြသည်။ မြေယာများပြန်ဖော်ထုတ်ရန်နှင့် သူတို့စခန်းကိုပါ သိမ်းပိုက်ရန်အတွက် သူတို့ကို ဓားပြတိုက်မည်ဟု တောင်ပေါ်စခန်း၏တံခါးဝတွင် အသံကျယ်ကြီးဖြင့် ပူးပေါင်းကြံစည်နေကြ၏။
တောင်ပေါ်စခန်းကလူတွေ ဒါတွေကို သည်းခံနိုင်မှာတဲ့လား။
လုံးဝကို လက်ခံနိုင်စရာမရှိပေ။
စခန်းအတွင်းရှိ သန်သန်မာမာ အမျိုးသားများအားလုံး ထွက်လာကြတော့၏။
ဘယ်သူက သူတို့ကို လာရန်စရဲတာလဲဟု လူတိုင်းမြင်ချင်နေကြသည်။
ထို့နောက် စခန်းတံခါးဝရှိကလေးတစ်စုကို သူတို့တွေ့လိုက်ရ၏။
တုတ်ကောက်များကိုင်ထားသည့် အဘွားကြီးများနှင့် အဘိုးကြီးများလည်း ရှိနေသေးသည်။
အဘွားရွှီ : ‘ချီး၊ မျက်လုံးသေချာဖွင့်ကြည့်စမ်း၊ ငါက လေလိုမြန်အောင် လမ်းလျှောက်နိုင်တယ်၊ တုတ်ကောက် ဘာညာ မလိုဘူး၊ ဒီတုတ်က ငါ့ရဲ့လက်နက်ပဲ’
အမျိုးသမီးအနည်းငယ်မှာလည်း လက်ချင်းချိတ်ကာ တစ်ယောက်နှင့်တစ်ယောက် တီးတိုးစကားပြောနေကြသည်။
အကြောင်းစုံ မသိသောသူများအဖို့ တောင်ပေါ်သို့ ဈေးလာဝယ်သည်ဟုပင် ထင်သွားနိုင်၏။
ထို့နောက် ဘေးဘက်သို့ကြည့်လိုက်ပြန်သည်။
အင်း။ လေတိုက်လျှင်ပင် လဲကျသွားနိုင်လောက်အောင် ပိန်ချုံးနေသော တာအိုဆရာတစ်ယောက်လည်းရှိနေသည်။
အဖြူရောင်ဝတ်စုံဝတ်ထားပြီး လက်တစ်ဖက်တစ်ချက်စီတွင် ကလေးတစ်ယောက်စီ ပွေ့ချီထားသော အမျိုးသားတစ်ဦးလည်း ရှိနေသေး၏။
‘ဇနီးပျောက်သွားတဲ့သူနဲ့ တူလိုက်တာ’
အတိုချုပ်ပြောရလျှင် ဤအုပ်စုထဲတွင် ကျန်းမာသန်စွမ်းသော အမျိုးသားတစ်ဦးတစ်ယောက်မျှမပါချေ။
တောင်ပေါ်စခန်းမှ လူထွားကြီးတစ်ဦးက မေးလိုက်၏။
"မင်းတို့ ဒီမှာဘာလာလုပ်တာလဲ"
ကျောက်ဟူက ယုံကြည်ချက်အပြည့်ဖြင့် ကြေညာလိုက်သည်။
"ဓားပြလာတိုက်တာ"
ရှောင်ကျိုးက ကျောက်ဟူ၏ခြေသလုံးကို ချက်ချင်းကန်ပြီး ပြောလိုက်၏။
"ယဉ်ယဉ်ကျေးကျေး ပြောစမ်း"
ရှောင်ကျိုးက သံလက်သီးစခန်းမှလူများကို ယဉ်ယဉ်ကျေးကျေးဖြင့်ပြောလိုက်သည်။
"ငါတို့ နင်တို့ကို စိန်ခေါ်ပါတယ်"
တောင်ပေါ်စခန်းမှ လူများ : ......
‘သူတို့က သက်ကြီးရွယ်အိုတွေ၊ အားနည်းသူတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေလေ’
‘သူတို့ကို တိုက်ခိုက်ရမလား’
‘နိုင်ရင်တောင် မျက်နှာပျက်ရဦးမယ်’
‘ရှုံးရင်တောင်... ရှုံးဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး’
‘မဖြစ်ဘူး၊ မဖြစ်ဘူး’
တောင်ပေါ်စခန်းမှလူများက တစ်ဖက်ရှိ သက်ကြီးရွယ်အိုများ၊ အားနည်းသူများ၊ အမျိုးသမီးများနှင့် ကလေးများကို နောက်တစ်ကြိမ်ကြည့်လိုက်ကြပြန်၏။
ဤလူစုက သူတို့ကို စိန်ခေါ်ရန်လာခြင်းမဟုတ်ဘဲ သူတို့ပိုက်ဆံများကို လာရောက်တောင်းရမ်းနေခြင်းဖြစ်မည်ဟု သူတို့ သံသယဝင်သွားကြတော့သည်။
‘ဒီလူတွေက သူတို့ကလေးတွေကို မကျွေးမွေးနိုင်တော့လို့ သိုင်းပြိုင်ပွဲဆိုတဲ့ အကြောင်းပြချက်ကိုသုံးပြီး ငါတို့တောင်ပေါ်စခန်းမှာနေဖို့နဲ့ ထွက်မသွားဖို့များ လုပ်နေတာလား’
တောင်ပေါ်စခန်းမှလူများက ထိုကလေးများ သူတို့စခန်းဝင်ပေါက်တွင် တမင်တကာ အသံကျယ်ကြီးဖြင့် ပူးပေါင်းကြံစည်နေခဲ့ကြသည်ဟုပင် တွေးလိုက်ကြ၏။
ရည်ရွယ်ချက်က သူတို့ကို ရန်စရန်ပင်။
မည်သို့ပင်ဖြစ်စေ ထုံးစံအတိုင်း သံလက်သီးစခန်းကို ရန်,စသူတိုင်း ဓားပြတိုက်ခံရပြီး သူတို့စခန်းသို့ခေါ်သွားခံရလေ့ရှိသည်။
‘ဒီလူစုကို တောင်ပေါ်စခန်းထဲ ခေါ်သွင်းလိုက်ရင် ငါတို့ရဲ့စားစရိတ်တွေ မမျှော်လင့်ဘဲ တက်လာလိမ့်မယ်’
ဤသည်က ဆင်းရဲနွမ်းပါးနေပြီးသားစခန်းအတွက် အခြေအနေများကို ပို၍ပင်ဆိုးရွားသွားစေသည်။
သံလက်သီးစခန်းမှ ခေါင်းဆောင်ကြီးက ကလေးတစ်သိုက်ကိုကြည့်ကာ ပြောလိုက်၏။
"မင်းတို့ လာရာလမ်းကိုပြန်သွားကြ၊ ငါ့ရဲ့နေ့လယ်ခင်း တစ်ရေးအိပ်ချိန်ကို လာမနှောင့်ယှက်နဲ့၊ သက်ကြီးရွယ်အိုတွေ၊ အားနည်းသူတွေ၊ မိန်းမတွေ၊ ကလေးတွေကို ငါလက်မခံဘူး"
ရှောင်ကျိုးက တစ်ဖက်လူတွင် တိုက်ခိုက်လိုစိတ်မရှိသည်ကို တွေ့လိုက်ရသည်။
‘နည်းနည်း စိတ်ပူလာပြီ’
သူမ အဘွားရွှီကိုကြည့်လိုက်ပြီး သူတို့ကိုဆဲကာ အရင်စတိုက်ခိုက်လာစေရန် လှုံ့ဆော်သင့်ကြောင်း သို့မှသာ သူမက ပြန်တိုက်ခိုက်နိုင်မည်ဖြစ်ကြောင်း အချက်ပြလိုက်၏။
တိုက်ခိုက်ရန်အတွက် ခိုင်လုံသော အကြောင်းပြချက်ရှိရမည်ဟု သူမ၏အစ်မဝမ်းကွဲပြောခဲ့သည်ကို သူမ မှတ်မိနေသည်။ တစ်စုံတစ်ယောက်က ကိုယ့်ကိုရိုက်လျှင် ကိုယ်ကပြန်ရိုက်ခြင်းကို မိမိကိုယ်ကို ကာကွယ်ခြင်းဟုခေါ်သည်။
ထို့ကြောင့် ရှောင်ကျိုးက အဘွားရွှီထံ ပြေးသွားပြီးပြောလိုက်၏။
"အဘွားရွှီ သူတို့ကို သွားဆဲလိုက်၊ ဒါဆိုရင် သူတို့ သမီးတို့ကို တိုက်ချင်လာလိမ့်မယ်"
အဘွားရွှီက ရွာသူကြီးလေး၏အကြည့်ကို "စိတ်ချထားလိုက်"ဟူသော အမူအရာဖြင့် ပြန်တုံ့ပြန်လိုက်သည်။
သူမက ချက်ချင်းပင် ရှေ့ဆုံးသို့ထွက်ရပ်လိုက်ပြီး ချောင်းအကြိမ်အနည်းငယ်ဆိုးကာ လည်ချောင်းရှင်းလိုက်၏။
ထို့နောက် သူမက စတင်အော်ဆဲတော့သည်။
"ငါတို့ တိုက်ဖြစ်မလား မတိုက်ဖြစ်ဘူးလားဆိုတာ စကားတစ်ခွန်းတည်းနဲ့ပြီးတယ်လေ၊ ယောက်ျားကြီးတန်မဲ့ ဘာလို့ ဒီလောက်တောင် တွန့်ဆုတ်နေရတာလဲ၊ နင်တို့ ကြောက်နေတာလား"
"ကြောက်ရင်လည်း ကြောက်တယ်လို့ ပြောလိုက်လေ၊ ဒီသူရဲဘောကြောင်တဲ့ ကောင်တွေ၊ အကောင်ကြီးပြီး အချိန်မစီးတဲ့ဟာတွေ"
"ကလေးနည်းနည်းလောက်ကိုတောင် မနိုင်ဘူးဆိုရင် စခန်းတစ်ခုလုံးကို ငါတို့ကို ပေးလိုက် ဒါမှမဟုတ်ရင် ငါတို့ နင်တို့ကို အရိုးကျိုးအောင်ရိုက်ပစ်မယ်"
"ဘာကြည့်နေတာလဲ၊ နောက်တစ်ခေါက် ထပ်ကြည့်ရင် နင့်မျက်လုံးတွေကို ကလော်ထုတ်ပစ်မယ်"
"ဟုတ်တယ်၊ ငါ နင့်ကို ပြောနေတာ၊ ဒီသောက်ငတုံးကတော့ နင်က ဉာဏ်မကောင်းဘူးဆိုတာ သိသာတယ်"
ဉာဏ်သိပ်မကောင်းလှသော ခေါင်းဆောင်ကြီးမှာ ချက်ချင်းပင် ဒေါသူပုန်ထသွားတော့၏။
သူ အမုန်းဆုံးအရာမှာ ဉာဏ်မကောင်းဘူးဟု အပြောခံရခြင်းပင်။
ခေါင်းဆောင်ကြီးက ရွာသားတစ်ဦးကို ချက်ချင်းအမိန့်ပေးလိုက်သည်။
"သွား၊ အဲ့ဒီပါးစပ်သရမ်းတဲ့ အဘွားကြီးကိုဖမ်းပြီး ရွာထိပ်က သစ်ပင်ပေါ်မှာ ချိတ်ထားလိုက်၊ အမဲခြောက်ဖြစ်သွားတဲ့အထိ နေ့ရောညပါ အခြောက်ခံထားလိုက်"
ရွာသားများက ထိုအဘွားကြီးကို ရိုက်ချင်နေခဲ့သည်မှာကြာပြီဖြစ်၏၊ သူမက အလကားလာစားရန် ရောက်လာခြင်းလား ဒါမှမဟုတ် ဘာလဲဆိုသည်ကို သူတို့ ဂရုမစိုက်ကြချေ။
‘သူတို့ကို အရင်ဖမ်းပြီး ရိုက်လိုက်မယ် ဒါမှမဟုတ်ရင် သံလက်သီးစခန်းကို အနိုင်ကျင့်ရလွယ်တယ်လို့ တကယ်ကြီး ထင်သွားလိမ့်မယ်’
သံလက်သီးစခန်းမှလူများ လှုပ်ရှားတော့မည်ကို ရှောင်ကျိုးတစ်ယောက် မြင်လိုက်ရ၏။
သူမမျက်လုံးများ ချက်ချင်းပင် အရောင်တောက်လာတော့သည်။
‘နင်တို့က အရင်စတာနော်၊ အဲ့ဒါကြောင့် ငါက ကိုယ့်ကိုကိုယ် ကာကွယ်ရတော့မယ်’
ထို့နောက် ရှောင်ကျိုး အော်ပြောလိုက်၏။
"အဘွားရွှီ မကြောက်နဲ့၊ သမီး အဘွားကို လာကယ်ပြီ"
ထိုသို့ပြောပြီးသည်နှင့် သူမက လေထဲသို့ခုန်တက်သွားပြီး အဘွားရွှီအနီးရှိ အမျိုးသားအချို့ကို ဖမ်းဆွဲကာ လေထဲသို့ ပစ်ပေါက်လိုက်တော့သည်။
ခေါင်းဆောင်ကြီးက လွင့်ထွက်သွားသောအဖွဲ့ကို မော့ကြည့်လိုက်၏။
ခဏလောက်တော့ ဘာဖြစ်သွားမှန်း သူ သတိမထားမိလိုက်ဘဲ သူ့ခေါင်းထဲတွင် တွေးနေမိသည်က.....
‘မင်းတို့ ဘယ်သွားမလို့လဲ၊ ဒီည ညစာစားဖို့ ပြန်လာကြဦးမှာလား’
ခုနလေးတင် သူပြောခဲ့သော သစ်ပင်ပေါ်သို့ လူနှစ်ယောက် ကောင်းကင်မှ ပြုတ်ကျလာပြီး ငြိသွားသည့်အချိန်အထိပင်။
ခေါင်းဆောင်ကြီးမှာ အချိန်အတော်ကြာမှသာ ဘာတွေဖြစ်နေသလဲဆိုသည်ကို သဘောပေါက်သွားတော့သည်။