အခန်း ၁၇၃
Vol. 18 Ch. 173
173
သူ ချက်ချင်းပင် လက်ယမ်းပြလိုက်ပြီး အော်ပြောလိုက်၏။
"သူတို့အားလုံးကို ဒီကနေဆွဲထုတ်ပြီး လယ်လုပ်ဖို့ပြန်ခေါ်သွားကြ"
တောင်ပေါ်စခန်းမှ လူများကလည်း ချက်ချင်းပင် ပြန်အော်လိုက်ကြသည်။
"သူ့ကို ပြန်ခေါ်သွားပြီး မြေရှင်းခိုင်းလိုက်"
ကလေးပင်ဖြစ်စေ၊ သက်ကြီးရွယ်အိုပင်ဖြစ်စေ ယနေ့တွင်တော့ မည်သူမျှ လွတ်ငြိမ်းချမ်းသာခွင့်ရမည်မဟုတ်တော့ပေ။
ရှောင်ကျိုးမှာ ထိုစကားကိုကြားသောအခါ ပို၍ပင်ပျော်ရွှင်သွားတော့၏။
ချက်ချင်းဆိုသလိုပင် သူမက ခေါင်းဆောင်ကြီး၏အမူအရာကို အတုခိုးကာ လက်ယမ်းပြလိုက်ပြီး အလွန်တရာဩဇာပါသောအသံဖြင့် အော်ပြောလိုက်သည်။
"သွားကြ ရွာသူကြီးလေးရဲ့လူတွေ၊ သံလက်သီးစခန်းကို သိမ်းပိုက်လိုက်"
ကလေးအချို့ကလည်း ချက်ချင်းပင် တစ်ပြိုင်နက် အော်လိုက်ကြ၏။
"သံလက်သီးစခန်းကို သိမ်းပိုက်၊ သံလက်သီးစခန်းကို သိမ်းပိုက်”
ကလေးများ၏အသံများက ရွာသားများ၏အသံထက် ပိုကျယ်လောင်နေတော့သည်။
၎င်းက လုံးဝကို သည်းခံနိုင်စရာမရှိပေ။
ခေါင်းဆောင်ကြီးက စခန်းထဲရှိလူများကို အော်ပြောလိုက်၏။
"မင်းတို့ ထမင်းမစားထားကြဘူးလား၊ ဩဇာရှိရှိလေး အော်ကြစမ်းပါဟ"
ရွာသားများ : 'ငါတို့ ထမင်းစားထားသည်ဖြစ်စေ မစားထားသည်ဖြစ်စေ ခေါင်းဆောင်ကြီးအတွက် ဘယ်လောက်ခက်ခဲနေလဲဆိုတာ မသိဘူးလား၊ စခန်းတစ်ခုလုံး ငတ်လုနီးပါး ဖြစ်နေပြီလေ'
သို့သော် မျက်နှာပျက်မည်စိုးသဖြင့် စခန်းထဲရှိလူများက အစွမ်းကုန်အော်လိုက်ကြသည်။
"ဒီသောက်ကလေးလေးတွေ ခဏနေရင် မင်းတို့ကို အရိုးကျိုးအောင်ရိုက်ပစ်မယ်"
ထိုသို့အော်ပြီးသည်နှင့် သူက ချက်ချင်း အရှေ့သို့ပြေးထွက်သွားကာ ထိုကလေးများကို ပညာပေးရန် ဆုံးဖြတ်လိုက်တော့၏။
ထိုကောင်မလေး မည်မျှပင် အစွမ်းထက်နေပါစေ သူတို့အားလုံးကို အနိုင်ယူနိုင်လိမ့်မည်ဆိုသည်အား သူတို့ လုံးဝမယုံနိုင်ကြချေ။
သို့သော် တောင်ပေါ်စခန်းမှလူများက တစ်ဖက်ရှိလူများမှာ လက်နက်မဲ့ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးများဖြစ်နေသည်ကို မြင်သောအခါ သူတို့ဓားမကြီးများကို ထုတ်မလာသည့် ကိုယ်ကျင့်တရားတော့ရှိနေကြသေးသည်။ သူတို့က ဤကလေးများကို လက်ဗလာဖြင့်သာ ကစားပြီး လူမှုအသိုင်းအဝိုင်း၏အန္တရာယ်များကို ကြိုတင်ခံစားသိရှိသွားစေရန် ပြင်ဆင်ထားကြ၏။
လူထွားကြီးတစ်စုနှင့် ကလေးတစ်စု တိုက်ခိုက်နေကြသည်ဆိုသော်ငြား မည်သည့် ကိုယ်ကျင့်တရားမှ ပါဝင်ပတ်သက်နေပုံမပေါ်ချေ။
ထိုလူစု သူတို့ထံပြေးဝင်လာသည်ကို မြင်သောအခါ ရှောင်ကျိုးတစ်ယောက် သူတို့ကို ရင်ဆိုင်ရန် အရှေ့သို့ထွက်လာခဲ့တော့သည်။
လက်သီးဆုပ်လေးများက အသံကျယ်လောင်စွာဖြင့် ထုထောင်းနေတော့၏။
တစ်ယောက်လာလျှင် တစ်ယောက်ကို ထုသည်၊ နှစ်ယောက်လာလျှင် နှစ်ယောက်လုံးကို ထု၏။
လူများကိုရိုက်နေစဉ် သူမကအော်ပြောနေသေးသည်။
"အာဒါ အာဒါ အာဒါ"
သိပ်မကြာခင်မှာပင် ရှောင်ကျိုး သွားလေရာ နေရာတိုင်းတွင် လူများ တသီတတန်းကြီး လဲကျကုန်တော့၏။
ကျောက်ဟူမှာ လူထွားကြီးတစ်ဦးနှင့် အကြိတ်အနယ် တိုက်ခိုက်နေပြီး ပွဲပြီးတော့မည်ဖြစ်သည်။
ရလဒ်အနေဖြင့် ရွာသူကြီးလေးက စိတ်လှုပ်ရှားလွန်းသွားပြီး ဖြတ်သွားရင်း ထိုလူထွားကြီးကိုပါ ဝင်ထုသွားတော့၏။
လူထွားကြီးခမျာ ကျောက်ဟူအရှေ့တည့်တည့်တွင်ပင် သတိလစ်သွားတော့သည်။
ကျောက်ဟူက လေထဲတွင် သူ့လက်သီးများကို အရူးအမူး အချက်အနည်းငယ် ဝှေ့ယမ်းလိုက်၏။
'ရွာသူကြီးလေး ထပ်လုသွားပြန်ပြီ'
လူထွားကြီးကို ခုနလေးတင် ရိုက်ချလိုက်သော ရှင်းအာက ကျောက်ဟူနှင့် တခြားသူများကို နှာခေါင်းရှုံ့ကာ ကျေနပ်အားရစွာဖြင့်ကြည့်လိုက်သည်။
'တကယ် ဆိုးရွားတာပဲ၊ တစ်ယောက်ကိုတောင် အနိုင်မယူနိုင်ဘူးတဲ့’
'မြို့တော်မှာနေရင်း သူတို့ တကယ်ကြီး ပျင်းသွားကြတာ သေချာတယ်'
ရှင်းအာက သတိလစ်နေသော အမျိုးသားကို ခြေထောက်မှဆွဲကာ တန်းစီလဲကျနေသော သံလက်သီးစခန်းမှလူများဘေးသို့ ခေါ်သွားပြီး အစီအရီ ထားလိုက်တော့သည်။
ထို့နောက် လူများကို ဆက်ရိုက်နှက်တော့သည်။
ရှင်းအာက လူရိုက်ရာတွင် အတွေ့အကြုံရှိသူဖြစ်သည်။ သူမ နိုင်မည်မဟုတ်ကြောင်းသိပါက ဦးနှောက်ကို အသုံးပြု၏။
လူထွားကြီးတစ်စု သူတို့ထံပြေးဝင်လာသောအခါ ရှင်းအာနှင့် သူမအဖွဲ့က မျောက်များကဲ့သို့ ချက်ချင်းလူစုခွဲလိုက်ကြတော့သည်။
ကလေးတစ်စုက လှုပ်ရှားမှုအမျိုးမျိုးကို လုပ်ဆောင်နေကြသည်။ အချို့က လူထွားကြီး၏ကျောပေါ်သို့ ခုန်တက်ကြသည်။ အချို့က သူ့ပါးစပ်ကို ထိုးဆွကြသည်။ အချို့က ဆွဲဆိတ်ကြသည်။ အချို့က ကိုက်ကြသည်။ အချို့က ကလိထိုးကြပြီး အချို့က သူ့နှာခေါင်းကို နှိုက်ကြ၏။
အတိုချုပ်ပြောရလျှင် အကျင့်အယုတ်ဆုံးဆိုသည့်အရာမှန်သမျှကို လုပ်ဆောင်ကြခြင်းပင်။
သူတို့ကို မောသွားသည်အထိ နှောင့်ယှက်ပြီးနောက် ရှင်းအာက သူတို့ အာရုံလွဲနေချိန်ကို အခွင့်ကောင်းယူကာ မြေပြင်ပေါ်သို့ လဲကျသွားအောင် ထိုးချလိုက်တော့သည်။
ကလေးများ၏နည်းလမ်းများက အနည်းငယ် မရိုးမသားနိုင်လှသော်ငြား ထိရောက်မှုတော့ရှိသည်။
ကျောက်ဟူနှင့် တခြားသူများမှာ အံ့ဩတကြီး စိုက်ကြည့်နေကြ၏။ သူတို့က အားသို့ကိုပင် အင်မတန်ယုတ်မာနေပြီဟု ထင်ထားခဲ့သော်ငြား ရှင်းအာနှင့် သူမအဖွဲ့က ဂိုဏ်းတည်ထောင်သူ ဆရာသခင်များထက်ပင် ပိုယုတ်မာလိမ့်မည်ဟု တစ်ခါမှမမျှော်လင့်ထားခဲ့ကြချေ။
ဤနတ်ဆိုးပေါက်စလေးများက ဒုက္ခပေးနေသည်ကို မြင်သောအခါ လူထွားကြီးတစ်စုက အဘွားရွှီအနားသို့ တိတ်တဆိတ် ချဉ်းကပ်လာပြီး ဆဲဆိုနေသော အဘွားကြီးကို အရင်ဆုံး ဖမ်းဆွဲရန် တွေးလိုက်ကြသည်။
ရလဒ်အနေဖြင့် အမျိုးသားတစ်ဦးက အဘွားရွှီအနားသို့ ချဉ်းကပ်ကာ လှုပ်ရှားတော့မည့်ဆဲဆဲမှာပင် အဘွားရွှီက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်ရာ လူထွားကြီးခမျာ ဘာမှပြန်မလုပ်နိုင်ခင်မှာပင် မြေပြင်ပေါ်သို့လဲကျသွားတော့၏။ အဘွားရွှီ ဆဲလိုက်သည်။
"နင်တို့အရမ်းလွန်နေပြီ၊ ငါ့ကိုတောင် ရိုက်ချင်နေသေးတယ်ပေါ့လေ၊ နင်တို့ကတော့ တကယ်ပဲ"
သူမက တုတ်ကိုကောက်ကိုင်လိုက်ပြီး ထိုအမျိုးသားကို ရိုက်နှက်ကာ တစ်ပြိုင်နက်တည်း ဆဲဆိုနေတော့၏။
အဘွားရွှီ၏ရိုက်နှက်မှုကြောင့် မြေပြင်ပေါ်တွင် လိမ့်နေသော အမျိုးသားကို ကျင့်ရှင်းတစ်ယောက် စာနာသနားစွာဖြင့် လှမ်းကြည့်လိုက်သည်။
'ရန်စ စရာ လူတွေအများကြီးရှိတဲ့အထဲက ဘာလို့များ အဘွားရွှီကို သွားရန်စရတာလဲ၊ အခု ဘာဖြစ်သွားပြီလဲ ကြည့်လိုက်လေ၊ အရိုက်ခံရတဲ့အပြင် အဆဲပါ ခံနေရပြီ'
သူတို့ထံရောက်လာချင်နေသော အမျိုးသားတစ်စုကလည်း ရုတ်တရက် လမ်းပြောင်းသွားကာ လက်သီးများကို အစွမ်းကုန် ဝှေ့ယမ်းနေသော ရှောင်ကျိုးနှင့် ထိပ်တိုက်တိုးသွားကြတော့၏။
'အာဒါ'ဟူသော အသံကိုသာကြားလိုက်ရပြီးနောက် သူတို့မြေပြင်ပေါ်သို့ အထိုးခံလိုက်ရတော့သည်။
လုံးဝကို အံ့မခန်းပင်။ နာကျင်မှုကိုပင် မခံစားလိုက်ရခင် လူက သတိလစ်သွားခဲ့ပြီ ဖြစ်၏။
လဲကျသွားသော အမျိုးသားများမှာ အနည်းဆုံးတော့ အဆဲမခံရခြင်း၊ နှာခေါင်း အနှိုက်မခံရခြင်းနှင့် မျက်လုံး အကလော်မခံရခြင်းတို့အတွက် သက်သာရာရနေကြဆဲပင်။
လဲကျသွားသည်ကပင် ဂုဏ်သိက္ခာ ရှိ၏။
ရွာသူကြီးလေး ပါဝင်ပတ်သက်လာမှုကြောင့် တောင်ပေါ်ရှိတိုက်ပွဲမှာ တစ်ဖက်သတ် အနိုင်ရသွားတော့သည်။
မကြာမီမှာပင် သံလက်သီးစခန်းမှလူများအားလုံး မြေပြင်ပေါ်သို့ အရိုက်ခံလိုက်ရတော့သည်။
လူတစ်စုက တောင်ပေါ်စခန်း၏ဝင်ပေါက်တွင် အစီအရီလဲကျနေကြ၏။
ရှောင်ကျိုးနှင့် သူမအဖွဲ့က စခန်းထဲသို့ ဆောင့်ကြွားကြွားဟန်ဖြင့် ဝင်သွားကြတော့သည်။
သူတို့က စခန်းကို အကြိမ်ကြိမ်ရှာလိုက်သော်ငြား ဓားမကြီး ဆယ်လက်ကျော်ခန့်ကိုသာ တွေ့လိုက်ရ၏။
'မဟုတ်သေးပါဘူး'
‘သူတို့က ဒုက္ခအကြီးအကျယ်ခံပြီး တောင်ပေါ်ကို တက်လာခဲ့ကြတာလေ'
‘ပြီးမှ ဓားမကြီး နည်းနည်းလောက်ကိုပဲ လုနိုင်ခဲ့တယ်ပေါ့’
ထိုမျှသာမက ဤ ဓားမကြီးများထဲမှ အများစုမှာ ပဲ့ရွဲ့နေသေးသည်။
စခန်းတစ်ခုလုံးက အလွန်တရာမှ ဆင်းရဲနွမ်းပါးလွန်းသဖြင့် ကြွက်များပင် ရှောင်ပြေးသွားလောက်သည်။
အဘွားရွှီ သက်ပြင်းချလိုက်၏။
"ဒီလောက်ကောင်းတဲ့ မြေကြီးတွေရှိတာကို ဒီလူတွေကလည်း တော်တော်လေး သန်မာကြသားပဲ၊ ဘာလို့ ကောက်ပဲသီးနှံလေးတွေ စိုက်ရမှန်းမသိကြတာလဲ၊ ဒီစခန်းက တအားကိုဆင်းရဲနေတာ"
ရှောင်ကျိုးလည်း ဤနေရာကို စစ်ဆေးကြည့်လိုက်ရာ တော်တော်လေး ကောင်းမွန်သလို ဧရိယာကလည်း ကျယ်ဝန်းနေ၏။
'ငါနဲ့အတူခေါ်လာတဲ့ ကိုယ်ရံတော်တွေမှာလည်း နေစရာနေရာမရှိဖြစ်နေတာနဲ့ အတော်ပဲ'
ထို့ကြောင့် သူမက ကျောက်ဟူကိုပြောလိုက်၏။
"သွား၊ တောင်ခြေကလူတွေကို ဒီအပေါ် ခေါ်လာခဲ့တော့၊ အခုကစပြီး သူတို့ကို ဒီမှာပဲနေခိုင်းလိုက်တော့မယ်"
အမိန့်ကိုလက်ခံရရှိပြီးနောက် ကျောက်ဟူက ချက်ချင်းပြန်ဖြေလိုက်သည်။
"ကောင်းပါပြီ"
ထိုသို့ပြောပြီးနောက် သူက မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့၏။
မင်းသမီးစံအိမ်မှအဖွဲ့နှင့် ကိုယ်ရံတော်များ ရောက်လာသောအခါ ရွှီရှောင်ရှောင်နှင့် အဘွားရွှီတို့က ချက်ပြုတ်ရန် ဟင်းချက်စရာများကို စတင်ရှာဖွေနေကြပြီဖြစ်သည်။
ခုနလေးတင် သူတို့ရွာသူကြီးလေးဗိုက်ထဲမှ မြည်သံအကြိမ်အနည်းငယ်ကို သူတို့ ကြားလိုက်ရသည်။
ဤနေရာက တော်တော်လေး ကောင်းမွန်လှသည်။
ထို့ကြောင့် မြေပြင်ပေါ်တွင် အချိန်အတော်ကြာလဲကျနေပြီးမှ နိုးလာသင့်သော ခေါင်းဆောင်ကြီးနှင့် သူ့အဖွဲ့မှာ မွှေးပျံ့လှသောအနံ့များကြောင့် ဆွဲဆောင်ခံလိုက်ရကာ နိုးလာကြတော့၏။
ခေါင်းဆောင်ကြီးက ရုန်းကန်ထလိုက်ပြီး ခြံဝင်းထဲသို့ ချောင်းကြည့်လိုက်သည်။
သူ ပုံမှန်ထိုင်နေကျနေရာကို ယခုအခါတွင် မိန်းကလေးငယ်တစ်ယောက်က ယူထားပြီဖြစ်သည်။
ခြံဝင်းထဲတွင် ချက်ပြုတ်နေကြသဖြင့် အလုပ်များနေသော လူအများအပြားလည်း ရှိနေသေး၏။
ခေါင်းဆောင်ကြီးမှာ ခုနလေးတင်ဖြစ်ပျက်ခဲ့သမျှက အိပ်မက်တစ်ခုလိုပင် ခံစားနေရတော့သည်။
အချိန်ခဏလေးအတွင်းမှာပင် သူက ဤနေရာနှင့် လားလားမျှမသက်ဆိုင်တော့သလို ရုတ်တရက်ခံစားလိုက်ရ၏။
ခေါင်းဆောင်ကြီးက သစ်ပင်ပေါ်တွင် တွဲလောင်းကျနေသော လူနှစ်ယောက်ရှိရာ အနောက်သို့လှည့်ကြည့်လိုက်သည်။
'အင်း၊ ငါ အိပ်မက်မက်နေတာမဟုတ်ဘူးပဲ'
ပတ်ဝန်းကျင်ကို သူနောက်တစ်ကြိမ် လိုက်ကြည့်လိုက်ပြန်၏။
မင်းသမီးလေး၏ကိုယ်ရံတော်နှစ်ထောင်ကို သူတို့မြင်လိုက်ရသောအခါ ခေါင်းဆောင်ကြီး၏ခြေထောက်များ တုန်ယင်နေတော့သည်။
‘သူ ဘယ်လိုအရေးကြီးပုဂ္ဂိုလ်မျိုးကိုများ ရန်စမိသွားတာလဲ’
ခေါင်းဆောင်ကြီးခမျာ မြေပြင်ပေါ်သို့ ဘုတ်ကနဲ ခွေကျသွားတော့၏။ ရှောင်ကျိုးနှင့် သူမအဖွဲ့က တံခါးအပြင်ဘက်ရှိခေါင်းဆောင်ကြီးနှင့် သူ့အဖွဲ့ကို မြင်လိုက်ရသည်။
'နိုးလာကြပြီလား'
ထို့ကြောင့် ရှောင်ကျိုးက တံခါးဆီသို့ သွားကာ ခေါင်းဆောင်ကြီး၏ဘေးတွင် ဆောင့်ကြောင့်ထိုင်ပြီး မေးလိုက်၏။
"နင်တို့နေရာက ဒီလောက်ကြီးတာကို ဘာလို့တန်ဖိုးရှိတဲ့အရာ တစ်ခုမှမရှိရတာလဲ"
‘ဒါက တကယ်ကို စော်ကားတဲ့မေးခွန်းပဲ’
ခေါင်းဆောင်ကြီးမှာ တိတ်ဆိတ်နေတော့၏။
‘ခေါင်းဆောင်ကြီးဖြစ်တဲ့ သူက အသုံးမကျလွန်းလို့ ပိုက်ဆံရှာဖို့ နည်းလမ်းမရှာနိုင်ဘူးလို့တော့ သွားပြောလို့မရဘူးလေ’
ကံကောင်းထောက်မစွာဖြင့် တောင်ပေါ်စခန်းမှ လူတစ်ယောက်မှာ သူမက အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူတို့အနိုင်မယူနိုင်သည့်အပြင် ရန်လည်းမစရဲသောသူဖြစ်ကြောင်း သိထား၏။ ထို့ကြောင့် သူက ချက်ချင်းပင် ဖားယားကာ ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ဒီနေ့ရှာရတဲ့ ပိုက်ဆံကို ဒီနေ့ပဲသုံးပစ်ကြလို့လေ၊ ညဘက်အထိ ဘယ်တော့မှမချန်ထားဘူး၊ အဲ့ဒါကြောင့် တန်ဖိုးရှိတဲ့အရာ ဘာတစ်ခုမှတွေ့မှာမဟုတ်ဘူး"
၎င်းက အလွန်ထူးဆန်းသော နေထိုင်မှုပုံစံတစ်ခုဖြစ်ပြီး လူတိုင်းက ၎င်းနှင့် ပတ်သက်၍ အလွန်တရာစပ်စုချင်စိတ် ပေါ်လာကြတော့သည်။
ကြင်ယာတော်ရှုက မေးလိုက်၏။
"တစ်ကယ်လို့ ဒီနေ့ ပိုက်ဆံမရှာနိုင်ဘူးဆိုရင်ရော ဘာစားကြမလဲ"
လူထွားကြီးက ပြန်ဖြေလိုက်သည်။
"တောင်ပေါ်က အမဲလိုက်ကွင်းကိုသွားကြတာပေါ့"
တတိယသခင်မက ပို၍ပင်စပ်စုချင်သွားတော့၏။
"နင်တို့က အမဲလိုက်တတ်မှတော့ ဘာလို့ ပိုပြီးအမဲမလိုက်တာလဲ၊ ပိုရောင်းပြီး ပိုက်ဆံစုထားလို့ ရတာပဲကို"
လူထွားကြီးခမျာ ပြောစရာစကားမဲ့သွားရတော့သည်။
'ငါတို့ ပိုက်ဆံမစုထားခဲ့လို့ တော်သေးတာပေါ့ ဒါမှမဟုတ်ရင် ဒီကောင်မလေးရဲ့အိတ်ကပ်ထဲကို ရောက်သွားတော့မှာ'
လူထွားကြီးက ဆက်ပြောသည်။
"ပိုက်ဆံစုရတာ တအားပင်ပန်းတယ်လေ"
'နေ့တိုင်းရှာပြီး နေ့တိုင်းသုံးလိုက်ရတာက ပိုမကောင်းဘူးလား’