← Chapters

အခန်း ၁၇၆

Vol. 18 Ch. 176

အခန်း ၁၇၆

Vol. 18 Ch. 176

176

သူတို့ မမြင်ဘူးလို့တော့ မထင်လိုက်နဲ့။

ရွှမ်းကျစ်၏အဘိုးဆိုလျှင် ခေါင်းတောင် မမော့လာခဲ့ပေ။ သူက တစ်ယောက်တည်းသာ တတွတ်တွတ် ရေရွတ်နေ၏။

"ရွာသူကြီးလေးက ဘာလို့ပြန်မလာသေးတာလဲ၊ ရွာသူကြီးလေးကို ဘာလို့ ရှာမတွေ့ရတာလဲ"

ရွာသူကြီးလေးကို ပထမဆုံးမှတ်မိသွားသော မျိုးနွယ်စုခေါင်းဆောင်ကျိုးမှာမူ စစ်နိုင်ပြီး ပြန်လာသည့်အလား အလွန်အမင်း စိတ်လှုပ်ရှားနေတော့သည်။

သူက ဂုဏ်ယူဝင့်ကြွားစွာပြောလိုက်၏။

"ငါသာမပြောရင် မင်းတို့တွေ ဘယ်လောက်ကြာကြာ ရှာနေရဦးမလဲ မသိဘူး၊ ငါက ရွာသူကြီးလေးကိုတွေ့နေတာ ကြာလှပေါ့၊ မင်းတို့ တွေ့မလားလို့ စောင့်ကြည့်နေတာ၊ ဒါပေမဲ့ မင်းတို့တွေကလေ တကယ်ကို အသုံးမကျဘူး၊ ဒီလောက်ကြာတာတောင် ရှာမတွေ့ကြသေးဘူး၊ ငါလည်း ကြည့်မနေနိုင်တော့လို့သာ ထွက်ပြောလိုက်ရတာ၊ အဲ့လိုမှမဟုတ်ရင် မင်းတို့တွေ မနက်ဖြန်မနက်အထိ ရှာနေရဦးမှာ"

ရွာသားများ : ‘ဟမ့်’

လူတိုင်း သူမကိုရှာတွေ့သွားပြီဖြစ်ကြောင်း မြင်သောအခါ ရှောင်ကျိုးတစ်ယောက် ရထားလုံးပေါ်မှ ခပ်သုတ်သုတ် ခုန်ဆင်းလိုက်သည်။

သူမခြေထောက်များ မြေကြီးနှင့်ပင် မထိရသေးချေ။ အဒေါ်လျို့က သူမကို ပွေ့ချီလိုက်၏။

အဒေါ်လျို့က ရွာသူကြီးလေးကို ဖက်ထားပြီး ဒဏ်ရာရထားခြင်းရှိမရှိ သေချာစေရန် ဟိုစမ်းဒီစမ်းလုပ်ပြီးနောက်မှ နောက်ဆုံးတွင် လွှတ်ပေးလိုက်တော့သည်။

"ငါတို့ရဲ့ရွာသူကြီးလေးက အသားတွေဖြူပြီး အရပ်တွေလည်းရှည်လာတယ်၊ ပိုပြီးတော့တောင် ချောလာသေးတယ်"

အဒေါ်လျို့က ရွာသူကြီးလေးကို ချီးမွမ်းရင်း မျက်လုံးများမှိတ်သွားသည်အထိ ရယ်နေတော့၏။

ထို့နောက် သူမက ဆက်တိုက်ဆိုသလို အမွှမ်းတင်လိုက်သည်။

"ခုနလေးတင် ရွာထဲကနေထွက်လာတုန်းက ရထားလုံးပေါ်မှာ တစ်ခုခု လင်းနေတယ်လို့ ခံစားမိလိုက်တာ၊ အဲ့ဒီအလင်းရောင်က အရမ်းတောက်ပလွန်းလို့ လန့်တောင်လန့်သွားတယ်၊ သွားတောင် မကြည့်ရဲဘူး၊ အဲ့ဒါက ရွာသူကြီးလေး ဖြစ်နေတာကိုး၊ နတ်သမီးလေး လူ့ပြည်ဆင်းလာတာများလားလို့ ထင်နေတာ"

ရှောင်ကျိုးတစ်ယောက် အမွှမ်းတင်ခံရလွန်းသဖြင့် အသိစိတ်ပင် လွတ်ထွက်သွားလုနီးပါး ဖြစ်သွားတော့သည်။

ရှောင်ကျိုးက စိတ်လှုပ်ရှားစွာဖြင့်မေးလိုက်၏။

"တကယ်ကြီး အလင်းရောင်တွေထွက်နေတာလား"

အဒေါ်လျို့ ချက်ချင်းပြန်ဖြေ၏။

"ဒါပေါ့၊ အဲ့ဒီအလင်းရောင်ကြောင့် မျက်စိတောင် ကန်းမတတ်ပဲ၊ အဲ့လိုမှမဟုတ်ရင် ရွာသူကြီးလေးကို အခုမှ ဘယ်ရှာတွေ့ပါ့မလဲ၊ အလင်းရောင်က အရမ်းစူးလွန်းလို့ မျက်စိတောင်မဖွင့်ရဲလို့ပါ"

ထိုစကားကိုကြားပြီးနောက် ရှောင်ကျိုး စိတ်ထဲမှနေ၍ စနစ်ကို ချက်ချင်းမေးလိုက်တော့၏။

"စနစ် စနစ်၊ ငါက တကယ်ကြီး နတ်သမီးလေးလား၊ ခုနက ငါ့ကိုယ်ပေါ်ကနေ အရောင်အဝါတွေ ထွက်နေတာကို နင် မြင်လိုက်လား၊ လှလား ဓာတ်ပုံရော ရိုက်ထားလိုက်လား"

စနစ် : [အဒေါ်လျို့က လိမ်ပြောတာတောင် ဘာလို့ ဇာတ်တိုက်စရာမလိုရတာလဲ]

အခုတော့ စနစ်မှာပင် သူမအလိမ်အညာများကို ဖုံးပေးရန် နည်းလမ်းရှာရမည့် အခြေအနေသို့ ဆိုက်ရောက်သွားတော့သည်။

စနစ်က ကိုယ့်လိပ်ပြာကိုလိမ်ကာ ပြန်ဖြေလိုက်၏။

[လင်းနေတာပေါ့၊ အလင်းရောင်တွေ ဖြာထွက်နေတာ]

ရှောင်ကျိုး : "နင် ဓာတ်ပုံရိုက်ထားလား၊ ငါ့ကို ပြ"

စနစ်က စိတ်ထဲမှကျိန်ဆဲလိုက်ပြီး ပြောချင်နေတော့၏။

[နင်ကတော့လေ ကလေးပေါက်စလေးမို့ အခွင့်အရေးယူမနေနဲ့]

ညည်းတွားနေသော စနစ်မှာ ရထားလုံးအမိုးပေါ်တွင် ပိုးအိမ်ကဲ့သို့ အနီရောင်ဝတ်ရုံကြီးကို တင်းတင်းပတ်ထားသည့် ရှောင်ကျိုး၏ပုံကို ရှာထုတ်လိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ၎င်းက ပျင်းလာသည့်အခါတိုင်း သခင်ဖြစ်သူကို ဓာတ်ပုံရိုက်လေ့ရှိ၏။

သခင်ဖြစ်သူ ကလေးဘဝတွင်ရှိနေစဉ်ကတည်းက စနစ်က သူမနှင့်ချိတ်ဆက်ထားခဲ့ခြင်းပင်။ သူမက အလွန်တရာချစ်စရာကောင်းပြီး အသည်းယားစရာလေးပင်။

ထို့ကြောင့် ၎င်းက ဓာတ်ပုံများစွာကို တိတ်တဆိတ် ရိုက်ကူးထားခဲ့ပြီး သူမလေး ပို၍ချစ်စရာကောင်းလာသည်နှင့်အမျှ ပို၍ပို၍ရိုက်ထားခဲ့သည်။

ဓာတ်ပုံရိုက်သည့် အကျင့်တစ်ခုဖြစ်သွား၍လည်း ဖြစ်နိုင်သည်။

စနစ်က အမှတ်တရအဖြစ် ၎င်း၏သခင်ကို အချိန်ရတိုင်း ဓာတ်ပုံရိုက်ထားလေ့ရှိ၏။

အထူးသဖြင့် သခင်တစ်ယောက် ထူးထူးဆန်းဆန်း တစ်ခုခုလုပ်လိုက်တိုင်း စနစ်မှာ ချစ်စရာကောင်းသော ကလေးငယ်ဘဝက သခင်၏ပုံဟောင်းများကို ထုတ်ကြည့်ကာ ၎င်းကိုယ်၎င်းပြန်နှစ်သိမ့်ရတော့သည်။

[ဒီကလေးလေးက ဘယ်လောက်တောင် ချစ်စရာကောင်းလဲ ကြည့်ပါဦး၊ သခင်က အခုလောလောဆယ် ထူးဆန်းနေပေမဲ့ သူမကြီးလာရင် အရင်ကလိုပဲ ပြန်ပြီး ချစ်စရာကောင်းလာမှာပါ]

စနစ်က ချစ်စရာကောင်မလေး၏ ဓာတ်ပုံဟောင်းများကို တစ်ချက်ကြည့်လိုက်ပြီးနောက် အနီရောင်ဝတ်ရုံကြီးကိုပတ်ကာ နေကာမျက်မှန်ကြီးတပ်ထားသော ကလေးပေါက်စလေးကို လှမ်းကြည့်လိုက်သည်။

ထို့နောက် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်တော့၏။

ကူကယ်ရာမဲ့စွာဖြင့် စနစ်က ဓာတ်ပုံထဲရှိ ကလေးပေါက်စလေး၏အနောက်တွင် မျက်စိကျိန်းမတတ်တောက်ပနေသော ရောင်စုံအလင်းတန်းကြီးကို ဖိုတိုရှော့ဖြင့်ပြင်လိုက်တော့သည်။

ထို့နောက် ကလေးမလေး၏ခေါင်းပေါ်တွင် တောက်ပနေသော ရွှေရောင်စာသားတစ်ကြောင်းကို ထပ်ထည့်လိုက်၏။

'မိုးကြိုးပစ်သံလို အသံကြီးနဲ့အတူ ရွာသူကြီးလေး ခမ်းခမ်းနားနားဝင်ရောက်လာပါပြီ'

အလုပ်ကို အောင်မြင်စွာပြီးမြောက်သွားသော စနစ်က ၎င်းပြင်ထားသည့် ဓာတ်ပုံကို ကျေနပ်အားရစွာကြည့်လိုက်သည်။

၎င်းမှာ မျှော်လင့်ထားသည့်အတိုင်းပင် ဘာမဆိုလုပ်နိုင်စွမ်းရှိသည်။

'ငါသာ ဒီပုံကို သခင့်ဆီပြလိုက်ရင် သူမ သေချာပေါက် သဘောကျသွားမှာပဲ'

စနစ်က ပြင်ထားသော ဓာတ်ပုံကို သူ့သခင်ထံသို့ ပေးပို့လိုက်၏။

ရှောင်ကျိုးက ၎င်းကို တစ်ချက်ကြည့်လိုက်သည်။

သူမ အတိုင်းမသိကျေနပ်သွားတော့၏။

သူမက ဝမ်းသာအားရအမူအရာဖြင့် မေးလိုက်သည်။

"ငါ့အနောက်မှာ တကယ်ကြီး အလင်းရောင်တွေ အများကြီးဖြာထွက်နေတာလား"

စနစ်က ဓာတ်ပုံကို တစ်ချက်ကြည့်လိုက်ရာ သခင်မှလွဲ၍ ဓာတ်ပုံတစ်ခုလုံးက အနီရောင်မီးသီးတစ်လုံးမှထွက်ပေါ်လာသည့်အလင်းရောင်များကဲ့သို့ အလင်းများဖြင့် ပြည့်နှက်နေတော့သည်။

စနစ်က အနည်းငယ်အပြစ်ရှိစိတ်ဖြင့် ပြန်ဖြေလိုက်၏။

[ဟုတ်တယ်]

ရှောင်ကျိုးက ဓာတ်ပုံကိုကြည့်ကာ ပိုတိုး၍ကျေနပ်နေပြီး အထူးသဖြင့် ၎င်းတွင်ပါဝင်သော စာသားလေးက သူမနှလုံးသားကို အပြည့်အဝဖမ်းစားသွားနိုင်ခဲ့သည်။

ဤသည်ကပင် သူမ၏မျက်စိကျိန်းမတတ် တောက်ပလှသော ဝင်ရောက်လာမှုဟု သူမခံစားလိုက်ရ၏။

ရှောင်ကျိုးတစ်ယောက် စွမ်းအားကြီးပြီး ဩဇာမရှိသော သူမ၏ကိုယ်ပိုင်ပုံရိပ်လေးအပေါ် ရုန်းထွက်မရနိုင်အောင် စွဲလမ်းနေတော့သည်။

တစ်ချိန်တည်းမှာပင် ဘေးတွင်ရပ်နေသော အားသို့တစ်ယောက် သူနှင့် အချိန်အကြာကြီးခွဲနေရသဖြင့် မိခင်ဖြစ်သူမှာ ဝမ်းနည်းပူဆွေးကာ အစားမဝင် အိပ်မပျော်ဖြစ်နေလိမ့်မည်ဟု တွေးနေခဲ့သည်။ ရွာထိပ်သို့ရောက်ချိန်တွင် မိခင်ဖြစ်သူက သူ့ကိုမြင်သည်နှင့် အလွန်စိတ်လှုပ်ရှားကာ ဖက်ငိုမလား၊ မျက်ရည်တွေ ဖြိုးဖြိုးဖြိုင်ဖြိုင်ကျအောင် ငိုနေမည့် မိခင်ဖြစ်သူကို သူ ဘယ်လို နှစ်သိမ့်ပေးရမလဲဆိုသည်တို့ကို စိတ်ထဲတွင် ကြိုစိတ်ကူးယဉ်နေခဲ့၏။

သို့သော် လက်တွေ့တွင်တော့ မိခင်ဖြစ်သူက သူ့အနားမှ ၁၀ကြိမ်ထက်မက ဖြတ်လျှောက်သွားခဲ့သည်။

သူမက သူ့ကို တစ်ချက်လေးပင်လှည့်မကြည့်ခဲ့ပေ။

မိခင်ဖြစ်သူ သူ့ကို ဘယ်အချိန်များမှ မှတ်မိလာမလဲဟု မျှော်လင့်ကာ အားသို့က အနားသို့ အကြိမ်ကြိမ်သွားခဲ့သော်ငြား မိခင်ဖြစ်သူက လမ်းပိတ်မနေရန်ပြောကာ သူ့ကို ဘေးသို့တွန်းဖယ်ခဲ့သည်။

အားသို့ခမျာ ဒေါသထွက်လွန်း၍ လဲသေလုမတတ်ဖြစ်သွားကာ အချိန်အတော်ကြာ ညည်းတွားနေတော့၏။

ကံကောင်းထောက်မစွာဖြင့် အဒေါ်လျို့က ရွာသူကြီးလေးကို အချိန်အကြာကြီး ဖက်မထားလိုက်ရခင်မှာပင် အခြားရွာသားများက လုသွားကြသည်။

ထိုအခါမှသာ အဒေါ်လျို့က သူမကို ဒေါသတကြီး စိုက်ကြည့်နေသော သားဖြစ်သူကို သတိပြုမိသွားတော့သည်။

အဒေါ်လျို့က သားဖြစ်သူကို ချက်ချင်း ကောက်ချီလိုက်ပြီး အကြိမ်အနည်းငယ် မြှောက်ကာ ချော့လိုက်သည်။

"မေမေက သားလေးကို အရမ်းလွမ်းနေတာ"

အားသို့ : 'သားကတော့ နည်းနည်းလေးတောင် မယုံဘူး'

‘ဟွန့်’

သူနှင့် အလားတူ အဖြစ်အပျက်မျိုးကို ကြုံတွေ့နေရသော ရှီထုံမှာမူ ယခုအခါ အဘိုးဖြစ်သူ၏ခြေသလုံးကို သူ့လက်သီးသေးသေးလေးများဖြင့် ထုရိုက်နေတော့သည်။

"အဘိုး၊ သား အဘိုးကိုရိုက်မှာနော်"

ထိုအခါ မျိုးနွယ်စုခေါင်းဆောင်ကျိုးက မြေးဖြစ်သူကို ကောက်ချီပြီးပြောလိုက်သည်။

"အဘိုးက သားကိုမြင်တာ ကြာလှပေါ့၊ သားနဲ့ တူတူပုန်းတမ်းကစားနေတာလေ"

ရှီထုံကမူ သံသယဝင်နေဆဲပင်။

မျိုးနွယ်စုခေါင်းဆောင်ကျိုးမှာ မြေးဖြစ်သူ ငြိမ်ကျသွားစေရန် အချိန်အတော်ကြာအောင် ချော့လိုက်ရတော့သည်။

ရှီထုံကိုချော့ပြီးနောက် မျိုးနွယ်စုခေါင်းဆောင်ကျိုး လှည့်ကြည့်လိုက်ရာ သူတို့ရွာသူကြီးလေးမှာ ဘေးဘက်ရှိ ရှင်းဟွာရွာမှ မျိုးနွယ်စုခေါင်းဆောင်၏ရင်ခွင်ထဲသို့ ရောက်နေသည်ကို တွေ့လိုက်ရ၏။

ထိုမြေခွေးအိုကြီးမှာ ပါးစပ်နားရွက်တက်ချိတ်မတတ် ပြုံးဖြီးနေသည်။

မျိုးနွယ်စုခေါင်းဆောင်ကျိုးက ချီထားသော ရှီထုံကို သားဖြစ်သူလက်ထဲသို့ ထိုးထည့်လိုက်ပြီး ရှင်းဟွာရွာမှ မျိုးနွယ်စုခေါင်းဆောင်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ ရွာသူကြီးလေးကို ပြန်လုရန် ကြိုးစားတော့သည်။

သို့သော် မြေခွေးအိုကြီး၏အရှက်မရှိမှုကိုမူ သူလျစ်လျူရှုထားမိသည်။

ရွာသူကြီးလေးကို ချီထားသော ရှင်းဟွာရွာမှ မျိုးနွယ်စုခေါင်းဆောင်က မြွေတစ်ကောင်လို တွန့်လိမ်လှုပ်ရှားကာ မျိုးနွယ်စုခေါင်းဆောင်ကျိုး၏ ဆန့်တန်းလာသောလက်ကို အောင်မြင်စွာ ရှောင်တိမ်းသွား၏။

သူက မျိုးနွယ်စုခေါင်းဆောင်ကျိုးကို ရွံရှာဟန်ဖြင့် စိုက်ကြည့်ကာ ဆဲလိုက်သည်။

"မင်းက နောက်ကနေ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာပဲ၊ အရှက်ကို မရှိဘူး"

သူတို့ရွာသူကြီးလေးကို လုရန် ကျရှုံးသွားသည်ကို မြင်သောအခါ မျိုးနွယ်စုခေါင်းဆောင်ကျိုးက သူ့ကျောဘက်မှ ပုဆိန်တစ်လက်ကို ဆွဲထုတ်လိုက်တော့သည်။

ထို့နောက် ရှင်းဟွာရွာမှ မျိုးနွယ်စုခေါင်းဆောင်ကို ရင်ဆိုင်ကာ ပြန်ချေပလိုက်၏။

"ဘယ်သူ့ကို အရှက်မရှိဘူးလို့ပြောနေတာလဲ၊ ဘာလို့ ငါတို့ရဲ့ရွာသူကြီးလေးကို လာဖက်နေတာလဲ၊ မင်းရဲ့ရှင်းဟွာရွာမှာရော ရွာသူကြီးမရှိဘူးလား၊ သွား ကိုယ့်ရွာသူကြီးကို သွားဖက်"

ဆံပင်များ အတော်လေးဖြူနေပြီဖြစ်သော ရှင်းဟွာရွာမှ ရွာသူကြီး : 'ယဉ်ယဉ်ကျေးကျေးလေး ဆက်ဆံပေးလို့ မရဘူးလား'

ထိုစကားကို ကြားသောအခါ ရှင်းဟွာရွာမှ မျိုးနွယ်စုခေါင်းဆောင်က ပို၍ ဒေါသထွက်သွားကာ ရွာသူကြီးလေးကို မြေပြင်ပေါ်သို့ တယုတယချပေးလိုက်သည်။

ထို့နောက် သူ့ခါးတွင် ချိတ်ထားသော တံစဉ်ကို ထုတ်လိုက်၏။

"ငါက အခု ထောင်ယွမ်ရွာကလေ၊ ရှောင်ကျိုးက ငါတို့ရဲ့ရွာသူကြီးလေးလည်း ဖြစ်တယ်၊ ငါက ဘာလို့ ဖက်လို့ မရရမှာလဲ ရန်ဖြစ်ချင်တာလား၊ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ၊ မင်းရဲ့ပုဆိန်က အားကြီးလား ငါ့ရဲ့တံစဉ်က အားကြီးလား စမ်းကြည့်ကြတာပေါ့"

ပုဆိန်နှင့် တံစဉ်ကြားတွင် ညှပ်နေသော ရှောင်ကျိုးက လက်နက်နှစ်ခု၏ချွန်ထက်မှုကို တစ်ချက်ကြည့်ပြီး ဝင်ပြောလိုက်သည်။

"ပုဆိန်က ပိုပြီးအားကြီးတယ်လေ”

All Chapters