← Chapters

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း ၁၇၇

Vol. 18 Ch. 177

177

ဤစကားကို ကြားသောအခါ ရှင်းဟွာရွာမှ မျိုးနွယ်စုခေါင်းဆောင်မှာ ချက်ချင်းပင် ဒေါသထွက်သွားတော့၏။

အဘိုးကျိုးကတော့ ပုဆိန်ကို မြှောက်လိုက်ပြီး သူ့ကိုယ်သူ အလွန်အမင်း ဂုဏ်ယူနေတော့သည်။

သံလက်သီးစခန်းခေါင်းဆောင်က ပုဆိန်နှင့် တံစဉ်များကို ကိုင်ထားသော အဘိုးနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်၏။

သူက အနောက်သို့ခြေလှမ်းအနည်းငယ် တိတ်တဆိတ် ဆုတ်လိုက်သည်။

ထို့နောက် ဤရွာသားများအားလုံး၏ ခါးနောက်ဘက်တွင် ကိရိယာများချိတ်ထားသည်ကို သူ သတိပြုမိသွားတော့၏။

တချို့က မီးဖိုချောင်သုံး ဓားများကို ကိုင်ထားကြပြီး၊ တချို့က တုတ်များ၊ တချို့က အုတ်ခဲများကို ကိုင်ထားကာ တချို့ကမူ ခါးတွင် အပ်များအပြည့်ပါသည်ထင်ရသော အိတ်တစ်လုံးကိုပင် ချိတ်ထားကြသည်။

ခေါင်းဆောင်တို့အဖွဲ့မှာ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ကြည့်လိုက်ကြ၏။

ပုရစ်များက တိုးတိုးလေး အော်မြည်လာကြတော့သည်။

"ခေါင်းဆောင်ကြီး၊ ကျွန်တော်တို့တွေ ဓားပြစခန်းထဲကိုများ ရောက်သွားတာလား"

"ဟုတ်တယ်၊ ဘာလို့ ဒီလောက်တောင် ကြောက်စရာကောင်းနေတာလဲ"

"ဒီကလူတွေက ပုဆိန်တွေ၊ တံစဉ်တွေနဲ့ ရန်ဖြစ်ကြတာကိုး"

"ငါတို့နိုင်ရင်တောင် ဆက်ပြီး တိုက်ခိုက်နေရဦးမှာ၊ ရှုံးရင်တော့ မြေမြှုပ်ခံရတော့မှာပဲ၊ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ၊ ငါတို့မှာက အသက်တစ်ချောင်းပဲရှိတာလေ"

"ခေါင်းဆောင်ကြီး၊ ကျွန်တော်တို့ သွားကြမလား"

"ဟုတ်တယ်၊ တောင်ပေါ်စခန်းကို ပြန်သွားပြီး တစ်ရက်ဝမ်းဝ တစ်ရက်ငတ်နေရရင်တောင်မှ သေရတာထက်တော့ ပိုကောင်းသေးတယ်"

ခေါင်းဆောင်ကြီး စကားပြောမည်အပြုတွင် ထိုအဘိုးနှစ်ယောက်က နောက်တစ်ကြိမ် စကားများလာကြပြန်၏။

ရှင်းဟွာရွာမှ မျိုးနွယ်စုခေါင်းဆောင်က ရွာသူကြီးလေး သူ့တံစဉ်ကို အထင်သေးနေကြောင်း ကြားသောအခါ ချက်ချင်းပင် ကာကွယ်ပြောလိုက်သည်။

"ရွာသူကြီးလေး၊ အဘိုးရဲ့တံစဉ်က သူ့ပုဆိန်ထက် အများကြီး ပိုအသုံးဝင်တယ်၊ စပါးရိတ်လို့ရတယ်၊ ဝက်စာစဉ်းလို့ရတယ်၊ တောဟင်းရွက်တွေ ခုတ်လို့ရတယ်၊ အားလုံးအတွက် အဆင်ပြေတယ်၊ သူ့ပုဆိန်ကြီး ကြီးနေတာကို သွားမယုံနဲ့၊ ထင်းခုတ်ဖို့လောက်ပဲ သုံးလို့ရတာ"

မျိုးနွယ်စုခေါင်းဆောင်ကျိုး ပြန်ချေပလိုက်၏။

"ငါ့ပုဆိန်က ထင်းခုတ်ဖို့လောက်ပဲ သုံးလို့ရတယ်လို့ ဘယ်သူက ပြောလဲ၊ ပြီးခဲ့တဲ့တစ်ခေါက် တောင်ပေါ်မှာ တောဝက်လိုက်တုန်းကလည်း ငါ့ပုဆိန်က အသုံးဝင်ခဲ့တာပဲ၊ ဘာလဲ မင်းက ထင်းခုတ်သမားတွေကို အထင်သေးတာလား၊ မင်း သိပ်စွမ်းနေတယ်ဆိုရင် ထင်းမသုံးနဲ့လေ၊ ပြီးတော့ မင်းတံစဉ် လုပ်နိုင်တာမှန်သမျှ ငါ့ပုဆိန်လည်း ကောင်းကောင်း လုပ်နိုင်တယ်"

ရှင်းဟွာရွာမှ မျိုးနွယ်စုခေါင်းဆောင်က ပြန်ပြောလိုက်သည်။

"ပုဆိန်နဲ့မှ ထင်းခုတ်လို့ရတာ မဟုတ်ဘူး၊ ငါ့တံစဉ်နဲ့လည်း ခုတ်လို့ရတယ်"

မျိုးနွယ်စုခေါင်းဆောင်ကျိုး : "ခုတ်ကြည့်လိုက်လေ၊ အခုချက်ချင်း ငါ့ကို ပြ"

ရှင်းဟွာရွာမှ မျိုးနွယ်စုခေါင်းဆောင် : "ခုတ်ပြရတာပေါ့ သွားမယ်၊ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ၊ အခု တောင်ပေါ်တက်သွားပြီး မင်းပုဆိန်နဲ့ မြက်ခုတ်လို့ရမရ စမ်းကြည့်ကြတာပေါ့၊ ဘယ်သူက ပိုအားကြီးလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ခါးထောက်ရပ်နေသော ရှောင်ကျိုးက အော်ပြောလိုက်၏။

"အဘိုးတို့တွေက ပုဆိန်တွေ၊ တံစဉ်တွေနဲ့ ရန်ဖြစ်နေကြတာ မဟုတ်ဘူးလား၊ ဘယ်သူ့ကိရိယာက ပိုပြီးအလုပ်တွင်လဲဆိုတာ ပြိုင်နေကြတာပေါ့လေ"

သူမရွာသားများက သိုင်းပညာများ ဤမျှလောက်အထိ တိုးတက်လာပြီဟု သူမ တွေးနေခဲ့မိသေးသည်။

'ပုဆိန်နဲ့ တံစဉ်ကြားက တိုက်ပွဲကို ငါ တကယ်ကြီး မျှော်လင့်နေခဲ့တာ'

'ဒါလေးပဲလား'

'ငါ့အချိန်တွေ နှမြောစရာကောင်းလိုက်တာ'

သူမထက် ပိုအံ့ဩသွားကြသူများမှာ ခေါင်းဆောင်ကြီးနှင့် သူ့အဖွဲ့သားများပင်။

'ကြောက်စရာကြီး၊ ဒီကလူတွေက ပုဆိန်တွေ၊ တံစဉ်တွေနဲ့ အမြဲတမ်း ရန်ဖြစ်နေကြပြီး ဘယ်သူက ပိုကြမ်းလဲဆိုတဲ့အပေါ် မူတည်ပြီး အသက်ရှင်နေရတာလို့ ငါ ထင်နေခဲ့တာ'

ရွာသူကြီးလေးပြောသည်ကို ကြားသောအခါ မျိုးနွယ်စုခေါင်းဆောင်ကျိုးနှင့် ရှင်းဟွာရွာမှ မျိုးနွယ်စုခေါင်းဆောင်တို့က ချက်ချင်းရှင်းပြလိုက်ကြသည်။

"ရွာသူကြီးလေး၊ ဘယ်လိုလုပ် အဲ့လိုဖြစ်နိုင်မှာလဲ၊ ငါတို့ ထောင်ယွမ်ရွာက နာမည်ကြီး ယဉ်ကျေးတဲ့ရွာ၊ ဘယ်လိုလုပ် ရန်ဖြစ်တာတွေ ရှိနိုင်မှာလဲ၊ ငါတို့ ရွာကလူတွေက အမြဲတမ်း ရိုးသားကြင်နာတတ်ကြပြီး ဘယ်တော့မှ ရန်မဖြစ်ကြပါဘူး"

ဤသည်က တကယ်ပင် ယုတ္တိရှိသည်ဟု ရှောင်ကျိုး တွေးလိုက်၏၊ သူတို့ရွာမှာ ဤလောကတွင် အသင့်မြတ်ဆုံးရွာပင်။

"ဟုတ်တယ်၊ ငါတို့တွေ ရန်မဖြစ်ကြပါဘူး၊ တစ်ကယ်လို့ ရန်ဖြစ်မယ်ဆိုရင်တောင် တခြားသူက ငါတို့ကို အရင်လာရိုက်လို့ ငါတို့က ကိုယ့်ကိုကိုယ် ကာကွယ်တဲ့အနေနဲ့ ပြန်လုပ်တာပဲဖြစ်မှာ"

ရွာသားများက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။

"ဟုတ်တယ်၊ ကျွန်တော်တို့ရွာထက် ပိုရိုးသားတဲ့ရွာဆိုတာ မရှိတော့ဘူး"

ရှောင်ကျိုးက ရိုးသားသော ရွာသားများကို ဦးဆောင်ကာ ရွာသို့ပြန်လာခဲ့၏။ မထွက်မီ ရှောင်ကျိုးက ရွာထိပ်ရှိ ကျောက်တုံးကြီးကို လက်ညှိုးထိုးကာ မေးလိုက်သည်။

"ဒီဟာကြီးက ဘယ်ကနေ ရလာတာလဲဟင်"

ရှဟယ်ရွာသူကြီးက ချက်ချင်းပင် မျက်နှာဝင်ယူလိုက်၏။

"ဒါက ရှဟယ်ရွာနားက တောင်ပေါ်မှာ တွေ့ခဲ့တာပါ၊ တစ်ရွာလုံးက အပင်ပန်းခံပြီး တောင်ပေါ်ကနေ ဒီကိုရောက်ဖို့ နည်းလမ်းပေါင်းစုံသုံးပြီး သယ်လာခဲ့ရတာ"

ရှောင်ကျိုးက ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပြီး ရှဟယ်ရွာသားများကို လက်မထောင်ပြလိုက်သည်။

ရှဟယ်ရွာသူကြီးမှာ ချက်ချင်းပင် ရင်ကော့ ခေါင်းမော့သွားကာ မျိုးနွယ်စုခေါင်းဆောင်ကျိုးထက်ပင် ပို၍မောက်မာထောင်လွှားသော ခြေလှမ်းများဖြင့် လျှောက်သွားတော့သည်။

ရှောင်ကျိုးတစ်ယောက် လမ်းလျှောက်လာရင်း လမ်းတစ်လျှောက် မေးခွန်းများ မေးလာခဲ့၏။

ထိုအခါမှ ရွာသားများ ခါးတွင်ချိတ်ထားသော ကိရိယာများမှာ အလုပ်လုပ်ရ ပိုမိုလွယ်ကူစေရန်အတွက်သာဖြစ်ပြီး ရန်ဖြစ်ရန်မဟုတ်ကြောင်း သူမ သိလိုက်ရတော့သည်။

ထို့အပြင် တခြားရွာများမှ ရွာသားများအားလုံးက ထောင်ယွမ်ရွာသို့ ဘာကြောင့် ဝင်ရောက်ချင်နေကြလဲဆိုသည့် အကြောင်းရင်းမှာ တခြားရွာများမှ ကလေးများက ထောင်ယွမ်ရွာသို့ နေ့စဉ်လာရောက်ကာ စာပေနှင့် သိုင်းပညာများကို သင်ယူလေ့ကျင့်ကြသောကြောင့်ပင်။ ထောင်ယွမ်ရွာသားများက ထိုကလေးများကို နှင်ထုတ်မည် မဟုတ်ပေ။ ထောင်ယွမ်ရွာ၏ စည်းမျဉ်းများကို လိုက်နာပြီး သူတို့ရွာသူကြီးလေးကို လေးစားသရွေ့ အချိန်မည်မျှကြာကြာ သင်ယူချင်သည်ဖြစ်စေ သင်ယူခွင့်ပြုထား၏။

ထို့အပြင် သင်ယူရန်လာရောက်ကြသော ဤကလေးများကို ထောင်ယွမ်ရွာသားများက သဘောကောင်းစွာဖြင့် ကန်စွန်းဥပျိုးပင်များကို အိမ်သို့ယူသွားကာ စိုက်ပျိုးခွင့်ပေးခဲ့ပြီး မည်သို့ စိုက်ပျိုးရမည်ကိုပင် တက်တက်ကြွကြွ သင်ပေးခဲ့ကြသည်။

တခြားရွာများမှ ရွာသားများမှာ သူတို့ကလေးများ ထောင်ယွမ်ရွာသို့သွားကာ စာဖတ်သင်ခြင်းနှင့် သိုင်းပညာသင်ယူခြင်းများကို အခမဲ့ရရှိနေသည်အား မြင်တွေ့ခဲ့ကြရ၏။ ထိုရွာတွင် အလုပ်ကြမ်းများ ကူလုပ်ပေးရုံဖြင့် ထိုသို့သင်ယူခွင့်ရသည့်အပြင် ကလေးများက စိုက်ပျိုးရန် ကန်စွန်းဥပျိုးပင်များကိုပါ ယူဆောင်လာခဲ့ကြသေးသည်။

တကယ့်ကို အံ့မခန်းပင်။

အထွက်နှုန်းက တကယ်ကို အံ့ဩစရာကောင်းလှ၏။

ကန်စွန်းဥများ တူးဖော်ရန် အချိန်တန်သောအခါ သူတို့သွားရောက်တူးဖော်ခဲ့ကြသည်။

တွေ့မြင်ရသမျှမှာ ပြွတ်သိပ်နေသော ကန်စွန်းဥတန်းများပင်။

ထိုကန်စွန်းဥများမှာ ကြီးမားပြည့်ဖြိုးပြီး အရွယ်အစား ညီညာကြကာ ပေါက်ပြားဖြင့် တစ်ချက်ပေါက်လိုက်တိုင်း အသီးအနှံများကို တပုံတပင်ရရှိသည်။

ကန်စွန်းဥပျိုးပင် တစ်ပင်စီ၏အောက်တွင် မိသားစုတစ်စုလုံး၏ မျှော်လင့်ချက်များကို သယ်ဆောင်ထားသည့်အလား အံ့သြဖွယ် ရတနာသိုက်များ ရှိနေသည်။

ကန်စွန်းဥ အထွက်နှုန်းမြင့်မားမှုက အနီးအနားရှိ ရွာအားလုံးကို အလွန်အမင်း အံ့အားသင့်သွားစေခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူတို့ကလေးများ ယူဆောင်လာသော ကန်စွန်းဥပျိုးပင်များက တစ်မိသားစုလုံး၏ စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး ယခုနှစ်တွင် ထပ်မံငတ်မွတ်ခြင်း မရှိတော့မည်မှာ သေချာသွားသောကြောင့်ပင်။

ဤကြီးမားလှသော ကျေးဇူးတရားနှင့် ကောင်းမြတ်မှုများကြောင့် တခြားရွာများမှ လူများက ထောင်ယွမ်ရွာမှ ရွာသူကြီးလေးကို သူတို့ဘိုးဘေးတစ်ဦးအဖြစ်ပင် ကိုးကွယ်လုနီးပါးဖြစ်လာကြတော့သည်။

ပတ်ဝန်းကျင်ရွာများမှလူများက ဤကိစ္စကို ဆွေးနွေးကြသောအခါ ထောင်ယွမ်ရွာမှာ ယခင်က ထိုဒေသတွင် အဆင်းရဲဆုံးရွာဖြစ်ခဲ့ကြောင်း သိလာရ၏။ သို့သော် လွန်ခဲ့သောနှစ်အနည်းငယ်က သူတို့ရွာသူကြီးဟောင်းမှာ အိပ်မက်ထဲတွင် လာရောက်ကိုယ်ထင်ပြကာ ရွာနောက်ဘက်တောင်ရှိ ညောင်ပင်အောက်သို့သွား၍ ကလေးတစ်ယောက်ကို သွားခေါ်ရန်ပြောခဲ့၏။

ထောင်ယွမ်ရွာ၏လူနေမှုဘဝမှာ တစ်နှစ်ထက်တစ်နှစ် သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့သည်။

ဤအချက်က ယခုနှစ်တွင် အထူးသဖြင့် အထင်အရှားဖြစ်လာခဲ့၏။

ရှဟယ်ရွာသူကြီးဆိုလျှင် ဘိုးဘေးများ၏ခန်းမဆောင်သို့ပင် သွားရောက်ကာ ဘိုးဘေးများကို တိုင်တန်းခဲ့သေးသည်။

'တခြားရွာတွေက ရွာသူကြီးဟောင်းတွေကျတော့ ကောင်းတဲ့ကိစ္စတွေကို အမြဲသိပြီး အိပ်မက်ထဲလာပြောကြပေမဲ့ ငါတို့ရွာက ရွာသူကြီးဟောင်းကျတော့ ဘာလို့ ဘာလှုပ်ရှားမှုမှမလုပ်ရတာလဲ'

'တကယ်ကို အားကိုးလို့မရတာပဲ'

သူတို့ရွာ အနောက်ဘက်တောင်ကုန်းပေါ်တွင်လည်း ညောင်ပင်များစွာရှိနေသည်။

တောင်ပေါ်သို့ တက်သွားတိုင်းလည်း ရွာသားများက ထိုညောင်ပင်များအောက်တွင် ပတ်ရှာလေ့ရှိကြ၏။

သို့သော် ဤနှစ်များတစ်လျှောက်လုံး ကလေးတစ်ယောက်ကိုမျှ အရိပ်အယောင်ပင် မတွေ့ခဲ့ရချေ။

ထောင်ယွမ်ရွာသို့ ဝင်ရောက်ရန် စိတ်အားထက်သန်နေကြသော အခြားရွာသားများမှာ ယခုအခါ သူတို့မိသားစုများကိုပါ တစ်ပါတည်းခေါ်လာကြတော့သည်။

မျိုးနွယ်စုခေါင်းဆောင် အဘိုးများကို အပ်နှံထားခဲ့သော ကန်စွန်းဥပျိုးပင်များကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ပြီး အထွက်နှုန်းများမှာလည်း အံ့မခန်းဖြစ်ကြောင်း သိလိုက်ရသဖြင့် ရှောင်ကျိုးတစ်ယောက် အလွန်အမင်း ဝမ်းသာသွားတော့၏။

ရွာသားများက စိတ်လှုပ်ရှားစွာဖြင့် ဝင်ပြောလိုက်ကြသည်။

"ရွာသူကြီးလေး၊ ကျွန်တော်တို့ ကန်စွန်းဥတွေ အများကြီး ရိတ်သိမ်းရတယ်၊ ပြီးခဲ့တဲ့တစ်ခေါက် ရွာသူကြီးလေးပြောခဲ့သလိုပဲ တချို့ကို မျိုးစေ့အတွက် ချန်ထားပြီး တချို့ကိုတော့ စားစရာလုပ်ဖို့ သုံးမယ်၊ ပြီးတော့ မြို့ပေါ်ကို တချို့သွားရောင်းလိုက်တာ ပိုက်ဆံတွေ အများကြီးရလာတယ်"

"အစက မြို့ဝန်က မြို့တော်ကို ဒီကိစ္စ သတင်းပို့ချင်နေတာ၊ ဒါပေမဲ့ ကျွန်တော်တို့က သူ့ကိုတားထားလိုက်တယ်၊ မြို့တော်ကိုသာ သတင်းပို့လိုက်ရင် အဲ့ဒီကလူတွေ မျက်နှာဝင်ယူကြမလား ဘယ်သူသိမှာလဲ၊ မြို့တော်မှာ အဂတိလိုက်စားတဲ့အရာရှိတွေ အများကြီးရှိတယ်လို့ ကျွန်တော်တို့ကြားဖူးတယ်"

"ဟုတ်တယ်၊ ဒီလိုပစ္စည်းကောင်းကို ငါတို့လက်ထဲမှာပဲ အရင်ထားထားတာ အကောင်းဆုံးပဲ"

"ဒါက ရွာသူကြီးလေး အပင်ပန်းခံပြီးမှ ရလာခဲ့တာလေ၊ တခြားလူကို အလကားသက်သက်တော့ မပေးပစ်နိုင်ပါဘူး"

"ဟုတ်တယ်၊ ရွာသူကြီးလေးက အခုဆိုရင် ချုံကျိုးနယ်မြေရဲ့ဘုရင်ဖြစ်နေပြီဆိုတော့ ငါတို့ပစ္စည်းတွေကို ချုံကျိုးနယ်မြေဆီ အရင်ဆုံး ဈေးပေါပေါနဲ့ ရောင်းပေးမယ်"

"ဟုတ်တယ် ဟုတ်တယ်၊ အခုကစပြီး ရွာသူကြီးလေးရဲ့နယ်မြေထဲမှာ ဘယ်သူမှငတ်မှာမဟုတ်တော့ဘူး၊ ဒီကျေးဇူးတွေအကုန်လုံးက ရွာသူကြီးလေးကြောင့်ပဲ၊ တခြားဘယ်သူ့ကိုမှ ဒီအကျိုးအမြတ်တွေ အလွယ်တကူမရစေရဘူး"

"ချုံကျိုးနယ်မြေထဲက အိမ်တိုင်း စိုက်ပျိုးပြီးသွားပြီဆိုရင်တော့ တခြားနေရာတွေကို ဆက်ရောင်းကြတာပေါ့"

ရွာသားများ၏စကားက ယုတ္တိရှိသည်ဟု ရှောင်ကျိုးတွေးလိုက်ပြီး ချက်ချင်းပင် ပြန်ပြောလိုက်၏။

"ကောင်းပြီ၊ ဒီအတိုင်းပဲ လုပ်ကြတာပေါ့၊ ကန်စွန်းဥကို အရသာရှိတဲ့ ဟင်းလျာတွေလုပ်ပြီး တခြားနေရာတွေကို သွားရောင်းကြမယ်၊ အဲ့ဒါမှ ငါ့နယ်မြေထဲကလူတိုင်း ကြီးပွားချမ်းသာလာကြမှာ”

All Chapters