အခန်း ၁၇၈
Vol. 18 Ch. 178
178
ရွှီရှောင်ရှောင်က ကန်စွန်းဥနှင့် ပြုလုပ်နိုင်သော အရသာရှိသည့် ဟင်းလျာများကို ပိုမိုသုတေသနပြုမည်ဖြစ်ကြောင်း ခပ်သုတ်သုတ် ပြောလိုက်၏။ သူမတွင် တပည့်များစွာ ရှိနေပြီဖြစ်ပြီး ရွာသူကြီးလေး ကြီးပွားချမ်းသာလာစေရန်အတွက် ဤဟင်းလျာများကို တစ်ကမ္ဘာလုံးသို့ သေချာပေါက် ရောင်းချမည် ဖြစ်သည်။
သခင်မချန်ကလည်း ကူပေးရန် ချက်ချင်းကမ်းလှမ်းလိုက်၏။
လူတိုင်း လုပ်စရာတစ်ခုစီရှိသွားကြသည်ကို မြင်သောအခါ ရှောင်ကျိုးတစ်ယောက် အေးအေးလူလူ လမ်းလျှောက်ထွက်လာခဲ့တော့သည်။
သူမရှေ့ရှိ အသားမည်းမည်း ကလေးလေးကို မြင်လိုက်ရသောအခါ ရှောင်ကျိုးက တစ်နေရာရာတွင် မြင်ဖူးနေသကဲ့သို့ ခံစားလိုက်ရ၏။
နောက်ဆုံးတွင် ရွာသူကြီးလေးအနားသို့ တိုးထွက်လာနိုင်ခဲ့သော ဖုန်းရှို့က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
"ရွာသူကြီးလေး ပြန်ရောက်လာပြီပေါ့"
ရှောင်ကျိုး ဇဝေဇဝါဖြင့် မေးလိုက်၏။
"ဖုန်းရှို့လား"
ဖုန်းရှို့ ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော်လေ ရွာသူကြီးလေးရဲ့၊ ကျွန်တော့်ကို မမှတ်မိဘူးလား"
ရှောင်ကျိုးက ဖုန်းရှို့ကို လက်ညှိုးထိုးကာ မေးလိုက်၏။
"နင်က ဘာလို့ ဒီလောက်တောင် မည်းနေရတာလဲ"
ဖုန်းရှို့ ပြန်ဖြေလိုက်သည်။
"ကျွန်တော်က နေ့တိုင်းအပြင်ထွက်နေရတော့ နေလောင်ပြီး အခုလိုမည်းသွားတာ"
အနီးတွင် ရပ်နေသော မျိုးနွယ်စုခေါင်းဆောင်ကျိုးက ဖုန်းရှို့၏ပခုံးကို ကျေနပ်အားရစွာ ပုတ်လိုက်ပြီး ရွာသူကြီးလေးအား ပြောလိုက်၏။
"ရွာသူကြီးလေးခေါ်လာတဲ့ ကလေးက တကယ့် စိုက်ပျိုးရေးကျွမ်းကျင်သူပဲ၊ သူ မစိုက်တတ်တာ ဘာတစ်ခုမှမရှိဘူး၊ ဒီကလေးက တကယ့်ကို နတ်ဘုရားလေးပဲ"
ဖုန်းရှို့ခမျာ ရှက်ရမ်းရမ်းကာ ခေါင်းကုတ်လိုက်တော့သည်။
သူကိုယ်တိုင်လည်း ဘာဖြစ်နေမှန်းမသိသော်ငြား လယ်ကွင်းထဲတွင် ပြေးလွှားနေရသည်ကိုသာ အလွန်သဘောကျနေခဲ့၏။ ယခင်က လယ်ကွင်းထဲသို့ တစ်ခါမျှ မရောက်ဖူးခဲ့သော်လည်း မည်သည့်အကြောင်းကြောင့်မှန်းမသိ တစ်ခါသင်ပေးလိုက်ရုံဖြင့် ဤအရာများအား မည်သို့စိုက်ပျိုးရမည်ကို သူ တတ်မြောက်သွားခဲ့သည်။ ပြီးနောက် ထိုအပင်လေးများ ကြီးထွားလာသည်ကို မြင်ရသောအခါ သူ့ရင်ထဲတွင် အောင်မြင်မှုကြီးတစ်ခုကို ခံစားလိုက်ရသည်။
ထိုစကားကိုကြားပြီးနောက် ရှောင်ကျိုးက ဖုန်းရှို့ကို အံ့အားသင့်စွာဖြင့်ကြည့်လိုက်၏။
'အဲ့လောက်တောင် စွမ်းတာလား'
သူမက အိတ်ကပ်ထဲမှ ကျပန်းမျိုးစေ့တစ်ဆုပ်စာကို ခပ်သုတ်သုတ်ဆွဲထုတ်လိုက်သည်။
ဤအရာများက ဘာတွေမှန်း ရှောင်ကျိုးကိုယ်တိုင်ပင် မသိပေ။
တချို့က စနစ်၏ ဆုလာဘ်များဖြစ်ပြီး၊ တချို့ကမူ မြို့တော်လမ်းမများပေါ်တွင် ရှောင်ကျိုး ဒီအတိုင်းဝယ်လာခဲ့သောအရာများ ဖြစ်ကြ၏။
ရှောင်ကျိုးက ဤအရာများအားလုံးကို ဖုန်းရှို့လက်ထဲသို့ ထိုးထည့်ရင်း ပြောလိုက်သည်။
"ဒါတွေအကုန်လုံး ယူထားလိုက်၊ နင် စိုက်ချင်သလိုသာ စိုက်"
မျိုးစေ့များကို ဖုန်းရှို့ထံသို့ပေးပြီးနောက် ယခုမှစ၍ ထိုနေရာတွင် စိုက်ပျိုးနိုင်စေဖို့ သူ့အတွက် မြေကွက်အချို့ဖယ်ထားပေးရန် မျိုးနွယ်စုခေါင်းဆောင်ကျိုးအား ရှောင်ကျိုး ခပ်သုတ်သုတ် ညွှန်ကြားလိုက်၏။
ထိုစကားကိုကြားပြီးနောက် မျိုးနွယ်စုခေါင်းဆောင်ကျိုးက ချက်ချင်း သဘောတူလိုက်ပြီး ဖုန်းရှို့အားပြောလိုက်သည်။
"အကူအညီလိုတာပဲဖြစ်ဖြစ် တစ်ခုခုမသိတာရှိရင်ပဲဖြစ်ဖြစ် အဘိုးကိုဖြစ်စေ ရွာသားတွေကိုဖြစ်စေ မေးလိုက်၊ သူတို့တွေက တစ်သက်လုံး လယ်ထဲမှာပဲ အလုပ်လုပ်လာခဲ့ကြတာဆိုတော့ အရမ်းကို ကြိုးစားပမ်းစားလုပ်နိုင်ကြတယ်၊ အထူးသဖြင့် ရွာထဲက ကလေးတွေပေါ့၊ မင်းသာ စိတ်ဝင်စားရင် သူတို့ကိုခေါ်ပြီး အကူအညီတောင်းလို့ရတယ်နော်"
ဖုန်းရှို့ ချက်ချင်းခေါင်းညိတ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် လက်များကို ဝှေ့ယမ်းပြလိုက်၏။
ရွာသူကြီးလေးပေးလိုက်သော မျိုးစေ့များကို ဆုပ်ကိုင်လျက် သူက ခုန်ပေါက်ကာ ထွက်သွားတော့သည်။
ဖုန်းရှို့ ခပ်ဝေးဝေးသို့ ပြေးထွက်သွားသည်ကို မြင်သောအခါ မျိုးနွယ်စုခေါင်းဆောင်ကျိုးက ရှောင်ကျိုးနှင့်အတူ လမ်းဆက်လျှောက်လာခဲ့၏။
သူမက သမားတော်ဟွမ်၏အိမ်တံခါးပေါက်ဆီသို့ လမ်းလျှောက်သွားလိုက်သည်။
တာ့ဟွမ်းက ရွာသူကြီးလေးကိုမြင်သည်နှင့် တစ်ပြိုင်နက် စိတ်လှုပ်ရှားစွာဖြင့် ဟောင်လိုက်ပြီး အမြီးကို တဖျပ်ဖျပ် ခါပြတော့၏။
သမားတော်ဟွမ်ကလည်း ရွာသူကြီးလေးကို ခပ်သုတ်သုတ် နှုတ်ဆက်လိုက်သည်။
"ရွာသူကြီးလေး ရွာသူကြီးလေး၊ ဝင်လာခဲ့လေ ထိုင်ပါဦး၊ တာ့ဟွမ်း ရွာသူကြီးလေးအတွက် မြန်မြန်ကပြလိုက်စမ်း"
တာ့ဟွမ်းက ချက်ချင်းပင် ခြေထောက်များကိုမြှောက်ကာ တင်ပါးကို လှုပ်ရမ်းပြပြီး နောက်ပြန်ဂျွမ်းထိုးခြင်းနှင့် ဒိုက်ထိုးခြင်းတို့ကိုပင် လုပ်ပြနိုင်သည်။ ၎င်းက တကယ့် ခွေးဘုရင်ပင်။
ရှောင်ကျိုး ချက်ချင်းလက်ခုပ်တီးကာ အားပေးလိုက်သည်။
လက်ခုပ်သံများကို ကြားသောအခါ တာ့ဟွမ်းမှာ ပို၍ပင်စိတ်အားထက်သန်စွာ ကပြဖျော်ဖြေတော့၏။
ကျောက်ဟူနှင့် တခြားသူများက သမားတော်ဟွမ်ကို အံ့ဩတကြီးမေးလိုက်ကြသည်။
"သမားတော်ဟွမ်၊ တာ့ဟွမ်းက အဲ့ဒါတွေကို ဘယ်သူ့ဆီကနေ သင်ထားတာလဲ"
သမားတော်ဟွမ်မှာ စကားပင်ပြန်မပြောရသေးချေ။
ကလေးအနည်းငယ်က သမားတော်ဟွမ်ဟု ခေါ်လိုက်သံကို ကြားသောအခါ ချင်းရွှီက သမားတော်ဟွမ်အနားသို့ ချက်ချင်းပြေးသွားပြီး သူ့လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်တော့သည်။
သူက ရိုသေလေးစားစွာ ပြောလိုက်၏။
"ဆရာသခင် မင်္ဂလာပါ၊ ကျွန်တော်က ဆရာသခင်ရဲ့နာမည်ကို လေးစားအားကျနေတာ ကြာပါပြီ၊ အမြဲတမ်းလည်း လာဂါရဝပြုချင်နေခဲ့တာပါ၊ အခုလို မျက်နှာကို လူကိုယ်တိုင်မြင်တွေ့ခွင့်ရတာ ကျွန်တော့်အတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ"
သမားတော်ဟွမ်၏လက်မှာ ချင်းရွှီ၏တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ခြင်းကို ခံထားရသည်။
'ငါ့ခေါင်းထဲမှာ မေးခွန်းတွေအပြည့်ပါလား'
'နေပါဦး၊ ဒါက ဘယ်သူလဲ'
'ဒီလူကို အရင်က တစ်ခါမှတောင် မမြင်ဖူးပါဘူး'
သမားတော်ဟွမ်က သူ့လက်ကို ပြန်ရုတ်ရန် ခက်ခက်ခဲခဲကြိုးစားလိုက်ရ၏။
ကံမကောင်းစွာဖြင့် ချင်းရွှီမှာ အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် အားအလွန်အကျွံ သုံးမိသွားကာ သမားတော်ဟွမ်၏လက်ကို ကျိုးလုမတတ် ဖြစ်သွားစေတော့သည်။
သမားတော်ဟွမ် ဇဝေဇဝါ အမူအရာဖြင့် မေးလိုက်သည်။
"မင်းက ငါ့ကိုသိလို့လား"
ချင်းရွှီ ခေါင်းခါပြကာ ပြန်ဖြေလိုက်၏။
"ကျွန်တော် ဆရာသခင့်ကို မသိပါဘူး၊ ဒါပေမဲ့ ကလေးတချို့ပြောတာကိုတော့ ကြားဖူးပါတယ်၊ ဆရာသခင့်ရဲ့ဆေးပညာစွမ်းရည်တွေက ဒီလောက်အထိ ထူးချွန်ပြောင်မြောက်ပြီး အများကြီး သိထားမယ်လို့ ကျွန်တော်မျှော်လင့်မထားခဲ့ပါဘူး၊ ကျွန်တော်က ဆရာသခင့်ကို တကယ်လေးစားအားကျမိပါတယ်၊ ကျွန်တော် မြို့တော်မှာရှိနေတုန်းကတည်းက ထောင်ယွမ်ရွာကိုလာပြီး ဆရာသခင်နဲ့ ဆေးပညာအကြောင်းတွေ ဆွေးနွေးချင်နေခဲ့တာပါ၊ ဒီနေ့တော့ နောက်ဆုံးမှာဆုံရပြီပဲ"
သမားတော်ဟွမ်မှာ အနည်းငယ်ပြာယာခတ်သွားပြီး ခပ်သုတ်သုတ် မေးလိုက်သည်။
"ကလေးတွေက ငါ့အကြောင်းကို ဘယ်လိုများ မိတ်ဆက်ပေးထားလို့လဲ"
ချင်းရွှီ ပြန်ဖြေလိုက်၏။
"ရွာသူကြီးလေးကတော့ ဆရာသခင့်ကို အတော်ဆုံး သမားတော်လို့ ပြောပါတယ်၊ ကျောက်ဟူကတော့ ဆရာသခင့်ကို ဘာမဆိုလုပ်နိုင်တယ်လို့ ပြောတယ်၊ အားသို့ကကျတော့ ဆရာသခင် မကုနိုင်တဲ့ရောဂါဆိုတာ မရှိဘူးတဲ့၊ ထျဲနျိုကလည်း ဆရာသခင် မကယ်နိုင်တဲ့သူဆိုတာမရှိဘူးလို့ ပြောပါတယ်…"
ဤအဓိပ္ပာယ်မရှိသော မိတ်ဆက်စကားများကိုကြားသောအခါ သမားတော်ဟွမ်မှာ အလွန်အမင်း နေရခက်လွန်းသဖြင့် ခြေချောင်းများဖြင့် တွင်းတစ်တွင်းကိုပင် တူးဖော်မိလုနီးပါးဖြစ်သွားကာ ကလေးများထံ အလန့်တကြား စိုက်ကြည့်လိုက်တော့၏။
'သမားတော်ဟွမ်က အရမ်းကိုတော်တာ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရမယ်လေ' ဟု ပြောနေသည့်အလား ကလေးများက ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။
မည်သို့ပင်ဖြစ်စေ ကလေးများ၏အမြင်တွင်တော့ သမားတော်ဟွမ်မှာ ဤအတိုင်းပင်ဖြစ်သည်။
သမားတော်ဟွမ်က တောင့်တင်းနေသောလည်ပင်းကို နောက်သို့လှည့်ကာ ချင်းရွှီကို အနေရခက်စွာဖြင့် ပြုံးပြလိုက်၏။
ချင်းရွှီ ဆက်ပြောသည်။
"သမားတော်ဟွမ် ဘယ်အချိန်လောက်များ အားမလဲမသိဘူး၊ ကျွန်တော်က ဆရာသခင်နဲ့ ဆေးပညာကိစ္စတွေ ဆွေးနွေးချင်လို့ပါ"
သမားတော်ဟွမ်မှာ သူ့ကိုယ်သူ ဖုန်ခါလိုက်ပြီး မတ်မတ်ရပ်ကာ မြေကြီးကိုသာ စိုက်ကြည့်နေတော့၏၊ အက်ကြောင်းတစ်ခုထဲသို့ တိုးဝင်သွားချင်နေသည့်အလားပင်။
သူ ကြောက်ရွံ့တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။
"မင်းက ဘယ်မှာ သမားတော်လုပ်နေတာလဲ"
ချင်းရွှီ ချက်ချင်းပြန်ဖြေလိုက်၏။
"ကျွန်တော်က ဆေးနတ်ဘုရားတောင်ကြားရဲ့တပည့်ပါ"
မတ်မတ်ကြီးရပ်နေသော သမားတော်ဟွမ်မှာ လဲကျလုနီးပါးပင်ဖြစ်သွားတော့သည်။
သူ့လို ယောင်ခြောက်ဆယ်သမားတော်တစ်ယောက်က ဆေးနတ်ဘုရားတောင်ကြားမှ တကယ့်တပည့်အစစ်နှင့် ဆေးပညာအကြောင်းကို ဘယ်လိုလုပ် ဆွေးနွေးနိုင်ပါ့မလဲ။
ဘယ်အကြောင်းကို ဆွေးနွေးရမှာလဲ၊ ဒီည ဘာစားရမလဲဆိုတာကိုလား။
သမားတော်ဟွမ် ကလေးများကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြန်၏။
'ဒီကလေးတွေ... သူတို့တွေက လက်တောက်လောက်လေး ရှိသေးတာကို ဘယ်လိုလုပ် ဒီလောက်တောင် ကြွားလုံးထုတ်နိုင်ရတာလဲ'
သမားတော်ဟွမ်မှာ ရွေးချယ်စရာမရှိတော့ဘဲ ရှင်းပြလိုက်ရတော့သည်။
"ငါက ရွာထဲက သာမန် ဆေးဆရာလေးတစ်ယောက်ပါ၊ တကယ့် ဆေးဆရာကြီး မဟုတ်ပါဘူး၊ ဒီကလေးတွေက မင်းကို နောက်နေတာဖြစ်မှာ၊ ငါက ရွာသားတွေအတွက် ဒဏ်ရာတွေကို ပတ်တီးစည်းပေးပြီး အပြင်ပန်းဒဏ်ရာလောက်ကိုပဲ ကုသပေးတာ၊ အကုန်လုံးက ရိုးရိုးရှင်းရှင်းလေးတွေပါပဲ၊ မင်းတို့ရဲ့ဆေးနတ်ဘုရားတောင်ကြားနဲ့ဆို ဘာမှကို ယှဉ်လို့မရပါဘူး"
ဤစကားကို ကြားပြီးနောက် သူ့ခန့်မှန်းချက်က တကယ်ပင်မှန်နေကြောင်း ချင်းရွှီ သိလိုက်ရ၏။
ဤသမားတော်ဟွမ်မှာ ဆေးပညာစွမ်းရည် ထက်မြက်ရုံသာမက အလွန်တရာနှိမ့်ချပြီး သိုသိုသိပ်သိပ်နေတတ်သူပင်။ သူ ဤရွာတွင် အချိန်အတော်ကြာရှိနေခဲ့သော်ငြား ထောင်ယွမ်ရွာသားများမှလွဲ၍ အခြားမည်သူကမျှ သမားတော်ဟွမ်၏နာမည်ကို မကြားဖူးခဲ့ကြသည်မှာ အံ့သြစရာတော့မဟုတ်ပေ။ သူက အလွန်ကို နှိမ့်ချလွန်းနေသောကြောင့်ပင်။
ချင်းရွှီ ခပ်သုတ်သုတ် ပြောလိုက်သည်။
"ဆရာငခင်က ကိုယ့်ကိုယ်ပိုင်သရုပ်မှန်ကိုမဖော်ချင်ဘဲ ရွာထဲမှာ အေးအေးဆေးဆေး ဆေးပညာကို လေ့လာချင်တယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ကျွန်တော်က ဆရာသခင့်ရဲ့ စိတ်ဓာတ်ကို တကယ်လေးစားအားကျမိပါတယ်၊ ကျွန်တော်လည်း ဆရာသခင်ဆီကနေ သေချာသင်ယူပြီး အပြင်က အတင်းစကားတွေရဲ့ နှောင့်ယှက်မှုကိုမခံဘဲ ဆေးပညာအပေါ်မှာပဲ အာရုံစူးစိုက်သွားပါ့မယ်"
စကားပြောပြီးသွားသည့်တိုင် ချင်းရွှီက ဆက်တိုက်ပြောနေဆဲဖြစ်သည်ကို မြင်သောအခါ သမားတော်ဟွမ်မှာ အလွန်အမင်း မောပန်းသွားပြီး လက်ကိုဝှေ့ယမ်းကာ ပြောလိုက်၏။
"သဘောကွာ"
"တာ့ဟွမ်း အိမ်ပြန်ကြမယ်"
တာ့ဟွမ်းက ချက်ချင်းပင် အကြိမ်အနည်းငယ် ဟောင်လိုက်ပြီး ရှောင်ကျိုးခြေရင်းတွင် လှဲအိပ်ချလိုက်ကာ ပြန်ရန် ငြင်းဆန်နေတော့သည်။
သမားတော်ဟွမ်ကမူ ဂရုမစိုက်တော့ဘဲ အိမ်ထဲသို့ ဝင်သွားလိုက်၏။
အိမ်ထဲသို့ ရောက်ပြီးနောက် အထဲမှနေ၍ တံခါးကို ခပ်သုတ်သုတ် သော့ခတ်လိုက်တော့သည်။
'ဘယ်သူမှ ငါ့ကို လာမနှောင့်ယှက်နိုင်တော့ဘူး'
တစ်ချိန်တည်းမှာပင် ရွာထဲသို့ ယခုမှ ဝင်လာသော ခေါင်းဆောင်ကြီးတို့ကို ရွာသားများက အိမ်လွတ်တစ်လုံးဆီသို့ ခေါ်သွားကြ၏။
သူတို့ပစ္စည်းများ ချထားပြီး သိပ်မကြာမီမှာပင် အဘွားရွှီ ရောက်လာသည်။
ထိုငပျင်းတစ်သိုက်မှာ သူတို့တည်းခိုမည့်နေရာသို့ ရောက်လာချိန်တွင် အခန်းကိုပင် မရှင်းကြဘဲ ထိုအတိုင်းသာ လှဲချလိုက်ကြခြင်းပင်။
အဘွားရွှီမှာ ဒေါသထွက်လွန်း၍ ပေါက်ကွဲလုမတတ်ပင် ဖြစ်သွားတော့၏။ ငပျင်းများကို မြင်ဖူးသော်ငြား ဤမျှလောက် အပျင်းကြီးသူများကိုမူ သူမ တစ်ခါမျှမမြင်ဖူးခဲ့ချေ။