← Chapters

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း ၁၇၉

Vol. 18 Ch. 179

179

အဘွားရွှီ ချက်ချင်းပင် အော်ချလိုက်၏။

"မြန်မြန်ထပြီး အိမ်ကိုရှင်းကြစမ်း၊ အဲ့ဒါပြီးရင် ဟိုဘက်လယ်ထဲမှာ သွားပြီး ဖုန်းရှို့ကို ကူလုပ်ပေးကြ၊ အဲ့ဒီမြေက ရှင်းရဦးမှာ၊ မြန်မြန်လုပ် အချိန်ဆွဲမနေနဲ့"

ခေါင်းဆောင်ကြီးနှင့် သူ့အဖွဲ့သားများ : "မလုပ်ဘူး ဘာလို့လုပ်ရမှာလဲ၊ ငါတို့ ပိုက်ဆံရှာမပေးရင်တောင် ရွာသူကြီးလေးက ငါတို့ကို တင်ကျွေးထားမယ်လို့ ပြောထားတာလေ"

သူတို့က ရွာသူကြီးလေးနှင့်အတူ ဇိမ်ကျကျ နေနိုင်ရန်အတွက် ဤနေရာကို လိုက်လာခဲ့ကြခြင်းဖြစ်ရာ မည်သူကများ အလုပ်လုပ်ချင်မည်နည်း။

ထိုသူများက နေရာမှပင်မရွေ့ကြသည်ကို မြင်သောအခါ အဘွားရွှီမှာ ပို၍ပင် ဒေါသထွက်လာတော့သည်။

သူမတို့၏ရွာသူကြီးလေး ခေါ်လာသော သူတိုင်းကသာ ဤကဲ့သို့ဖြစ်နေမည်ဆိုလျှင် ရွာသူကြီးလေး မွဲသွားလိမ့်မည်။

အဘွားရွှီကတော့ ဤကိစ္စကို လုံးဝခွင့်ပြုမည်မဟုတ်ပေ။

သူမက အနီးရှိ တုတ်တစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး ရှေ့သို့တိုးသွားသည်။

ထို့နောက် အော်ပြောလိုက်၏။

"ဘာလို့လုပ်ရမှာလဲ ဟုတ်လား၊ ဘာလို့လဲဆိုတော့ နင်တို့တွေက အခုထောင်ယွမ်ရွာမှာ ရောက်နေလို့ပဲ၊ ထောင်ယွမ်ရွာမှာနေတဲ့သူတိုင်း ပျင်းနေလို့မရဘူး၊ နင်တို့ ပိုက်ဆံမရှာရင်တောင်မှ စားဖို့လုံလောက်အောင်ပေးမယ်လို့ ရွာသူကြီးလေး ပြောခဲ့တာမှန်ပေမဲ့ အလုပ်မလုပ်ရဘူးလို့တော့ မပြောခဲ့ဘူး၊ အခုချက်ချင်းထပြီး အိမ်ကိုရှင်းကြစမ်း"

အဘွားရွှီ တုတ်တစ်ချောင်းကို ယမ်းကာ သူတို့ဆီသို့ ဒေါသတကြီးပြေးဝင်လာသည်ကို မြင်သောအခါ ခေါင်းဆောင်ကြီးနှင့် သူ့အဖွဲ့မှာ နေရာမှ မရွေ့ချင်ကြသော်ငြား မည်သည့်အကြောင်းကြောင့်မှန်းမသိ အဘွားကြီး ကပ်လာသည်နှင့်အမျှ ခေါင်းဆောင်ကြီးမှာ ကျောထဲမှ စိမ့်တက်သွားသလို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်က အလိုအလျောက် လှုပ်ရှားသွားကာ အလုပ်စလုပ်မိလျက်သားဖြစ်သွားတော့၏။

ခေါင်းဆောင်ကြီး လှုပ်ရှားသွားသည်ကို မြင်သောအခါ ကျန်သူများကလည်း ခပ်သုတ်သုတ်လိုက်လုပ်ကြပြီး လုပ်စရာတစ်ခုခုကို သွားရှာကြတော့သည်။

ခေါင်းဆောင်ကြီးနှင့် သူ့အဖွဲ့မှာ တကယ့်ကို ဒုက္ခရောက်နေကြပြီဖြစ်၏။

'ဘာတွေလဲကွာ'

သူတို့တွေ တကယ်ကြီးအလိမ်ခံလိုက်ရတာလား။

ထိုအဖွဲ့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြ၏။

ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ညည်းတွားကြတော့သည်။

"ခေါင်းဆောင်ကြီး၊ အဲ့အချိန်တုန်းက ခေါင်းဆောင်ကြီးက ရွာသူကြီးလေးရဲ့အနားမှာ ရှိနေတာမဟုတ်ဘူးလား၊ ရွာသူကြီးလေး အဲ့ဒီစကားကိုပြောလိုက်တုန်းက ဘာအဓိပ္ပာယ်လဲဆိုတာ သေချာမစဉ်းစားခဲ့ဘူးလား"

ခေါင်းဆောင်ကြီး : "မင်းတို့က ဘာတွေတွေးနေတာလဲ၊ ငါတို့ ပိုက်ဆံမရှာနိုင်ရင်တောင် စားစရာရှိမယ်လို့ပြောခဲ့တာပဲ မဟုတ်ဘူးလား၊ ကလေးပေါက်စလေးက ငါတို့ကိုစကားလုံးတွေနဲ့ ကစားသွားမယ်လို့ ဘယ်သူထင်မှာလဲ"

ရွာသူကြီးလေး ထိုစကားများကိုပြောခဲ့ချိန်တွင် သူက ဗိုက်ဝအောင်စားရမည့်အကြောင်းကိုသာတွေးနေခဲ့ပြီး တခြားအကြောင်းများကို တွေးရန် စိတ်ကူးပင် မရှိခဲ့ချေ။

အဘွားရွှီက အိမ်သန့်ရှင်းရေးလုပ်ငန်းများကို ညွှန်ကြားရင်း မည်သို့လုပ်ရမည်ကိုပါ တစ်ပါတည်းသင်ပေးနေခဲ့၏။

မကြာမီမှာပင် လူမနေဘဲ ပစ်ထားသော အိမ်အနည်းငယ်မှာ နောက်ဆုံးတွင်တော့ အိမ်တစ်အိမ်နှင့်ပြန်တူလာတော့သည်။

ခေါင်းဆောင်ကြီးနှင့် သူ့အဖွဲ့မှာ သန့်ရှင်းရေးလုပ်ထားသောနေရာကို ကြည့်ရင်း အောင်မြင်မှုတစ်ခုကိုခံစားလိုက်ရ၏။

တစ်ချိန်တည်းမှာပင် နန်းတော်အတွင်း၌ ဧကရာဇ်က ကြင်ယာတော်ရှုနှင့် စတုတ္ထမင်းသားထံမှပေးစာများကို ကြည့်ရင်း ရယ်မောခြင်းကိုမထိန်းနိုင်ဖြစ်နေတော့သည်။

"ဒီသားအမိနှစ်ယောက်က ငါ့ကိုအရူးလို့ ထင်နေတာလား၊ အနောက်ဆောင်က ကြင်ယာတော်တစ်ပါးနဲ့ မင်းသားတစ်ပါး မြို့တော်ကနေ ခိုးထွက်ပြီး ငါ့သမီးလေးနဲ့အတူ ထွက်ပြေးရဲတယ်ပေါ့လေ၊ ဒါ တကယ်ကိုလွန်လွန်းနေပြီ၊ သူတို့က ဧကရာဇ်ဖြစ်တဲ့ ငါ့ကိုရော လေးစားမှုရှိသေးရဲ့လား"

ဧကရာဇ်မှာ အလွန်ဒေါသထွက်နေတော့၏။

သူက မိန်းမစိုးဟွမ်ကို အမိန့်ပေးကာ စစ်ဆေးရေးအရာရှိယန်အား နန်းတော်သို့ ချက်ချင်းခေါ်လိုက်သည်။

ဧကရာဇ်၏အမိန့်တော်ကို ယခုလေးတင် လက်ခံရရှိထားသော စစ်ဆေးရေးအရာရှိယန်မှာ အိမ်တွင် သူ့သမီးအရင်းကို ဆဲဆိုနေတော့၏။

"ဒီသောက်သုံးမကျတဲ့ သမီးကတော့လေ၊ ငါ့ရထားလုံးကို သူမရဲ့အရောင်တွေဟပ်နေတဲ့ ရထားလုံးနဲ့ လဲသွားတယ်၊ မနက်ဖြန်မနက် ညီလာခံကိုသာ ဒီရထားလုံးစီးသွားရရင် ဟိုမြေခွေးအိုကြီးတွေ ပြဿနာရှာဖို့ အခွင့်အရေးရသွားပြီး ငါက ဆင်းရဲချင်ယောင်ဆောင်နေတာပါလို့ ပြောကြတော့မှာပဲ၊ နောက်ကျရင် သူတို့ကို အပြစ်ရှာတဲ့အခါ ငါ့မှာ ဘာဂုဏ်သိက္ခာတွေကျန်တော့မှာလဲ"

စစ်ဆေးရေးအရာရှိတစ်ဦးအနေဖြင့် သူက နေ့စဉ်ဘဝတွင် ဇိမ်ကျကျ နေထိုင်ရန်နှင့် ဖြုန်းတီးရန် မဝံ့မရဲဖြစ်ကာ အတတ်နိုင်ဆုံး ခြိုးခြံချွေတာစွာ နေထိုင်ခြင်းဖြင့် စံနမူနာပြခဲ့ရသည်။ ထိုသို့နေထိုင်ရခြင်းမှာလည်း တခြားသူများက သူ့ကို ပြန်အပြစ်တင်စရာ အကြောင်းပြချက်တစ်ခုခု ရသွားမည်ကို ကြောက်သောကြောင့်ပင်။

ထို့အပြင် စစ်ဆေးရေးအရာရှိတစ်ဦးအနေဖြင့် သူ့တွင် တခြားစီးပွားရေးလုပ်ငန်းများ မရှိချေ။ နန်းတော်မှရရှိသော လစာငွေအနည်းငယ်ကိုသာ အားကိုးနေရသဖြင့် တကယ့်ကို ဖြူစင်ရိုးသားလွန်းသောဘဝကို ဖြတ်သန်းနေရခြင်းဖြစ်သည်။

ယခုတော့ အကုန်လုံးပျက်စီးသွားပြီ ဖြစ်၏။ သူ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် အသုံးပြုခဲ့သော ရထားလုံးမှာ ထိုပုန်ကန်သည့်သမီးဖြစ်သူလက်ချက်ဖြင့် သူ့မျက်စိရှေ့မှာပင် အလဲခံလိုက်သည်။

'ငါ့ကို တစ်ခွန်းလေးတောင် အသိမပေးသွားဘူး၊ တကယ်ကို ဒေါသထွက်ဖို့ ကောင်းလိုက်တာ'

သမီးဖြစ်သူက ဖခင်ဖြစ်သူ၏ရထားလုံးကို ခိုးကြောင်ခိုးဝှက်လဲသွားခြင်းကပင် အတော်လေးလွန်လွန်းနေပြီဟု စစ်ဆေးရေးအရာရှိယန်တွေးနေခဲ့မိသည်။

သို့သော် မျှော်လင့်မထားစွာဖြင့် သူ့သမီးက စာနှစ်စောင်ချန်ထားရစ်ကာ စတုတ္ထမင်းသားနှင့်အတူ ထွက်ပြေးသွားကြောင်း မိန်းမစိုးဟွမ်၏ပြောစကားကို ကြားလိုက်ရ၏။

စစ်ဆေးရေးအရာရှိယန်မှာ ခေါင်းမူးသွားပြီး အမြင်အာရုံများပင် ဝေဝါးသွားတော့သည်။

'လူတစ်ယောက်က ဒီလောက်ကြီးတဲ့ ပြဿနာကြီးတစ်ခုကို ဘယ်လိုများ ဖန်တီးနိုင်ရတာလဲ'

စစ်ဆေးရေးအရာရှိယန်က ဇနီးဖြစ်သူလက်ကိုဆုပ်ကိုင်ကာ ပြောလိုက်၏။

"ချစ်ဇနီး ငါတို့သမီးက အခုဆို အတော်လေးကြီးနေပြီလေ၊ သူမကို မင်းဗိုက်ထဲ ပြန်ထည့်ထားလို့ရနိုင်ဦးမလား"

သခင်မယန်က စစ်ဆေးရေးအရာရှိယန်ကို တွဲထားပေးလိုက်ပြီး ခင်ပွန်းဖြစ်သူအနာဂတ်အတွက် ကြောက်ရွံ့စိုးရိမ်မှုများက သူမမျက်လုံးများတွင် ပြည့်နှက်နေတော့သည်။

"ဒီကိစ္စက တကယ်ကို လွန်လွန်းတယ်၊ သူမက ကြီးလာလေလေ ပိုပြီး ဆိုးလာလေလေပဲ"

သခင်မယန်မှာ အလွန်တရာစိုးရိမ်နေတော့၏။ သူမခင်ပွန်း၏အရာရှိသက်တမ်းကတော့ ကုန်တော့မည်ဟု ထင်ရသည်။

'ဒီသမီးမိုက်က ထွက်မသွားခင် မြို့တော်မှာ အဖေနဲ့ အမေရှိနေသေးတယ်ဆိုတာကို မေ့သွားတာလား'

စစ်ဆေးရေးအရာရှိယန်က ကပ်စေးနဲသည့်အမူအရာဖြင့် သူ့ပိုက်ဆံအိတ်ထဲမှ ငွေဒင်္ဂါးတစ်ပြားကို ဆွဲထုတ်ကာ မိန်းမစိုးဟွမ်လက်ထဲသို့ ထည့်ပေးရင်း မေးလိုက်သည်။

"မိန်းမစိုးဟွမ်၊ ဧကရာဇ်က ဘယ်လို အပြစ်ပေးမယ်လို့ ပြောခဲ့လဲဆိုတာကို ကျွန်တော့်ကို ပြောပြလို့ရနိုင်မလား"

မိန်းမစိုးဟွမ်က ထိုငွေကို စစ်ဆေးရေးအရာရှိယန်လက်ထဲသို့ ပြန်ထည့်ပေးပြီး ပြန်ဖြေလိုက်၏။

"ဧကရာဇ်က သခင်ယန်ကို နန်းတော်ထဲ ဝင်လာဖို့ပဲ အမိန့်ပေးထားတာပါ၊ ဘယ်လိုအပြစ်ပေးမယ်ဆိုတာကိုတော့ မပြောခဲ့ပါဘူး"

မိန်းမစိုးဟွမ်က စစ်ဆေးရေးအရာရှိယန်၏ငွေကို ဘာကြောင့် လက်မခံရသနည်းဆိုလျှင် စစ်ဆေးရေးအရာရှိယန်မှာ အလွန်ဆင်းရဲသည်ဟု နာမည်ကြီးနေသောကြောင့်ဖြစ်ပြီး သူ နေ့စဉ် ညီလာခံတက်ရန် အသုံးပြုသော ရထားလုံးမှာလည်း အတော်လေး ဟောင်းနွမ်းကာ ဖာထေးထားရသောကြောင့်ပင်။

ထို့ကြောင့် သူ့ထံမှ ငွေမယူခြင်းကသာ အကောင်းဆုံးဖြစ်မည်ဟု မိန်းမစိုးဟွမ် ဆုံးဖြတ်လိုက်သည်။

ထိုမှသာ သူ ညဘက် ကောင်းကောင်းအိပ်ပျော်မည် ဖြစ်၏။

သူ မယူဘဲထားခဲ့သော ထိုငွေကို စစ်ဆေးရေးအရာရှိယန်က စုတ်ပြဲနေသော သူ့ရုံးဝတ်စုံအား ဖာထေးရန် အပ်နှင့်အပ်ချည် ဝယ်ရာတွင် အသုံးပြုနိုင်သည်။

မိန်းမစိုးဟွမ်၏စကားကို ကြားပြီးနောက် သူ့အရာရှိဘဝကတော့ ပြီးဆုံးသွားပြီဟု စစ်ဆေးရေးအရာရှိယန် တွေးထားနှင့်ပြီးဖြစ်၏။ သို့သော် ဧကရာဇ်က သူ့ကိုတိုက်ရိုက်အပြစ်မပေးသေးဘဲ နန်းတော်သို့ ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း မိန်းမစိုးဟွမ်ပြောသောအခါ စစ်ဆေးရေးအရာရှိယန်မှာ အနည်းငယ် သက်ပြင်းချနိုင်သွားတော့သည်။ အခြေအနေကို ပြန်ကုစားဖို့ အခွင့်အရေးရှိနေသေး၏။

စစ်ဆေးရေးအရာရှိယန်မှာ တကယ်ပင် စပ်စုချင်လာတော့သည်။ ဤသည်က ဧကရာဇ်၏ပုံစံမျိုး လုံးဝမဟုတ်ပေ။

ဧကရာဇ်၏ ယခင်အမျက်ဒေါသများအရဆိုလျှင် သူ့ကို ရာထူးမှထုတ်ပယ်လိုက်သည်မှာကြာပြီဖြစ်ပြီး ကြင်ယာတော်ရှုနှင့် စတုတ္ထမင်းသားတို့မှာလည်း သေချာပေါက် အပြင်းအထန် အပြစ်ပေးခံရမည်ဖြစ်၏။

'ဒါမှမဟုတ် ငါ နန်းတော်ထဲသွားပြီးမှ အပြစ်ပေးခံရမှာများလား'

စစ်ဆေးရေးအရာရှိယန်မှာ မိန်းမစိုးဟွမ်အနောက်မှနေ၍ နန်းတော်အတွင်းသို့ ထိတ်လန့်တုန်လှုပ်စွာဖြင့် လိုက်ပါသွားတော့၏။

ဧကရာဇ်က စစ်ဆေးရေးအရာရှိယန်ကိုမြင်သည်နှင့် ကြင်ယာတော်ရှုနှင့် စတုတ္ထမင်းသားတို့ရေးထားသော စာကို သူ့မျက်နှာဆီသို့ ချက်ချင်းပစ်ပေါက်လိုက်တော့သည်။

"မင်းရဲ့သမီးအလိမ္မာလေးကို ကြည့်လိုက်ဦး၊ သူမ နန်းတော်ထဲဝင်လာတုန်းက မင်းတို့ ယန်မိသားစုက ဘယ်လို ပြောခဲ့လဲ၊ မင်းတို့ ယန်မိသားစုရဲ့သမီးက အသိပညာအကြွယ်ဝဆုံး၊ အယဉ်ကျေးဆုံးနဲ့ အကြင်နာတရားအရှိဆုံးပါလို့ ပြောခဲ့တာ မဟုတ်ဘူးလား"

စစ်ဆေးရေးအရာရှိယန် ပြင်းပြင်းထန်ထန် ငြင်းဆန်လိုက်ပြီး တိုးတိုးလေးပြန်ပြောလိုက်၏။

"ကျွန်တော့်သမီးက ငယ်ငယ်တုန်းကတော့ တကယ်ကို ယဉ်ကျေးပြီး ကြင်နာတတ်ခဲ့တာပါ"

စစ်ဆေးရေးအရာရှိယန် လိမ်ပြောနေခြင်း မဟုတ်ပေ။ သူ့သမီးလေး အိမ်ထောင်မပြုမီက အခြားသူများရှေ့တွင် တကယ်ပင် အလွန်တင့်တယ်ပြီး ကျက်သရေရှိခဲ့ကာ လူတိုင်းက သူမကို ယဉ်ကျေးပြီး ကြင်နာတတ်သူအဖြစ် ချီးကျူးခဲ့ကြသည်။

'တစ်ကယ်တမ်း ငါတို့သမီးက ဘယ်လောက်တောင် ထိန်းမနိုင်သိမ်းမရဖြစ်လဲဆိုတာကို ငါနဲ့ ငါ့ဇနီးပဲသိတာ'

ထို့အပြင် ထိုစဉ်က သူ့သမီးမှာ နန်းတော်ထဲသို့ဝင်ချင်ခဲ့ခြင်းလည်း မဟုတ်ပေ။ မယ်တော်ကြီး၏ရွေးချယ်ခြင်းခံလိုက်ရသဖြင့် တိုက်ဆိုင်သွားခဲ့ခြင်းသာဖြစ်သည်။

သူနှင့် သူ့ဇနီးမှာ ဤကိစ္စကြောင့် သေလုမတတ် ထိတ်လန့်သွားခဲ့ကြပြီး သူတို့သမီး နန်းတော်ထဲတွင် အချိန်အကြာကြီး ဟန်ဆောင်နေနိုင်မည်မဟုတ်ကြောင်း စိုးရိမ်ခဲ့ကြ၏။ သူတို့သမီးက ဧကရာဇ်နှင့် မယ်တော်ကြီးတို့ကိုသာ စော်ကားမိသွားလျှင် သူတို့ ယန်မိသားစုတစ်ခုလုံးမှာ ဧကရာဇ် ခေါင်းဖြတ်သတ်ရန်အတွက်ပင် လုံလောက်မည်မဟုတ်ကြောင်း စိုးရိမ်ခဲ့ကြသည်။

သို့သော် သူမက နန်းတော်ထဲတွင် နှစ်အနည်းငယ်ကြာအောင် နေခဲ့ပြီးနောက် ပထမနှစ်အနည်းငယ်က ပြဿနာတစ်စုံတစ်ရာမျှမရှိခဲ့သဖြင့် သူတို့သမီး ပြောင်းလဲသွားပြီဟု ထင်ခဲ့ကြ၏။

တကယ်တမ်းတွင် သူ့သမီးက နန်းတော်ထဲတွင် သူမစရိုက်ကို ပြောင်းလဲသွားခဲ့ခြင်း မဟုတ်ဘဲ အမှန်တကယ်တော့ ပို၍ပင် ထိန်းမနိုင်သိမ်းမရဖြစ်လာခဲ့ခြင်းသာ ဖြစ်သည်။

စစ်ဆေးရေးအရာရှိယန်မှာ ကြောက်လွန်း၍ စကားပင် မပြောရဲတော့ဘဲ မြေပြင်ပေါ်တွင် တုန်တုန်ရီရီဖြင့် ဒူးထောက်နေတော့၏။

အဘယ်ကြောင့်ဆိုသော် မည်မျှပင် ပြောစေကာမူ သူ့သမီးက ဧကရာဇ်ထံသို့ စာနှစ်စောင်ပစ်ပေါက်ပေးခဲ့ပြီး သူမသားနှင့်အတူ ထွက်ပြေးသွားခဲ့သည်ဆိုသောအချက်ကိုမူ ပြောင်းလဲ၍ မရနိုင်သောကြောင့်ပင်။

ဧကရာဇ်မှာ တော်ဝင်စာကြည့်ဆောင်အတွင်း ဟိုဘက်ဒီဘက် လျှောက်သွားနေတော့၏။

"စစ်ဆေးရေးအရာရှိယန်၊ မင်းရဲ့သမီး နန်းတော်ထဲ မဝင်ခင်တုန်းကတော့ အမူအကျင့်ကောင်းပြီး အသိပညာ ကြွယ်ဝခဲ့ပေမဲ့ နန်းတော်ထဲ ရောက်ပြီးမှ အခုလိုမျိုးဖြစ်သွားတာလို့ ပြောချင်တာလား၊ ငါက မင်းရဲ့သမီးကို ဖျက်ဆီးလိုက်တယ်လို့ ဆိုလိုချင်နေတာလား"

စစ်ဆေးရေးအရာရှိယန် ကြမ်းပြင်ပေါ်သို့ ချက်ချင်းဝပ်တွားပြီး အသနားခံလိုက်သည်။

"ဧကရာဇ် ကျွန်တော်မျိုး အဲ့လိုဆိုလိုချင်တာ မဟုတ်ပါဘူး၊ ကြင်ယာတော်ရှုက သူ့သားကို အရမ်းချစ်လို့ စတုတ္ထမင်းသားအနောက်ကနေ ချုံကျိုးနယ်မြေအထိ လိုက်သွားတာဖြစ်နိုင်တယ်လို့ ကျွန်တော်တွေးမိလို့ပါ"

"တကယ့်ကို ချစ်တတ်တဲ့ မိခင်ပါလား၊ သူမက နောက်ကွယ်ကကြိုးကိုင်သူလို့တောင် ငါကတော့ ထင်တယ်၊ သူမက ငါ့ရဲ့စတုတ္ထသားကို ဘယ်လိုတွေလုပ်ထားလဲဆိုတာ ကြည့်စမ်းပါဦး"

စစ်ဆေးရေးအရာရှိယန်မှာ ကြမ်းပြင်ပေါ်တွင် ဝပ်တွားနေရင်း သူ့သမီးကို ကူညီရန် အခြားမည်သည့်အရာများကိုများ လုပ်ပေးနိုင်ဦးမလဲဟု တွေးတောကာ သူ့ခေါင်းထဲတွင် အကြံအစည်များ အပြိုင်းပြိုင်းပေါ်ထွက်လာတော့၏။

ထိုစဉ် အထက်မှ ဧကရာဇ်က နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။

"မင်းရဲ့သမီးက ပညာတတ်ပြီး စာပေဗဟုသုတကြွယ်ဝတယ်လို့ ကောလာဟလတွေ ထွက်နေတာဆိုတော့ သူမကို ချုံကျိုးနယ်မြေမှာပဲနေခိုင်းလိုက်၊ ချုံကျိုးနယ်မြေက အရမ်းဆင်းရဲတဲ့နေရာဆိုတော့ ဆရာတွေသိပ်အများကြီးရှိမှာမဟုတ်ဘူး၊ သူမဆီကို စာပို့ပြီး ချုံကျိုးနယ်မြေက သာမန်လူတွေကို ပညာသင်ပေးရာမှာ မင်းသမီးလေးကို ကူပေးဖို့ပြောလိုက်၊ အဲ့ဒါကိုမှ မအောင်မြင်ရင်တော့ သူမကိုရော သူမသားကိုရော ငါ အလွတ်ပေးမှာမဟုတ်ဘူး"

အသားများကို မြိန်ရေရှက်ရေစားသောက်နေသော ကြင်ယာတော်ရှု : 'စာပေဗဟုသုတ ကြွယ်ဝတယ် ဟုတ်လား၊ မဖြစ်နိုင်တာ ဒီတစ်သက်တော့ လုံးဝမဖြစ်နိုင်ဘူး၊ အစားအသောက် ကြွယ်ဝတယ်ဆိုရင်တော့ ပိုမှန်လိမ့်မယ်'

ဧကရာဇ်စကားကို ကြားသောအခါ သမီးဖြစ်သူ၏ကျယ်ပြန့်သော အသိပညာနှင့် ပတ်သက်သည့် မှတ်ချက်ကြောင့် စစ်ဆေးရေးအရာရှိယန် စိတ်အနှောင့်အယှက်ဖြစ်သွားသော်ငြား သူ့သမီးအတွက် အပြစ်များကို ပြန်လည်ချေဖျက်နိုင်ရန် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခု ရသွားသဖြင့် ကျေးဇူးတင်နေမိဆဲပင်။ သူ အကြိမ်ကြိမ် ကျေးဇူးတင်စကား ဆိုလိုက်ပြီး ဧကရာဇ်၏အမှာစကားကို သမီးဖြစ်သူထံသို့ ပါးပေးမည်ဖြစ်ကြောင်း ကတိပေးလိုက်၏။

ဧကရာဇ် လက်ကိုဝှေ့ယမ်းပြကာ စစ်ဆေးရေးအရာရှိယန်အား ထွက်သွားရန် အချက်ပြလိုက်တော့သည်။

All Chapters