အခန်း ၁၈၀
Vol. 18 Ch. 180
180
ဒုတိယမင်းသားစံအိမ်
အဘွားရွှီ၏ သွန်သင်ချက်များကို တတ်မြောက်ထားပြီးဖြစ်သော ကြင်ယာတော်မှာ ကြင်ယာတော်ရှုတစ်ယောက် ချုံကျိုးနယ်မြေသို့ထွက်သွားပြီဆိုသည့် သတင်းကိုကြားလိုက်ရသောအခါ အလွန်အမင်း စိတ်ပူသွားကာ ခြံဝင်းထဲတွင် ဟိုဘက်ဒီဘက် လမ်းလျှောက်နေတော့၏။
ထိုအချိန်တွင် အစေခံမလေးက သတင်းလာပို့သည်။
"သခင်မ၊ သခင်မလေးဟယ်ရောက်နေပါတယ်၊ အပြင်ဘက်မှာ ကြင်ယာတော်နဲ့တွေ့ချင်တယ်ဆိုပြီး အော်ဟစ်နေတာပါ"
ပျင်းနေသော ဒုတိယကြင်ယာတော်က အချိန်ဖြုန်းရန်အတွက် သွားစကားပြောရန် ဆုံးဖြတ်လိုက်သည်။
သူမအပြင်သို့ ထွက်သွားရင်းပြောလိုက်၏။
"စံအိမ်ထဲမဝင်ခင် ပိုက်ဆံပေးရမယ်လို့ တံခါးစောင့်ကို မှာထားခဲ့တယ် မဟုတ်ဘူးလား၊ ဒီလောက်ရိုးရှင်းတဲ့ကိစ္စလေးကိုတောင် သေသေချာချာမလုပ်နိုင်ဘူးဆိုရင် ငါ အပြင်ထွက်ပြီး သေသေချာချာလုပ်နိုင်တဲ့သူကိုပဲ သွားငှားလိုက်တော့မယ်"
ဒုတိယကြင်ယာတော်က အစေခံမလေးကိုခေါ်ကာ ပင်မတံခါးမကြီးဆီသို့ ထွက်လာခဲ့သည်။
သခင်မလေးဟယ်၏ဒဏ်ရာများ မကျက်သေးသည်ကို မြင်လိုက်ရသော်လည်း သူမက ဒုတိယမင်းသားကို ရှာရန် ပြေးထွက်လာသေး၏။
တကယ့် မေတ္တာစစ် မေတ္တာမှန်ဆိုသည်မှာ ရွှေထက်ပင် တန်ဖိုးရှိလှသည်။
ဒုတိယကြင်ယာတော်မှာ သူမ၏နက်ရှိုင်းလှသော ချစ်ခြင်းမေတ္တာကြောင့် စိတ်လှုပ်ရှားသွားလုနီးပါးပင် ဖြစ်သွားတော့၏။
သို့သော် သခင်မလေးဟယ်၏စကားများကို ကြားလိုက်ရသောအခါ ဒုတိယကြင်ယာတော်မှာ လုံးဝစိတ်မလှုပ်ရှားတော့ပေ။
သခင်မလေးဟယ် တံခါးဝတွင် အော်ဟစ်နေသည်ကို ကြားလိုက်ရသည်။
"ငါက ဘာလို့ပိုက်ဆံပေးရမှာလဲ၊ ဒါက ငါ့အစ်ကိုရဲ့အိမ်၊ အထဲဝင်ဖို့ ငါက ဘာလို့ ပိုက်ဆံပေးရမှာလဲ၊ သူ့ကို ထွက်လာပြီး ရှင်းပြခိုင်းလိုက်စမ်း"
ဒုတိယကြင်ယာတော်က တံခါးဝတွင် ရပ်ကာ အေးအေးလူလူ ခဏတာစောင့်ကြည့်နေပြီးမှ ပြောလိုက်၏။
"ဪ ငါ နင့်ကိုပြောဖို့ မေ့နေတာ၊ အခုကစပြီး ဒီစံအိမ်ကို ငါပဲတာဝန်ယူရမယ်လို့ မင်းသားက ပြောထားတယ်၊ နင်က ဘာလို့ ဒီလောက်တောင် ရိုင်းစိုင်းနေရတာလဲဆိုတာကို ငါမသိပေမဲ့ ကြင်ယာတော်ဖြစ်တဲ့ ငါ့ကိုတောင် အရိုအသေမပေးပါလား၊ ထားလိုက်ပါတော့ ငါက သဘောထားကြီးတဲ့သူမို့လို့ နင့်ကို ဗွေမယူပါဘူး၊ ဒါပေမယ့် နင် ဒုတိယမင်းသားစံအိမ်ထဲကိုဝင်ချင်နေမှတော့ ပိုက်ဆံပေးရမှာပဲ"
ဒုတိယကြင်ယာတော်က ဟယ်ချီချိုးကို အထက်အောက် အကဲခတ်ကြည့်လိုက်ပြီး အထူးအဆန်းလုပ်ကာ အော်ပြောလိုက်သည်။
"မဖြစ်နိုင်တာ မဖြစ်နိုင်တာကြီး၊ သခင်မလေးဟယ်က ဒီပိုက်ဆံလေး နည်းနည်းကိုတောင် မပေးနိုင်ဘူးလား"
ဤစကားကို ကြားသောအခါ ဟယ်ချီချိုး ချက်ချင်းပင် ဒေါသတကြီးပြန်အော်လိုက်၏။
"ငါ့မှာ ပိုက်ဆံမရှိဘူးလို့ ဘယ်သူပြောလဲ၊ ငါတို့ ဟယ်မိသားစုက နင့်ရဲ့ဆင်းရဲမွဲတေနေတဲ့ မိဘအိမ်နဲ့တူတယ်လို့များ ထင်နေတာလား"
ဒုတိယကြင်ယာတော်က ဝတ်ကျေတမ်းကျေဖြင့် ပြန်ပြောလိုက်သည်။
"ဪ"
ထို့နောက် ဟယ်ချီချိုးကို လျစ်လျူရှုထားလိုက်၏။
ပိုက်ဆံမရှိလျှင် ဝင်ခွင့်မရှိဆိုသည့် အဓိပ္ပာယ်မှာ အထင်အရှားပင်။
အဆင့်အတန်းမြင့်မားလှသော ဒုတိယကြင်ယာတော်က ဤမျှလောက် အရှက်ကွဲဖွယ်ကောင်းအောင် ပြုမူနေသည်ကို မြင်လိုက်ရသဖြင့် ဟယ်ချီချိုးမှာ အလွန်အမင်း ဝမ်းသာသွားတော့၏။ သူမက သူမအစ်ကိုထံသို့ သွားရောက်တိုင်တန်းပြီး သူ့ကြင်ယာတော်မှာ မည်မျှထိအသုံးမကျကြောင်းကို သက်သေပြရန် ဆုံးဖြတ်လိုက်သည်။
ဟယ်ချီချိုးက ငြင်းခုံနေခြင်းကို ရပ်ပြီး တိုက်ရိုက်ပင် မေးလိုက်၏။
"ဘယ်လောက်လဲ"
တံခါးစောင့်က ချက်ချင်းပြန်ဖြေလိုက်သည်။
"တစ်ယောက်ကို တေး ၅၀၀ ပါ"
တံခါးစောင့်က ဟယ်ချီချိုးနောက်ကျောဘက်ရှိ လူတစ်စုကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြော၏။
"သခင်မလေးဟယ် ခေါ်လာတဲ့လူတွေအကုန်လုံး စံအိမ်ထဲဝင်မယ်ဆိုရင်တော့..."
တံခါးစောင့်က အပြင်ဘက်ရှိ လူအရေအတွက်ကို ရေတွက်လိုက်ပြီး ဆက်ပြောသည်။
"စုစုပေါင်း တေး ၁၀,၅၀၀ ပါ၊ ကျွန်တော်တို့ရဲ့ကြင်ယာတော်က တော်တော်လေး သဘောကောင်းတာမို့လို့ တေး ၅၀၀ကို လျှော့ပေးပြီး တေး ၁၀,၀၀၀ ပဲ ယူပါမယ်"
ထိုကိန်းဂဏန်းကို ကြားသောအခါ ဟယ်ချီချိုးမှာ မှင်တက်သွားပြီး ဒုတိယကြင်ယာတော်ကို လက်ညှိုးထိုးကာ ဒေါသတကြီးအော်လိုက်၏။
"နင် ရူးနေတာလား"
ဒုတိယကြင်ယာတော်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ပြန်ပြောသည်။
"ဟုတ်တယ်၊ ငါတို့တွေက ဆင်းရဲလွန်းလို့ ထမင်းတောင် မစားနိုင်တော့ဘူး၊ အဲ့ဒါကြောင့် သခင်မလေးဟယ် လာကူညီမဲ့အချိန်ကို စောင့်နေတာလေ"
သူမက ငွေရှာရသည်ကို ဂုဏ်ယူနေခြင်းပင်။ အရူးများသာ ငွေမရှာဘဲနေကြလိမ့်မည်။
သူမက အခုဆိုလျှင် မင်းသားတစ်ပါး၏ကြင်ယာတော် ဖြစ်နေပြီဖြစ်ရာ တကယ့်ကို ဝင်ငွေကောင်းလှသော ရာထူးတစ်ခုပင်။
ဒုတိယကြင်ယာတော်က သူမကို သက်သက်မဲ့ အခက်တွေ့အောင်လုပ်နေသည်မှာ သေချာသည်ဟု ဟယ်ချီချိုး ခံစားလိုက်ရ၏။
အထဲသို့ရောက်သွားပါက သူမအစ်ကိုကို သေချာပေါက် တိုင်ပြောမည်ဟု တွေးလိုက်ပြီး ထိုငွေများ နောက်ပိုင်းတွင် သူမအိတ်ကပ်ထဲသို့ ပြန်ရောက်လာမည်မှာ သေချာသည်ဟု ယုံကြည်နေတော့သည်။
ထို့ကြောင့် ဟယ်ချီချိုးက သူမကိုယ်ပေါ်မှ ငွေတေး ၂,၀၀၀ကို ထုတ်ပေးလိုက်ပြီး သူမကိုယ်ရေးကိုယ်တာ အစေခံမလေးတစ်ယောက်နှင့် ဟယ်မိသားစုမှ အစောင့်နှစ်ယောက်ကို ခေါ်ကာ အထဲသို့ဝင်သွားတော့၏။
ဒုတိယကြင်ယာတော်၏အနားမှ ဖြတ်သွားစဉ် ဟယ်ချီချိုးက အေးစက်စက် နှာခေါင်းရှုံ့သွားခဲ့သည်။
'နေနှင့်ဦးပေါ့၊ ငါ့အစ်ကိုနဲ့ တွေ့တဲ့အခါကျရင် နင် အရိုက်ခံရဖို့သာပြင်ထားတော့'
ဒုတိယမင်းသား၏အဆောင်ဝသို့ ရောက်သည်နှင့် တစ်ပြိုင်နက် သူတို့ ထပ်အတားခံလိုက်ရပြန်သည်။
ဟယ်ချီချိုးက ဒုတိယကြင်ယာတော်ဘက်သို့ လှည့်ကြည့်ကာမေးလိုက်၏။
"ငါ အခုလေးတင် ပိုက်ဆံပေးပြီးပြီလေ၊ ဘာလို့ ငါ့ကိုဝင်ခွင့်မပေးတာလဲ"
ဒုတိယကြင်ယာတော်က ပခုံးတွန့်ပြပြီး ပြောလိုက်သည်။
"နင် ခုနကပေးခဲ့တာက စံအိမ်ထဲဝင်ဖို့အတွက်လေ၊ မင်းသားနဲ့တွေ့ဖို့က သီးသန့်ဈေးတစ်ခု ထပ်ရှိတယ်"
ဟယ်ချီချိုး၏မျက်လုံးများတွင် ဒေါသမီးတောက်များ တောက်လောင်နေပြီး ဒုတိယကြင်ယာတော်ကို စိုက်ကြည့်ကာ အော်လိုက်၏။
"နင် ငါ့ကိုလှည့်စားနေတာပဲ"
ဒုတိယကြင်ယာတော်က ချန်လဲ့မင်းသမီးလေး၏ သုံးခါဆက်တိုက်ငြင်းဆိုမှုပုံစံကို ချက်ချင်းအတုခိုးလိုက်သည်။
"မလှည့်စားရပါဘူး၊ ငါ မလှည့်စားပါဘူး၊ လျှောက်ပြောမနေနဲ့၊ စံအိမ်ထဲဝင်ဖို့က တစ်ယောက်ကို တေး ၅၀၀လို့ တံခါးအပြင်ဘက်မှာ တံခါးစောင့်က ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လေ၊ မင်းသားနဲ့တွေ့ဖို့ တစ်ယောက်ကို တေး ၅၀၀လို့ မပြောခဲ့ပါဘူး"
ဟယ်ချီချိုးက ဒုတိယကြင်ယာတော်ကို တုန်ရီနေသောလက်များဖြင့် လက်ညှိုးထိုးနေတော့၏။ သူမမှာ ဒေါသကြောင့် တစ်ကိုယ်လုံးတုန်ရီနေတော့သည်။ အမြဲတမ်း ကြောက်တတ်သော ဒုတိယကြင်ယာတော်က ဘယ်အချိန်ကစပြီး ဒီလောက်တောင် ရိုင်းသွားရတာလဲ။
တကယ့်ကို... တကယ့်ကို
ဒုတိယမင်းသားထံသို့ တိုင်တောရန် ဆုံးဖြတ်ထားသော ဟယ်ချီချိုးက နှုတ်ခမ်းကိုက်ကာ မေးလိုက်၏။
"ဘယ်လောက်လဲ"
ဒုတိယကြင်ယာတော်က လက်ခြောက်ချောင်းထောင်ပြပြီး ပြောလိုက်သည်။
"တစ်ယောက်ကို တေး ၆၀၀၊ အဲ့ဒါက ကျက်သရေရှိတဲ့ ဂဏန်းနော်၊ မင်းသားနဲ့တွေ့ဖို့အတွက် ကွက်တိပဲ"
မျက်ရည်များဝဲလာလျက် ဟယ်ချီချိုးက သူမလက်ထဲတွင်ကျန်နေသည့် တစ်ခုတည်းသော ငွေစက္ကူများကို ဆွဲထုတ်လိုက်သော်ငြား မလုံလောက်သေးချေ။
အစေခံမလေးနှင့် အစောင့်များထံမှပါ ပိုက်ဆံများကိုယူလိုက်ရသဖြင့် နောက်ဆုံးတွင်တော့ တေး၆၀၀ အတိအကျ ရသွားတော့၏။
ဟယ်ချီချိုးက ဒုတိယမင်းသား၏အဆောင်ဝရှိလူကို ပိုက်ဆံ ပေးလိုက်သည်။
ဒုတိယကြင်ယာတော်က နောက်ထပ် ပိုက်ဆံပေးရမည့် ဝန်ဆောင်မှုတစ်ခုခု ထပ်ကြံစည်လာမည်ကို ကြောက်သဖြင့် သူမအစ်ကိုရှိရာ အဆောင်ထဲသို့ ချက်ချင်း ပြေးဝင်သွားတော့၏။
အခက်အခဲပေါင်းစုံကို ဖြတ်သန်းကာ တေး ၂,၆၀၀အကုန်ကျခံပြီးနောက် ဟယ်ချီချိုးမှာ နောက်ဆုံးတွင်တော့ သူမအစ်ကိုနှင့် တွေ့ဆုံခွင့်ရသွားတော့၏။
သူမမှာ ငိုချင်စိတ်ပေါက်လုနီးပါးပင် ဖြစ်သွားတော့၏။
"အစ်ကို၊ အစ်ကို့ရဲ့ကြင်ယာတော်က အရမ်းလွန်လွန်းတယ်၊ ကျွန်မက အစ်ကို့ဆီလာတွေ့တာကို သူမက ကျွန်မကို ခြိမ်းခြောက်ပြီး အစ်ကိုနဲ့ ပေးမတွေ့ဘူး၊ သူမကို သေသေချာချာ ဆုံးမပေးမှရမယ်"
ဒုတိယမင်းသားက ဒေါသထွက်နေသော ဝမ်းကွဲညီမလေးကို တစ်ချက်ကြည့်ပြီး ပြန်ဖြေလိုက်သည်။
"အစ်ကို သူမကို နောက်မှ သေသေချာချာ ဆုံးမလိုက်ပါ့မယ်၊ ခြိမ်းခြောက်တယ်ဆိုတာကတော့ မင်းရဲ့ယောက်မက အဲ့လိုမျိုး လုံးဝလုပ်မဲ့သူ မဟုတ်ဘူး၊ ဒီတလော စံအိမ်မှာပိုက်ဆံနည်းနည်း ကျပ်တည်းနေလို့ မင်းယောက်မက အရမ်းစိုးရိမ်ပြီး ပိုက်ဆံရှာဖို့ နည်းလမ်းတချို့ကြံစည်နေတာ ဖြစ်မှာ၊ အချိန်တစ်ခုကြာလို့ စံအိမ်ရဲ့အခြေအနေ ပြန်ကောင်းလာရင် အဆင်ပြေသွားမှာပါ"
ဤစကားကိုကြားသောအခါ ဟယ်ချီချိုးက ခပ်သုတ်သုတ်မေးလိုက်၏။
"အစ်ကိုက အခု ပိုက်ဆံကျပ်တည်းနေလို့လား၊ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျွန်မအစ်ကို ရတနာသေတ္တာ တော်တော်များများကို အစ်ကို့ဆီပေးခဲ့တယ် မဟုတ်ဘူးလား"
ဒုတိယမင်းသား ရှက်ကိုးရှက်ကန်းဖြင့် ယဉ်ကျေးသိမ်မွေ့စွာပြုံးပြပြီး ပြောလိုက်သည်။
"ပြီးခဲ့တဲ့တစ်ခေါက်က ငါတို့စံအိမ်ကို ဧည့်သည်တော်တစ်ယောက် လာသွားတယ်၊ အဲ့ဒီရတနာတွေအကုန်လုံးက အဲ့ဒီဧည့်သည်တော်ကို လာဘ်ထိုးဖို့သုံးလိုက်ရတယ်"
ဧည့်သည်တော် ရှီထုံ : 'ဟုတ်တယ်၊ အကုန်လုံး ဒီမှာရောက်နေပြီ'
ဟယ်ချီချိုးတစ်ယောက် သူမအစ်ကိုမျက်နှာတွင် ဤကဲ့သို့ အနေရခက်နေသောအမူအရာမျိုးအား ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ သူမ ချက်ချင်းပင် အလွန်တရာသနားသွားတော့၏။
သူမ ချက်ချင်း ပြောလိုက်သည်။
"အစ်ကို၊ ကျွန်မအစ်ကိုဆီမှာ ရတနာတချို့ရှိသေးတယ်ဆိုတာ ကျွန်မ မှတ်မိတယ်၊ ဒီမှာပဲ ခဏစောင့်နေ၊ ကျွန်မ လူလွှတ်ပြီး အစ်ကို့ဆီ ချက်ချင်းပို့ခိုင်းလိုက်မယ်"
ဒုတိယမင်းသားက လက်ကို ခပ်သုတ်သုတ်ဝှေ့ယမ်းပြပြီး ပြောလိုက်၏။
"မလိုပါဘူး၊ စံအိမ်မှာချွေတာပြီး သုံးလိုက်ရင် ဒီအခက်အခဲကို ကျော်ဖြတ်နိုင်မှာပါ"
ဟယ်ချီချိုး ပြန်ပြောသည်။
"ဘယ်လိုလုပ် အဲ့လိုဖြစ်နိုင်မှာလဲ၊ အစ်ကိုက မင်းသားတစ်ပါးလေ၊ ဘယ်လိုလုပ် ဒီလိုမျိုး ဆင်းဆင်းရဲရဲနေလို့ဖြစ်မှာလဲ၊ အစ်ကို စိတ်မပူနဲ့၊ ကျွန်မဆီမှာ တန်ဖိုးကြီးတဲ့ပစ္စည်းတွေ အများကြီးရှိတယ်၊ ကျွန်မသွားပြီး အစ်ကို့ဆီ ယူလာခဲ့ပေးမယ်"
ထိုသို့ပြောပြီးနောက် သူမက နောက်ကိုလှည့်မကြည့်ဘဲ ထွက်သွားတော့၏။