← Chapters

အခန်း ၁၈၂

Vol. 19 Ch. 182

အခန်း ၁၈၂

Vol. 19 Ch. 182

182

နောက်တစ်နေ့နံနက်စောစောတွင် ကျောက်ဟူက သူ့မိဘများ၏အခန်းတံခါးဝ၌ ဆောင့်ကြောင့်ထိုင်ကာ စောင့်ကြည့်နေတော့သည်။

မြို့တော်မှ ထောင်ယွမ်ရွာသို့ ခရီးရှည်ကြီး ပင်ပန်းစွာလာခဲ့ရပြီးနောက် ကျောက်တာ့လန်မှာ နောက်ဆုံးတွင်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး ကောင်းစွာအနားယူလိုက်ရသည်။ တံခါးဝတွင် ဆောင့်ကြောင့်ထိုင်နေသော သားဖြစ်သူကို မြင်လိုက်ရသော်လည်း သူ ဂရုမစိုက်ခဲ့ချေ။

သူက မျက်နှာသစ်ကိုယ်လက်သန့်စင်ရန် သွားလိုက်၏။

ယနေ့ လယ်ကွင်းထဲတွင် လုပ်စရာကိစ္စများစွာ ရှိနေသေးသည်။

နောက်တစ်ယောက်ကတော့ ပြီးခဲ့သည့်ညက မတော်တဆ ခါးမျက်သွားခဲ့သော အဒေါ်ကျောက်ပင်။

အဒေါ်ကျောက်က ခါးကိုကိုင်ထားလျက် ဖြည်းဖြည်းချင်းထွက်လာခဲ့၏။

ကျောက်ဟူ : 'ငါ ထင်ထားတဲ့အတိုင်းပဲ၊ မနေ့ညက အဖေက အမေ့ကို တကယ်ရိုက်ခဲ့တာပဲ'

ကျောက်ဟူက ရှေ့သို့တိုးကာ မိခင်ဖြစ်သူကို တွဲပေးပြီး မေးလိုက်သည်။

"အမေ၊ ဘာဖြစ်လို့လဲ"

အဒေါ်ကျောက်က ပြန်ဖြေလိုက်၏။

"မနေ့ညက အမေ ထလိုက်တဲ့အချိန် စားပွဲထောင့်နဲ့ မတော်တဆတိုက်မိပြီး ခါးကြောမျက်သွားတာ၊ ဘာမှ သိပ်မဖြစ်ပါဘူး"

"ဒါနဲ့ သားက ဘာလို့ ဒီနေ့အိမ်မှာ ရှိနေတာလဲ၊ ရွာသူကြီးလေးဆီ မသွားဘူးလား"

မြို့တော်သို့သွားပြီး ပြန်လာပြီးနောက် လူများကို ဂရုစိုက်တတ်နေဆဲဖြစ်သော သားဖြစ်သူကို မြင်လိုက်ရသဖြင့် အဒေါ်ကျောက်မှာ အနည်းငယ်အံ့အားသင့်သွားခဲ့သည်။

ပုံမှန်ဆိုလျှင် သူမသားက နံနက်အစောကြီးကတည်းက ပျောက်သွားတတ်ပြီး အိပ်ရာဝင်ချိန်လောက်မှသာ ပြန်လာတတ်ခြင်းပင်။

ယနေ့ သူမနိုးလာချိန်တွင် အိမ်၌သားဖြစ်သူကိုတွေ့ရသည်မှာ ရှားပါးလှပြီး သူမကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ဂရုစိုက်ပေးမည်ဆိုသည်ကတော့ ဆိုဖွယ်ရာပင်မရှိတော့။

ကျောက်ဟူ ပြန်ဖြေလိုက်သည်။

"ရွာသူကြီးလေးက သားကို အလုပ်တစ်ခု ပေးထားလို့လေ၊ အဲ့ဒါပြီးအောင် သား ကြိုးစားလုပ်နေတာ"

ဤသည်က အရေးကြီးကြောင်း အဒေါ်ကျောက် ချက်ချင်းသဘောပေါက်သွား၏။

သူမ ခပ်သုတ်သုတ် ပြောလိုက်သည်။

"ရွာသူကြီးလေးက ခိုင်းထားတာဆိုတော့ သားက သေသေချာချာလုပ်ရမယ်နော် မပျင်းနဲ့၊ အကူအညီလိုရင်လည်း အမေ့ကိုပြောဖို့ မမေ့နဲ့"

ထိုသို့ပြောပြီးနောက် အဒေါ်ကျောက်က ခါးကိုကိုင်လျက် ထွက်သွားတော့၏။

ဒီတလော ရွာထဲတွင် အလုပ်အရမ်းများနေသဖြင့် သားဖြစ်သူနှင့်အတူ အချိန်ဖြုန်းရန် သူမတွင်အချိန်ကောင်းကောင်း မရှိခဲ့ချေ။

မိခင်ဖြစ်သူ၏ထွက်သွားသော ကျောပြင်ကိုကြည့်ရင်း ကလေးလေး ကျောက်ဟူမှာ အတွေးနက်သွားတော့သည်။

သူ့ဖခင်က လူယုတ်မာဖြစ်မည်ဟု သူ တစ်ခါမျှ မတွေးထားခဲ့ဖူးချေ။

ဘယ်လိုလုပ်ရမလဲ။ သူ့အမေ အရိုက်ခံနေရတာ ဒီလောက်တောင်များနေပြီကို သားဖြစ်တဲ့သူက အခုမှသိရတယ်။ သူ့အမေ ဘယ်လောက်တောင် နာကျင်ခံစားနေရမလဲ။

ကျောက်ဟူလေးမှာ အလွန်အမင်း ဝမ်းနည်းပူဆွေးသွားတော့၏။

အဘိုးကျောက်နှင့် အဘွားကျောက်တို့ ထွက်လာသောအခါ သုံးရက်လောက် ဆုံးမ,မထားလျှင် အိမ်ခေါင်မိုးပေါ်တက်ကာ အမိုးကြွပ်ပြားများကို လိုက်ခွာတတ်သော သူတို့မြေးဖြစ်သူက ခြံဝင်းထဲတွင် ဆူပူသောင်းကျန်းခြင်းမရှိဘဲ လိမ္မာရေးခြားရှိစွာ ထိုင်နေသည်ကို မြင်လိုက်ကြရသည်။

အဘိုးကြီးနှင့် အဘွားကြီးနှစ်ဦးမှာ တကယ့်ကို ထူးဆန်းနေသည်ဟု ခံစားလိုက်ရ၏။

"ဘာဖြစ်လို့လဲ၊ မြေးလို အလုပ်များတဲ့သူက ဒီနေ့ အိမ်မှာနေဖို့ အချိန်ရတယ်ဆိုတော့ ထူးဆန်းလှချည်လား"

အဘွားကျောက်က မြေးဖြစ်သူကို စနောက်လိုက်သည်။

ကျောက်ဟူက သူ့အဘိုးနှင့် အဘွားကို မြင်သောအခါ စကားတစ်ခုခုပြောချင်သော်ငြား တွန့်ဆုတ်သွားကာ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွား၏။

နောက်ဆုံးတွင်တော့ သူက အဘွားဖြစ်သူကို ဘေးသို့ဆွဲခေါ်သွားပြီး တိုးတိုးလေး မေးလိုက်သည်။

"အဘွား၊ အဘိုးက အဘွားကိုရိုက်တတ်လား"

အဘွားကျောက် စိုက်ကြည့်ပြီး ဆဲဆိုလိုက်၏။

"သူ ရိုက်ရဲလို့လား"

ကျောက်ဟူမှာ ချက်ချင်းပင် သက်ပြင်းချလိုက်နိုင်တော့သည်။

‘တော်သေးတာပေါ့၊ သူ့အဘိုးက အဲ့လိုလူမျိုးမဟုတ်လို့ မဟုတ်ရင် သူတို့မိသားစုထဲမှာ လူယုတ်မာမဟုတ်တဲ့သူဆိုလို့ သူ တစ်ယောက်တည်းပဲရှိတော့မှာ’

မြေးဖြစ်သူ၏စိုးရိမ်ပူပန်နေသော မျက်နှာကိုမြင်သောအခါ အဘွားကျောက် မေးလိုက်သည်။

"ဘာဖြစ်လို့လဲ၊ ပြဿနာတစ်ခုခု သွားရှာလာပြန်ပြီလား"

ကျောက်ဟူ ခေါင်းခါပြလိုက်ပြီး အဘိုးကို ကြည့်လိုက်သည်။ ထို့နောက် အဘွားကို မေးလိုက်၏။

"အဘိုး အဘွား၊ တစ်ကယ်လို့ ဖေဖေက မကောင်းတာတစ်ခုခုလုပ်မိလို့ ရွာသူကြီးလေးက ဖေဖေ့ကို ရွာထဲကနေ မောင်းထုတ်ချင်တယ်ဆိုရင် အဘိုးနဲ့ အဘွား ဝမ်းနည်းမှာလား"

ဤစကားကို ကြားသောအခါ ယခုလေးတင် ထိုင်ခုံတွင် ထိုင်လိုက်သော အဘွားကျောက်နှင့် အဘိုးကျောက်တို့မှာ အလွန်အမင်း ထိတ်လန့်သွားပြီး ချက်ချင်း မတ်တပ်ရပ်လိုက်ကြတော့သည်။

အဘိုးကျောက်က တုန်ရင်နေသော အသံဖြင့် မေးလိုက်၏။

"မင်းအဖေ မြို့တော်မှာ မကောင်းတာတစ်ခုခု လုပ်ခဲ့လို့လား"

ထိုသို့ပြောပြီးနောက် သူ တီးတိုးရေရွတ်လိုက်သည်။

"သူ မကောင်းတာ တစ်ခုခုလုပ်ခဲ့တာ သေချာတယ်၊ အဲ့လိုမဟုတ်ရင် ရွာသူကြီးလေးက တာ့လန်ကို ရွာထဲကနေ မောင်းထုတ်ဖို့တွေးမှာ မဟုတ်ဘူး"

အဘွားကျောက်က ဒေါသတကြီးဆဲဆိုလိုက်၏။

"ဒီကလေးမိုက် ထောင်ယွမ်ရွာမှာ ဘယ်သူကမှ ရွာထဲကနေ နှင်ထုတ်မခံခဲ့ရဖူးဘူး၊ နင့်အဖေက တကယ့်အမှားကြီးကို လုပ်ခဲ့တာပဲ၊ ဒီကောင် ပြန်ရောက်လာရင် ငါ သူ့ကိုသေတဲ့အထိ ရိုက်ပစ်မယ်"

အဘိုးကြီးနှင့် အဘွားကြီးနှစ်ဦးမှာ ကျောက်တာ့လန်က မြို့တော်တွင် ရွာသူကြီးလေးနှင့် ထောင်ယွမ်ရွာကို ထိခိုက်စေမည့် မည်သည့်လုပ်ရပ်မျိုးကိုများ လုပ်ခဲ့သလဲဆိုသည့်အရေးကိုသာ အာရုံစိုက်နေကြတော့သည်။

ကျောက်ဟူ ခဏစဉ်းစားပြီးပြောလိုက်သည်။

"အဖေက အမေ့ကို အမြဲတမ်းရိုက်နေတာပဲဖြစ်မှာ"

မြို့တော်တွင် ကျူးလွန်ခဲ့သောပြစ်မှုတစ်ခုမဟုတ်ကြောင်း သိလိုက်ရသဖြင့် သက်ကြီးရွယ်အိုနှစ်ဦးမှာ သက်ပြင်းချလိုက်နိုင်၏။ သို့သော် သူတို့မြေးဖြစ်သူ ပြောသည်ကို ကြားလိုက်ရသောအခါ၊ သူတို့၏စိတ်သက်သာရာရမှုက စိုးရိမ်မှုအဖြစ်သို့ တစ်ဖန်ပြောင်းလဲသွားပြန်ကာ သံသယအနည်းငယ်ဖြင့် မေးလိုက်ကြသည်။

"နင့်အဖေက နင့်အမေ့ကို ဘယ်တုန်းက ရိုက်လို့လဲ"

သူတို့လင်မယားကြားတွင် စကားများရန်ဖြစ်ခြင်းများရှိခဲ့သော်လည်း သူတို့ တစ်ခါမျှ ရိုက်ပုတ်ခြင်းမရှိခဲ့ကြချေ။ သူတို့မရှိခိုက်တွင် ဒီကောင်က ချွေးမဖြစ်သူကို အနိုင်ကျင့်နေခဲ့တာများလား။

သူ့အဘိုးနှင့် အဘွားပါ လုံးဝ အူကြောင်ကြောင်ဖြစ်နေသည်ကို ကျောက်ဟူ မြင်လိုက်ရ၏။

ထို့ကြောင့် ဖခင်ဖြစ်သူအပေါ် သူ ပို၍ပင်စိတ်ပျက်သွားတော့သည်။

'ငါ့အဖေက ဒီလောက်တောင် လျှို့ဝှက်ပြီးလုပ်လိမ့်မယ်လို့ ငါ လုံးဝမထင်ထားခဲ့ဘူး'

ကျောက်ဟူ ဒေါသတကြီးဖြင့်ပြောလိုက်သည်။

"အဖေက ကွယ်ရာမှာ ခိုးရိုက်တာလေ၊ ရွာသူကြီးလေးလည်း မြင်တယ်၊ သားလည်း ကြားတယ်၊ ဒါပေမဲ့ အမေက သားကို မပြောရဲဘူးဖြစ်နေတာ"

အဘိုးကျောက်က ဇနီးဖြစ်သူကိုကြည့်ကာ မေးလိုက်၏။

"မင်းက ချွေးမနဲ့အချိန်ပိုဖြုန်းရတာလေ၊ သေသေချာချာ စဉ်းစားကြည့်စမ်း၊ သံသယဖြစ်စရာ တစ်ခုခုများရှိလား"

အဘွားကျောက် ပြန်ထိုင်လိုက်ပြီး သေသေချာချာ စဉ်းစားကြည့်လိုက်သည်။

"ရှင် အခုလိုပြောမှပဲ ကျွန်မ မှတ်မိတော့တယ်၊ တစ်လောက ချွေးမကိုယ်ပေါ်မှာ ဒဏ်ရာတွေကို ခဏခဏမြင်နေရပြီး ဆေးနံ့တွေလည်း ရနေခဲ့တာ၊ အဲ့ဒီအကြောင်းကို ကျွန်မ အရင်ကမေးကြည့်ဖူးပေမဲ့ သူမက တွန့်ဆုတ်တွန့်ဆုတ်နဲ့ ဘာမှမပြောပြခဲ့ဘူး"

ဤစကားကို ကြားသောအခါ ကျောက်ဟူ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။

'ငါ သိသားပဲ၊ ငါ ထင်တာ မမှားဘူး၊ ငါ့အဖေက ငါ့ကိုလည်း အကြိမ်ပေါင်းများစွာ ရိုက်ခဲ့တာပဲလေ'

ဘုန်းကနဲ အသံနှင့်အတူ အဘိုးကျောက်က စားပွဲကို လက်ဖြင့် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရင်နေကာ ဆဲဆိုလိုက်၏။

"ဒီကောင် ငါတို့ ကျောက်မိသားစုက အမြဲတမ်း ရိုးရိုးသားသားနဲ့ ဖြောင့်ဖြောင့်မတ်မတ်နေလာခဲ့တာ၊ ငါတို့မိသားစုထဲမှာ ဒီလိုလူယုတ်မာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး"

အဘွားကျောက်ကလည်း ဆဲဆိုလိုက်သည်။

"အဲ့ဒါထက်ပိုတာက ငါတို့ထောင်ယွမ်ရွာမှာ ဇနီးကိုရိုက်တဲ့ ဒီလိုယောက်ျားမျိုး တစ်ခါမှမရှိခဲ့ဖူးဘူး၊ ဒီကောင် ဒီနေ့ သူ့ကို ငါ သေတဲ့အထိရိုက်ပစ်မယ်၊ ဟူအာ သွားပြီး နင့်အဖေနဲ့ အမေကို သွားခေါ်ချည်"

အဘိုးကျောက်၏ကျောပြင်မှာ ပို၍ပင်ကိုင်းသွားသကဲ့သို့ဖြစ်သွားကာ ပြောလိုက်၏။

"ငါတို့ချန်မိသားစုကို မျက်နှာပျက်ရပြီ၊ သူတို့သမီးက ငါတို့မိသားစုထဲကို ဝင်လာကတည်းက အများကြီး ဒုက္ခရောက်ခဲ့ရတာကို ဒီနှစ်တွေတစ်လျှောက်လုံး ငါတို့ လုံးဝသတိမထားမိခဲ့ဘူး၊ တကယ့်ကို ဝမ်းနည်းစရာပဲ"

ကျောက်ဟူမှာ အဘိုးနှင့် အဘွားဖြစ်သူ ပြောသည်ကို နားထောင်ရင်း အလွန်အမင်း စိတ်မကောင်းဖြစ်သွားတော့၏။ မျက်လုံးများ နီရဲလာလျက် သူက အပြင်ဘက်သို့ ချက်ချင်းပြေးထွက်သွားတော့သည်။

ယနေ့တွင်တော့ မိသားစုသံယောဇဉ်ထက် တရားမျှတမှုကိုသာ သူ ရှေ့တန်းတင်တော့မည်ဖြစ်၏။

မျက်ရည်များကိုသုတ်ရင်း ပြေးသွားသော ကျောက်ဟူကို မြင်သောအခါ တစ်ခုခုမှားနေပြီဖြစ်ကြောင်း ရှောင်ကျိုး ချက်ချင်းသတိထားမိလိုက်၏။

တာ့လန်က တကယ်ကြီး မကောင်းတာတစ်ခုခုကို လုပ်ခဲ့ပုံရသည်။

ရှောင်ကျိုး အမီလိုက်ရန် ပြေးထွက်သွားတော့သည်။

သူမရင်ထဲတွင် လေးလံနေသလို ခံစားနေရ၏။ ဦးလေးတာ့လန်က သူမအပေါ် အမြဲတမ်းကောင်းခဲ့သော်ငြား သူ မကောင်းတာကို လုပ်ခဲ့ပြီပင်။

ဦးလေးတာ့လန်ကို သစ္စာဖောက်ပြီး ရွာထဲမှနှင်ထုတ်ရမည်ဆိုသည့် အတွေးကြောင့် ရှောင်ကျိုးမျက်လုံးများတွင် မျက်ရည်များ ဝဲလာတော့သည်။

ကျောက်ဟူက အချိန်အတော်ကြာ လိုက်ရှာပြီးနောက် လယ်ထွန်နေသော ဖခင်ဖြစ်သူကို တွေ့သွားပြီး အော်ခေါ်လိုက်သည်။

"ဦးလေးတာ့လန် အဘိုးနဲ့ အဘွားက ခေါ်နေတယ် ပြန်လာခဲ့"

ပင်ပန်းနွမ်းနယ်နေပြီး တစ်ကိုယ်လုံး ချွေးများရွှဲနစ်နေသော ကျောက်တာ့လန်မှာ ချက်ချင်းပင်ဒေါသထွက်သွားတော့၏။

"ဒီကလေးမိုက် မင်းကတော့ လွန်လွန်းနေပြီ၊ ငါ့ကို အဖေလို့တောင် မခေါ်တော့ဘူးပေါ့လေ၊ မင်းကို ငါရိုက်လိုက်ရမလား"

အရိုက်ခံရမည်ဆိုသည့်စကားကို ကြားလိုက်ရသောအခါ ကျောက်ဟူမှာ ငိုချင်စိတ်ပင် ပေါက်သွားလုနီးပါးဖြစ်သွားတော့သည်။

'ကြည့်စမ်း၊ အရင်က သူ ဘာလို့သတိမထားမိခဲ့တာလဲ'

'သူ့အဖေက အမြဲတမ်း ငါ မင်းကို ရိုက်မယ် ဒါမှမဟုတ် မင်းကို ဆော်ပစ်မယ်လို့ ပြောတတ်တာပဲ'

'ကွယ်ရာမှာလည်း အမေ့ကို ဒီလိုပဲ အကြိမ်ကြိမ်ရိုက်နေတာ ဖြစ်ရမယ်'

ကျောက်ဟူက ဖခင်ဖြစ်သူကို ဒေါသတကြီး စိုက်ကြည့်ကာ ပြန်ဟောက်လိုက်၏။

"ခင်ဗျားက ကျွန်တော့်အဖေ မဟုတ်ဘူး၊ ခင်ဗျားလို အဖေမျိုး ကျွန်တော့်မှာ မရှိဘူး"

ကျောက်တာ့လန်၏ဒေါသမီးက ချက်ချင်းပင် တောက်လောင်သွားတော့သည်။

သူက မနက်စာပင်မစားရသေးဘဲ အလုပ်လုပ်ရန် အလောတကြီးထွက်လာခဲ့ရသဖြင့် အလွန်အမင်းပင်ပန်းနေခဲ့၏။ မနက်အစောကြီးကတည်းက သားဖြစ်သူ ဘာတွေဖြစ်နေမှန်းကို သူ နားမလည်နိုင်အောင်ဖြစ်နေတော့သည်။

ကျောက်တာ့လန်က လုပ်လက်စအလုပ်များကို ချထားခဲ့ပြီး တုတ်တစ်ချောင်းကို ဆွဲကိုင်ကာ သားဖြစ်သူအနောက်မှနေ၍ အိမ်အရောက် လိုက်ပြေးတော့သည်။

ကျောက်ဟူက အိမ်သို့ရောက်သည်နှင့် အဘိုးတို့အိမ်ဘက်သို့ ပြေးဝင်သွားသည်။ ထို့နောက် အဘွား၏အနောက်တွင် ပုန်းကွယ်လျက် ငိုယိုကာပြောလိုက်၏။

"ဝါး အဖေက သားကို သေတဲ့အထိရိုက်တော့မယ်၊ ပြီးတော့ အမေ့ကိုလည်း သေတဲ့အထိ ရိုက်တော့မယ်တဲ့"

သူတို့သားက တုတ်တစ်ချောင်းကို ကိုင်ကာ ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ဒေါသတကြီးပြေးဝင်လာသည်အား အဘိုးကျောက်နှင့် အဘွားကျောက်တို့မြင်လိုက်ကြသည်။

သူတို့သား၏တုတ်ကိုင်ကျွမ်းကျင်မှုမှာ ကွယ်ရာတွင် ဇနီးဖြစ်သူကို အကြိမ်ကြိမ် ရိုက်နှက်ခဲ့သောကြောင့် ဤမျှလောက် ကျွမ်းကျင်နေခြင်းဖြစ်မည်ဟု သက်ကြီးရွယ်အိုနှစ်ဦးက ချက်ချင်းပင် စိတ်ကူးယဉ်တွေးတောလိုက်ကြတော့သည်။

တုတ်ကို ကိုင်ထားသော ကျောက်တာ့လန် : 'ငါ ငယ်ငယ်တုန်းက စကားနားမထောင်တဲ့ ကျောက်ဟူကို တုတ်နဲ့အမြဲရိုက်ဆုံးမခဲ့လို့ ဒီလောက်တောင် ကျွမ်းကျင်နေတာဖြစ်နိုင်မလား’

All Chapters