အခန်း ၁၈၃
Vol. 19 Ch. 183
183
လူအိုကြီးနှစ်ဦးက ကျောက်တာ့လန်လက်ထဲမှတုတ်ကို ချက်ချင်းလုလိုက်ပြီး သူ့ကိုရိုက်နှက်ကာ ဆဲဆိုလိုက်ကြ၏။
"ခွေးကောင်၊ နင်က လူတွေကို ရိုက်ရတာ အရသာတွေ့နေပြီပေါ့လေ၊ ငါတို့ရှေ့မှာတောင် လူကို ရိုက်ရဲသေးတယ်ပေါ့"
မိဘနှစ်ပါး၏တုတ်ဖြင့် အကြိမ်ကြိမ် အရိုက်ခံလိုက်ရသော ကျောက်တာ့လန်ခမျာ တွေးလိုက်မိသည်။
'နေပါဦး၊ ဒါက ဘာတွေဖြစ်ကုန်တာလဲ၊ ကျောက်ဟူကို သေသေချာချာစောင့်ကြည့်ထားပါလို့ အမေတို့ပဲပြောခဲ့တာ မဟုတ်ဘူးလား၊ သုံးရက်လောက်မဆုံးမရင် အိမ်ခေါင်မိုးပေါ်တက်လိမ့်မယ်ဆိုပြီးတော့လေ၊ အခုကျတော့ လူရိုက်တာ သူ့အမှားဖြစ်သွားရောလား၊ အရင်ကကျတော့ ဘယ်တွေရောက်နေကြလို့လဲ'
ကျောက်တာ့လန် အလောတကြီး အော်မေးလိုက်၏။
"အဖေနဲ့ အမေ၊ ဘာတွေဖြစ်နေကြတာလဲ၊ ဘာတွေဖြစ်ကုန်တာလဲ"
အဘိုးကျောက် အော်ငေါက်လိုက်၏။
"ငါတို့ ဘာလုပ်နေလဲဟုတ်လား၊ မင်းဘာလုပ်ခဲ့လဲဆိုတာ မင်းဘာသာပြန်မေးကြည့်စမ်း"
လုံးဝကို နားမလည်နိုင်ဖြစ်နေသော ကျောက်တာ့လန် မေးလိုက်၏။
"ကျွန်တော် ဘာလုပ်လို့လဲ၊ ဘာလို့ မေးလို့မရရမှာလဲ၊ သေသေချာချာ ရှင်းပြကြပါဦး"
သူ မနက်အစောကြီးကတည်းက အလုပ်လုပ်ရန် ထွက်သွားခဲ့ခြင်းဖြစ်ရာ မကောင်းတာ ဘာများလုပ်နိုင်မှာတဲ့လဲ။
အဘွားကျောက် တံမြက်စည်းကိုဆွဲယူကာ ကျောက်တာ့လန်ကို ဆက်ရိုက်လိုက်သည်။
"ငြင်းနေတုန်းပဲလား၊ ဒီနေ့တော့ နင့်ကို သေတဲ့အထိ ရိုက်သတ်ပစ်မယ်၊ ရွာသူကြီးလေး နင့်ကို ရွာထဲကမောင်းထုတ်မဲ့အချိန်ထိတောင် စောင့်မနေဘူး၊ ငါကိုယ်တိုင် နင့်ကိုမောင်းထုတ်ပစ်မယ်"
ကျောက်တာ့လန်မှာ ပို၍ပင်နားမလည်နိုင်ဖြစ်သွားပြီး အလောတကြီးမေးလိုက်သည်။
"ကျွန်တော်က ဘာကိုဝန်ခံရမှာလဲ၊ သေသေချာချာ ရှင်းပြမှပေါ့၊ ပြီးတော့ ရွာသူကြီးလေးကရော ဘာကိစ္စပါလာရတာလဲ၊ နေပါဦး ကျွန်တော် ရွာထဲကနေ နှင်ထုတ်ခံရလောက်တဲ့အထိ ဘာများလုပ်ခဲ့လို့လဲ"
အဒေါ်ကျောက် အိမ်ပြန်ရောက်လာသောအခါ အဘိုးကျောက်တို့ဇနီးမောင်နှံက သူမခင်ပွန်းအား ဝိုင်းရိုက်နေကြသည်ကို မြင်လိုက်ရ၏။
အဒေါ်ကျောက်မှာ ထူးဆန်းနေကြောင်း ခံစားလိုက်ရသည်။ ထိုသို့သော မြင်ကွင်းမျိုးကို မမြင်ရသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်၏။
သူမ ခွေးခြေခုံတစ်လုံးကို ခပ်သုတ်သုတ်ယူလာပြီး တံခါးဝတွင်ထိုင်ကာ ပွဲကြည့်နေတော့သည်။
ဘေးအိမ်နှစ်အိမ်မှ အိမ်နီးချင်းများမှာလည်း ပွဲကြည့်ရန်ရောက်လာကြ၏။
အဒေါ်လျို့က အဒေါ်ကျောက်အား ဖရဲစေ့တစ်ဆုပ် ကမ်းပေးရင်းမေးလိုက်သည်။
"နင့်ယောကျ်ား ဘာဖြစ်တာလဲ၊ ပုံမှန်ဆို နင့်ခြံထဲမှာ ကျောက်ဟူအရိုက်ခံရလို့ အော်ငိုနေတဲ့အသံတွေချည်းပြည့်နေတာလေ၊ ဒီနေ့ကျ ဘာလို့နင့်ယောကျ်ားအလှည့် ဖြစ်သွားတာလဲ"
အဒေါ်ကျောက် ခေါင်းခါပြလိုက်၏။
"ငါလည်း မသိဘူး၊ အခုပဲ ထိုင်ကြည့်နေတာ"
အိမ်ထဲမှ အဘွားကျောက်၏အသံ ထွက်ပေါ်လာတော့သည်။
"နင် ခေါင်းမာနေတုန်းပဲလား၊ ပြောစမ်း ကွယ်ရာမှာ နင့်မိန်းမကို နင်အနိုင်ကျင့်နေတာ မဟုတ်ဘူးလား"
အဒေါ်ဝမ် ထိုစကားကိုကြားသွားပြီး မေးလိုက်၏။
"ငါ ကြားရသလောက်ဆိုရင် ဘယ်လိုလုပ် နင်က ဒီထဲပါလာရတာလဲ၊ နင့်ယောကျ်ားက နင့်ကိုဘာလုပ်လို့လဲ"
ပွဲထိုင်ကြည့်နေသော အဒေါ်ကျောက်ခမျာ ရုတ်တရက်ကြီး သူမကိုယ်တိုင် ဇာတ်လမ်းထဲ ပါသွားတော့သည်။
'အခုတော့ ဖရဲစေ့တောင် ဆက်စားလို့မရတော့ဘူး'
သူမ အိမ်ထဲသို့ ချက်ချင်းပြေးဝင်သွားတော့၏။
အဘွားကျောက်က ချွေးမဖြစ်သူ ရောက်လာသည်ကို မြင်လိုက်သည်။
သူမက ရှေ့သို့ပြေးသွားကာ အဒေါ်ကျောက်လက်ကို ဆွဲလျက်မေးလိုက်၏။
"မနေ့ညက အဲ့ကောင် နင့်ကိုရိုက်သေးလား"
အဒေါ်ကျောက် ခေါင်းခါပြလိုက်သည်။
"မရိုက်ပါဘူး"
အဘွားကျောက် အရှုံးမပေးဘဲ ဆက်မေးလိုက်၏။
"အမှန်အတိုင်းသာပြော မကြောက်နဲ့၊ အဲ့ကောင် နင့်ကို ခဏခဏရိုက်လား"
အဒေါ်ကျောက်မှာ အချိန်အတော်ကြာ မေးခွန်းထုတ်ခံရပြီးနောက် သူမကိုယ်သူမပင် သံသယဝင်လာတော့သည်။ သို့သော် ကျောက်တာ့လန်က သူမအား ရိုက်ခဲ့သည်ကို ပြန်စဉ်းစား၍မရသဖြင့် ခေါင်းခါပြကာ ပြန်ဖြေလိုက်၏။
"မရိုက်ပါဘူး၊ ကျွန်မတို့ အဆင်ပြေပါတယ်"
ကျောက်တာ့လန်တစ်ယောက် ဘာတွေဖြစ်နေသလဲဆိုသည်ကို နောက်ဆုံးတွင်တော့ သဘောပေါက်သွားပြီပင်။
'ဒေါသထွက်လွန်းလို့ ရယ်တောင်ရယ်ချင်လာပြီ'
"ကျောက်ဟူဆိုတဲ့ အဲ့ဒီကလေးမိုက် လျှောက်ပြောထားတာတွေမလား"
အဘွားကျောက်မှာ သံသယဖြစ်နေဆဲမို့ ထပ်မေးလိုက်သည်။
"ပြီးခဲ့တဲ့တစ်ခေါက် နင့်ကိုယ်မှာ ဒဏ်ရာရထားတာ မဟုတ်ဘူးလား၊ ငါမေးတော့လည်း နင်က တွန့်ဆုတ်တွန့်ဆုတ်နဲ့ ဘာမှမဖြေဘူးလေ"
အဒေါ်ကျောက် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ရှင်းပြလိုက်၏။
"ပြီးခဲ့တဲ့တစ်ခေါက် အဒေါ်လျို့တို့နဲ့ ရန်ဖြစ်တုန်းကလေ ကျွန်မ မျက်နှာပန်းလှချင်တာနဲ့ ရန်ဖြစ်ရင်း ဒဏ်ရာရလာတာကို ဘယ်သူ့ကိုမှ မသိစေချင်လို့ အိမ်ပြန်ပြီး တိတ်တိတ်လေး ဆေးလူးနေခဲ့တာ၊ အဲ့ဒါ အဖေနဲ့ အမေ့ကို ပြောပြဖို့ရှက်နေခဲ့လို့ပါ"
အဘိုးကျောက် သားဖြစ်သူကို မေးလိုက်သည်။
"ဒါဆို ရွာသူကြီးလေးက ဘာပြောတာလဲ၊ မနေ့ညက မင်း လူရိုက်နေတာကို သူမမြင်တယ်ဆို"
အကယ်၍ ကျောက်ဟူကသာ ဤသို့ပြောခဲ့လျှင် အဘိုးကျောက် လုံးဝယုံမည်မဟုတ်သော်ငြား ရွာသူကြီးလေးကတော့ မည်သည့်အခါမျှလိမ်ပြောမည်မဟုတ်သဖြင့် အကြိမ်တစ်ထောင်မက ယုံမည်သာဖြစ်၏။
အဘိုးကျောက်မေးခွန်းကို ကြားသောအခါ ကျောက်တာ့လန်နှင့် အဒေါ်ကျောက်တို့နှစ်ဦးလုံး မျက်နှာများရဲတက်သွားကြတော့သည်။
ကျောက်တာ့လန်က မိဘနှစ်ပါးကို ဘေးသို့အမြန်ဆွဲခေါ်သွားပြီး မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြလိုက်၏။
လေထုက အတော်လေးအနေရခက်စရာကောင်းနေတော့သည်။
ပြဿနာကြီးကို ဖန်တီးမိသွားပြီဖြစ်ကြောင်း လူအိုကြီးနှစ်ယောက်စလုံး သဘောပေါက်သွားကြ၏။
သူတို့အားလုံး ဤကိစ္စကို ရွာသူကြီးလေးအား မည်သို့ရှင်းပြရမည်ကို စဉ်းစားခန်းဝင်နေကြတော့သည်။
ရွာသူကြီးလေးမှာ မျက်နှာထား တင်းတင်းဖြင့် ဝင်လာခဲ့သည်။
သူတို့ကိစ္စကို ဘယ်လိုများဖြေရှင်းထားကြသလဲဆိုသည်ကို သိချင်နေသဖြင့် ရှောင်ကျိုး သူတို့အားလုံးကို စိုက်ကြည့်နေလိုက်၏။
အဘွားကျောက်က ခင်ပွန်းဖြစ်သူကို အမြန်တံတောင်ဖြင့်တွတ်ကာ ပြောလိုက်သည်။
"ရှင်ပဲ ပြောလိုက်"
အဘိုးကျောက်ကလည်း ကျောက်တာ့လန်ကို တံတောင်ဖြင့်ဆက်တွတ်လိုက်၏။
"မင်းဖန်တီးထားတဲ့ဇာတ်ဆိုတော့ မင်းဘာသာမင်း ကြည့်ရှင်းလိုက်ကွာ"
အကြောင်းမဲ့သက်သက် အရိုက်ခံလိုက်ရသော ကျောက်တာ့လန်ခမျာ ယခုအခါတွင် ဇနီးဖြစ်သူကို မရိုက်ခဲ့ကြောင်းကို ကလေးတစ်ယောက် နားလည်နိုင်မည့် အကြောင်းပြချက်တစ်ခုရလာရန် ခေါင်းစားခံကာ စဉ်းစားရတော့သည်။
ကျောက်တာ့လန် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ရွာသူကြီးလေးကို စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏။
"ရွာသူကြီးလေး၊ ကျွန်တော် မင်းရဲ့အဒေါ်ကျောက်ကို မရိုက်ပါဘူး၊ မနေ့ညက၊ မနေ့ညကလေ…"
အဒေါ်ကျောက်က ကျောက်တာ့လန်ကို ဆွဲဖယ်လိုက်ပြီး ဆောင့်ကြောင့်ထိုင်ကာ ရွာသူကြီးလေးကို ပြောလိုက်သည်။
"ရွာသူကြီးလေး၊ ကျွန်မ မနေ့ညက မင်းရဲ့ဦးလေးတာ့လန်နဲ့ သိုင်းပြိုင်နေခဲ့ကြတာပါ၊ ဦးလေးတာ့လန်က ကျွန်မကို ရိုက်တာမဟုတ်ပါဘူး၊ ပြီးတော့ ကျွန်မက အရမ်းသန်မာတာဆိုတော့ ဘယ်သူမှ အနိုင်ကျင့်လို့မရပါဘူး"
အထင်လွဲမှုများကြောင့် ပြဿနာများ ကြီးကျယ်သွားခဲ့သော်ငြား အဒေါ်ကျောက် ရင်ထဲတွင်တော့ အလွန်အမင်း နွေးထွေးသွားခဲ့ရ၏။ သူမ အနိုင်ကျင့်ခံရသည်ဟူသောအတွေးရောက်သွားချိန်တွင် သူမသား၊ ရွာသူကြီးလေးနှင့် ယောက္ခမများက သူမဘက်မှ ရပ်တည်ပေးခဲ့ကြသည်။
အဒေါ်ကျောက်ခမျာ မျက်ရည်ကျလုမတတ်ပင် ကြည်နူးသွားခဲ့ရရှာသည်။
သိုင်းပြိုင်နေကြခြင်းဖြစ်ကြောင်း ကြားလိုက်ရသောအခါ ရွာသူကြီးလေးမှာ ချက်ချင်းပင် သက်ပြင်းချနိုင်သွားပြီး မေးလိုက်၏။
"ဒါဆို အဒေါ်ကျောက် ဘာလို့ငိုနေတာလဲ"
အဒေါ်ကျောက် ပြန်ဖြေလိုက်သည်။
"ကျွန်မ ပြိုင်ပွဲမှာရှုံးသွားလို့ပါ၊ ဒါပေမဲ့ စိတ်မပူပါနဲ့ ရွာသူကြီးလေး၊ နောက်တစ်ခါကျရင် မင်းရဲ့ဦးလေးတာ့လန်ကို အနိုင်ယူနိုင်ဖို့ အခုကစပြီး သိုင်းပညာကို သေသေချာချာ ကြိုးစားလေ့ကျင့်သွားပါ့မယ်"
အကြောင်းရင်းကို သိသွားပြီးနောက် ရှောင်ကျိုးမှာ စိတ်သက်သာရာရသွားတော့၏။ အနည်းဆုံးတော့ သူက ဇနီးဖြစ်သူကို ရိုက်နေခြင်းမဟုတ်ပေ။
ဤကိစ္စက အုတ်အော်သောင်းတင်းဖြစ်သွားခဲ့သော်ငြား ထောင်ယွမ်ရွာသို့ အသစ်ဝင်လာသော အခြားရွာများအတွက်တော့ သတိပေးခေါင်းလောင်းသံလေးတစ်ခု ဖြစ်သွားခဲ့သည်။ ထောင်ယွမ်ရွာတွင် နေထိုင်မည်ဆိုပါက ထောင်ယွမ်ရွာ၏စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ပြီး မဟုတ်ပါက ရွာထဲမှ နှင်ထုတ်ခံရမည်ဖြစ်၏။
ပြဿနာကို ပြီးပြည့်စုံစွာဖြေရှင်းပြီးသွားပြီဖြစ်ကြောင်း မြင်သောအခါ ရှောင်ကျိုးတစ်ယောက် လက်နောက်ပစ်လျက် အေးအေးလူလူ လမ်းလျှောက်ထွက်လာခဲ့တော့သည်။
သူမတွင် လုပ်စရာအရေးကြီးကိစ္စများ ရှိနေသေးသည်။
တစ်ချိန်တည်းမှာပင် ဖခင်ဖြစ်သူ၏အစောင့်ကြည့်ခံနေရသော ကျောက်ဟူခမျာ တင်ပါးတွင် အနည်းငယ်နာလာသလို ခံစားလိုက်ရ၏။
ထင်သည့်အတိုင်းပင် ရှောင်ကျိုးတစ်ယောက် သိပ်မဝေးသေးခင်မှာပင် ကျောက်ဟူတို့အိမ်ဘက်ဆီမှ ရင်းနှီးနေသော အော်ဟစ်ငိုယိုသံများကို ကြားလိုက်ရတော့သည်။
ရှောင်ကျိုး ခြေလှမ်းလေးများကို ခပ်သွက်သွက်လျှောက်လိုက်ပြီး အဘိုးကျန်း၏အိမ်ဘက်သို့ တန်းတန်းမတ်မတ် သွားလိုက်သည်။ အဘိုးကျန်းက သစ်သားပန်းပုပညာတွင် အလွန်ကျွမ်းကျင်ပြီး ပြီးခဲ့သည့်တစ်ခေါက် ရှောင်ကျိုးရထားသော ပက်လက်ကုလားထိုင်ကိုလည်း သူကပင် ပြုလုပ်ပေးထားခြင်းဖြစ်၏။
ရွာထဲမှ ကလေးအချို့ကလည်း အဘိုးကျန်းထံတွင် အနှီပညာရပ်ကို သင်ယူနေကြကြောင်း ရှောင်ကျိုးကြားထားသည်။
ရှီအန်းလည်း ဤကိစ္စကို စိတ်ဝင်စားကြောင်း ရှောင်ကျိုး မှတ်မိနေသဖြင့် လမ်းတွင် ရှီအန်းကိုတွေ့သောအခါ သူ့ကိုပါ အဘိုးကျန်း၏အိမ်သို့ တပါတည်း ခေါ်သွားလိုက်သည်။ သူတို့အနောက်တွင်တော့ အားသို့နှင့် သူ့သူငယ်ချင်းတစ်သိုက်လည်း ကပ်ပါလာကြ၏။
ရှောင်ကျိုးက လူအုပ်ကြီးကို ဦးဆောင်၍ အဘိုးကျန်းကို သွားရှာသောအခါ သူကခြံဝင်းထဲတွင် နေပူဆာလှုံနေခဲ့သည်။
ရွာသူကြီးလေး ရောက်လာသည်ကိုမြင်သောအခါ အဘိုးကျန်းက ရွာသူကြီးလေးနှင့် ပါလာသူများထိုင်ရန်အတွက် ခွေးခြေခုံများကို ဝမ်းသာအားရ ထုတ်ပေးလိုက်၏။
ရှောင်ကျိုးက သူမ၏ပုံစံကြမ်းများကို ထုတ်ကာ ရှီအန်းနှင့် အဘိုးကျန်းတို့ကို ပြလိုက်သည်။
သူမ ပြောလိုက်၏။
"သမီး ဒါလေးလုပ်ချင်လို့"
အဘိုးကျန်းက ပုံစံကြမ်းများကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သော်ငြား ၎င်းက ဘာကြီးမှန်းကို သူ လုံးဝနားမလည်နိုင်ခဲ့ပေ။
သို့သော် ရွာသူကြီးလေးမှ လိုအပ်ကြောင်း ပြောထားသဖြင့် အဘိုးကျန်း တွန့်ဆုတ်နေခြင်း အလျဉ်းမရှိဘဲ လိုအပ်သောပစ္စည်းများကို စတင်ပြင်ဆင်တော့သည်။
ရှီအန်းက ပုံစံကြမ်းများကိုကြည့်လိုက်ပြီး တစ်ဝက်ခန့်ဖတ်အပြီးတွင် ဉာဏ်ကြီးရှင်လေးပီပီ အနည်းငယ် သဘောပေါက်သွားကာ မေးလိုက်၏။
"လူတွေက ဒီပေါ်မှာထိုင်ပြီးသွားလို့ရတာလား"
ရှောင်ကျိုး ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
"ဒါကိုသာ လုပ်ပြီးသွားရင် မြို့တော်မှာ သွားရောင်းပြီး ငွေတွေ အများကြီးရှာလို့ရပြီ"
ငွေရနိုင်ကြောင်းကြားလိုက်ရသောအခါ ရှီအန်းမှာ အလုပ်လုပ်ရန် ပို၍ပင် တက်တက်ကြွကြွ ဖြစ်သွားတော့၏။
သူက ပုံစံကြမ်းများကို ချက်ချင်းဆွဲယူလိုက်ပြီး အဘိုးကျန်းနှင့်အတူ သွားရောက်လေ့လာနေတော့သည်။
ရှောင်ကျိုးတစ်ယောက် အကျေနပ်ကြီး ကျေနပ်ကာ ခေါင်းညိတ်လိုက်၏။
ရွာသူကြီးဖြစ်ရသည်က တကယ်ကို ကောင်း၏။ ခိုင်းလိုက်ရုံဖြင့် လူတိုင်းက သူမကို ကူညီပြီး အလုပ်ပြီးမြောက်အောင် လုပ်ပေးကြသည်။
ရှောင်ကျိုး အပြင်ဘက်သို့ အေးအေးလူလူ လမ်းလျှောက်ထွက်လာခဲ့သည်။
သူမ စဉ်းစားနေမိသည်က မစ်ရှင်များကို ဘယ်လိုပြန်စတင်ပြီး ဆုမဲတွေထပ်နှိုက်ရမလဲဆိုသည်ပင်။
မနေ့က သူမ စက်ဘီးတစ်စီးပေါက်ခဲ့သည်။ တစ်နေ့နေ့ ဆုမဲနှိုက်ရင်း ဖုန်းတစ်လုံးပေါက်လာပြီး ဂိမ်းတွေဆော့နိုင်မလားဆိုသည်ကို ဘယ်သူကများသိနိုင်ပါမည်နည်း။