အခန်း ၁၈၄
Vol. 19 Ch. 184
184
ရှောင်ကျိုး စနစ်ကို မေးလိုက်သည်။
"စနစ်၊ ငါက အခု ရွာသူကြီးဖြစ်နေပြီဆိုတော့ ရွာအတွက် ကောင်းကျိုးဖြစ်စေမဲ့ အရာတွေလုပ်မှပဲ ဆုလာဘ်တွေရမှာလား"
စနစ် ပြန်ဖြေ၏။
[ဟုတ်ပါတယ်]
ရှောင်ကျိုး ဆက်မေးလိုက်သည်။
"အခု ချုံကျိုးနယ်မြေက ငါ့ပိုင်နက်ဖြစ်သွားပြီ၊ ပြီးတော့ ငါက ချုံကျိုးနယ်မြေရဲ့ဘုရင်ဆိုတော့ ချုံကျိုးနယ်မြေက ပြည်သူပြည်သားအားလုံးက ငါ့ရွာသားတွေ ဖြစ်သွားပြီပေါ့၊ ဒါဆိုရင် ငါက ချုံကျိုးနယ်မြေအတွက် ကောင်းကျိုးတစ်ခုခုလုပ်ပေးရင် ဆုလာဘ်တွေရနိုင်မလား"
ထိုမေးခွန်းကြောင့် စနစ်ခမျာ ခေါင်းခြောက်သွားလုမတတ်ဖြစ်သွားရ၏။
'ဒီလိုမျိုး တွက်လို့ရတယ်လား'
သို့သော် သေသေချာချာပြန်စဉ်းစားကြည့်လိုက်ချိန်တွင်လည်း အဓိပ္ပာယ်ရှိနေပြန်၏။
စနစ်မှာ ချက်ချင်းပင် လက်ခံယုံကြည်သွားတော့သည်။
သခင်က တက်တက်ကြွကြွဖြင့် မစ်ရှင်များကို ပြီးမြောက်အောင်လုပ်ဆောင်နေခြင်းက ကောင်းမွန်သောအရာဖြစ်သဖြင့် စနစ်တွင် တားဆီးရန် အကြောင်းပြချက်မရှိပေ။
ထို့ကြောင့် စနစ်မှ အမြန်ပြန်ပြောလိုက်သည်။
[မြို့တစ်မြို့ကိုရသွားတဲ့အတွက် ဂုဏ်ယူပါတယ် သခင်၊ အရည်အချင်းပြည့်မီတဲ့ မြို့စားတစ်ယောက်ဖြစ်လာဖို့ ကြိုးစားပေးပါ]
ရှောင်ကျိုးတစ်ယောက် အကျေနပ်ကြီး ကျေနပ်ကာ ခေါင်းညိတ်လိုက်၏။
'ဒီလိုမှပေါ့'
ရှောင်ကျိုးမှာ ကျေကျေနပ်နပ်ဖြင့် ထွက်သွားတော့သည်။
ယခုအခါ သူမတွင် ရည်မှန်းချက်အသစ်တစ်ခု ရှိလာခဲ့ပြီဖြစ်၏။ ယင်းမှာ အရည်အချင်းပြည့်မီသော ရွာသူကြီးတစ်ယောက်သာမက အရည်အချင်းပြည့်မီသော မြို့စားတစ်ယောက်ပါ ဖြစ်လာစေရန်ပင်။
ချုံကျိုးနယ်မြေက အလွန်ကျယ်လှသဖြင့် အရည်အချင်းပြည့်မီသော မြို့စားတစ်ယောက်ဖြစ်လာရန်မှာ လူများစွာကို တာဝန်ခွဲဝေပေးပြီး အလုပ်လုပ်ခိုင်းဖို့လိုသည်။
ယခု ထောင်ယွမ်ရွာတွင်ရှိနေစဉ်အခါကဲ့သို့ပင် သူမ စကားတစ်ခွန်းပြောလိုက်ရုံဖြင့် ရွာသားများက ချက်ချင်း ပြီးမြောက်အောင် လုပ်ပေးနိုင်ကြသည်။
အရာရှိများကို တာဝန်ခွဲဝေပေးရမည်ဖြစ်ပြီး အလကားထိုင်မနေခိုင်းသင့်ကြောင်း ရှောင်ကျိုးဆုံးဖြတ်လိုက်သည်။
ဆရာကြီးရွှီက ခြံဝတွင် ဆောင့်ကြောင့်ထိုင်ကာ ခေါင်းလေးပင့်လျက် စဉ်းစားခန်းဝင်နေသော ရှောင်ကျိုးကို မြင်လိုက်ရ၏။
'ဒီကောင်မလေး ဘယ်လို ဉာဏ်နီဉာဏ်နက်တွေများ ထုတ်နေပြန်ပြီလဲမသိဘူး'
ဆရာကြီးရွှီ တံခါးဝတွင် ဆောင့်ကြောင့်ထိုင်နေသော ကလေးမလေးကို သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်ကာ မေးလိုက်သည်။
"ဘာတွေများ စဉ်းစားနေတာလဲ"
ရှောင်ကျိုး မော့ကြည့်လိုက်ရာ ဆရာကြီးရွှီကိုမြင်သွားပြီး အမြန်မေးလိုက်၏။
"ဆရာကြီး၊ အရည်အချင်းပြည့်မီတဲ့ မြို့စားတစ်ယောက်ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲ"
ရှောင်ကျိုးတစ်ယောက် အရေးကြီးသောကိစ္စများကို စတွေးနေပြီဖြစ်ကြောင်း မြင်သောအခါ ဆရာကြီးရွှီ ခွေးခြေခုံတစ်လုံးကိုယူလာပြီး ရှောင်ကျိုးဘေးတွင်ထိုင်ကာ ပြောလိုက်သည်။
"အရည်အချင်းပြည့်မီတဲ့ မြို့စားတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် အရင်ဆုံး ချုံကျိုးနယ်မြေက ပြည်သူပြည်သားတွေ ဝမ်းစာလုံအောင်လုပ်ပေးရမယ်"
ရှောင်ကျိုး ခဏတာစဉ်းစားပြီး ပြန်ဖြေလိုက်၏။
"ဒါပေမဲ့ ပြည်သူပြည်သားတွေက အမြဲတမ်း အစားအသောက် လုံလုံလောက်လောက်ရနေကြတာ မဟုတ်ဘူးလား"
ဆရာကြီးရွှီမှာ စိုးရိမ်နေသောမျက်နှာဖြင့် ခေါင်းခါပြလိုက်ပြီး ရှောင်ကျိုးကို ဖြည်းဖြည်းချင်းပြောပြလိုက်သည်။
"ရှောင်ကျိုး၊ မင်းသိထားရမှာက စားနိုင်သောက်နိုင်တဲ့ ထောင်ယွမ်ရွာလိုမျိုး ရွာတိုင်းက မဖြစ်နိုင်ဘူး၊ ချုံကျိုးနယ်မြေရဲ့ရွာအများစုက အရမ်းကိုမွဲတေနေကြတာ၊ အထူးသဖြင့် သဘာဝဘေးအန္တရာယ်တွေ ဒါမှမဟုတ် လူတွေကြောင့်ဖြစ်ရတဲ့ ဘေးအန္တရာယ်တွေ ကျရောက်လာတဲ့အခါမျိုးမှာဆို ဘဝက ဖြတ်သန်းရခက်လွန်းလို့ တကယ့်ကို ရင်ကွဲစရာ မြင်ကွင်းတွေချည်းပဲ၊ ကောက်ပဲသီးနှံတွေ ပျက်စီးမယ်၊ လူတွေ နေရပ်ကနေ ထွက်ပြေးရမယ်၊ နေရာတိုင်းက အကျည်းတန်နေရောပဲ၊ ရွာတိုင်းက ထောင်ယွမ်ရွာလိုမျိုး ကံကောင်းနေတာမျိုး မဟုတ်ဘူးကွဲ့"
ဆရာကြီးရွှီ စကားပြောနေရင်း သက်ပြင်းရှည်ကြီးတစ်ခုကို အလိုအလျောက်ချလိုက်မိပြီး ဆက်ပြော၏။
"ချုံကျိုးနယ်မြေက နယ်စပ်ဂိတ်နားမှာရှိနေတော့ တခြားနိုင်ငံတွေရဲ့ ကျူးကျော်မှုကို ခဏခဏခံရတယ်၊ မီးရှို့တာတွေ၊ သတ်ဖြတ်တာတွေ၊ လုယက်တာတွေဆိုတာ ပုံမှန်လိုဖြစ်နေတာ၊ ပြည်သူပြည်သားတွေက အမြဲတမ်း အကြောက်တရားတွေနဲ့နေနေကြရပြီး သူတို့အသက်အိုးအိမ်စည်းစိမ်အတွက် အာမခံချက်ဆိုတာမရှိဘူး၊ ဗိုက်ဝအောင် စားရဖို့ဆိုတာ ဝေလာဝေးပေါ့"
"တစ်ကယ်လို့ ရှောင်ကျိုးလေးက ချုံကျိုးနယ်မြေက ပြည်သူပြည်သားအားလုံးကို ဝမ်းစာလုံစေချင်တယ်ဆိုရင် အဲ့ဒါက အကောင်အထည်ဖော်ဖို့ အရမ်းကိုခက်တဲ့ ရည်မှန်းချက်တစ်ခုပဲ"
ရှောင်ကျိုးမှာ ဆရာကြီးရွှီ၏စကားများကြောင့် စိတ်ဓာတ်ကျသွားခြင်း အလျဉ်းမရှိပေ။ သူမ စဉ်းစားလိုက်မိသည်။
'ငါက ထောင်ယွမ်ရွာကိုတောင် ဝမ်းစာလုံအောင် လုပ်ပေးနိုင်ခဲ့တာပဲ၊ တခြားရွာတွေကရော ဘာလို့ ထောင်ယွမ်ရွာလို မဖြစ်နိုင်ရမှာလဲ'
ရှောင်ကျိုးတစ်ယောက် ယုံကြည်မှုတို့ အပြည့်ဖြစ်နေတော့သည်။
သူမ ဆက်မေးလိုက်၏။
"အဲ့ဒီအရာရှိတွေအားလုံး သမီးရဲ့အမိန့်တွေကို နာခံလာအောင် ဘယ်လိုလုပ်ရမလဲ"
ဆရာကြီးရွှီ ပြန်ဖြေလိုက်သည်။
"မင်း ခရိုင်ဝန်ကို တာဝန်ပေးလို့ရတယ်၊ ပြီးရင် ခရိုင်ဝန်ကတစ်ဆင့် စီရင်စုအလိုက်ရှိတဲ့ တရားသူကြီးတွေကို အကြောင်းကြားခိုင်းလိုက်ပေါ့"
'ခရိုင်ဝန် ဟုတ်လား'
"ခရိုင်ဝန်က ဘာအလုပ်လုပ်တာလဲ"
ရှောင်ကျိုး မေးလိုက်သည်။
ဤကလေးမလေးက ဘာတစ်ခုမှနားမလည်ကြောင်း မြင်သောအခါ ဆရာကြီးရွှီက ချုံကျိုးနယ်မြေ၏အဓိကရုံးလုပ်ငန်း အစီအမံများနှင့် အရာရှိများအကြောင်းကို အကြမ်းဖျင်းရှင်းပြလိုက်၏။
၎င်းတို့ကိုကြားပြီးနောက် ရှောင်ကျိုးခမျာ ခေါင်းပင်မူးနောက်သွားတော့သည်။ ချုံကျိုးနယ်မြေတွင် အရာရှိများ ဤမျှလောက်များလိမ့်မည်ဟု သူမ လုံးဝထင်မထားခဲ့ချေ။
ဆရာကြီးရွှီ စကားပြောအပြီးတွင် ရှောင်ကျိုးကို သူမဘာသာ သဘောပေါက်နားလည်စေရန် အချိန်ပေးခဲ့လိုက်၏။
ဤအရာရှိများ ဘာအတွက် လုပ်ဆောင်ပေးရသလဲဆိုသည်ကိုတော့ သူမဘာသာစဉ်းစားခိုင်းထားသည်။
သို့သော် ရှောင်ကျိုးမှာ ခရိုင်ဝန်နှင့် တရားသူကြီးကိုသာ မှတ်မိလိုက်ပြီး ကျန်သည်များကိုတော့ ဘာတစ်ခုမျှ မှတ်မိမနေခဲ့ပေ။
ခရိုင်ဝန်ဆိုသည်မှာ ချုံကျိုးတစ်နယ်မြေလုံးရှိ ကြီးငယ်မဟူ ကိစ္စရပ်အားလုံးကို တာဝန်ယူရသူဖြစ်ကြောင်းကိုသာ သူမ နားလည်လိုက်သည်။
ယခုမှစ၍ မည်သည့်ကိစ္စကိုမဆို ခရိုင်ဝန်ထံ လွှဲထားနိုင်ပြီး ၎င်းမှတစ်ဆင့် စီရင်စုတရားသူကြီးများအား ဘယ်လိုဆက်လုပ်ရမည်ဆိုသည်ကို ညွှန်ကြားခိုင်းနိုင်ကြောင်း ရှောင်ကျိုး တွေးလိုက်မိ၏။
တွေးမိသည်နှင့် တစ်ပြိုင်နက် လက်တွေ့ဆန်သော ရှောင်ကျိုးတစ်ယောက် စိတ်ကူးပေါ်လာသည်နှင့် ချက်ချင်း အကောင်အထည်ဖော်တတ်သူပီပီ ယခုချက်ချင်းပင် ခရိုင်ဝန်ကို သွားရှာရန် ဆုံးဖြတ်လိုက်တော့သည်။
ရွာသူကြီးလေး အပြင်ထွက်တော့မည်ကို သိလိုက်သည်နှင့် ရှင်းအာက သူမနောက်လိုက်များကိုခေါ်ကာ ချက်ချင်း ထပ်ကြပ်မကွာ လိုက်ပါလာတော့၏။
သူတို့က ရွာသူကြီးလေးအတွက် အလုပ်အကျွေးပြုရန်ဟု အမည်တပ်ထားပြီး ရွာသူကြီးလေး လိုအပ်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ပေးရန် အသင့်ပြင်ထားကြခြင်းပင်။
ကလေးများချည်းသာဖြစ်နေသည်ကို မြင်သောအခါ လင်းချီမှာ အနည်းငယ် စိုးရိမ်သွားသဖြင့် တစ်ပါတည်းလိုက်ပါလာခဲ့၏။
ထို့အပြင် မင်းသမီးလေးမှာ အမြဲတမ်း အနားတွင်ရှိနေမည့် အိမ်တော်ထိန်းတစ်ယောက်လည်းလိုအပ်သည်။
မနေ့ကမှ ပြန်ရောက်လာပြီး ယနေ့တွင် ထပ်မံထွက်ခွာရန်ပြင်နေသော အငြိမ်မနေတတ်သည့် ရွာသူကြီးလေးနောက်သို့ လူအုပ်ကြီးက တကောက်ကောက် လိုက်သွားကြတော့သည်။
ထိုသို့ဖြင့် လူအုပ်ကြီးက ရထားလုံးစီးကာ မြို့ထဲသို့ ဦးတည်သွားကြတော့၏။
နေ့လယ်စာစားချိန်ရောက်သောအခါ ရှောင်ကျိုးနှင့် သူမသူငယ်ချင်းတစ်သိုက် စားသောက်ဆိုင်တစ်ဆိုင်သို့ ရောက်သွားကြသည်။
ရှောင်ကျိုးက စားသောက်ဆိုင်၏ဆိုင်းဘုတ်ကို မော့ကြည့်ပြီး ပြောလိုက်၏။
"ကြည့်ရတာ မဆိုးဘူး၊ ဒီမှာပဲ နေ့လယ်စာ စားကြရအောင်"
ဗိုက်ဆာလွန်း၍ အစာအိမ်တို့ပင်ဆူညံနေကြပြီဖြစ်ရာ အားလုံး သဘောတူညီစွာ ချက်ချင်းခေါင်းညိတ်လိုက်ကြပြီး ရွာသူကြီးလေးအနောက်မှ စားသောက်ဆိုင်ထဲသို့ ဝင်သွားကြတော့သည်။
စားပွဲထိုးက သူတို့ကို နွေးနွေးထွေးထွေး ကြိုဆိုလိုက်ပြီး ပြတင်းပေါက်ဘေးရှိ ထိုင်ခုံတစ်ခုဆီသို့ ခေါ်သွားလိုက်၏။
ပြတင်းပေါက်အပြင်ဘက်တွင် လူများ သွားလာလှုပ်ရှားနေကြပြီး စည်ကားသိုက်မြိုက်သော မြို့တော်၏ အငွေ့အသက်က စိတ်ကြည်နူးဖွယ် ကောင်းလှသည်။
ရှောင်ကျိုးက ဆိုင်၏နာမည်ကြီး ဟင်းလျာအချို့ကို မှာလိုက်သည်။
အစားအသောက်များမှာပြီး ရှောင်ကျိုး စားသောက်ပြီးသည်နှင့် တန်းသွားနိုင်ရန် ခရိုင်ရုံးတော်ဆီသို့ သွားရာလမ်းကို ခပ်ပေါ့ပေါ့ပင်မေးလိုက်၏။
ထိုစကားကိုကြားသောအခါ စားပွဲထိုးက တက်တက်ကြွကြွဖြင့် လမ်းညွှန်ပေးလိုက်ပြီး ခရိုင်ဝန်မှာ ပုံမှန်အားဖြင့် နေ့လယ်ပိုင်းတွင်သာ ရုံး၌အလုပ်လုပ်လေ့ရှိသဖြင့် ယခုအချိန်က သွားရောက်ရန် အသင့်တော်ဆုံးအချိန်ဖြစ်ကြောင်း ရှောင်ကျိုးတို့ကို သတိပေးလိုက်သည်။
ဟင်းလျာများ ရောက်လာရာ အနံ့အသက်ရော အသွင်အပြင်ပါ အလွန်စွဲမက်ဖွယ်ကောင်းသည်။ ဗိုက်ဆာနေကြသော လူအုပ်ကြီးမှာ အရသာရှိရှိဖြင့် အားပါးတရစားသောက်လိုက်ကြတော့၏။
အထူးသဖြင့် ရှင်းအာနှင့် နောက်လိုက်ကလေးတစ်သိုက်အတွက် ယခုအကြိမ်က မြို့သို့ပထမဆုံးအကြိမ် လာရောက်ဖူးခြင်းပင်။
သူတို့မှာ အလွန်အမင်း ပျော်ရွှင်နေကြတော့သည်။
စားသောက်ပြီးနောက် ရှောင်ကျိုးနှင့် သူမအဖွဲ့မှာ စားပွဲထိုး၏လမ်းညွှန်မှုဖြင့် စည်ကားလှသော လမ်းမများကိုဖြတ်လျှောက်လာခဲ့ကြပြီး ခရိုင်ရုံးသို့ ရောက်လာကြသည်။
ရှောင်ကျိုးတစ်ယောက် အထဲသို့ဝင်ရန် ခြေလှမ်းလိုက်စဉ်မှာပင် ခန်းမထဲမှ ဆူဆူညံညံအသံများကို ကြားလိုက်ရ၏။
ရုံး၏အဓိကခန်းမဆောင်ထဲတွင် ခရိုင်ဝန်က အမှုတစ်ခုကိုစစ်ဆေးကြားနာနေခြင်းပင်။
ရှောင်ကျိုးမှာ ချက်ချင်းပင် စိတ်ဝင်စားသွားပြီး ပွဲကြည့်ရန် ပြည်သူပြည်သားများကြားထဲသို့ တိုးဝင်သွားတော့သည်။
ခန်းမဆောင်ထဲတွင် ဝမ်းနည်းပူဆွေးနေသည့် မျက်နှာထားဖြင့် အဝတ်အစားများစုတ်ပြတ်နေသော အမျိုးသားတစ်ဦးက ကြမ်းပြင်ပေါ်တွင် မှောက်လျက်သားဖြစ်နေပြီး သူ့လက်များက အင်မတန်တုန်ရင်နေကာ အက်ကွဲနေသောအသံဖြင့် နာကြည်းဝမ်းနည်းစွာ အော်ဟစ်နေတော့၏။
"တရားသူကြီးမင်း၊ ကျွန်တော့်ကို တရားမျှတမှု ပေးပါ၊ လူ့အသက်ကို ဂရုမစိုက်တဲ့ နဉ်ဝမ်ကျစ်ကို ကျွန်တော် တရားစွဲဆိုချင်ပါတယ်၊ ကျွန်တော့်အိမ်ရှေ့ကဖြတ်သွားတဲ့အချိန် သူက အကြောင်းမဲ့သက်သက် ကျွန်တော့်ခွေးကို ခြေထောက်နဲ့ကန်ခဲ့လို့ ခွေးကသူ့ကို ဟောင်ခဲ့ရတာပါ၊ အဲ့ဒါကို သူက ခွေးကို သေတဲ့အထိရိုက်သတ်ဖို့ အစေခံတွေကို ခိုင်းခဲ့တယ်၊ ကျွန်တော့်အဖေက အဲ့ဒါကိုကြည့်မနေနိုင်လို့ ဝင်တားခဲ့ပေမဲ့ ဒီလူယုတ်မာက ဒေါသတကြီးနဲ့ ကျွန်တော့်အဖေကိုပါ ဝိုင်းရိုက်ခဲ့ကြတာ"
အမျိုးသားမှာ စကားပြောနေရင်း မျက်ရည်များ ဒလဟောစီးကျလာတော့သည်။ အိမ်ပြန်ရောက်ချိန်တွင် ဖခင်ဖြစ်သူ၏ဆိုးရွားလှသော အခြေအနေကို တွေ့လိုက်ရသည့်အပြင် ဖခင်ထံမှကြားသိခဲ့ရသည့် အဖြစ်အပျက်များကိုတွေးမိကာ သူ့ခန္ဓာကိုယ်မှာ ဒေါသကြောင့် ပြင်းပြင်းထန်ထန် တုန်ရင်နေခဲ့၏။
"ကျွန်တော့်အဖေက တစ်ကိုယ်လုံး စုတ်ပြတ်သတ်သွားအောင် အရိုက်ခံရပြီး အခု ဆေးခန်းခုတင်ပေါ်မှာ အသက်ငင်နေရပါပြီ၊ နဉ်ဝမ်ကျစ်က သူ့မိသားစုရဲ့အာဏာကို အားကိုးပြီး လျော်ကြေးတစ်ပြားမှ မပေးတဲ့အပြင် ကျွန်တော့်ကိုပါ ဆဲဆိုနေပါသေးတယ်၊ ကျွန်တော် တကယ်ကို ဘာလုပ်ရမှန်းမသိတော့ပါဘူး၊ အဖေ့ကို ဆေးကုပေးဖို့လည်း ပိုက်ဆံမရှိတော့လို့ အဖေ့အတွက် တရားမျှတမှုရအောင် ကျွန်တော့်အသက်ကိုပါပေးပြီး ရင်ဆိုင်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ပါဘူး"
အမျိုးသား၏မျက်လုံးများတွင် ဆုံးဖြတ်ချက် ခိုင်မာမှုတို့ ပြည့်နှက်နေသည်။ သူက အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို ဂရုမစိုက်တော့သည်မှာ ကြာပြီဖြစ်ပြီး အပြင်းအထန် ဒဏ်ရာရထားသော ဖခင်အတွက် တရားမျှတမှုကိုသာ လိုချင်တော့၏။ ထို့အပြင် သူ့ထံတွင်ငွေမရှိသဖြင့် မည်သည့်ဆေးခန်းကမျှလည်း ကူပေးရန်ဆန္ဒမရှိကြချေ။
အခြားရွေးချယ်စရာ မရှိတော့သဖြင့် သူ အပိုင်တွက်ကာ စွန့်စားရန်မှလွဲ၍ အခြား ဘာမှကျန်မနေတော့ပေ။ အကယ်၍ သူ့ကိုလွတ်ငြိမ်းချမ်းသာခွင့် မပေးလျှင်တောင်မှ အနည်းဆုံးတော့ ဖခင်၏ဆေးဖိုးအတွက် ငွေအချို့ရနိုင်လိမ့်မည်။