← Chapters

အခန်း ၁၈၅

Vol. 19 Ch. 185

အခန်း ၁၈၅

Vol. 19 Ch. 185

185

မျက်ရည်များ ဒလဟောကျကာ ရှင်းပြနေသည့် အမျိုးသား၏စကားများကို ကြားပြီးနောက် အထက်တွင်ထိုင်နေသော ခရိုင်ဝန်မှာ မျက်မှောင်ကြုတ်လျက် မျက်နှာထားတင်းမာသွားတော့၏။ ဤကိစ္စက ကိုင်တွယ်ဖြေရှင်းရခက်မှန်း သူ ကောင်းကောင်းကြီးသိနေသဖြင့် အချိန်အတော်ကြာ တွန့်ဆုတ်နေပြီးမှသာ နဉ်ဝမ်ကျစ်ကို ခေါ်လာရန် တပည့်များအား အမိန့်ပေးလိုက်သည်။

မောက်မာထောင်ကြွားပြီး အနိုင်ကျင့် ဗိုလ်ကျတတ်သည့် အကျင့်ရှိသော နဉ်ဝမ်ကျစ်ကမူ ခရိုင်ဝန်က ဆင့်ခေါ်သည်ကိုကြားသော်ငြား အေးအေးလူလူနှင့် ဆောင့်ကြွားကြွားဟန်ဖြင့်သာ ရောက်လာခဲ့၏။

ခရိုင်ဝန်ခမျာ သူ့ပုံစံကိုကြည့်ပြီး မကျေမနပ် ဖြစ်မိသော်ငြား အပြင်ပန်းတွင်မူ အနည်းငယ်မျှပင် ထုတ်မပြရဲချေ။

မည်သို့ပင်ဆိုစေ နဉ်မိသားစု၏ကျောထောက်နောက်ခံမှာ နန်းတော်ထဲမှမျက်နှာရနေသော ကြင်ယာတော်တစ်ပါးဖြစ်ပြီး ထိုကြင်ယာတော်မှာ နဉ်ဝမ်ကျစ် ဦးလေးဖြစ်သူ၏ အစ်မပင်။ အနှီကြင်ယာတော်မှာ နန်းတော်ထဲတွင် ရာထူးမြင့်မြင့်နေရာတစ်ခုကို ရထားပြီး ဧကရာဇ်၏အချစ်တော်လည်းဖြစ်နေ၏။

အနည်းငယ်လေး ပေါ့ဆမိသည်နှင့် မိမိထံဘေးဒုက္ခဆိုးကြီး ကျရောက်လာနိုင်မှန်း သိနေသဖြင့် ခရိုင်ဝန်တစ်ယောက် အထူးပင် သတိထားနေရတော့သည်။

နဉ်ဝမ်ကျစ် ခန်းမဆောင်ထဲတွင် မောက်မောက်မာမာဟန်ဖြင့် ရပ်နေလျက် သူ့မျက်နှာပေါ်တွင် အထင်အမြင်သေးမှုနှင့် မာနထောင်လွှားမှုတို့အပြည့်ရှိနေသည်။ သူ အသံကုန်ဟစ်ကာပြောလိုက်၏။

"ဟမ့် အဓိပ္ပာယ်မရှိတာတွေ၊ ငါက ဘယ်လိုလုပ် လူရိုက်ရမှာလဲ၊ ဒီတောသားက ငါ့ကို မဟုတ်မမှန်စွပ်စွဲပြီး ငွေညှစ်ချင်နေတာ"

သူ၏မောက်မာသော အကြည့်များက လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး နောင်တရသည့် အရိပ်အယောင် အနည်းငယ်မျှပင်မပြဘဲ ထောင်ထောင်လွှားလွှား ဆက်အော်နေတော့သည်။

"ငါ နဉ်ဝမ်ကျစ်က ဖြောင့်ဖြောင့်မတ်မတ်နေတဲ့သူကွ၊ ဒီလိုယုတ်မာတဲ့ အလုပ်မျိုးကို ဘယ်တော့မှမလုပ်ဘူး၊ ဒီကောင်တွေက အခွင့်အရေးတစ်ခုခုရမလားဆိုပြီး ငါ့ကို အကွက်ဆင်ချင်နေတာ သေချာတယ်"

နဉ်ဝမ်ကျစ် ရင်ဘတ်ပေါ်လက်ပိုက်လိုက်ပြီး နှုတ်ခမ်းတွင် မဲ့ပြုံးတစ်ခုပြုံးလျက် ယုံကြည်မှုအပြည့်ဖြင့် ဘာတစ်ခုကိုမျှ ဝန်မခံဘဲနေတော့၏။

ထို့အပြင် သူက အမျိုးသားဘက်သို့ လှည့်ကာပြန်စွပ်စွဲလိုက်သေးသည်။

"တရားသူကြီးမင်း ကျွန်တော်က ဒီတောသားကိုပြန်ပြီး တရားစွဲချင်ပါတယ်၊ သူက သူ့အဖေအရင်းကိုပြန်ရိုက်ပြီးတော့ ကျွန်တော့်ဆီက ငွေညှစ်ချင်လို့ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ အကွက်ဆင် စွပ်စွဲနေတာပါ"

ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော အမျိုးသားက နဉ်ဝမ်ကျစ်ကို ဒေါသတကြီး လက်ညိုးထိုးကာပြောလိုက်၏။

"ခင်ဗျား ခင်ဗျား လိမ်နေတာ၊ ခင်ဗျားပဲ ကျွန်တော့်အဖေကို ရိုက်ခဲ့တာလေ၊ ဒီရောက်မှ လာပြီးမငြင်းနဲ့"

နဉ်ဝမ်ကျစ် အေးအေးလူလူပင်မေးလိုက်သည်။

"သက်သေ ဘယ်မှာလဲ"

အမျိုးသားက ခပ်သုတ်သုတ်ပြန်ဖြေ၏။

"ကျွန်တော့်အဖေ ကိုယ်တိုင်ပြောတာ"

နဉ်ဝမ်ကျစ် အထင်သေးစွာပြုံးလိုက်သည်။

"အခုလေးတင် ငါပြောခဲ့တာလေ၊ မင်းတို့သားအဖနှစ်ယောက်ပေါင်းပြီး ငါ့ဆီက ငွေညှစ်ချင်လို့ မဟုတ်မမှန်စွပ်စွဲနေတာလို့"

ယင်းကိုမြင်သောအခါ ခရိုင်ဝန်မှာ ပို၍ပင် မျက်မှောင်ကြုတ်သွားပြီး ခန်းမဆောင်အတွင်းရှိ လေထုက အချိန်မရွေး ပေါက်ကွဲထွက်တော့မည့်အလား တင်းကျပ်သွားတော့သည်။

နဉ်မိသားစုကိုလည်း မထိခိုက်စေဘဲ တရားမျှတမှုကို ဘယ်လိုဖော်ဆောင်ပေးရမလဲဆိုသည်ကို စဉ်းစားရင်း သူချောင်းဟန့်လိုက်၏။

"သခင်လေးနဉ် ဒီကိစ္စက သာမန်ပြည်သူတွေ မတရားခံရတဲ့ကိစ္စနဲ့ သက်ဆိုင်နေတော့ ရုံးတော်အနေနဲ့ မျက်နှာမလိုက် ဘက်မလိုက်ပဲ ဖြေရှင်းပေးပါ့မယ်"

ခရိုင်ဝန်က သူ့အာဏာစက်ကိုပြရန် ကြိုးစားရင်း တည်တည်ငြိမ်ငြိမ်နှင့် ချိန်ဆကာ ပြောလိုက်သည်။

"နှစ်ဖက်စလုံးက ကိုယ့်အကြောင်းပြချက်နဲ့ကိုယ် ပြောနေကြတာဆိုတော့ ဒီလိုလုပ်ရင်ရော မျက်မြင်သက်သေ ဒါမှမဟုတ် တခြားခိုင်လုံတဲ့သက်သေအထောက်အထားတစ်ခုခုကို ရှာကြည့်ကြတာပေါ့"

ခရိုင်ဝန်က အမျိုးသားဘက်သို့လှည့်ကာ မေးလိုက်၏။

"လျို့စန်း မင်းက သခင်လေးနဉ်ကို စွပ်စွဲနေတာဆိုတော့ မင်းအဖေရဲ့ထွက်ဆိုချက်ကလွဲလို့ တခြားသက်သေများ ရှိသေးလား ဒါမှမဟုတ် မင်းအတွက် သက်သေခံပေးနိုင်မဲ့ တခြားလူတွေရှိလား၊ ပြဿနာဖြစ်တဲ့အချိန်တုန်းက တခြားလူတွေရော ရှိနေခဲ့သေးလား"

မျက်နှာဖြူလျော့ကာ တုန်ရင်နေသော လျို့စန်းပြန်ဖြေလိုက်သည်။

"တရားသူကြီးမင်း၊ အဲ့ဒီအချိန်တုန်းက ကျွန်တော် မရှိပါဘူး၊ ကျွန်တော့်အဖေရယ်၊ နဉ်မိသားစုက လူတွေရယ်ပဲရှိတာပါ၊ ကျွန်တော့်အဖေက အသက်ကြီးပြီး အိုမင်းမစွမ်းဖြစ်နေပါပြီ၊ အရိုက်ခံရပြီးနောက်ပိုင်း အိပ်ရာထဲကနေတောင် မထနိုင်တော့လို့ လာပြီးရင်မဆိုင်နိုင်တာပါ၊ ဒါပေမဲ့ ကျွန်တော့်အဖေကိုယ်ပေါ်က ဒဏ်ရာတွေက အကောင်းဆုံး သက်သေပါပဲ"

ခရိုင်ဝန် ခေါင်းညိတ်လိုက်ပြီး သူ့စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုချမှတ်ပြီးဖြစ်၏။

သခင်လေးနဉ်၏အကြောင်းကို သူသိထားသလောက်ဆိုလျှင် လျို့စန်း လုံးဝလိမ်ပြောနေခြင်းမဟုတ်ပေ။ သို့သော် အာဏာရှိသူများ ပါဝင်ပတ်သက်နေသဖြင့် ကိစ္စကို မှားယွင်းစွာကိုင်တွယ်မိပါက သူ့ထံသို့ ပြန်လှည့်လာနိုင်ချေရှိသည်။

သို့သော် တာဝန်ရှိသည့်ဒေသခံအရာရှိတစ်ဦးအနေဖြင့် သူက ဒီအတိုင်း လက်ပိုက်ကြည့်နေ၍တော့ မဖြစ်ပေ။

ထို့ကြောင့် သူဖြည်းဖြည်းချင်း ပြောလိုက်၏။

"ဒီလိုလုပ်ကြတာပေါ့၊ မင်းအဖေရဲ့ဒဏ်ရာတွေကို စစ်ဆေးဖို့နဲ့ တခြား သက်သေတွေရှိမရှိ စုံစမ်းဖို့အတွက် မင်းအိမ်ကို လူလွှတ်လိုက်မယ်၊ ပြီးတော့ တရားမျှတတဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ အဲ့ဒီနေ့က အဖြစ်အပျက်ကို မြင်ခဲ့တဲ့သူတွေကို စစ်မေးဖို့လည်း လူလွှတ်လိုက်မယ်"

ထိုစကားကိုကြားသောအခါ ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော လျို့စန်း၏မျက်လုံးများတွင် မျှော်လင့်ချက်ရောင်ခြည်များ ချက်ချင်းတောက်ပလာတော့သည်။

သူ့အိမ်နီးချင်းများ မြင်ခဲ့လောက်မည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာထွက်လာပြီး နဉ်ဝမ်ကျစ်ကို လက်ညိုးထိုး သက်သေပြပေးမည်ဆိုလျှင် သူတို့အပြစ်ကင်းကြောင်း သက်သေပြနိုင်မည့်အပြင် ဖခင်ဖြစ်သူကို သေသည်အထိရိုက်မည်ဟု ခြိမ်းခြောက်ခဲ့သူမှာ နဉ်ဝမ်ကျစ်ဖြစ်ကြောင်းကိုပါ ဖော်ထုတ်နိုင်မည်ဖြစ်၏။ ဖခင်ဖြစ်သူသာ ကံကောင်းထောက်မစွာဖြင့် အသက်မရှင်နိုင်ခဲ့လျှင် သူနှင့်သူ့ဖခင်မှာ ထာဝရကွဲကွာသွားရတော့မည်။

သူ လုံးဝမျှော်လင့်မထားခဲ့မိသည်က သူ နဉ်ဝမ်ကျစ်ကို တရားစွဲရန် ရုံးတော်သို့ ရောက်လာချိန်တွင် နဉ်မိသားစု၏အစေခံများက သတင်းကြိုရထားပြီးဖြစ်ကာ အမျိုးသား၏အိမ်နီးချင်းများကို လာဘ်ထိုးခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် ကြောက်လုံးသွင်းခြင်းများပြုလုပ်ရန် လူလွှတ်ထားပြီးဖြစ်နေခြင်းပင်။

နဉ်ဝမ်ကျစ် ယုံကြည်မှုအပြည့်ရှိဟန်ဖြင့် ဂရုမစိုက်စွာပြုံးလိုက်သည်။

"တရားသူကြီးမင်းက ဉာဏ်ပညာ ကြီးမားလှပါတယ်၊ ခင်ဗျားရဲ့တရားမျှတတဲ့ဆုံးဖြတ်ချက်ကို ကျွန်တော် စောင့်နေပါ့မယ်"

ခရိုင်ဝန် ဘာမှထပ်မပြောတော့ဘဲ စုံစမ်းရန် လွှတ်လိုက်သူများထံမှ သတင်းကို အားလုံးစောင့်နေကြသဖြင့် ခန်းမဆောင်ကြီးမှာ ပြန်တိတ်ဆိတ်သွားတော့၏။

သိပ်မကြာမီမှာပင် စုံစမ်းရေးသမားများက သာမန်ပြည်သူအနည်းငယ်နှင့်အတူ ပြန်ရောက်လာကြသည်။

သို့သော် ထိုပြည်သူများ၏ထွက်ဆိုချက်များက လျို့စန်းကို တိုက်ရိုက် အပြစ်တင်နေကြပြီး လျို့စန်းမှာ အလုပ်မရှိ အကိုင်မရှိ ၁၀၉ ၁၁၀တာဝန်မဲ့သူဖြစ်ကြောင်း၊ ဖခင်ကို ဒဏ်ရာရအောင်လုပ်ခဲ့ပြီးနောက် သခင်လေးနဉ်ထံမှ ငွေညှစ်ရန် ကြိုးစားနေခြင်းသာဖြစ်ကြောင်း ပြောကြတော့၏။

ဤရုတ်တရက် အပြောင်းအလဲကြောင့် လူတိုင်းအံ့အားသင့်သွားကြရသည်။ ခရိုင်ဝန်က လျို့စန်း၏အိမ်နီးချင်းများနှင့် မျက်မြင်သက်သေများဟုဆိုကာခေါ်လာခြင်းခံရသော ထိုပြည်သူများကို စိုက်ကြည့်နေပြီး သူတို့မျက်လုံးများထဲမှ အမှန်တရား၏အရိပ်အယောင်ကို ရှာရန်ကြိုးစားနေတော့၏။ သို့သော် ထိုလူများမှာ မေးခွန်းများကိုရှောင်ရန် ခေါင်းငုံ့ထားကြသလို မျက်လုံးချင်းဆုံရန်လည်းရှောင်နေကြရာ လိမ်ပြောနေကြောင်း သိသာနေသည်။

ခရိုင်ဝန်က နဉ်မိသားစုဘက်မှ ကွယ်ရာတွင် တစ်ခုခုကြံစည်ထားကြောင်းကို ကောင်းကောင်းကြီး သိနေ၏။

သူ့အကြည့်များက သခင်လေးနဉ်ထံသို့ တစ်ဖန်ကျရောက်သွားရာ နဉ်ဝမ်ကျစ်၏နှုတ်ခမ်းထက်တွင် အရာအားလုံးက သူ့လက်ခုပ်ထဲ၌ရှိနေသကဲ့သို့ ကျေနပ်နေသောအပြုံးတစ်ခုကိုသာ တွေ့လိုက်ရတော့သည်။

အိမ်နီးချင်းများထံမှ ပြန်အစွပ်စွဲခံလိုက်ရသော လျို့စန်းမှာ ဤမြင်ကွင်းကို ဒေါသတကြီးကြည့်နေခဲ့၏။

မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်သွားသဖြင့် သူက တရားမျှတခြင်းနှင့် မတရားခြင်းကို ဂရုမစိုက်နိုင်တော့ပေ။ နဉ်မိသားစုကသာ သူ့ဖခင်၏ဆေးဖိုးအတွက် ပေးချေရန်ဆန္ဒရှိမည်ဆိုပါက ထောင်ကျရမည်ဖြစ်စေ၊ ပြည်နှင်ဒဏ်ပေးခံရမည်ဖြစ်စေ ပြစ်ဒဏ်ကို သူ ကျေကျေနပ်နပ်ခံယူရန် အသင့်ဖြစ်နေပြီဖြစ်၏။

"တရားသူကြီးမင်း မြင်တဲ့အတိုင်းပါပဲ၊ အမှန်တရားက စကားလုံးတွေထက် ပိုပြီး ထင်ထင်ရှားရှားပြနေပါပြီ"

နဉ်ဝမ်ကျစ် ကျေနပ်စွာပြောလိုက်၏။

"ဒီတောသားက ကျွန်တော့်ဆီက ငွေညှစ်ဖို့ ကြိုးစားခဲ့တာ၊ အခု သူ့အကွက်တွေပေါ်သွားပြီဆိုတော့ ငြင်းချင်နေသေးတာလား"

ခရိုင်ဝန်မှာ မျက်မှောင်ကြုတ်သွားပြီး ခဏတာ တရားခွင်တစ်ခုလုံး အကျပ်အတည်းဆိုက်သွားတော့သည်။

အဒေါ်လျို့လုပ်ပေးထားသော ချစ်စရာ ပန်ဒါရုပ်ဖိနပ်လေးကို စီးထားသည့် ရှောင်ကျိုးကမူ သူမဘေးရှိပြည်သူများ၏တီးတိုးပြောနေသံများကို သေသေချာချာ နားထောင်နေခဲ့၏။

"နဉ်မိသားစုက တကယ်ကိုအာဏာကြီးတာပဲ၊ သူတို့ဒီလိုလုပ်တာ ဒါပထမဆုံးအကြိမ်မှမဟုတ်တာ၊ ဒါပေမဲ့ သူတို့က အမြဲတမ်းအခြေအနေကို ပြောင်းပြန်လှန်ပြီး ပြန်ကိုက်တတ်ကြတယ်"

"ဟုတ်တယ်၊ အဲ့ဒီလူတွေက သိသိသာသာကြီးကို လိမ်နေကြတာ၊ နဉ်မိသားစုဆီက လာဘ်စားထားတာ ဒါမှမဟုတ် ခြိမ်းခြောက်ခံထားရတာ သေချာတယ်"

"အေးလေ၊ လျို့စန်းခမျာ တကယ်ကို အခက်တွေ့နေရှာတာ၊ သခင်လေးနဉ်ကို တရားစွဲပြီး ဆေးဖိုးဝါးခလေး ပြန်ရမလားလို့ ထင်နေခဲ့တာ၊ ဒါပေမဲ့ ဟိုဘက်က အရန်အစီအစဉ်တောင်လုပ်ထားပြီးပြီကိုး"

"ခက်တော့တာပါပဲ၊ ဒီတစ်ခေါက် လျို့စန်း သူ့အဖေကို မကယ်နိုင်တဲ့အပြင် သူ့အသက်ပါ ပါသွားမှာကို စိုးရိမ်ရတယ်"

"ငါတို့ချုံကျိုးနယ်မြေက ဧကရာဇ်ရဲ့အာဏာစက်နဲ့ဝေးတယ်လို့ ဘယ်သူကများပြောခဲ့တာလဲ၊ ငါကြားတာတော့ နဉ်မိသားစုက ကြင်ယာတော်ကို ကျောထောက်နောက်ခံပြုထားလို့ သူတို့ လုပ်ချင်တာ အကုန်လုပ်လို့ရတယ်တဲ့"

"ဧကရာဇ်က ချုံကျိုးနယ်မြေကို မင်းသမီးလေးရဲ့ပိုင်နက်အဖြစ် ချီးမြှင့်ထားတယ်လို့ကြားတယ်၊ နဉ်မိသားစုကများ နည်းနည်းပါးပါးဆင်ခြင်နေမလား မသိဘူး"

"နင် ရူးနေလား၊ အဲ့ဒီမင်းသမီးလေးက ဘယ်လောက်အရွယ်ရှိသေးလို့လဲ၊ ငါကြားတာတော့ ငါးနှစ်ပဲရှိသေးတယ်တဲ့၊ ဒီအရွယ် ကလေးတစ်ယောက်က ဘာတွေများသိမှာလဲ၊ နဉ်မိသားစုက သကြားလုံးတစ်လုံးပေးလိုက်ရုံနဲ့ အလွယ်လေး လှည့်စားလို့ရတယ်၊ သူတို့ ဘာပြောပြောအကုန်ယုံမှာပဲ"

"ဒါပေါ့၊ ငါးနှစ်အရွယ် ကလေးမလေးက လူကောင်းနဲ့ လူဆိုးကို ဘယ်လိုလုပ် ခွဲခြားနိုင်မှာလဲ၊ ငါ့ရဲ့ငါးနှစ်အရွယ် မြေးမလေးဆို အခုထိ အိမ်မှာရွှံ့တွေနဲ့ ဆော့နေတုန်းပဲရှိသေးတာ"

ပွဲထိုင်ကြည့်နေသော ရှောင်ကျိုးခမျာ စိတ်ထဲမှတွေးလိုက်မိသည်။

'ဘယ်သူ့ကိုလာပြီး အထင်သေးနေတာလဲ၊ ငါက ငယ်ပေမဲ့ မတုံးပါဘူးနော်'

ကျေးဇူးကန်းသောပြည်သူများကို အိမ်တော်ထိန်းမှ အပြစ်တင်တော့မည့်ဆဲဆဲ ရှောင်ကျိုးက သူ့ကို အချိန်မီတားလိုက်၏။

ယနေ့ သူမက အနီရောင်ဝတ်ရုံ သို့မဟုတ် နေကာမျက်မှန်ကို တပ်ထားခြင်းမရှိသဖြင့် သူမ၏ဝင်ရောက်လာမှုက လုံလောက်အောင် ခံ့ညားမှုမရှိသလို မျက်စိကျစရာလည်းမကောင်းပေ။ ရှောင်ကျိုးမှာ ယခုအချိန်တွင် သူမ၏ကိုယ်ပိုင်အမည်ကို ထုတ်ဖော်မပြချင်သေးချေ။

အိမ်တော်ထိန်းမှာ မင်းသမီးလေး၏အပြုအမူနောက်ကွယ်မှ အဓိပ္ပာယ်ကို ချက်ချင်းသဘောပေါက်သွားပြီး ပါးစပ်ပိတ်ကာ နဉ်မိသားစုကိုသာ တိတ်တဆိတ်စောင့်ကြည့်နေလိုက်တော့သည်။ သခင်လေးနဉ်တစ်ယောက်တော့ သူ့ဒုက္ခသူ ရှာနေပြီဖြစ်သည်။

နဉ်မိသားစုက တကယ်ကြီး သူ့မင်းသမီးလေးကို လှည့်စားဖို့ အစီအစဉ်ရှိမရှိကို သူကြည့်ချင်နေမိသည်။

သာမန်ပြည်သူတစ်ယောက်က ရှောင်ကျိုး၏ဖိနပ်အသစ်လေးကို တက်နင်းမိတော့မလိုဖြစ်သွားသည်အား မြင်သောအခါ သူမ ခြေထောက်လေးကို ချက်ချင်းနောက်သို့ရုတ်လိုက်ပြီး ကျင့်ရှင်းထံသို့မသွားတော့ရန် ဆုံးဖြတ်လိုက်၏။ ထို့အစား သူမက ကျင့်ရှင်းကိုအနားသို့ခေါ်ပြီး မေးလိုက်သည်။

"သူတို့နှစ်ယောက်ထဲက ဘယ်သူလိမ်နေတာလဲဆိုတာကို နင်စဉ်းစားကြည့်စမ်း”

All Chapters