← Chapters

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း ၁၈၆

Vol. 19 Ch. 186

186

နဉ်ဟူသော မျိုးရိုးအမည်ရှိသည့် ထိုလူမှာ လူကိုရိုက်ခဲ့သော်ငြား ဝန်မခံဘဲ လျို့စန်းက သူ့ထံမှငွေညှစ်ရန် ကြိုးစားနေသည်ဟု ပြန်စွပ်စွဲစေရန် အိမ်နီးချင်းများကို လာဘ်ထိုးခဲ့ကြောင်း သိသာနေသော်လည်း ပိုမိုသေချာသွားစေရန်အလို့ငှာ ကျင့်ရှင်းကို အရင်တွက်ခိုင်းလိုက်သည်က ပိုကောင်းမည်ဟု ရှောင်ကျိုး တွေးလိုက်၏။

ရွာသူကြီးလေးက သူ့ကိုလက်လှမ်းခေါ်နေသည်အားမြင်သောအခါ လူအုပ်ကြားထဲမှ မနည်းတိုးထွက်လာရသော ကျင့်ရှင်း စိတ်ထဲမှကြိတ်ဆဲလိုက်သည်။

'ငါက ပညာရှင်ပါကွ၊ အလကားခိုင်းလို့ရတဲ့ အလုပ်သမားမဟုတ်ဘူး'

ကျင့်ရှင်း ပြောလိုက်၏။

"ဒီကောင်က တကယ်ကို မကောင်းတဲ့ ကံကြမ္မာရှိတယ်၊ နဉ်ဆိုတဲ့ ဒီကောင်က သူ့အပြစ်အတွက် ပြန်ပေးဆပ်ရလိမ့်မယ်"

ရှောင်ကျိုး ခေါင်းညိတ်ပြီးပြောလိုက်သည်။

"ဒါဆို ခဏနေမှပဲ ငါသူ့ဆီကတောင်းလိုက်တော့မယ်"

ထိုစကားကိုကြားသောအခါ ကျင့်ရှင်း၏မျက်လုံးများ ချက်ချင်း အရောင်တောက်သွားတော့၏။ ဘယ်လောက်တောင်းရမလဲဆိုသည်က သူ့အပေါ်တွင် လုံးဝမူတည်နေသဖြင့် သူ ချက်ချင်းစတင်တွက်ချက်တော့သည်။

သို့သော် တွက်ချက်နေစဉ် ကျင့်ရှင်း၏မျက်နှာထားက တဖြည်းဖြည်း ပိုတင်းမာလာတော့၏။

သူ ခေါင်းငုံ့ကာ သခင်လေးနဉ် သူ့ဘဝတစ်လျှောက်လုံး ကျူးလွန်ခဲ့သည့် မကောင်းမှုအားလုံးကို တစ်ခုချင်းစီ ရေရွတ်ပြလိုက်သည်။

ရှောင်ကျိုးနှင့် သူမသူငယ်ချင်းတစ်သိုက်မှာ တွေးလိုက်မိကြ၏။

'ထွီ တိရစ္ဆာန်ထက်တောင်ဆိုးနေသေးတယ်'

လူဆိုးများကိုမြင်ဖူးသော်ငြား ဤမျှလောက် ဆိုးသွမ်းသည့်သူမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ တကယ်ကို ရိုင်းစိုင်းလွန်းသည်။

ရှင်းအာက သူမဓားမကြီးကို ပခုံးပေါ် တင်ပြီးပြောလိုက်၏။

"သူ့ကို သွားဆော်ကြရအောင်"

ရှောင်ကျိုး ခေါင်းခါပြပြီးပြောလိုက်သည်။

"ရှင်းအာ၊ အဲ့လောက် အလွယ်တကူ ရန်မဖြစ်ပါနဲ့၊ ငါတို့က လူယဥ်‌ကျေးလေးတွေလေ"

ရှင်းအာ နားလည်သွားကြောင်းပြသည့်အနေဖြင့် သူမ၏ဓားမကြီးကို ချက်ချင်းပြန်ချထားလိုက်၏။

ထို့နောက် သူမ ခပ်သုတ်သုတ်မေးလိုက်သည်။

"ဒါဆို ကျွန်မတို့ ယဉ်ကျေးတဲ့နည်းလမ်းနဲ့ ဘယ်လိုဆက်လုပ်ကြမလဲ"

ရှောင်ကျိုး ခဏတာစဉ်းစားပြီး ပြောလိုက်၏။

"နဉ်မိသားစုဆီသွားပြီး လျို့စန်းအဖေရဲ့ဆေးဖိုးကို သွားတောင်းမယ်"

ကျင့်ရှင်း မေးလိုက်သည်။

"ဒါပေမဲ့ သခင်လေးနဉ် လူရိုက်ခဲ့တယ်ဆိုတာ သက်သေပြဖို့ အထောက်အထားမှ မရှိသေးတာ၊ ငါတို့ကသွားပြီး ပိုက်ဆံတောင်းရင် နဉ်မိသားစုက ပေးပါ့မလား"

ရှောင်ကျိုး နားမလည်နိုင်စွာဖြင့်မေးလိုက်၏။

"သခင်လေးနဉ်က လူကိုရိုက်ခဲ့တယ်ဆိုတာ သက်သေပြဖို့ ဘာလို့ အထောက်အထားလိုတာလဲ၊ နင်ပဲ တွက်ထားပြီးပြီ မဟုတ်ဘူးလား၊ ငါသိနေပြီဆိုမှတော့ လုံလောက်ပြီပေါ့"

ကျင့်ရှင်း : "ဒါပေမဲ့ တခြားလူတွေက အဖြေမှမသိတာ"

ရှောင်ကျိုး : "အဲ့လိုမဟုတ်ဘူးလေ၊ ငါ ခုနလေးတင် အကုန်ကြားခဲ့ရတာ၊ ပြည်သူတွေ အကုန်လုံးသိနေကြတယ် မဟုတ်ဘူးလား"

ကျင့်ရှင်း : "ဒါပေမဲ့ သခင်လေးနဉ်က သူ မလုပ်ခဲ့ဘူးဆိုတာကို သက်သေပြနိုင်တဲ့ သက်သေတွေ ရှိတယ်လေ"

ရှောင်ကျိုး : "အဲ့ဒါ လာဘ်ထိုးထားတာ မဟုတ်ဘူးလား"

ကျင့်ရှင်း : "သူ လာဘ်ထိုးထားတယ်ဆိုတာကို နင် ဘယ်လိုသက်သေပြမလဲ"

ရှောင်ကျိုး : "ငါက ဘာလို့သက်သေပြနေရမှာလဲ"

ကျင့်ရှင်း : "နင် သက်သေမပြရင် သာမန်ပြည်သူတွေက အမှန်တရားကို ဘယ်လိုလုပ် သိနိုင်မှာလဲ"

ရှောင်ကျိုး : "သာမန်ပြည်သူတွေက သိပြီးသားပဲလေ၊ ပြည်သူတွေ ပြောတာကို ကြားလို့သာ ငါကသိလာရတာကို"

ကျင့်ရှင်း : "နင်ပြောတဲ့ သဘောတရားကမှန်ပေမဲ့ အစီအစဉ်က ဒီလိုမှမဟုတ်တာ"

ရှောင်ကျိုးကမူ ဂရုမစိုက်ပေ။ သူမတွင် လိုက်နာရမည့် ကိုယ်ပိုင်အစီအစဉ်ရှိပြီးဖြစ်သည်။ ရုံးတော်က သက်သေအထောက်အထားရှာတွေ့မည့်အချိန်ကို စောင့်နေလျှင် လျို့စန်း၏ဖခင်မှာ ကယ်တင်၍ရနိုင်တော့မည် မဟုတ်ပေ။

ရှောင်ကျိုးက ရှုံးတာ့နှင့် ရှုံးအာ့တို့ကို ခေါ်လိုက်ပြီး ခန်းမဆောင်ထဲတွင် ဒူးထောက်နေသော လျို့စန်းကိုလက်ညိုးထိုးကာ ပြောလိုက်၏။

"နင်တို့နှစ်ယောက် အထဲဝင်သွားပြီး သူ့အဖေ ဘယ်မှာလဲဆိုတာ သွားမေးလိုက်၊ ပြီးရင် နင်တို့နှစ်ယောက် သူ့အဖေကို ဆေးခန်းသွားပြပေး၊ အကောင်းဆုံး ဆေးခန်းကိုရှာ၊ အတော်ဆုံး သမားတော်နဲ့ပြပြီး အကောင်းဆုံး ဆေးတွေကိုပဲ သုံး၊ ပိုက်ဆံကိုတော့ နဉ်မိသားစုဆီကနေ နောက်မှရှင်းကြတာပေါ့"

ရှုံးတာ့နှင့် ရှုံးအာ့တို့ ချက်ချင်းအလုပ်စတင်ကြတော့သည်။ ခန်းမဆောင်ထဲသို့ဝင်မရသည်ကို မြင်သောအခါ ထိုလူသန်ကြီးနှစ်ယောက်က တံခါးဝတွင် ရပ်ကာအော်လိုက်၏။

"ဟေး လျို့စန်း၊ မင်းအဖေ အခုဘယ်မှာလဲ၊ ငါတို့ မင်းအဖေကို ဆေးခန်းခေါ်သွားပေးမယ်"

ထိုအသံကိုကြားသောအခါ လျို့စန်း အမြန်လှည့်ကြည့်လိုက်သည်။ သူ့ဖခင်ကို ဆေးခန်းခေါ်သွားပေးမည့်သူရှိကြောင်း ကြားလိုက်ရသဖြင့် သူ့မျက်လုံးများတွင် မျှော်လင့်ချက်ရောင်ခြည်များ ချက်ချင်းတောက်ပလာတော့၏။

သို့သော် တစ်ခုခုကိုသတိရသွားသည့်အလား သူ့မျက်လုံးထဲမှ အရောင်များက ချက်ချင်းမှေးမှိန်သွားပြန်သည်။

"ကျွန်တော် ကျွန်တော့်မှာ ဆေးခန်းသွားပြဖို့ ပိုက်ဆံမရှိဘူး"

ရှုံးတာ့ : "စိတ်မပူနဲ့၊ ငါတို့သခင်က တာဝန်ယူလိမ့်မယ်"

ခန်းမဆောင်ထဲတွင် လျို့စန်းကိုမှတ်မိသော သဘောကောင်းသည့် အိမ်နီးချင်းတစ်ဦးက ချက်ချင်းဝင်ပြောလိုက်၏။

"ကျွန်တော် သိတယ်၊ ကျွန်တော် ခေါ်သွားပေးမယ်"

ထိုသို့ပြောပြီးနောက် သူက အရပ်ရှည်ရှည် လူထွားကြီးနှစ်ယောက်ကို သူ့နောက်မှလိုက်လာရန် လက်ယပ်ခေါ်လိုက်သည်။

လျို့စန်းက ထွက်သွားသော ရှုံးတာ့နှင့် ရှုံးအာ့တို့၏ကျောပြင်ကိုကြည့်ကာ အကြိမ်ကြိမ် ဦးညွှတ်လျက်ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ် ကျေးဇူးရှင်တို့၊ ကျေးဇူးတင်ပါတယ် ကျေးဇူးရှင်တို့"

သာမန်ပြည်သူများက ရှုံးတာ့နှင့် ရှုံးအာ့တို့ထွက်သွားသည့်ဘက်သို့ လှမ်းကြည့်နေကြသည်။ ထိုလူနှစ်ယောက်မှာ ရုပ်ရည်အားဖြင့် လူကောင်းများနှင့်မတူသော်ငြား ဤအချိန်မျိုးတွင် နဉ်မိသားစုကို ဆန့်ကျင်ဝံ့ကြ၏။ ပြည်သူများက သူတို့စကားကိုယုံပြီး လျို့စန်း၏ဖခင်အတွက် ဆေးဖိုးကူပေးမည်ဟု ပြောကြသည်။

နဉ်ဝမ်ကျစ်က လူအုပ်ကြီးကို အချက်ပြလိုက်ရာ နဉ်မိသားစုမှ အစေခံအချို့က ချက်ချင်းလိုက်သွားကြ၏။

သို့သော် ထိုအစေခံများ ခြေလှမ်းအနည်းငယ်မျှမလှမ်းရသေးခင်မှာပင် ရှင်းအာနှင့် ကလေးတစ်သိုက်၏တားဆီးခြင်းကို ခံလိုက်ရသည်။

အကြိမ်ကြိမ် ရန်စခံရပြီးနောက်တွင် မူလကတည်းက ဒေါသကြီးတတ်သော နဉ်ဝမ်ကျစ်မှာ သည်းမခံနိုင်တော့ဘဲ တံခါးပေါက်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားတော့၏။

ခရိုင်ဝန်က အမှုမပြီးသေးသည်ကိုမြင်သော်ငြား သခင်လေးနဉ်က တရားရုံး၏လုပ်ထုံးလုပ်နည်းများကို ဂရုမစိုက်ဘဲ ချက်ချင်းထွက်သွားသည်ကို တွေ့လိုက်ရသည်။

သူ ခပ်သုတ်သုတ်ပြောလိုက်၏။

"အမှုက မပြီးသေးဘူးလေ၊ သခင်လေးနဉ်က ပြန်တော့မလို့လား"

နဉ်ဝမ်ကျစ် ဒေါသကြောင့် မျက်နှာများ ပြာနှမ်းလျက် ပြန်ဖြေလိုက်သည်။

"တရားသူကြီးမင်း၊ ဒီကိစ္စက ရှင်းနေပြီလို့ ကျွန်တော်ထင်တယ်၊ ဒီသားအဖနှစ်ယောက်က ကျွန်တော့်ကို မဟုတ်မမှန် စွပ်စွဲပြီး ငွေညှစ်ဖို့ကြိုးစားနေတာလေ၊ ခင်ဗျား အမှုကို ဘယ်အချိန်ပိတ်ပြီး ဒီနှစ်ယောက်ကို ထောင်ချမှာလဲ"

ထိုစကားကိုကြားသောအခါ ခရိုင်ဝန်မှာ အကျပ်ရိုက်သွားတော့၏။

သူ လေးလေးနက်နက် ပြောလိုက်သည်။

"သခင်လေးနဉ်၊ ဒီကိစ္စကို မျက်နှာမလိုက်ဘဲ ဖြေရှင်းပေးမှာပါ၊ လူကောင်းကိုလည်း အပြစ်ပေးမှာမဟုတ်သလို လူဆိုးကိုလည်း လွတ်မြောက်ခွင့်ပေးမှာ မဟုတ်ပါဘူး၊ အမှုမှာ သံသယဖြစ်စရာတွေ အများကြီးရှိနေသေးတာမို့ ခင်ဗျား ဒီလောက်အလောတကြီး ထွက်သွားဖို့ မသင့်တော်ဘူးထင်တယ်"

နဉ်ဝမ်ကျစ် လှောင်ပြုံးပြုံးကာပြောလိုက်၏။

"တရားသူကြီးမင်း၊ တစ်ကယ်လို့ ခင်ဗျားသာ ဒီကိစ္စကိုတကယ် မျက်နှာမလိုက်ဘဲ ဖြေရှင်းနိုင်တယ်ဆိုရင် ဒီနေ့ တရားရုံးမှာ ဒီလောက် ရယ်စရာကောင်းတဲ့ကိစ္စမျိုး ဖြစ်လာမှာ မဟုတ်ဘူး၊ ငါ သခင်လေးနဉ်က ဖြောင့်ဖြောင့်မတ်မတ်နေတဲ့သူ၊ ဒီလိုလူမျိုးတွေက ငါ့ကိုစိတ်ကူးပေါက်တိုင်း လာစွပ်စွဲတာကို ဘယ်လိုလုပ်သည်းခံနိုင်မှာလဲ၊ တစ်ကယ်လို့ ဒီနေ့ ခင်ဗျားသာ ငါ့ကို တရားမျှတတဲ့ဆုံးဖြတ်ချက်မပေးနိုင်ရင် ငါတို့ နဉ်မိသားစုက ဒီကိစ္စကိုဒီအတိုင်း ထားလိုက်မှာမဟုတ်ဘူးနော်"

နဉ်ဝမ်ကျစ်၏စကားများထဲမှ ခြိမ်းခြောက်မှုကို ရိပ်မိသွားသဖြင့် ခရိုင်ဝန်၏ကျောရိုးတစ်လျှောက် စိမ့်တက်သွားတော့၏။

သို့သော် ဒေသခံအရာရှိတစ်ဦးအနေဖြင့် သူက ပေါ်ပေါ်ထင်ထင် မျက်နှာလိုက်ပြ၍မရပေ။

အတွေ့အကြုံရင့် ခရိုင်ဝန်က အခြေအနေကိုထိန်းရန် ကြိုးစားရင်း ပြောလိုက်သည်။

"သခင်လေးနဉ် စိတ်ချပါ၊ ဒီကိစ္စကို သေသေချာချာ စုံစမ်းစစ်ဆေးသွားမှာပါ၊ ဘယ်သူ့ကိုမှ မတရားမခံရစေရပါဘူး၊ ကျွန်တော် ကိစ္စတွေကို ရှင်းအောင် လုပ်နေတုန်း ခဏလောက်စောင့်ပေးပါဦး"

ခရိုင်ဝန်မှာလည်း စိုးရိမ်နေပြီး နောက်ပိုင်းတွင် ကံကြမ္မာ အပြောင်းအလဲများဖြစ်လာမည်ကို မျှော်လင့်လျက် အချိန်ဆွဲနေခြင်းသာ ဖြစ်၏။

သို့သော် နဉ်ဝမ်ကျစ်ကတော့ ခရိုင်ဝန်၏အချိန်ဆွဲနေမှုများကို သည်းခံနိုင်စွမ်း မရှိတော့ပေ။ နဉ်မိသားစုကို ဆန့်ကျင်ရဲသည့် ထိုလူမှာ မည်သူမည်ဝါဖြစ်ကြောင်း သူသွားကြည့်ချင်နေပြီဖြစ်သည်။

နဉ်မိသားစု၏အစေခံများကို ကလေးတစ်သိုက်က ရိုက်နှက်၍ မြေပြင်ပေါ် လှဲချထားသည်ကို မြင်သောအခါ နဉ်ဝမ်ကျစ် သူ့ခြေလှမ်းများကို ခပ်သွက်သွက်လှမ်းကာ ထွက်သွားတော့၏။

သူမအနားမှဖြတ်သွားချိန်တွင် သူမကို တစ်ချက်လေးပင်မကြည့်ဘဲ ဖြတ်လျှောက်သွားခဲ့သည်။

ရှောင်ကျိုး ယနေ့ သူမစီးလာသော ဖိနပ်အသစ်လေးပေါ်ရှိ ခြေရာများကို ငုံ့ကြည့်လိုက်၏။

လွန်ခဲ့သောခဏလေးကမှ တစ်ထေရာတည်း တူနေခဲ့သော ဖိနပ်နှစ်ဖက်မှာ ယခုအခါ တစ်ဖက်က ခြေရာထင်နေပြီး နောက်တစ်ဖက်ကတော့ မထင်ဘဲဖြစ်နေသည်။ ဤအရာက ရှောင်ကျိုးအတွက် ပို၍ပင်ထူးဆန်းနေတော့၏။

သူမ နဉ်ဝမ်ကျစ်ကို ဆွဲဖမ်းပြီး ခန်းမဆောင်ထဲသို့ ပစ်သွင်းလိုက်သည်။

မောက်မောက်မာမာဖြင့် ထွက်သွားခဲ့သော နဉ်ဝမ်ကျစ်တစ်ယောက် မတူညီ‌သောနည်းလမ်းဖြင့် တရားရုံးသို့ ပြန်ရောက်လာသည်ကို ခရိုင်ဝန်မြင်လိုက်ရ၏။

ရှောင်ကျိုးက ခန်းမဆောင်ထဲသို့ဝင်လာပြီး သတိမလည်သေးသော နဉ်ဝမ်ကျစ်ကိုဖြတ်ရိုက်ကာ နှိုးပြီးပြောလိုက်သည်။

"ဟေး နင် ငါ့ဖိနပ်ကို ညစ်ပတ်အောင် လုပ်သွားတယ်၊ ငါ အရမ်းဒေါသထွက်နေပြီနော်"

သူ့ရှေ့တွင်ရပ်နေသော ကောင်မလေးကို သေသေချာချာမြင်နိုင်ရန် နဉ်ဝမ်ကျစ်မှာ အချိန်အနည်းငယ်ယူလိုက်ရ၏။ သူ မကြာသေးမီက ကြုံတွေ့ခဲ့ရသော အရှက်ကွဲဖွယ်အခြေအနေကို တွေးမိပြီး သူ အလွန်အမင်းဒေါသထွက်သွားတော့သည်။

သူခြိမ်းခြောက်လိုက်၏။

"ငါ ဘယ်သူလဲဆိုတာ မင်းသိလား၊ ငါ့ကို ရိုက်ရဲတယ်ပေါ့လေ"

ရှောင်ကျိုး ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။

"နင် ဘယ်သူလဲဆိုတာ ငါသိတယ်လေ၊ ဒါပေမဲ့ နင်က ငါ့ဖိနပ်ကို တက်နင်းသွားတာ၊ ဒါ ငါ့ဖိနပ်အသစ်လေးနော်"

ကောင်မလေးကို အကြောင်းပြချက် ပေး၍မရကြောင်းမြင်သောအခါ နဉ်ဝမ်ကျစ်က အထက်ရှိ ခရိုင်ဝန်ထံသို့ အမြန်အော်ပြောလိုက်၏။

"တရားသူကြီးမင်း၊ သူမကို ကြည့်ပါဦး၊ နေ့ခင်းကြောင်တောင်ကြီး လူကိုလာရိုက်ရဲတယ်၊ ကျွန်တော့်ကိုတောင် လက်ပါရဲသေးတယ်၊ ကျွန်တော့်ဘက်ကနေ ရပ်တည်ပေးရမယ်နော်"

ခရိုင်ဝန်က ကောင်မလေးကိုကြည့်လိုက်သော်ငြား ပြီးခဲ့သည့်ရက်က သူ မြင်တွေ့ခဲ့ရသော ချန်လဲ့မင်းသမီးလေးမှန်း လုံးဝမမှတ်မိခဲ့ပေ။

မည်သို့ပင်ဆိုစေ ထိုနေ့က သူမြင်ခဲ့ရသော ချန်လဲ့မင်းသမီးလေးမှာ အနီရောင်ဝတ်ရုံကြီးကို ခြုံထားပြီး မျက်နှာအများစုကိုဖုံးထားသော အနက်ရောင် တစ်ခုခုကိုတပ်ထားသဖြင့် သူမရုပ်ရည် မည်သို့ရှိသည်ကို သူ လုံးဝခွဲခြား၍မရခဲ့ပေ။

အတွေ့အကြုံရင့် ခရိုင်ဝန်မှာ ဤမြင်ကွင်းကိုမြင်သောအခါ အခြေအနေကို ထိန်းရန်သာကြိုးစားရတော့၏။

"သခင်လေးနဉ် စိတ်အေးအေးထားပါ၊ ဒီကိစ္စကို မျက်နှာမလိုက်ဘဲဖြေရှင်းပေးပါ့မယ်"

ခရိုင်ဝန် ပြောပြီးနောက် ကောင်မလေးဘက်သို့လှည့်ကာ ပြောလိုက်သည်။

"ကောင်မလေး၊ မင်းဘက်က မှန်တယ်ဆိုရင်တောင် လူကိုရိုက်တာက ပြဿနာပြေလည်သွားမှာ မဟုတ်ဘူးနော်၊ ကဲ ပြောပါဦး၊ ဒီကိစ္စကို မင်း ဘယ်လိုဖြေရှင်းချင်လဲ"

ယဉ်ယဉ်ကျေးကျေး ဖြေရှင်းလိုစိတ် နည်းသော ရှောင်ကျိုးက စိတ်ရှည်လက်ရှည်ဖြင့် ပြန်ဖြေလိုက်၏။

"သူက ငါ့ဖိနပ်အသစ်လေးကို ညစ်ပတ်အောင်လုပ်သွားလို့ ငါ နည်းနည်း စိတ်ဆိုးနေတာ၊ ငါက သူ့ကို ဒီဖိနပ်လေးအတိုင်းတစ်ထေရာတည်းတူတာ တစ်ရံ ပြန်ဝယ်ပေးစေချင်တယ်၊ ပြီးတော့ ငါ့ကို တောင်းပန်ခိုင်းစေချင်တယ်”

All Chapters