← Chapters

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း ၁၈၇

Vol. 19 Ch. 187

187

ယဉ်ကျေးသိမ်မွေ့သော ရှောင်ကျိုးမှာ ဤကိစ္စကို ရိုးရှင်းသည့်ကိစ္စတစ်ခုဟု တွေးလိုက်ပြီး ဤအချိန်တွင် သူမက အတော်လေး ညှိနှိုင်းရလွယ်နေပြီ ဖြစ်၏။

ထိုစကားကိုကြားသောအခါ နဉ်ဝမ်ကျစ်၏မျက်နှာက ပြာနှမ်းသွားတော့သည်။

"ငါက မင်းကိုတောင်းပန်ရမယ်၊ ပြီးတော့ ဖိနပ်ဖိုးပြန်လျော်ပေးရမယ် ဟုတ်လား၊ အိမ်မက်သာ မက်နေလိုက်"

သူစကားပြော၍မဆုံးခင်မှာပင် ရှင်းအာက သူ့ခေါင်းကို ဖြတ်ရိုက်လိုက်၏။

"သေသေချာချာ ပြောစမ်း၊ ငါတို့ ရွာသူကြီးကို ထပ်အော်ကြည့်လိုက်"

နဉ်ဝမ်ကျစ်ခမျာ နာကျင်သွားပြီး အော်တော့မလိုဟန်ပြင်လိုက်သည်။

ရှင်းအာက သူမ၏ဓားမကြီးကို ကြမ်းပြင်ပေါ်သို့ တည့်တည့်မတ်မတ် စိုက်ချလိုက်ရာ နေရာကွက်တိကျကျပင် နဉ်ဝမ်ကျစ်၏ခြေနှစ်ချောင်းကြားသို့ ရောက်သွားတော့၏။

နဉ်ဝမ်ကျစ်တစ်ယောက် ဓားမကြီးစိုက်နေသည့်နေရာကို ငုံ့ကြည့်လိုက်မိပြီး ကြောက်လွန်းသဖြင့် ဘောင်းဘီထဲ သေးထွက်ကျမတတ် ဖြစ်သွားတော့သည်။

ခန်းမဆောင်ထဲရှိ ရုံးတော်အစေခံများနှင့် အထက်တွင်ထိုင်နေသော ခရိုင်ဝန်တို့မှာ ဓားစိုက်နေသည့်နေရာကို မြင်လိုက်ရသောအခါ သူတို့ခြေထောက်များကို ချက်ချင်းပင်တင်းတင်းစိထားလိုက်မိကြ၏။

ဤလူက လူပုံအလယ်တွင် တကယ်ကြီး ဘောင်းဘီထဲ သေးပေါက်ချလိုက်ကြောင်းမြင်သောအခါ ရှောင်ကျိုးက နောက်သို့ ချက်ချင်းအနည်းငယ်ခုန်ဆုတ်လိုက်သည်။

ရှောင်ကျိုးက နဉ်ဝမ်ကျစ်ကို လက်ညိုးထိုးကာ ဒေါသတကြီးပြောလိုက်၏။

"အရှက်မရှိတဲ့ကောင်၊ နင် နင် တကယ်ကြီး သေးပေါက်ချလိုက်တာပဲ"

ရှောင်ကျိုးမှာ တကယ်ကိုအံ့သြသွားတော့၏။ ရှီထုံနှင့် ကျန်းဟယ်တို့တောင်မှ လူပုံအလယ်တွင် သေးမပေါက်ချတတ်ကြတော့ပေ။ သို့သော် ဤလူကမူ ဤမျှအသက်ကြီးနေပြီဖြစ်ပါလျက်နှင့် ဆီးမအောင့်နိုင်သေးချေ။

နဉ်ဝမ်ကျစ်မှာ သေးပေါက်ချသည်ဟု အပြောခံလိုက်ရသဖြင့် အလွန်အမင်း ဒေါသထွက်သွားတော့သည်။ သူ တစ်ခါမျှ ဤသို့မဆက်ဆံခံခဲ့ရဖူးချေ။ နဉ်မိသားစုမှလွှတ်လိုက်သော အစေခံများကိုမြင်သောအခါ သူချက်ချင်း အော်ပြောလိုက်၏။

"အိမ်တော်ထိန်း ဒီလူတွေအကုန်လုံးကို ဖမ်းပြီး နဉ်စံအိမ်‌တော်ကိုပို့လိုက်၊ ငါကိုယ်တိုင် လက်စားချေပစ်မယ်"

နဉ်ဝမ်ကျစ်တစ်ယောက် အမုန်းတရားများဖြင့် ဆူပွက်နေတော့၏။ ဤလူများကို နဉ်စံအိမ်တော်သို့ဖမ်းခေါ်သွားပြီးသည်နှင့် သေချာပေါက် အရှင်လတ်လတ် အရေခွာပစ်မည် ဖြစ်သည်။

ရှောင်ကျိုး နှာခေါင်းကိုပိတ်ထားရင်း မေးလိုက်သည်။

"နင်တို့က ငါတို့ကို နဥ်အိမ်တော်ဆီခေါ်သွားမလို့လား"

ရှောင်ကျိုး အလွန်စိတ်ဝင်စားသည့် အရာများထဲမှ တစ်ခုမှာ သူတစ်ပါးအိမ်များသို့ အလည်အပတ်သွားရန်ဖြစ်ကြောင်း လူတိုင်းသိကြ၏။ သို့သော် သူမက ထောင်ယွမ်ရွာတွင်သာနေခဲ့ပြီး ရွာထဲရှိ ရွာသားများအားလုံး၏အိမ်များသို့ အလည်သွားခဲ့ပြီးဖြစ်သည်။ မြို့တော်ရှိ တခြားလူများအိမ်သို့ အလည်သွားနိုင်မည်ဟု သူမထင်ထားခဲ့သော်ငြား မြို့တော်မှလူများမှာ တံခါးများ တင်းတင်းပိတ်ထားပြီး အိမ်တွင်မရှိကြသလို အိမ်တွင်ရှိလျှင်လည်း အလုပ်ရှိနေ၍ ဧည့်သည်များကို ဧည့်မခံနိုင်ကြပေ။ သူမကို သူတို့အိမ်သို့ အလည်လာရန်လည်း ကိုယ်တိုင်ဦးဆောင်၍မဖိတ်ခေါ်ကြချေ။ တကယ်ကို ပျင်းစရာကောင်းသည်။

ထိုအချိန်တွင် သူတို့ကို နဉ်မိသားစုဆီသို့ ဖိတ်ခေါ်လိုက်သံကိုကြားလိုက်ရသည်။ ထိုသူက "ဖမ်း"ဆိုသည့် စကားလုံးကို သုံးခဲ့သော်ငြား မည်သို့ပင်ဖြစ်စေ သူမက နဉ်မိသားစုထံသို့ သွားပြီး ပိုက်ဆံတောင်းရန်လိုအပ်နေသဖြင့် ရှောင်ကျိုးမှာတော့ စိတ်မခုခဲ့ပေ။

နဉ်ဝမ်ကျစ် လျော်ကြေးမပေးချင်မှတော့ သူ့ဖခင်ကို ပေးခိုင်းရမည်သာ ဖြစ်၏။

ဆရာကြီးရွှီ ပြောဖူးသည်။

"သားတစ်ယောက်ကို မဆုံးမရင် အဲ့ဒါက အဖေရဲ့အမှားပဲ"

ရှောင်ကျိုး ဤအရာကို ကောင်းကောင်းကြီး နားလည်ထားသည်။

ရှောင်ကျိုး ချက်ချင်းပင် ဦးဆောင်လိုက်ပြီး နဉ်မိသားစုအစေခံများကို ညွှန်ကြားလိုက်၏။

"သူ့ကို သယ်သွားကြ၊ သူ ဘောင်းဘီထဲ သေးပေါက်ချထားတယ်၊ ဒါနဲ့ နဉ်စံအိမ်တော်က ဘယ်မှာလဲ၊ ဘယ်လောက်ဝေးလဲ လမ်းပြကြ"

နဉ်စံအိမ်တော်မှအစေခံများမှာ ကလေးများကို အရေးစိုက်ရန် ရည်ရွယ်ချက်မရှိကြရာ စကားတစ်ခွန်းမျှမပြောဘဲ သူတို့ကိုဖမ်းရန် ကြိုးစားကြတော့သည်။

ရှောင်ကျိုး သူမထံသို့ပြေးဝင်လာသော လူနှစ်ယောက်ကို ကြမ်းပြင်ပေါ်သို့ဖြတ်ရိုက်ချလိုက်၏။

သူမ ပြောလိုက်သည်။

"မြန်မြန် လမ်းပြစမ်းပါ"

နဉ်စံအိမ်တော်မှ အစေခံတစ်ယောက် : 'ဒီကောင်မလေး ရူးနေတာလား၊ သခင်လေးက သူတို့ကို နဉ်မိသားစုဆီ ဖမ်းသွားမယ်လို့ပြောတာကို သူမ မကြားဘူးလား၊ ဒီလူတွေက သူတို့သဘောနဲ့သူတို့လိုက်သွားချင်နေမှတော့ တိုက်ခိုက်ရမဲ့ဒုက္ခကနေ သက်သာသွားတာပေါ့၊ ဘာပဲဖြစ်ဖြစ် ဒီကောင်မလေးက သိုင်းပညာတော်တော်ကျွမ်းတဲ့ပုံပဲ၊ ရန်ဖြစ်ရင် သေချာပေါက်ဒဏ်ရာရလိမ့်မယ်'

နဉ်စံအိမ်တော်၏အစေခံများက သူတို့သခင်လေးကို သယ်ပိုးကာ နဉ်မိသားစုဆီသို့ ခပ်သုတ်သုတ်ထွက်သွားကြတော့သည်။

ရှောင်ကျိုးနှင့် သူမအဖွဲ့က အနောက်မှ ဆောင့်ကြွားကြွားပင် လိုက်သွားကြ၏။

ရှောင်ကျိုးနှင့် သူမ၏နောက်လိုက်များအနောက်တွင်တော့ နဉ်မိသားစုမှ အစေခံတစ်စုက ထပ်ချကြပ်မကွာ လိုက်ပါလာကြသည်။

ကလေးများ ထွက်ပြေးသွားမည်ကို စိုးရိမ်သဖြင့် သူတို့က အနောက်မှနေ၍ မျက်ခြည်မပြတ် စောင့်ကြည့်နေကြ၏။

ခရိုင်ဝန်ကမူ ဘာမှမသိမမြင်သကဲ့သို့ ငုံးတစ်ကောင်ပမာ ခေါင်းငုံ့ပုန်းရှောင်နေတော့သည်။

သူ လှမ်းကြည့်လိုက်ရာ ချန်လဲ့မင်းသမီးလေးဘေးရှိ လူကိုတွေ့သွားခဲ့သည်။ သူက ချန်လဲ့မင်းသမီးလေးကို မမှတ်မိသော်ငြား သူမ၏အိမ်တော်ထိန်းကိုတော့ မှတ်မိနေ၏။

ပဋိပက္ခထဲပါဝင်ပတ်သက်ရမည့်အစား ထိုသူမှာ ချန်လဲ့မင်းသမီးလေးဖြစ်မှန်း မသိချင်ယောင်ဆောင်နေလိုက်သည်က ပိုကောင်းလိမ့်မည်။

နှစ်ဖက်စလုံးကို မလွန်ဆန်ရဲသဖြင့် ခရိုင်ဝန်ခမျာ လူသေကောင်လိုသာ ဟန်ဆောင်နေတော့သည်။

ခရိုင်ဝန်က ထွက်သွားသောလူအုပ်ကြီးကို စိုးရိမ်တကြီးဖြင့် ကြည့်နေလိုက်၏။ အကယ်၍ နဉ်စံအိမ်တော်၌မင်းသမီးလေးသာ တစ်ခုခုဖြစ်ခဲ့လျှင် သူကပထမဆုံး ခေါင်းဖြတ်ခံရမည့်သူ ဖြစ်သည်။

ခရိုင်ဝန်မှာ ပြဿနာထဲဝင်မပါချင်သော်ငြား ချန်လဲ့မင်းသမီးလေး၏ကိုယ်ရံတော်များကို အကြောင်းကြားရန် လူလွှတ်နိုင်သည်။

ခရိုင်ဝန် ခဏစဉ်းစားလိုက်ပြီး သူ့တပည့်များကို ခေါ်လိုက်၏။

သူ အမြန် ညွှန်ကြားလိုက်သည်။

"လူတစ်စုကိုခေါ်သွားပြီး မင်းသမီးလေး အခုဘယ်မှာတည်းခိုနေလဲဆိုတာ သွားစုံစမ်းချည်၊ ပြီးရင် မင်းသမီးလေး နဉ်စံအိမ်တော်မှာ အခက်တွေ့နေပြီလို့ သူမရဲ့ကိုယ်ရံတော်တွေကို သွားအကြောင်းကြားပြီး ချက်ချင်းလာကာကွယ်ပေးဖို့ ပြောလိုက်"

နဉ်စံအိမ်တော်မှ ဖမ်းသွားသူမှာ မင်းသမီးလေးဖြစ်ကြောင်း ကြားလိုက်ရသောအခါ ရုံးတော်အစေခံများ အကြောက်လွန်၍ လဲသေလုမတတ် ဖြစ်သွားကြတော့၏။

သူတို့က အခြေအနေအရေးကြီးနေကြောင်းကိုလည်း သိကြသည်။

ထို့ကြောင့် ချက်ချင်းပင် သွားရောက် စုံစမ်းကြတော့၏။

တချို့က မင်းသမီးလေးမှာ သံလက်သီးစခန်းတွင် နေထိုင်ကြောင်း စုံစမ်းသိခဲ့ကြပြီး တချို့ကတော့ ထောင်ယွမ်ရွာတွင် နေထိုင်ကြောင်းစုံစမ်းသိခဲ့ကြသည်။

မင်းသမီးလေး၏ကိုယ်ရံတော်များ ဘယ်မှာနေထိုင်သလဲဆိုသည်ကို မသေချာသဖြင့် တာဝန်ကျရုံးတော်အစေခံများက အဖွဲ့နှစ်ဖွဲ့ ခွဲသွားရန် ဆုံးဖြတ်လိုက်ကြသည်။ တစ်ဖွဲ့က သံလက်သီးစခန်းသို့ သွားရောက် အကြောင်းကြားမည်ဖြစ်ပြီး၊ ကျန်တစ်ဖွဲ့ကတော့ ထောင်ယွမ်ရွာသို့ သွားရောက်အကြောင်းကြားမည် ဖြစ်၏။

ရုံးတော်အစေခံများမှာလည်း စိုးရိမ်နေကြသည်။ မင်းသမီးလေး တစ်ခုခုဖြစ်ခဲ့ပါက သူတို့အားလုံးသေရလိမ့်မည်ဟု ခရိုင်ဝန်ပြောထားသည်။

ရုံးတော်အစေခံများ အမြန်ထွက်သွားကြပြီး ထောင်ယွမ်ရွာနှင့် သံလက်သီးစခန်းဆီသို့ အမြန်ဆုံးအပြေးသွားကြတော့၏။

လူတိုင်း ဒုက္ခရောက်မည်ကို စိုးရိမ်နေကြသော ရှောင်ကျိုးကမူ ယခုအခါတွင် နဉ်စံအိမ်တော်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

နဉ်စံအိမ်တော်၏ဝင်ပေါက်မှာ ခမ်းနားထည်ဝါလှပြီး ပန်းပုထုထားသော ရုပ်ကြွများနှင့် ဆေးရောင်ခြယ်ထားသော တံစက်မြိတ်များဖြင့် တန်ဆာဆင်ထားကာ အလွန်တရာကြီးကျယ်ခမ်းနားသော အငွေ့အသက်ရှိနေ၏။

ရှောင်ကျိုး အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် မော့ကြည့်လိုက်သည်။

သူမ ပြောလိုက်၏။

"သူက အရမ်းချမ်းသာတဲ့ပုံပဲ"

ကျင့်ရှင်းမှာလည်း အနည်းငယ် စိတ်လှုပ်ရှားနေတော့သည်။

သူ ပြောလိုက်၏။

"ချမ်းသာတာ ကောင်းတယ်၊ ငါ ခုန တွက်ပေးလိုက်တဲ့ပိုက်ဆံက အနည်းဆုံးတေး ရာဂဏန်းလောက်တော့တန်ရမယ်လို့ ထင်တယ်"

ရှောင်ကျိုး လက်နှစ်ဖက်ကိုပွတ်ရင်း အိမ်တော်ထိန်းကို မေးလိုက်သည်။

"ဘိုးဘိုးအိမ်တော်ထိန်း သမီးရဲ့ဖိနပ်အတွက် လျော်ကြေးဘယ်လောက်ရနိုင်မယ်လို့ ထင်လဲ"

အိမ်တော်ထိန်း လှမ်းကြည့်ပြီးပြောလိုက်၏။

"မင်းသမီးလေး သဘောကျတဲ့ ဘယ်အရာမဆို သဘာဝကျကျကိုတန်ဖိုးမဖြတ်နိုင်အောင် ထိုက်တန်တာပေါ့"

တွက်ချက်မှုအတွက် တေးရာဂဏန်းလောက်သာတောင်းရန် ရည်ရွယ်ထားခဲ့သော ကျင့်ရှင်းတစ်ယောက် သူ့ရည်မှန်းချက်က သေးလွန်းနေကြောင်း ရုတ်တရက် ခံစားလိုက်ရတော့သည်။

ရှောင်ကျိုး စိတ်လှုပ်ရှားစွာဖြင့် နဉ်စံအိမ်တော်ထဲသို့ပြေးဝင်သွားတော့၏။

'တန်ဖိုးမဖြတ်နိုင်တဲ့နေရာကြီးရေ၊ ငါ လာပြီဟေ့'

လူမရောက်ခင်အသံက အရင်ရောက်နေသော ရှောင်ကျိုးနှင့် သူမအဖွဲ့မှာ နဉ်မိသားစုမှလူကြီးများနှင့် မတွေ့ရသေးပေ။

ကလေးအချို့က အသံကုန်အော်နေကြပြီဖြစ်၏။

“နဉ်ဝမ်ကျစ်ရဲ့အဖေရေ၊ ခင်ဗျားသားက ဘောင်းဘီထဲသေးပေါက်ချလိုက်လို့ ကျွန်တော်တို့ သူ့ကိုပြန်ခေါ်လာခဲ့ပြီဗျို့”

“နဉ်ဝမ်ကျစ်ရဲ့အမေရေ၊ ခင်ဗျားသားက ဆီးမအောင့်နိုင်လို့ ဘောင်းဘီထဲ သေးပေါက်ချလိုက်ပြီဗျို့”

"......"

နားကွဲမတတ် 'ဘောင်းဘီထဲ သေးပေါက်ချတယ်'ဆိုသည့် အော်သံများက နဉ်စံအိမ်တော်မှလူများကိုသာမက ဘေးပတ်ဝန်းကျင်ရှိအိမ်နီးချင်းများနှင့် လမ်းသွားလမ်းလာများကိုပါ နိုးကြားသွားစေတော့သည်။

လူတိုင်းက နဉ်မိသားစု ဘာပြောနေသလဲဆိုသည်ကို နားစွင့်နေကြတော့၏။

တစ်ချိန်တည်းမှာပင် နဉ်စံအိမ်တော်ရှိ နဉ်မိသားစုဝင်များက ထိုအော်သံများကို ကြားလိုက်ကြသည်။

သူတို့ အသံလာရာဘက်သို့ ခပ်သုတ်သုတ်ထွက်လာခဲ့ကြ၏။

ဘယ်သူကများ သူတို့နဉ်စံအိမ်တော်ကို လာပြီး ဆူပူသောင်းကျန်းရဲတာလဲ။

ထွက်လာသော နဉ်မိသားစုမှ ပထမသခင်မက သူမအသည်းကျော်သားလေး ဤမျှဖရိုဖရဲဖြစ်နေသည်ကို မြင်လိုက်ရသည်။

သူမမျက်နှာက ချက်ချင်းဖြူဖျော့သွားတော့၏။ သူမ ရှေ့သို့ပြေးထွက်သွားပြီး သားဖြစ်သူကို တွဲထားလျက် အနောက်မှလိုက်လာသော ရှောင်ကျိုးနှင့် သူမအဖွဲ့ကို ဒေါသတကြီးစိုက်ကြည့်ကာ မေးလိုက်သည်။

"နင်တို့သူခိုးယုတ်တွေ၊ ငါ့သားကို ဘယ်လိုတောင် လက်ပါရဲတာလဲ"

ပထမသခင်မက သူမဘေးရှိအစေခံဘက်သို့လှည့်ကာ အမိန့်ပေးလိုက်၏။

"သွား ကျေးဇူးကန်းတဲ့ ဒီကောင်တွေကို သေတဲ့အထိ ဝိုင်းရိုက်ကြစမ်း"

လမ်းတစ်လျှောက်လုံး အလွန်ယဉ်ကျေးနေခဲ့သော ရှောင်ကျိုးမှာ ယခုတော့ မပျော်မရွှင်ဖြစ်သွားတော့သည်။ နဉ်ဝမ်ကျစ်က သူမဖိနပ်ကို တက်နင်းခဲ့သော်ငြား ရှောင်ကျိုးက သူ့ကို သတ်မပစ်ခဲ့သည့်အပြင် သဘောကောင်းစွာဖြင့်ပင် ပြန်ခေါ်လာပေးခဲ့သည်။

'ကြည့်ရတာတော့ ဒီမိသားစုက ငါ့စေတနာကို နားမလည်ကြဘူးပဲ၊ ကျေးဇူးတင်ပါတယ်လို့တောင် မပြောတဲ့အပြင် ငါ့ကိုလာပြီး ရန်စရဲသေးတယ်'

ရှောင်ကျိုး သူမကို မျက်နှာသာမပေးတော့ပေ။

သူမက ရိုးရိုးရှင်းရှင်းပင် သူတို့ကိုဆွဲဖမ်းကာ ပစ်ပေါက်လိုက်ရာ လွန်ခဲ့သော ခဏလေးကမှ သူတို့ကိုသတ်မည်ဟု ခြိမ်းခြောက်နေခဲ့သော နဉ်မိသားစုဝင်များမှာ ပျောက်ကွယ်သွားကြတော့၏။ ပထမသခင်မကတော့ ယခုအခါ အိမ်ခေါင်မိုးပေါ်သို့ ရောက်နေပြီဖြစ်သည်။

ဤမြင်ကွင်းကို တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့လိုက်ရသော နဉ်မိသားစု၏အိမ်ထောင်ဦးစီးမှာ အလွန်အမင်းထိတ်လန့်သွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့်မေးလိုက်သည်။

"မင်း၊ မင်းတို့က ဘယ်သူတွေလဲ၊ ငါ့သားနဲ့ ငါ့မိန်းမကိုဘာလုပ်လိုက်တာလဲ"

မေးခွန်းများ မေးနေစဉ်မှာပင် သူက နဉ်မိသားစု၏ကိုယ်ရံတော်များကို ခြံဝင်းရှေ့သို့အမြန်စုရုံးရန် တိတ်တဆိတ် ညွှန်ကြားလိုက်၏။

ရှောင်ကျိုး မပျော်မရွှင်ဖြင့်ပြောလိုက်သည်။

"နင့်သားက ဘောင်းဘီထဲသေးပေါက်ချလိုက်လို့ ငါတို့ သူ့ကိုပြန်ခေါ်လာပေးတာ၊ ပြီးတော့ နင့်သားက ငါ့ရဲ့ဖိနပ်အသစ်လေးကို တက်နင်းသွားပြီး ဖိနပ်ကိုလည်း အစားမပေးဘူး၊ ပိုက်ဆံလည်း မပေးဘူး၊ သားတစ်ယောက်ကို မဆုံးမရင် အဖေမှာတာဝန်ရှိတယ်ဆိုတဲ့ စကားအတိုင်းပဲ၊ ငါက ဖိနပ်ဖိုးလာတောင်းဖို့ နဉ်စံအိမ်တော်က သူ့အဖေဆီကိုလာခဲ့တာ”

All Chapters