← Chapters

အခန်း ၁၈၈

Vol. 19 Ch. 188

အခန်း ၁၈၈

Vol. 19 Ch. 188

188

ယွိဟွာက သခင်ဖြစ်သူ ဒေါသထွက်နေသည်ကိုမြင်သည်နှင့် ရင်ခွင်ထဲသို့ ချက်ချင်းခုန်ဝင်သွားတော့၏။

"ကွတ် ကွတ်၊ ကွတ် ကွတ်"

'သခင််မလေး မလောနဲ့၊ သခင်မလေးအတွက် အကြွေတချို့သွားရှာပေးမယ်'

ထိုသို့ပြောပြီးနောက် သူက စွမ်းချိုက်ကိုပါ တစ်ပါတည်းခေါ်သွားပြီး မျက်စိတစ်မှိတ်အတွင်း အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့၏။

နဉ်စံအိမ်တော်၏ခြံဝင်းထဲသို့ လျှောက်လာသော သခင်မကြီးက ရှောင်ကျိုး၏စကားများကို ကြားသွားလေ၏။ ဒေါသကြောင့် သူမတစ်ကိုယ်လုံး တုန်ရင်သွားတော့သည်။

ဒီလောက် မောက်မာထောင်ကြွားတဲ့ ကလေးမျိုးကို သူမ ဘယ်တုန်းကများ မြင်ဖူးခဲ့လို့လဲ။

သူမ ဒေါသတကြီး အော်လိုက်သည်။

"ဖိနပ်ဖိုး လျော်ရမယ်ဟုတ်လား၊ လျော်ပေးရမယ်ပေါ့လေ၊ နင် သေချင်နေတာပဲ၊ ငါတို့နဉ်စံအိမ်တော်ကနေ ငွေညှစ်ဖို့ ကြိုးစားနေတာလား"

"ဒီမှာ လာကြစမ်း"

ထို့နောက် ရှောင်ကျိုးနှင့် အခြားသူများကိုဖမ်းရန် အစေခံများကို အမိန့်ပေးလိုက်၏။

သို့သော် ထိုအချိန်တွင် ခြံဝင်းထဲမှ ဩဇာအပြည့်ပါသောအသံတစ်သံ ထွက်ပေါ်လာတော့သည်။

"တော်ကြစမ်း"

လူတိုင်း အသံလာရာဘက်သို့လှည့်ကြည့်လိုက်ကြရာ သခင်ကြီးကလက်နောက်ပစ်လျက် ခြံဝင်းရှေ့သို့လျှောက်လာသည်ကို မြင်လိုက်ကြရ၏။

သူ၏စူးရှရှအကြည့်များက ရှိနေသူများကိုဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် ရှောင်ကျိုးထံသို့အကြည့်ရောက်သွားကာ အသံဩဩဖြင့်မေးလိုက်သည်။

"ငါ့မြေးကို ဒဏ်ရာရအောင်လုပ်ခဲ့တာ မင်းလား"

ဩဇာညောင်းသော သူ့ပုံစံကိုမြင်သောအခါ ရှောင်ကျိုးကလည်း လက်နောက်ပစ်လိုက်ပြီး ခြံဝင်းထဲရှိလူတိုင်းကို စိုက်ကြည့်လိုက်၏။

သူမ ယုံကြည်မှုအပြည့်ဖြင့်ပြန်ဖြေလိုက်သည်။

"တော်ကြစမ်း"

ဘာကြောင့်မှန်းတော့မသိ လွန်ခဲ့သော ခဏလေးကမှ သခင်ကြီးမှာဩဇာကြီးလှသည်ဟု လူတိုင်းခံစားနေခဲ့ရသော်ငြား ရှောင်ကျိုးမှ ဤကဲ့သို့အတုခိုးလိုက်သောအခါတွင်မူ ဤမြင်ကွင်းက အလွန်အမင်းရယ်စရာကောင်းနေတော့၏။

သခင်ကြီးမှာ မျက်မှောင်အသာကြုတ်သွားပြီး အစေခံများတွဲထားရသော နဉ်ဝမ်ကျစ်ကိုကြည့်ကာ စိတ်ပျက်လက်ပျက်ဟန်ဖြင့် မေးလိုက်သည်။

"ဘာတွေဖြစ်ခဲ့တာလဲ"

ယင်းကိုမြင်သောအခါ နဉ်ဝမ်ကျစ်က ဇာတ်လမ်းကို ချက်ချင်းဖန်တီးချဲ့ကားလိုက်ပြီး သဘာဝကျကျပင် သူ့ကိုယ်သူ နစ်နာသူအဖြစ် ပုံဖော်လိုက်တော့၏။

သခင်ကြီးက သူ့မြေးဖြစ်သူမှာ မည်သို့သောလူစားမျိုးဖြစ်ကြောင်းကို အတိအကျ သိထားပြီးဖြစ်သည်။

သို့သော် ဘာဖြစ်လဲ။ နဉ်မိသားစုက သူ့ကလေးတွေကို အခြားကလေးတစ်သိုက်က လာအနိုင်ကျင့်ရမဲ့နေရာမျိုး ဘယ်တုန်းက ဖြစ်သွားခဲ့လို့လဲ။

"ဟမ့် အမှန်တရားက ဘာပဲဖြစ်ဖြစ် နဉ်မိသားစုဝင်ကို ထိခိုက်အောင်လုပ်တဲ့ ဘယ်သူမဆို တန်ဖိုးပြန်ပေးဆပ်ရမယ်"

သခင်ကြီး၏မျက်နှာထား တင်းမာနေပြီး သူ့စကားများက လုံးဝငြင်းဆန်ခွင့်မရှိသည့်အလားပင်။

ရှောင်ကျိုးမှာ အနည်းငယ်ခေါင်းမာပြီး ပုန်ကန်တတ်သည့် အကျင့်ရှိ၏။ လူများက သူမကို တစ်ခုခုမလုပ်ရန် တားလေလေ ဘာဖြစ်မလဲဆိုတာ သိရအောင် ပိုပြီးစမ်းလုပ်ကြည့်ချင်လေလေပင်။

ရှောင်ကျိုးက နဉ်ဝမ်ကျစ်အနားသို့ ခပ်သုတ်သုတ်ပြေးသွားပြီး သူ့ကို တစ်ချက်ကန်လိုက်ကာ သခင်ကြီးကိုကြည့်ပြီး မေးလိုက်သည်။

"ငါ အခုလေးတင် သူ့ကိုကန်လိုက်ပြီ၊ ဘာတန်ဖိုးပေးဆပ်ရမှာလဲ"

သခင်ကြီးခမျာ တည်ငြိမ်မှုများ အားလုံးပျောက်သွားပြီး ဆဲဆိုလုမတတ်ဖြစ်သွားကာ မျက်စိများပင် ပြာလာတော့၏။

ဤသည်က ရန်စခြင်းပင်။ လုံးဝ ရန်စခြင်း၊ ပေါ်ပေါ်ထင်ထင်ကြီးကို ရန်စနေခြင်းပင်။

"ကောင်းပြီ ကောင်းပြီ၊ တကယ်ကို ရိုင်းစိုင်းတဲ့ ကောင်မလေးပဲ၊ မောက်မာတယ်ဆိုတာ ဘာလဲဆိုတာကို ဒီနေ့ မင်းကို ပြရသေးတာပေါ့"

ထိုသို့ပြောရင်း သူက လူတိုင်းကို ဖမ်းရန်အစေခံများ ခေါ်တော့မည့်ဆဲဆဲတွင် ခြံဝင်းထဲမှ အမျိုးသားတစ်ဦး၏အသံ ရုတ်တရက် ထွက်ပေါ်လာတော့သည်။

"နေပါဦး"

လူတိုင်းအာရုံက ထိုလူ့ထံသို့ ချက်ချင်း ရောက်သွားကြ၏။

သခင်ကြီး၏အနောက်ဘက်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးထွက်လာကြသည်။

ဤနှစ်ဦးမှာ ရှောင်ကျိုးနှင့် သူမအဖွဲ့ကို ချုံကျိုးနယ်မြေအထိ တစ်လျှောက်လုံး နောက်ယောင်ခံလိုက်လာခဲ့သော သူလျှိုနှစ်ဦးပင်။

အမျိုးသား၏အသံကို ကြားသောအခါ သခင်ကြီးက ချက်ချင်းမေးလိုက်သည်။

"သခင်လေးနန်က ဒီကောင်မလေးကို သိလို့လား"

သခင်ကြီးက ဤသူလျှိုနှစ်ဦးကို အတော်လေး လေးစားမှုရှိကြောင်း ရှင်းရှင်းလင်းလင်း သိသာနေသည်။

သူလျှိုနန်ဖုန်း ခေါင်းခါပြပြီး ပြန်ဖြေလိုက်သည်။

"ကျွန်တော် သူမကိုမသိပါဘူး"

နောက်ထပ် သူလျှိုတစ်ဦးဖြစ်သော ရှယွင်က ရှောင်ကျိုးရှိရာဘက်သို့ လှမ်းကြည့်ပြီး ပြောလိုက်၏။

"သခင်ကြီး၊ ဒီနေ့ဖြစ်သွားတဲ့ကိစ္စက နားလည်မှုလွဲတာလေးတစ်ခုဖြစ်ပုံရပါတယ်၊ ဘာလို့ ဒီလောက်ပြဿနာကြီးသွားအောင် လုပ်နေမှာလဲ၊ ကျွန်မတို့မျက်နှာကိုထောက်ပြီး ဒီကိစ္စကို ဒီအတိုင်းပဲ လွှတ်ထားလိုက်ပါတော့လား"

နန်ဖုန်းနှင့် ရှယွင်တို့တွင် အကြံကောင်းတစ်ခုရှိနေကြသည်။ ကိုယ့်ကိုကိုယ် ဒဏ်ရာရအောင်လုပ်မည့်အစီအစဉ်က အလုပ်မဖြစ်သဖြင့် ယခုလို ကလေးကို ဝင်ကယ်ပေးမည့် သူရဲကောင်းအစီအစဉ်ကို ပြောင်းလဲအသုံးပြုရန် ကြံစည်ထားကြခြင်းပင်။

ကလေးများမှာ လှည့်စားရန် အလွယ်ကူဆုံးပင်။ သူတို့နှစ်ဦးကသာ စေတနာထားပြီး ကူပေးမည်ဆိုပါက အရာအားလုံးက သဘာဝကျကျ အဆင်ပြေသွားမည်သာဖြစ်၏။

သခင်ကြီးမှာ အလွန်တရာတွန့်ဆုတ်နေသော်ငြား ထိုနှစ်ဦးမှာ ချန်ရှန်းနန်းဆောင်မှဖြစ်သဖြင့် သူတို့ကို လုံးဝမလွန်ဆန်ရဲချေ။

ခဏတာစဉ်းစားခန်းဝင်ပြီး နောက်ဆုံးတွင်တော့ သခင်ကြီး ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ကောင်းပါပြီ၊ သခင်လေးနန်နဲ့ သခင်မလေးရှတို့ရဲ့မျက်နှာကိုထောက်ပြီး ဒီကိစ္စကို ဒီအတိုင်းပဲပြီးလိုက်ပါတော့မယ်၊ ဒါပေမဲ့ နောက်တစ်ခါ ဒီလိုမျိုး ထပ်ပြီးမောက်မောက်မာမာနဲ့ ရိုင်းရိုင်းစိုင်းစိုင်းလုပ်ရဲသေးတယ်ဆိုရင်တော့ သူတို့ကို လွယ်လွယ်နဲ့လွှတ်ပေးမှာ မဟုတ်ဘူး"

ယင်းကိုမြင်သောအခါ နဉ်ဝမ်ကျစ်မှာ ပျာယာခတ်သွားပြီး အော်လိုက်၏။

"အဘိုး၊ သူတို့က…"

သူ စကားပြော၍မဆုံးခင်မှာပင် သခင်ကြီးက အသံဩဩဖြင့် ဖြတ်ပြောလိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း"

အဘိုးဖြစ်သူ၏မှိုင်းညို့နေသော မျက်နှာကို မြင်သောအခါ နဉ်ဝမ်ကျစ်မှာ မကျေနပ်သော်ငြား ထပ်မပြောရဲတော့ချေ။

သူကလှည့်ကာ ရှောင်ကျိုးနှင့် သူမအဖွဲ့ကို ဒေါသတကြီးစိုက်ကြည့်လိုက်၏။

"ဟမ့် ဒီနေ့ မင်းတို့ ကံကောင်းသွားတယ်မှတ်"

ဤအချိန်တွင် ရှောင်ကျိုးအာရုံတစ်ခုလုံးက ယွိဟွာထံတွင်သာရောက်နေပြီး သခင်ကြီးတို့ ဘာပြောနေသလဲဆိုသည်ကို သူမ လုံးဝမကြားလိုက်ချေ။

ယွိဟွာ : "ကွတ် ကွတ်၊ ကွတ် ကွတ်၊ ကွတ် ကွတ်"

'သခင််မလေး၊ ကျွန်မ ဘဏ္ဍာတိုက်ကို ဝင်ကြည့်ပြီးပြီ၊ သူတို့က အတော်အတန်တော့ ချမ်းသာတဲ့ မိသားစုဖြစ်ပုံရတယ်'

ထိုသို့ပြောပြီးနောက် သူမက ဘယ်လိုနည်းဖြင့်ယူလာမှန်းမသိသော ငွေအိတ်ကို ရှောင်ကျိုးလက်ထဲသို့ ထည့်ပေးလိုက်၏။

"ကွတ် ကွတ်၊ ကွတ် ကွတ်၊ ကွတ် ကွတ်"

'သခင်မလေး၊ ဖိနပ်အသစ်တစ်ရံဝယ်ဖို့ ဒီလောက်ဆို လောက်ပြီလား၊ မလောက်သေးရင် ကျွန်မထပ်သွားယူပေးမယ်'

ရှောင်ကျိုးက လေးလံသောငွေအိတ်ကို ဖွင့်ကြည့်လိုက်ရာ အတွင်း၌ရွှေနှင့် ငွေများအပြည့်ပါနေသည်ကို တွေ့လိုက်ရသည်။

ထို့နောက် သူမက ထိုအရာများကို သူမအဝတ်အိတ်လေးထဲသို့ ကျွမ်းကျင်ပိုင်နိုင်စွာသိမ်းလိုက်၏။

သူမ တိုးတိုးလေးပြောလိုက်သည်။

"ဒါက မလောက်သေးဘူး၊ ခဏနေရင် ငါ့ကိုဘဏ္ဍာတိုက်ဆီခေါ်သွား၊ ငါကိုယ်တိုင် သွားကြည့်မယ်"

ကြက်နှင့် ကလေးတို့၏စကားဝိုင်းကိုကြားသွားသော ကျင့်ရှင်းက ခပ်သုတ်သုတ်ရှေ့တိုးလာပြီး ပြောလိုက်၏။

"ငါရောပဲ၊ ငါလည်း လိုက်မယ်"

ရှောင်ကျိုး မေးလိုက်သည်။

"နဉ်မိသားစုရဲ့ဘဏ္ဍာတိုက်ဆီသွားဖို့ ငါတို့ ဘာအကြောင်းပြချက်ပေးရမလဲ"

ကျောက်ဟူ : "ဒီအတိုင်းတန်းသွားကြတာပေါ့၊ ဒီလူတွေ တစ်ယောက်မှ ရွာသူကြီးလေးကို မယှဉ်နိုင်ပါဘူး"

ထျဲနျို : "ရွာသူကြီးလေး၊ ကျွန်တော်က တစ်ယောက်တည်းနဲ့ နှစ်ယောက်ကို ယှဉ်ချနိုင်တယ်"

အားသို့ : "မလုပ်နဲ့၊ အဲ့လိုဆိုရင် ငါတို့နဉ်မိသားစုရဲ့ပိုက်ဆံတွေကို ယူသွားတယ်ဆိုတာ လူတိုင်းသိကုန်လိမ့်မယ်"

ရှန်ကျစ်ယွမ် : "ငါတို့ ဒီမှာတစ်ညလောက်အိပ်ပြီး ညကျမှခိုးထွက်ကြရင်ရော အဲ့ဒါဆိုရင် ငါတို့ပိုက်ဆံယူသွားတာကို ဘယ်သူမှသိမှာ မဟုတ်ဘူးလေ"

ဖက်တီးလေးနှင့် စတုတ္ထမင်းသား : "ငါတို့ ဒီမှာညစာစားပြီးမှ ပြန်ကြရင်ရော"

အိမ်တော်ထိန်း : "နေကြပါဦး၊ ငါတို့က လျော်ကြေးလာတောင်းတာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ် ခိုးတဲ့အဆင့်ကို ရောက်သွားရတာလဲ"

ရှင်းအာ : "တခြားလူတွေပေးတာက ကိုယ့်ဘာသာ ယူတာလောက် ဘယ်တော့မှ မများနိုင်ဘူးလေ၊ ကိုယ့်လျော်ကြေး ကိုယ့်ဘာသာယူရမှာပေါ့"

ရှီအန်း : "ဘိုးဘိုးအိမ်တော်ထိန်း၊ သူတို့က ခုနလေးတင် ရွာသူကြီးလေးကို သတ်မယ် ပြီးတော့ ကျွန်တော်တို့ကိုလည်း သတ်မယ်လို့ ပြောနေကြတာလေ"

အိမ်တော်ထိန်း : "မင်းသမီးလေးနဲ့ မင်းသားလေးကို စော်ကားတာက သေဒဏ်ပေးထိုက်တဲ့ အပြစ်ပဲ၊ ဒီကိစ္စက အိမ်တော်ကိုဝင်စီးပြီး ပိုင်ဆိုင်မှု သိမ်းရမယ်"

ရှောင်ကျိုးမျက်လုံးများ ချက်ချင်း အရောင်တောက်သွားတော့သည်။

‘သူမကိုစော်ကားတဲ့ ဘယ်သူမဆို အိမ်တော်ကို ဝင်စီးခံရမှာလား’

‘ဒါ တကယ်ကို ရွေးချယ်စရာ အကောင်းစားကြီးပဲ’

ရှောင်ကျိုးကချမ်းသာရန် နောက်ထပ် ဖြတ်လမ်းတစ်ခုကို ရှာတွေ့သွားပြီပင်။

ဤလူစုက နဉ်စံအိမ်တော်တွင် ဆက်ရစ်နေပြီး ထွက်မသွားကြသေးသည်ကို သခင်မကြီး မြင်လိုက်၏။

သူမ စိတ်မရှည်စွာဖြင့်မေးလိုက်သည်။

"နင်တို့ မသွားကြသေးဘူးလား"

ရှောင်ကျိုး ခေါင်းခါပြလိုက်၏။

"မသွားဘူး၊ ညစာစားပြီးမှ ပြန်မယ်"

သခင်မကြီးမှာ ဒေါသများဖြင့် ပေါက်ကွဲလုမတတ်ဖြစ်သွားတော့သည်။ ဤမျှအရှက်မရှိသော သူမျိုးကို သူမ တစ်ခါမျှမမြင်ဖူးခဲ့ချေ။ ဤလူများက နဉ်စံအိမ်ဝောာ်ဆီကနေ ငွေညှစ်ဖို့ လာကြခြင်းဖြစ်ပြီး အခုတော့ ဒီမှာအခြေချကာ ဘယ်တော့မှမပြန်ချင်ကြတော့ကြောင်း သူမကြိုသိနေခဲ့သည်။

ဤစကားကိုကြားသောအခါ နန်ဖုန်းက ဤသည်မှာ ချန်လဲ့မင်းသမီးလေးနှင့် ရင်းနှီးရန် အကောင်းဆုံးအခွင့်အရေးဖြစ်ကြောင်း တွေးလိုက်မိ၏။

သူ ခပ်သုတ်သုတ်ပြောလိုက်သည်။

"သူတို့အားလုံးက ဧည့်သည်တွေပဲဖြစ်နေမှတော့ သခင်ကြီးရယ်၊ ညစာစားဖို့ သူတို့ကိုခေါ်ထားလိုက်ပြီး ရေစက်ကောင်းလေးတစ်ခု ဖန်တီးလိုက်ပါလား"

သခင်ကြီးက နန်ဖုန်းနှင့် ကျန်တစ်ဦးကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်သည်။

ဤလူနှစ်ဦးက ပုံမှန်ဆိုလျှင် နဉ်စံအိမ်တော်ရှိမည်သူ့ကိုမဆို ဂရုမစိုက်တတ်ကြဘဲ ယနေ့တွင် ဘာကြောင့်များ ဤကောင်မလေးကို အကြိမ်ကြိမ် အကာအကွယ်ပေးနေကြသနည်း။

ဤကောင်မလေးကလည်း ချန်ရှန်းနန်းဆောင်ကများ ဖြစ်နေမလား ဒါမှမဟုတ် အဆင့်အတန်းမြင့်တဲ့ တစ်စုံတစ်ယောက်များလား။

နဉ်မိသားစုဝင်များ ဘယ်လိုပင်တွေးနေကြပါစေ သခင်ကြီးကတော့ သည်းခံပြီး ဤကလေးများကို ဆက်ခေါ်ထားလိုက်၏။

လူတိုင်း အိမ်ထဲသို့ဝင်သွားကြချိန်တွင် အိမ်ခေါင်မိုးပေါ်၌ သတိလစ်မေ့မြောနေသော ပထမသခင်မကို မည်သူကမျှ သတိမရကြတော့ပေ။

နဉ်စံအိမ်တော်သို့ အလွန်မြန်ဆန်သော အရှိန်ဖြင့် လူအုပ်ကြီးပြေးလာနေလိမ့်မည်ဟုလည်း မည်သူမျှထင်မထားခဲ့ကြချေ။

All Chapters