အခန်း ၉၉၂
Vol. 95 Ch. 992
အခန်း (၉၉၂) - အင်မော်တယ်ရတနာ အင်မော်တယ်သတ်ဓားပျံအား ရရှိခြင်း၊ ပြန်လည်မွေးဖွားလာသော ဖီးနစ် (၂)
"ကြည့်ရတာ ငါ့ရဲ့ တွက်ချက်မှုက မမှားဘူးပဲ... မင်းမှာ ငါ့မိတ်ဆွေကို ကယ်နိုင်တဲ့စွမ်းရည် တကယ်ကို ရှိတာပဲ..."
ဝူထုံပင်သည် ကျိုးစွေ့၏ အမူအရာကို မြင်သောအခါ အလွန်ဝမ်းမြောက်သွား၏။
သာမန်အားဖြင့် ဆိုရသော် အောက်ဘုံလောကမှ သက်ရှိလေးတစ်ခုသည် အထက်ဘုံလောကမှ အင်မော်တယ်တစ်ပါးကို မည်သို့မျှ မကယ်တင်နိုင်ဟု ယူဆကြပေလိမ့်မည်။
ဤသည်မှာ ပုရွက်ဆိတ်တစ်ကောင်၏ စွမ်းရည်က မည်မျှပင် ကြီးမားစေကာမူ အသည်းအသန် ဖျားနာနေသော လူသားတစ်ဦးကို မကယ်တင်နိုင်ခြင်းနှင့် တူပေသည်။
သို့သော် လောက၌ အကြွင်းမဲ့ဟူ၍ မရှိပေ။
နှစ်ပေါင်းများစွာ ရှင်သန်ခဲ့သော ဝူထုံပင်အတွက်မူ မည်သည့်သက်ရှိကိုမျှ လျှော့မတွက်ဖူးချေ။
အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်သည် အင်မော်တယ်လောကတွင် အင်အားကြီးမားသော မျိုးနွယ်စုကြီးတစ်ခု ဖြစ်သောကြောင့် ဖြစ်၏။
ရှေ့မှောက်ရှိ လူသားကျင့်ကြံသူသည် မည်သည့်လျှို့ဝှက်စွမ်းရည်များကို ပိုင်ဆိုင်ထားသည်ကို မည်သူ သိနိုင်ပါမည်နည်း။
"မင်းတို့က အင်မော်တယ်လောကက လာတဲ့ အင်မော်တယ်တွေ ဖြစ်ရမယ်... ဘာလို့ ဝိညာဉ်လောကကို ရောက်လာရတာလဲ..."
ကျိုးစွေ့က မည်သည့်အရာကိုမျှ ပြန်မဖြေဘဲ မေးခွန်းထုတ်လိုက်သည်။
သူသည် ဖီးနစ် အောက်ဘုံလောကသို့ ဆင်းသက်လာရသည့် အမှန်တရားကို သိရှိလိုပေသည်။
"ဘေးဒုက္ခကနေ ရှောင်တိမ်းဖို့အတွက်ပဲ..."
"ငါ့မိတ်ဆွေက အင်မော်တယ်လောကမှာ ရန်သူတွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး သေခြင်းတရားအန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတယ်..."
"အသက်ရှင်ဖို့အတွက် ငါတို့တွေ အင်မော်တယ်လောကကနေ ဝိညာဉ်လောကထဲကို မလွှဲမရှောင်သာ ကျဆင်းလာခဲ့ရတာပဲ..."
"ဖီးနစ်မျိုးနွယ်စုအနေနဲ့ သက်စောင့်စွမ်းအား အရမ်းကြီးမားပြီး ဖီးနစ်နိဗ္ဗာန်ဝင်ခြင်းဆိုတဲ့ ထူးခြားတဲ့ အသက်ဆက်နတ်သိဒ္ဓိအတတ်လည်း ရှိတယ်..."
"ပုံမှန်ဆိုရင် ဘယ်လောက်ပဲ ပြင်းထန်တဲ့ ဒဏ်ရာဖြစ်ပါစေ... ဖီးနစ်ကို သတ်လို့မရဘူး..."
"ဒါပေမဲ့ ရန်သူက အရမ်းကောက်ကျစ်လွန်းတယ်... သူတို့က တမင်တကာ ထူးခြားတဲ့ အစီအရင်အတတ်တွေကို သုံးပြီး ငါ့မိတ်ဆွေရဲ့ နတ်သိဒ္ဓိအတတ် လည်ပတ်မှုကို ဟန့်တားခဲ့ကြတယ်... ဒါကြောင့် ငါ့မိတ်ဆွေက သေလုမြောပါး အခြေအနေမှာပဲ အမြဲတမ်း ရှိနေခဲ့တာပဲ..."
"ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ငါ့မိတ်ဆွေက တကယ်ပဲ သေဆုံးသွားလိမ့်မယ်..."
ဝူထုံပင်က စိုးရိမ်ပူပန်စွာ ပြောလိုက်၏။
အမှန်စင်စစ်အားဖြင့် ဖီးနစ်တစ်ကောင်တည်းသာမကဘဲ ၎င်းကိုယ်တိုင်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို အသုံးပြုနိုင်စွမ်း မရှိသလောက်ပင်ဖြစ်ကာ နှစ်ပေါင်းများစွာတိုင်အောင် သတိလစ်မေ့မြောနေခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ဖုန်းရှီးတာအိုအရှင်၏ ကိုယ်ပေါ်မှ ဖီးနစ်သွေးဆက်၏ အရှိန်အဝါကသာ နှိုးဆော်ခဲ့ခြင်းမရှိပါက ၎င်းသည်လည်း နိုးထလာလိမ့်မည် မဟုတ်ပေ။
အတိုချုပ်ပြောရလျှင် အင်မော်တယ်လောကမှ ထိုတိုက်ပွဲကြောင့် ၎င်းတို့မှာ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရပြီး သေလုနီးပါး ဖြစ်ခဲ့ရသည်။
"ခိုလှုံဖို့အတွက်လား..."
ဤစကားကို ကြားလိုက်ရသဖြင့် ကျိုးစွေ့က မျက်မှောင်ကြုတ်လိုက်၏။
‘ကံကြမ္မာကူ’၏ ညွှန်ပြချက်အရ အကယ်၍ သူသည် ဤဖီးနစ်ငှက်ကို ကယ်တင်ခဲ့ပါက ကံကောင်းခြင်းကြီးမားစွာ ရရှိနိုင်ရုံတင်မကဘဲ တစ်ပြိုင်နက်တည်းမှာပင် ကြီးမားလှသော ကပ်ဘေးကြီးနှင့်လည်း ရင်ဆိုင်ရမည်ဟု ပြသခဲ့ခြင်းမှာ အံ့ဩစရာ မရှိတော့ချေ။
ဤသည်မှာ ကောင်းကျိုးနှင့် ဆိုးပြစ်က အမြဲတစေ ဒွန်တွဲနေတတ်သည်ဟူသော သဘောပင် ဖြစ်ပေသည်။
ဖီးနစ်ငှက်ထံမှ ကောင်းကျိုးများကို ရရှိမည်ဖြစ်သဖြင့် ဖီးနစ်ငှက်၏ ကံကြမ္မာအကျိုးဆက်ကိုလည်း ပခုံးထမ်း တာဝန်ယူရမည် ဖြစ်၏။
ဤသည်မှာလည်း ရှောင်လွှဲ၍မရသော သဘာဝတရားတစ်ခုပင် ဖြစ်သည်။
ဖီးနစ်ငှက်ကို ကယ်တင်ခဲ့သော လူသားတစ်ယောက်အနေဖြင့် ဖီးနစ်ငှက်၏ ရန်သူများက သူ့ကို ရန်သူအဖြစ် သတ်မှတ်လာကြမည်ဖြစ်ပြီး ထိုရန်သူများ၏ လိုက်လံသတ်ဖြတ်ခြင်းကိုပင် ခံရနိုင်ခြေရှိသည်။ ဤသည်မှာ မလွဲမသွေ ကြုံတွေ့ရမည့်အရာပင်။
'ဒါပေမဲ့ ရလဒ်ပိုင်းကနေ ကြည့်ရင်တော့ ဆိုးကျိုးထက် ကောင်းကျိုးက ပိုများနေဆဲပဲ...'
'ဘာပဲဖြစ်ဖြစ် အခု ငါရှိနေတဲ့နေရာက ဝိညာဉ်လောကပဲ။ အထက်ဘုံက အင်မော်တယ်တွေတောင်မှ အောက်ဘုံကို အလွယ်တကူ ဆင်းသက်လာလို့ မရနိုင်ဘူး...'
'တကယ်လို့ အောက်ဘုံကို ဆင်းသက်လာနိုင်ခဲ့ရင်တောင် ကမ္ဘာလောကရဲ့ နယ်ပယ်ဥပဒေသတွေရဲ့ ဖိနှိပ်မှုကို ခံရမှာပဲ။ အဆိုးဆုံးရှိမှ အစစ်အမှန်ဝိညာဉ်အဆင့်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်လောက်ပဲ ထုတ်ဖော်နိုင်လိမ့်မယ်...'
'ဒီလောက်ပဲ ဆိုရင်တော့ ငါ ဘာကိုမှ ကြောက်နေစရာ မလိုတော့ဘူး...'
ကျိုးစွေ့က ကောင်းကျိုးနှင့် ဆိုးပြစ်များကို ချိန်ဆနေမိသည်။
အကယ်၍ ဖီးနစ်ငှက်ကို ကယ်တင်ခြင်းက ဆိုးကျိုးထက် ကောင်းကျိုးပိုများပါက ဤအလုပ်ကို လုပ်ဆောင်ရန် ထိုက်တန်ပေသည်။
ဤကမ္ဘာလောကတွင် အလကားရသည့်အရာ ဟူ၍ ဘယ်သောအခါမှ မရှိနိုင်ပေ။
အရာအားလုံး၏ ကံကြမ္မာနောက်ကွယ်တွင် ပေးဆပ်ရမည့် တန်ဖိုးများက သတ်မှတ်ပြီးသား ဖြစ်၏။ ပေးဆပ်ရမည့်တန်ဖိုးက ကြီးမားသလော သို့မဟုတ် သေးငယ်သလော ဆိုသည်သာ ကွာခြားပေသည်။
"လူသား... မင်း ဘာကိုမှ စိုးရိမ်မနေပါနဲ့..."
"မင်းသာ ငါ့မိတ်ဆွေကို ကယ်တင်ပေးမယ်ဆိုရင် ဖီးနစ်ငှက်ရဲ့ ကျေးဇူးရှင်တစ်ယောက်အနေနဲ့ မင်းအတွက် အရမ်းကို ကြီးမားတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေရမယ်..."
ဝူထုံသစ်ပင်က ကျိုးစွေ့ တိတ်ဆိတ်နေဆဲဖြစ်သည်ကို မြင်သောအခါ ၎င်း၏ ကမ်းလှမ်းချက်များကို တိုးမြှင့်ရန် ဆုံးဖြတ်လိုက်လေသည်။
ဤလူသားက သဘောမတူသေးခြင်းမှာ ရရှိမည့် အကျိုးအမြတ် မလုံလောက်မည်ကို စိုးရိမ်နေခြင်းကြောင့်သာ ဖြစ်လိမ့်မည်ဟု ၎င်းက ထင်မှတ်နေ၏။
အကယ်၍ အကျိုးအမြတ်ကသာ လုံလောက်ပါက မည်သည့်အရာကိုမဆို ရဲရဲဝံ့ဝံ့ လုပ်ဆောင်ဝံ့ကြသည် မဟုတ်ပါလော။
အင်မော်တယ်လောကမှ လူသားများမှာလည်း ဤကဲ့သို့ပင် ဖြစ်ကြ၏။ ဝိညာဉ်လောကရှိ လူသားများမှာလည်း ထူးခြားလိမ့်မည် မဟုတ်ပေ။
"အို... သေသေချာချာလေး ပြောပြပါဦး... ငါ ဘာအကျိုးကျေးဇူးတွေ ရနိုင်မှာလဲ..."
ကျိုးစွေ့က မျက်ခုံးပင့်လိုက်ရင်း ဝူထုံသစ်ပင်ကို ကြည့်လိုက်သည်။
"ငါ့ဆီမှာ 'အင်မော်တယ်သတ်ဓားပျံ' လို့ ခေါ်တဲ့ အင်မော်တယ်ရတနာတစ်ခု ရှိတယ်..."
"ဒီရတနာက ငါ့မိတ်ဆွေ အင်မော်တယ်တစ်ပါးကို သတ်ပြီး ရယူခဲ့တာပဲ..."
"သူ့ရဲ့ စွမ်းအားက အရမ်းကို ကြီးမားလှတယ်... မင်းသာ အောင်အောင်မြင်မြင်နဲ့ သန့်စင်နိုင်မယ်ဆိုရင် ဝိညာဉ်လောကတစ်ခုလုံးမှာ ပြိုင်ဘက်ကင်း ဖြစ်သွားလိမ့်မယ်..."
"တကယ်လို့ အစစ်အမှန်အင်မော်တယ်တစ်ပါး အောက်ဘုံလောကကို ဆင်းသက်လာခဲ့ရင်တောင် မင်း ဒီဓားပျံကို ကိုင်ဆောင်ထားရင် ဓားတစ်ချက်တည်းနဲ့တင် သတ်ပစ်နိုင်လိမ့်မယ်..."
ဝူထုံသစ်ပင်က ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ပြောလိုက်၏။
ဝုန်း...
ရုတ်တရက် ၎င်း၏ ခန္ဓာကိုယ်ထက်တွင် ရွှေရောင်အပေါက်တစ်ခု ဖြစ်ပေါ်လာပြီး ထိုအထဲမှ လက်ဝါးခန့်အရွယ်အစား၊ အရှည် ၃ ပေခန့်ရှိသော နက်မှောင်သည့် ဓားပျံတစ်စင်း ပျံသန်းထွက်ပေါ်လာ၏။ ၎င်း၏မျက်နှာပြင်ထက်တွင် ထူထပ်လှသော အင်မော်တယ်လောက၏ မန္တန်အင်းကွက်များ ရေးထိုးထားချေသည်။
ဤဓားပျံ ထွက်ပေါ်လာသည့် လျှပ်တပြက်အချိန်တွင် ကောင်းကင်ယံတစ်ခုလုံးကို သတ်ဖြတ်ခြင်းအငွေ့အသက်များက လွှမ်းမိုးသွားလေသည်။ သတ္တဝါပေါင်း မည်မျှကို သတ်ဖြတ်ခဲ့သည်ကိုပင် မခန့်မှန်းနိုင်လောက်အောင် ဖြစ်နေချေသည်။
တစ်ပြိုင်နက်တည်းမှာပင် ၎င်းထံမှ ထွက်ပေါ်နေသော ဖျက်ဆီးလိုသည့် အရှိန်အဝါက လူကို တုန်လှုပ်ချောက်ချားစေပြီး ကြောက်ရွံ့တုန်ရီသွားစေနိုင်၏။
ဤဓားပျံ၏ စွမ်းအားက စိတ်ကူးယဉ်ကြည့်၍ မရနိုင်လောက်အောင် ကြီးမားလှသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
"အင်မော်တယ်ရတနာ 'အင်မော်တယ်သတ်ဓားပျံ' လား..."
ဤအင်မော်တယ်ရတနာကို မြင်လိုက်ရသဖြင့် ကျိုးစွေ့၏ သူငယ်အိမ်က ကျဉ်းမြောင်းသွား၏။ သူသည် ဤရတနာ၏ စွမ်းအားကြီးမားမှုကို ချက်ချင်း ခံစားသိရှိလိုက်ရသည်။
သူ ယခင်က ရရှိခဲ့ဖူးသော ရှန်းဟိုင်ပုလဲ သို့မဟုတ် ဧကရာဇ်မိစ္ဆာတူတို့ထက်ပင် ပိုမိုအစွမ်းထက်ပုံရပေသည်။
ဤသည်မှာ သတ်ဖြတ်ခြင်းသက်သက်အတွက် ဖန်တီးထားသော အင်မော်တယ်ရတနာတစ်ပါး ဖြစ်ပုံရပြီး အတုမရှိသော တိုက်ခိုက်ရေးစွမ်းရည်များ ကိန်းအောင်းနေ၏။
အင်မော်တယ်များကို သတ်ဖြတ်နိုင်သည်ဟု အမည်ပေးထားခြင်းကို ကြည့်ခြင်းဖြင့် ဤရတနာ၏စွမ်းအား မည်မျှကြီးမားကြောင်းကို ခန့်မှန်းကြည့်နိုင်ပေသည်။
အကယ်၍ ၎င်းကို အသုံးပြုနိုင်မည်ဆိုပါက သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အံ့မခန်း တိုးတက်လာပေမည်။
"မင်းက အခု လေဟာနယ်သန့်စင်ခြင်းအဆင့် နှောင်းပိုင်းပဲ ရှိသေးတာပဲ..."
"ဒါပေမဲ့ မင်းရဲ့ ပါရမီအရဆိုရင် နောင်တစ်ချိန်မှာ မဟာယာနအဆင့်ကို တက်လှမ်းနိုင်ဖို့က အချိန်တစ်ခုပဲ လိုအပ်တော့တာပါ..."
"တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါ့ဆီမှာ 'ကျိုးထျန်ကြယ်တာရာဝိညာဉ်ဆေးလုံး' လို့ ခေါ်တဲ့ အဋ္ဌမအဆင့် ဆေးနည်းတစ်ခု ရှိနေတယ်..."
"ဒီဆေးလုံးက ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေ မဟာယာနအဆင့်ကို တက်လှမ်းနိုင်မယ့် အခွင့်အလမ်းကို ၅၀% အထိ မြှင့်တင်ပေးနိုင်တယ်..."
"အင်မော်တယ်လောကက ကျင့်ကြံသူတွေတောင်မှ မဟာယာနအဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် ဒီလိုမျိုး အဋ္ဌမအဆင့်ဆေးလုံးကို မှီဝဲကြရတာပဲ..."
"ပိုပြီး အရေးကြီးတာက ဒီအဋ္ဌမအဆင့် ဆေးနည်းရဲ့ အဓိကဆေးဖက်ဝင်အပင်က 'ကျိုးထျန်ကြယ်တာရာဝိညာဉ်သီး' ဖြစ်ပြီး ဝိညာဉ်လောကထဲမှာ အလွယ်တကူ ရှာဖွေနိုင်တာပဲ..."
ဝူထုံသစ်ပင်က ၎င်း၏ခန္ဓာကိုယ်ထဲမှ အဋ္ဌမအဆင့် ဆေးနည်းစာရွက် တစ်ရွက်ကို ထပ်မံထုတ်ယူလိုက်ပြန်သည်။
အင်မော်တယ်လောကတွင် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများကို မဟာယာနအဆင့်သို့ တက်လှမ်းရန် ကူညီပေးနိုင်သော ဆေးလုံးများစွာ ရှိသော်လည်း ၎င်းတို့ထဲမှ အများစုကို ဝိညာဉ်လောက၌ ဖော်စပ်နိုင်ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်လောက၌ ထိုကဲ့သို့သော ဆေးဖက်ဝင်အပင်များ လုံးဝမရှိသောကြောင့်ပင် ဖြစ်၏။
၎င်းသည် ဝိညာဉ်လောကနှင့် သင့်လျော်မည့် အဋ္ဌမအဆင့်ဆေးနည်းကို အချိန်အတော်ကြာ ရှာဖွေခဲ့ရသည်။
ထင်ရှားလှသည်မှာ ဤဆေးနည်းသည် ဤလောကရှိ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများအတွက် အလွန်ပင် ကိုက်ညီလှသည်။
"ကျိုးထျန်ကြယ်တာရာဝိညာဉ်ဆေးလုံးလား..."
ကျိုးစွေ့ မျက်မှောင်ကြုတ်လိုက်မိ၏။ ဝူထုံသစ်ပင်သည် အမှန်တကယ်ပင် သာမန်မဟုတ်ဘဲ ပေးအပ်သော လက်ဆောင်တိုင်းမှာ သူ့အတွက် အထူးလိုအပ်နေသောအရာများ ဖြစ်နေချေသည်။
ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများ မဟာယာနအဆင့်သို့ တက်လှမ်းရန် ကူညီပေးနိုင်သော ဆေးလုံးများမှာ လွန်စွာရှားပါးပြီး မျိုးသုဉ်းလုနီးပါး ဖြစ်နေသည်ကို သတိပြုရပေမည်။
အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုများတွင်ပင် ထိုကဲ့သို့သော ဆေးလုံးမျိုး အနည်းငယ်သာ ရှိကြ၏။
ဝိညာဉ်လောကရှိ လူသားမျိုးနွယ်များအတွက်မူ ပြောနေစရာပင် မလိုတော့ချေ။
သတ္တမအဆင့် ဆေးနည်းများပင် အလွန်တရာ ရှားပါးလှရာ အဋ္ဌမအဆင့် ဆေးနည်းဆိုလျှင် တစ်စောင်တလေမျှပင် ရှိလိမ့်မည် မဟုတ်ပေ။
ဤသည်မှာလည်း ရှောင်လွှဲ၍မရပေ။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်၏ အခြေခံအုတ်မြစ်က အားနည်းလွန်းနေသည် မဟုတ်ပါလော။
မျိုးဆက်အဆက်ဆက်တွင် ပေါ်ထွက်ခဲ့သော လူသားမျိုးနွယ် မဟာယာနအဆင့် ကျင့်ကြံသူ အရေအတွက်မှာလည်း လက်ချိုးရေတွက်နိုင်လောက်အောင် နည်းပါးလှပေသည်။