ပြန်ရောက်လာခဲ့ပြီလား
Vol. 96 Ch. 1314
ထိုမှုန်မှိုင်းသောနန်းတော်အတွင်း၌ ဆံဖြူကောင်လေး၏အသံနှင့်အတူ မုန်တိုင်းတစ်ခု ဖြစ်တည်၏။ ထိုမုန်တိုင်းသည် ဂြိုဟ်ပတ်လည်ရှိ ကြယ်မြူများကို တဝီဝီဖြစ်စေကာ တုန်ဟည်းသံများ ပဲ့တင်ထပ်မှုကို ပေးစွမ်းလေသည်။
“ဆရာ၊ ငါ တာအိုပညာရှင်ရေဟာ သင်နဲ့အတူ လောကကို ဆန့်ကျင်တိုက်ခိုက်ခဲ့ပြီးပြီး၊ အကြိမ်များစွာ သေလုနီးပါး ဖြစ်ခဲ့ရပြီးပြီး။ ဒါ့ကြောင့် သင် ငါ့ကို ကယ်တင်ပေးခဲ့မှုအပေါ် ငါ ပြန်ပေးဆပ်ခဲ့ပြီးပြီး။ ငါတို့နှစ်ယောက်ကြားက ရေစက်ကုန်ခဲ့ပြီ။ သင် သေသွားတဲ့နောက် ငါဟာ နတ်ဘုရားကလန်ကို ပိုင်စိုးခဲ့ပေမယ့်လည်း နတ်ဘုရားကလန်ဟာ ခေါင်းဆောင်တစ်ယောက် လိုအပ်နေခဲ့တာ သဘာဝပဲလေ။ ဒါ့ကြောင့် ဒီလိုလုပ်ခဲ့တဲ့အတွက် ငါ မမှားခဲ့ဘူး…”
“ဒါပေမယ့်လည်း သင် တကယ် သေသွားခဲ့တာလား၊ ဒါမှမဟုတ် မသေခဲ့ဘူးလား…”
ကောင်လေး၏အမူအရာသည် အပြင်ဘက်လေဟာနယ်ကို မော့ကြည့်ကာ သူ့အသွင်သည် ရုပ်စိုးလာ၏။
“ဆရာ..သင်ဟာ သေသင့်တယ်။ ငါရယ်၊ အုပ်စိုးသူရယ်၊ တာအိုပညာရှင်မြောင်ယင်နဲ့ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေက ဆန်းကြယ်တဲ့ကျင့်ကြံသူတွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုအောက်မှာ သင့်ကျင့်ကြံမှုအဆင့်ဟာ ကောင်းကင်ဘုံတုန်လှုပ်ဖွယ်ဆိုပေမဲ့လည်း သင် သေဆုံးခဲ့သင့်တယ်…”
“ဒါပေမဲ့လည်း လွန်ခဲ့တဲ့ လအနည်းငယ်က သင့်ရဲ့အော်ရာ အမျှင်တန်းတစ်ခုကို ငါ ဘာကြောင့် ခံစားမိခဲ့ရတာလဲ။ သင် တကယ်ပဲ မသေဆုံးခဲ့တာလား။ ဒါမှမဟုတ် သင် ပြန်လည်မွေးဖွားပြီး ထပ်မံ ကျင့်ကြံခဲ့တာလား…”
ဆံဖြူကောင်လေး၏အမူအရာသည် ပို၍ ကြမ်းကြုတ်လာ၏။ သူ့မျက်လုံးထဲတွင် ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်တို့ လှစ်ဟပေါ်နေသည်။
“သင် ပြန်လည်မွေးဖွားခဲ့ရင်လည်း သင့်စိတ်ဝိညာဉ်ကို ရှာဖွေခဲ့ကြတဲ့ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေက ကျင့်ကြံသူတွေဟာ ဒီကိစ္စကို သိနေသင့်တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့လအချို့က ငါဟာ သင့်အော်ရာကို ခံစားမိခဲ့တယ်။ ဒါ သေချာတယ်…”
လွန်ခဲ့သောလအချို့က အော်ရာအကြောင်း တွေးမိကာ ဆံဖြူကောင်လေး၏စိတ်သည် တုန်ယင်မိ၏။ ထိုအော်ရာကြောင့် သူသည် အလွန်အမင်း ကြောက်ဒူးတုန်ခဲ့ကာ နတ်ဘုရားကလန်တစ်ခုလုံး၏အင်အားကို အသုံးချ၍ အရူးအမူး စုံစမ်းခဲ့ရပေသည်။ သူသည် တောက်ပသောဟင်းလင်းပြင်သူတော်စင်မထံမှ ကျောက်စိမ်းပြားကို ရရှိခဲ့သည့်နောက်တွင်ပင် တောက်ပသောဟင်းလင်းပြင်၏ အမွေအနှစ်အပေါ် သူ လောဘတက်ခဲ့မိသော်လည်း သူသည် သူ့တပည့်ကိုသာ စေလွှတ်ခဲ့ပေ၏။
သူသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံခဲ့ပြီးသူ ဖြစ်၏။ သူသည် သူ့ဆရာသေဆုံးသွားခဲ့သည့် အချိန်မှစ၍ အခုလိုမျိုး ကြောက်ရွှံ့မိသည်မှာ အခုပထမဆုံးအကြိမ် ဖြစ်လေသည်။ ထိုကြောက်ရွှံ့မှုသည် သူ့ကို အတိတ်တုန်းက သူ့ဆရာမသေခင်က မြင်ကွင်းအဖြစ်အပျက်များကို ပြန်တွေးမိစေသည်။
ထိုကြောက်ရွှံ့မှုက သူ့ဆရာမသေခင်ထိ တည်ရှိခဲ့ပေ၏။ သို့ရာတွင် လွန်ခဲ့သောလအချို့က သူ သူ့ဆရာ၏အော်ရာကို ခံစားမိခဲ့ချိန်၌ ထိုကြောက်ရွှံ့မှုသည် တဖန် ပြန်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
အနည်းငယ်စဉ်းစားပြီးနောက် ဆံဖြူကောင်လေးသည် အံတင်းတင်းကြိတ်၏။ သူ့သတ်ဖြတ်လိုစိတ်မှာ အရူးအမူး ဖြစ်လှသည်။ သူသည် အေးစက်စက် ခပ်တိုးတိုး ရေရွတ်သည်။ “သင်သာ အမှန်တကယ် ပြန်လည်မွေးဖွားခဲ့တယ်ဆိုရင်လည်း ငါ သင့်ကို ထပ်သတ်ပစ်မယ်…။ဒါ့အပြင် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့နောက် လိုက်နေတဲ့ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ ကျင့်ကြံသူတွေလည်း ရှိသေးတယ်။ သင်ဟာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ထဲမှာ ပုန်းနေနိုင်တယ်။ ငါက ဒီပုတီးစေ့ကို မထိရဲရင်တောင် ငါဟာ သင့်စိတ်ဝိညာဉ်ကို အတင်းထွက်ပေါ်လာအောင် ဖိအားပေးနိုင်တယ်…”
ဆံဖြူကောင်လေး၏မျက်လုံးသည် တောက်ပလာ၏။ အနည်းငယ်စဉ်းစားပြီးနောက် သူသည် မျက်လုံးပြန်မှိတ်လိုက်သည်။
“လုဇီဟောင်…မင်းရဲ့ မန္တာန်တွေက ဒီအဘိုးအိုအတွက် ဘာမှ မဟုတ်ဘူး။ ရပ်တန့်ခြင်းမန္တာန် တစ်ခုကလွဲလို့ပေါ့။ ဒီကမ္ဘာမှာ ဆရာ၊ချင်းလင်းနဲ့ ငါရယ်ပဲ ဒီမန္တာန်ကို သိကြတယ်။ ချင်းလင်တောင် ဒီမန္တာန်ဟာ မဟာမန္တာန်တစ်ခု ဖြစ်တဲ့အကြောင်း တွေးမိမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူက ဆရာ့နောက်ကို ငါ့လိုမျိုး အချိန်အကြာကြီး လိုက်လံခဲ့ခြင်း မရှိလို့ပဲ။ ဒီမန္တာန်ဟာ ကောင်းကင်ဘုံတုန်လှုပ်နိုင်တဲ့စွမ်းအား ရှိကြောင်း၊ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေကနေ ဆရာ ယူဆောင်ခဲ့တဲ့ မန္တာန်တစ်ခုဖြစ်ကြောင်း ချင်းလင်အနေနဲ့ သိနိုင်မှာ မဟုတ်ဘူး…”
“ခန္ဓာကိုယ်ကို ရပ်တန့်ခြင်း၊ စိတ်ဝိဉာဉ်ကို ရပ်တန့်ခြင်း၊ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို ရပ်တန့်ခြင်း၊ မူလစွမ်းအင်ကို ရပ်တန့်ခြင်း၊ ကောင်းကင်နဲ့မြေကြီးကို ရပ်တန့်ခြင်း၊ ကြယ်မြစ်တွေရဲ့ စီးဆင်းမှုကို ရပ်တန့်ခြင်း၊ ဟင်းလင်းပြင်နဲ့အချိန်ကို ရပ်တန့်ခြင်း၊ ဆရာ သေသွားခဲ့တဲ့နောက် ဘယ်သူကမှ ဒီမန္တာန်ကို ငါ့ထက် ပိုသိမှာ မဟုတ်ဘူး…”
“လုဇီဟောင် အခုမင်းက ထာဝရကလန်မှာ ရှိနေတယ်။ ဒါ့ကြောင့် ငါ မင်းကို နည်းနည်းလောက် အသက်ရှင်ခွင့် ထပ်ပေးလိုက်ဦးမယ်။ ငါ ရှေးဟောင်းပြန်လည်မွေးဖွားခြင်းကိုးခုကြေးမုံကို သန့်စင်မွန်းမံ ပြီးတဲ့နောက်မှ မင်းဟာ ပြန်လည်မွေးဖွားလာတာပဲ ဖြစ်ဖြစ်၊ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ထဲမှာ ပုန်းနေတာပဲ ဖြစ်ဖြစ် မင်း လွတ်မြောက်နိုင်တော့မှာ မဟုတ်ပါဘူး…”
ဆံဖြူကောင်လေးသည် မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးထဲတွင် အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။
သူသည် ဤခရီးစဉ်အတွက် အလွန်အမင်း သတိထားနေပေသည်။ သူ့ကို ထိုကဲ့သို့ သတိထားစေသည်က လုဇီဟောင်(ဝမ်လင်း) မဟုတ်ပေ။ သူ့ဆရာသာ ဖြစ်သည်။ သူသည် အလျင်စလို မလုပ်ဘဲ လိုအပ်သည့် ပြင်ဆင်မှုအားလုံးကို လုပ်ထားပေမည်။
ထာဝရကလန်၌ လုစုတောင်ထိပ်ပေါ်တွင် ဝမ်လင်းသည် အဆောက်အဦထဲ၌ ထိုင်နေကာ သူ့လက်ဘ္ဘက်ရည်ခွက်ကို ပြန်ချလိုက်၏။ ရှေးဟောင်းနတ်ဘုရားအော်ရာတစ်ခုသည် သူ့ခြေထောက်ထဲသို့ ဖြတ်သန်းဝင်ရောက်လာပြီး သူ့မျက်ခုံးနှစ်ခုကြား စုစည်းသည်။
ထာဝရကလန်၏ ကလန်ခေါင်းဆောင်နှင့်မြင့်မြတ်သောအကြီးအကဲတို့က ဝမ်လင်းနှင့် စကားပြောဆိုကာ ဝမ်လင်း အသုံးပြုခဲ့သောမန္တာန်များကို ဘယ်နေရာကနေ သင်ယူခဲ့သနည်းဟု အဖြေရှာရန် ကြိုးစားနေကြ၏။ ပုံမှန်ဆို ဝမ်လင်းသည် သူတို့ကို လစ်လျူရှုကာ ယဉ်ယဉ်ကျေးကျေးဖြင့် စကားလက်ဆ ဖြတ်တောက်ပစ်ပေမည်။
သို့ရာတွင် တစ်ဖက်လူများက သူ့ကို အဆုံးစွန်ယင်စိတ်ဝိညာဉ်များ ပေးဖို့ သဘောတူခဲ့ပေ၏။ ပို၍ အရေးကြီးသည်က သူသည် ရှေးဟောင်းနတ်ဘုရားအော်ရာတစ်ခုကို အရူးအမူး စုပ်ယူနေခြင်း ဖြစ်၏။ သူ ပို၍ စုပ်ယူလေလေ ပတ်ဝန်းကျင်ရှိမူလစွမ်းအင်များ ပြောင်းလဲမှုက ပိုသိပ်သည်းလာလေပင်။ ထိုအချက်ကို အာရုံပြောင်းစေရန် အလို့ငှာ သူသည် ပြုံး၍ သည်လူနှစ်ယောက်နှင့် စကားပြောဆိုနေသည်။
သူတို့သည် မြင့်မားသောအသိသညာများကို အပြောများ ကြ၏။ ယင်းအကြောင်းအရာများထဲ၌ အမှန်တရားအချို့ ပါဝင်ပေသည်။
“ကောင်းကင်ဘုံရဲ့တာအိုဟာ နှလုံးသားပေါ် မူတည်တယ်။ နှလုံးသားမှာ တာအို ပါဝင်နေသ၍ ဒီတာအိုဟာ အရာအားလုံးအဖြစ် အသွင်ပြောင်းလဲနိုင်တယ်။ ဒီတာအိုဟာ သင့်နယ်ပယ်နဲ့ သမူဟ ဖြစ်တာနဲ့ သင်ဟာ ဒါကို သင့်ကိုယ်ပိုင်မန္တာန်အဖြစ် ပြောင်းလဲပစ်နိုင်တယ်…”
ဝမ်လင်းထိုကဲ့သို့ ပြောလိုက်စဉ်မှာ အလင်းတန်းနှစ်ခုသည် အဆောက်အဦထံ ပျံသန်းလာကြကာ သက်လတ်ပိုင်းလူနှစ်ယောက်အသွင်သို့ ပြောင်းလဲ၏။ သူတို့နှစ်ယောက်သည် အဆောက်အဦအပြင်ဘက်တွင် တလေးတစား ရပ်နေကြကာ တစ်ယောက်က လက်နှစ်ဖက်ဆုပ်၍ ပြောလာသည်။ “တပည့်က အဆုံးစွန်ယင်ကို ယူဆောင်လာခဲ့ပါတယ်။ ကလန်ခေါင်းဆောင် ကျေးဇူးပြုပြီး ဒီဟာတွေကို စစ်ဆေးကြည့်ပေးပါ…”
ဝမ်လင်း၏အမူအရာသည် တည်ငြိမ်နေ၏။ သူသည် စကားဆက်ပြောနေပြီး အဆောက်အဦအပြင်ဘက်သို့ ကြည့်ပင် မကြည့်ချေ။ သူ့စကားဆုံးသည့်အခါမှ သူသည် အဆောက်အဦအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ကလန်ခေါင်းဆောင်က ဝမ်လင်း၏စကားလုံးများကို အာရုံစိုက်ထား၏။ ထို့နောက် သူက ခါးသက်သက် ပြုံးသည်။ ဝမ်လင်းပြောသည့်စကားများက ဘာမှ မဟုတ်သလို ထင်ရ၏။ သို့သော် တစ်ချိန်တည်းမှာပင် သူသည် ဝမ်လင်း၏စကားများက တစ်ခုခုကို ပြောလိုက်သလို သူ ခံစားရပြန်၏။ ဤအချက်မှာ ထူးဆန်းလှသည်။
သည်အခိုက်အတန့်တွင် သူသည် အဆောက်အဦအပြင်ဘက်သို့ လှမ်းကြည့်သော ဝမ်လင်း၏အကြည့်ကို တွေ့မြင်၏။ သူသည် ချောင်းဟန့်ကာ ပြောလိုက်သည်။ “ဒီအဆုံးစွန်ယင်စိတ်ဝိညာဉ်တွေကို ရောင်းရင်းကျင့်ကြံသူလု စစ်ဆေးနိုင်ဖို့အတွက် ပေးလိုက်…”
အဆောက်အဦအပြင်ဘက်မှ နှစ်ယောက်သည် တလေးတစား ခေါင်းညိတ်ပြကာ အထဲသို့ လှမ်းဝင်လာပြီး ဝမ်လင်းရှေ့တွင် ရပ်သည်။ သူတို့က အလံငယ်ခြောက်ခုကို တရိုတသေ ထုတ်ယူကာ ဝမ်လင်းထံ ကမ်းပေးလိုက်သည်။ ဝမ်လင်းသည် ၎င်းတို့ကို သူ့နတ်ဘုရားအာရုံဖြင့် စစ်ကြည့်ရာ အလံတစ်ခုချင်းစီ၏အတွင်းထဲ၌ အလွန်သန့်စင်သောအဆုံးစွန်ယင်စိတ်ဝိညာဉ်တစ်ခု ပါရှိသည်ကို ချက်ခြင်း တွေ့ရှိသည်။
ပြုံးလျက် ဝမ်လင်းသည် မတ်တပ်ထရပ်ကာ ကလန်ခေါင်းဆောင်နှင့် မြင့်မြတ်သောအကြီးအကဲတို့ကို ကြည့်သည်။ သူက လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်၏။ “သင်တို့နှစ်ယောက်လုံးကို ကျေးဇူးအများကြီး တင်ပါတယ်…”
ကလန်ခေါင်းဆောင်သည် မတ်တပ်ထရပ်ကာ ပြုံး၍ ဆို၏။ ရောင်းရင်းကျင့်ကြံသူလုက ယဉ်ကျေးလွန်းနေပါပြီ။ အဆင့်ရှစ်ကလန်ပြိုင်ပွဲက နောက်ငါးရက်ဆို စတော့မယ်။ “ရောင်းရင်းလုက ငါတို့ ထာဝရကလန်အတွက် အနိုင်ယူပေးဖို့အတွက် မျှော်လင့်မိပါတယ်…”
မြင့်မြတ်သောအကြီးအကဲကလည်း မတ်တပ်ထရပ်ကာ သူ့လက်နှစ်ဖက်ကို ဆုပ်၍ ပြုံးပြသည်။
ဝမ်လင်းသည် တည်ငြိမ်စွာ ခေါင်းညိတ်ပြ၏။ “စိတ်ချနေပါ။ ငါ အကောင်းဆုံး လုပ်ဆောင်ပေးမှာပါ။ လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းက ငါဟာ မူလကလန်ကနေ ထွက်သွားခဲ့တယ်။ ဒါ့ကြောင့် ငါ့အနေနဲ့ သင်တို့နှစ်ယောက်ကို ထပ်မနှောက်ယှက်တော့ဘဲ ငါ့ဂျူနီယာတွေရှိ သွားလိုက်ပါဦးမယ်…”
ကလန်ခေါင်းဆောင်၏အပြုံးသည် ပိုပီပြင်လာ၏။ သူက ပြောလိုက်သည်။ အစ်ကိုလုက သင့်ရဲ့ ဂျူနီယူတွေကို ဂရုစိုက်တဲ့သူတစ်ယောက်ပဲ။ ဒါ့ကြောင့် ဒီအဘိုးအိုက သင့်ကို ဒီမှာ ဆက်မနေခိုင်းတော့ပါဘူး။ “စွန်တျဲ ရောင်းရင်းလုကို မူလကလန် ရှိတဲ့နေရာရှိ လမ်းပြပေးလိုက်…”
အဆုံးစွန်ယင်စိတ်ဝိညာဉ်ကို ယူလာပေးသော တပည့်နှစ်ယောက်ထဲမှ တစ်ယောက်သည် ခပ်သွက်သွက် ပြန်တုန့်ပြန်၏။
“ငါ သွားတော့မယ်…” ဝမ်လင်းသည် ကလန်ခေါင်းဆောင်နှင့် မြင့်မြတ်သောအကြီးအကဲတို့ကို လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်၏။ ထို့နောက် သူသည် အလင်းတန်းတစ်ခုအသွင်ပြောင်းကာ လေထဲသို့ ပျံသန်းသွားတော့သည်။ သူသည် ခုမှ စိတ်သက်သာရာရ၍ သက်ပြင်းချနိုင်တော့သည်။
သူသည် သူ့အောက်ရှိ တောင်မှ ရှေးဟောင်းနတ်ဘုရားအော်ရာသည် ပိုမို ပြင်းထန်လာသည်ကို ခံစားမိသည်။ ၎င်းသည် ပတ်ဝန်းကျင်ရှိ မူလစွမ်းအင်များကို တဝီဝီ ဖြစ်စေလုနီးပါး ရှိလာခဲ့သည်။ သူသာ သည်နေရာတွင် နောက်ထပ်အချိန်အချို့ ဆက်နေခဲ့ပါက မူလစွမ်းအင်ပြောင်းလဲမှုကို သည်နှစ်ယောက် သတိပြုမိသွားပေလိမ့်မည်။
ထို့ကြောင့် သူသည် အလျင်စလို ထွက်လာခဲ့ခြင်း ဖြစ်သည်။
သူ ဤတောင်ပေါ်တွင် ကုန်ဆုံးခဲ့သော အချိန်တိုလေးအတွင်း ပျက်စီးသွားခဲ့သော သူ့ခြောက်ခုမြောက်ကြယ်သည် ပြန်ဖွဲ့တည်လာကာ ခပ်ရေးရေးဝဲကတော့တစ်ခု ဖြစ်လာခဲ့သည်။ ၎င်းသည် အပြည့်အဝ ပြန်ဖွဲ့စည်းခြင်း မရှိသေးသော်လည်း အရင်ထက်စာပါက ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားသွားခဲ့ပေပြီ။
“နှမြောစရာပဲ။ ဒါပေမဲ့လည်း ဘယ်သူမှ သတိမပြုမိမှတော့ ဒီနေရာက ရှေးဟောင်းနတ်ဘုရားစွမ်းအားတွေကို ပိုစုပ်ယူနိုင်မယ့် အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်။ ကြယ်တစ်ခုကနေ ဖြစ်ပေါ်ခဲ့တဲ့ ဓားဟာ ငါ့လက်ထဲ ရောက်လာရမယ်…”
ဝမ်လင်းသည် သူ့ကိုယ်သူ ပြန်တည်ငြိမ်စေကာ သူသည် ထာဝရကလန်၏တပည့်နောက်ကနေ လိုက်လာ၏။
သူ ထွက်ခွာသွားသည့်နောက် ရှေးဟောင်းနတ်ဘုရားအော်ရာသည် တဖန် ပြန်အားပျော့သွားကာ နောက်ဆုံးတွင် အိပ်ပျော်သကဲ့သို့ ပြန်ငြိမ်သက်သွားတော့သည်။
အစကနေ အဆုံးထိ ဝမ်လင်းသည် ထိုရှေးဟောင်းနတ်ဘုရားအော်ရာကို အာရုံစိုက်မှု မဖြစ်ပေါ်စေရန် ဂရုတစိုက် စုပ်ယူခဲ့ပေ၏။ အများဆုံးမှ ထာဝရကလန်က ကျင့်ကြံသူနှစ်ယောက်သည် မူလစွမ်းအင်ပြောင်းလဲမှုအချို့ကိုသာ ခံစားမိနိုင်မည် ဖြစ်ပြီး မည်သည့်ပစ်ချက်ကိုမှ ရှာတွေ့နိုင်စွမ်း ရှိကြလိမ့်မည် မဟုတ်ပေ။
လုစုတောင်ပေါ်ရှိ အဆောက်အဦထဲ၌ ကလန်ခေါင်းဆောင်၏ အပြုံးသည် ပျောက်ကွယ်သွားကာ သူသည် ပြောလာသည်။ “ဒီလူဟာ သာမန်မဟုတ်ဘူး။ သူ ရောက်လာတာနဲ့ ဒီနေရာက မူလစွမ်းအင်ကို ပြောင်းလဲမှုအချို့ ဖြစ်စေခဲ့တယ်…”
သူ့ဘေးရှိ မြင့်မြတ်သောအကြီးအကဲကလည်း ခေါင်းညိတ်၍ ပြောလိုက်သည်။ “ဒါအမှန်ပဲ။ သူဟာ မူလကလန်က ဖြစ်နေမှတော့ ထာဝရကလန်အဖွဲ့ဝင်လည်း ဖြစ်တယ်။ ဒီလိုလူမျိုးကို အများကြီး ရန်မစ၊ဖိအားမပေးတာ အကောင်းဆုံးပဲ။ သူ အဆင့်ရှစ်ကလန်ပြိုင်ပွဲမှာ ဝင်ပါဖို့ ဆန္ဒရှိတာဟာ ငါတို့ ထာဝရကလန်အတွက် သတင်းကောင်းတစ်ခုပဲ…”
ကလန်ခေါင်းဆောင်သည် အနည်းငယ် စဉ်းစားနေ၏။ ထို့နောက် သူသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းပြီး သူ့နတ်ဘုရားအာရုံဖြင့် သတင်းစကားဆိုသည်။
“မြင့်မြတ်သောအကြီးအကဲအားလုံးပဲ စုဝေးကြ။ ငါတို့ ဒီအကြောင်းကို ပြောဖို့ လိုနေပြီ…”
ဝမ်လင်းသည် ထာဝရကလန်၏တပည့်နောက်ကနေ လေထုကို ဖြတ်သန်း၍ ပျံသန်းလာ၏။ သူသည် သည်ဂြိုဟ်ကနေ ထွက်ခွာလာပြီး အစီအရင်အသက်သွင်းထားသော ဂြိုဟ်ထံသို့ ပြန်လာနေသည်။ လမ်းတစ်လျှောက်တွင် သူ့ကို လိုက်ပို့သောတပည့်မှာ အလွန်လေးစားသည့်ဟန်ပန်ဖြင့် ရှိနေ၏။ သူသည် ရှေ့က ဦးဆောင်သွားနေသော်လည်း အမှန်တော့ ဝမ်လင်းကို ခြေလှမ်းတစ်ဝက်သာ နောက်ချန်ထားခဲ့ခြင်း ဖြစ်၍ ဝမ်လင်းရှေ့ကနေ ဦးဆောင်၍ မသွားဝံ့ပေ။
ချိပ်ပိတ်ထားသော ဝါ အစီအရင်အသက်သွင်းထားသော ဂြိုဟ်ထဲသို့ ဝင်လာသည့်အခါ ထိုတပည့်က ကျောက်စိမ်းပြားတစ်ခုကို ချက်ခြင်း ထုတ်ယူသည်။ မူလကလန်ရှိသောနေရာကို ရှာဖွေပြီးနောက် သူသည် ချက်ခြင်းပင် လမ်းပြသည်။
သူတို့နှစ်ယောက် မူလကလန်ရှိနေသောခြံဝန်းသို့ ရောက်လာဖို့ အချိန်သိပ်မကြာလိုက်ပါ။ ထိုတပည့်က ဝမ်လင်းကို တလေးတစား ပြောလာ၏။ “စီနီယာ…မူလကလန်က ဒီနေရာမှာ နေထိုင်ကြပါတယ်။ သင် တခြားအမိန့်မရှိတော့ဘူးဆိုရင် ဂျူနီယာ ထွက်သွားပါတော့မယ်…”
ဝမ်လင်းသည် ခေါင်းညိတ်ပြ၏။ ထို့နောက် တပည့်ဖြစ်သူသည် နောက်သို့ အလျင်အမြန် ဆုတ်ကာ အကွာအဝေးတစ်ခုထံ ပျံသန်းသွားတော့သည်။
သည်အခိုက်အတန့်တွင် ဝမ်လင်းသည် ကောင်းကင်ထက်၌ ရှိနေသော တစ်ဦးတည်းသောသူ မဟုတ်ပေ။ သူသည် အကွာအဝေးတစ်ခုရှိ မူပင်းမေနှင့် ခြံဝန်းထဲတွင် လီချန်မေလည်း ရှိနေသည်ကို တွေ့မြင်ပေသည်။
လီချန်မေသည် ခြံဝန်းထဲတွင် ရပ်နေ၏။ သူမကိုယ်ပေါ်တွင် လရောင်ပက်ဖြန်းနေခြင်းက သူမကို ငွေရောင်ပိုးသားလွှာခြုံလွှမ်းထားသည့်အလားပင်။ သူမ၏လှပသောမျက်နှာလေးမှာ လရောင်အောက်တွင် သဘာဝကျစွာ တည်ငြိမ်ဟန် ပေါ်သည်။
လီချန်မေသည် သူမ၏ နူးညံ့သောလက်ကို မြှောက်ကာ လေထဲရှိ ဝမ်လင်းကို မော့ကြည့်သည်။ သူမသည် နှလုံးသားထဲကလာသော အပြုံးတစ်ခုကို ထုတ်ဖော်၏။
“နင် ပြန်ရောက်လာခဲ့ပြီ…”
ဝမ်လင်းသည် ခြံဝန်းထဲသို့ ဆင်းသက်ကာ လီချန်မေနှင့် ဆယ့်နှစ်ပေလောက်အကွာတွင် ရပ်သည်။ အနည်းငယ် စဉ်းစားပြီးနောက် သူသည် နူးညံ့စွာ မေးလိုက်၏။ “ငါ ပြန်လာခဲ့ပြီ…”
လရောင်သည် ဝမ်လင်းပေါ်သို့လည်း ကျရောက်နေသဖြင့် သူ့အရိပ်ကို ဆန့်ထွက်စေသည်။ ထိုအခါ သူနှင့်လီချန်မေတို့၏ အရိပ်တို့မှာ တစ်ခုနှင့်တစ်ခု ထပ်သွားကြ၏။ သို့သော် သိပ်မကြာခင်တွင် ပြန်ကွာသွားသည်။
ပတ်ဝန်းကျင်မှာ လုံးဝ တိတ်ဆိတ်ငြိမ်သက်နေ၏။ လေပြေလေညင်းက ပန်းပင်များ၊သစ်ပင်များပေါ်ကို ဝေ့ခတ်လျက် တိုးလျလျ လေတိုးသံကို ကြားရသည်။ သို့ရာတွင် ဝမ်လင်းနှင့်လီချန်မေတို့နှစ်ယောက်လုံးသည် လရောင်အောက်၌ တိတ်ဆိတ်လျက်သာ ရှိလေ၏။
***