← Chapters

အခန်း ၉၉၃

Vol. 95 Ch. 993

အခန်း ၉၉၃

Vol. 95 Ch. 993

အခန်း (၉၉၃) - အင်မော်တယ်ရတနာ အင်မော်တယ်သတ်ဓားပျံအား ရရှိခြင်း၊ ပြန်လည်မွေးဖွားလာသော ဖီးနစ် (၃)

"ဒီဆေးလုံးက ခန္ဓာပေါင်းစည်းခြင်းအဆင့်ကနေ မဟာယာနအဆင့်ကို တက်လှမ်းနိုင်ဖို့ ဘယ်လိုမျိုး ကူညီပေးနိုင်တာလဲ..."

ကျိုးစွေ့က မေးမြန်းလိုက်သည်။

"မင်းလည်း သိပြီးသားဖြစ်မှာပါ... ခန္ဓာပေါင်းစည်းခြင်းအဆင့်ကနေ မဟာယာနအဆင့်ကို တက်လှမ်းဖို့အတွက် အခက်ခဲဆုံးအချက်က ဝိညာဉ်အနှစ်သာရ စွမ်းအားတွေကို မြှင့်တင်ဖို့ပဲ..."

"မဟာယာနအဆင့်ကို ရောက်သွားတာနဲ့ ဝိညာဉ်အနှစ်သာရက အကြီးအကျယ် ပြောင်းလဲသွားပြီး 'ဝိညာဉ်တာအိုမျိုးစေ့' အဖြစ် စုစည်းသွားလိမ့်မယ်..."

"ဒါက အစစ်အမှန်အင်မော်တယ်တစ်ပါး ဖြစ်လာဖို့အတွက် အခြေခံအုတ်မြစ်ပဲ..."

"အဲဒီနောက် မဟာယာနကျင့်ကြံသူတွေက ဆက်လက်ကျင့်ကြံရင်းနဲ့ ကျင့်စဉ်တွေကို မြှင့်တင်ပြီး ဝိညာဉ်တာအိုမျိုးစေ့ကို အဆင့်မြှင့်တင်လို့ 'အစစ်အမှန်အင်မော်တယ်တာအိုသီးပွင့်' အဖြစ် ပုံဖော်ကြရတယ်... ဒါက မဟာယာနအဆင့် ကျင့်ကြံသူတွေရဲ့ ကျင့်ကြံမှုလမ်းစဉ်ပဲ..."

ဝူထုံသစ်ပင်က ပြုံးလိုက်ပြီး မဟာယာနအဆင့် ကျင့်ကြံသူများ၏ ကျင့်စဉ်အခြေခံသဘောတရားကို အကျဉ်းချုပ် ရှင်းပြလိုက်၏။

ဤအရာများမှာ ၎င်းအတွက် အခြေခံအကျဆုံး ဗဟုသုတများသာ ဖြစ်ပြီး အင်မော်တယ်လောကတွင် လူတိုင်းသိထားသော အရာများ ဖြစ်ပေသည်။

သို့သော်လည်း ဝိညာဉ်လောကရှိ အားနည်းသော မျိုးနွယ်စုများအတွက်မူ ဤသည်မှာ အလွန်တရာ တန်ဖိုးရှိလှသော လျှို့ဝှက်ချက်များ ဖြစ်ပြီး အလွယ်တကူ ဖြန့်ဝေပေးမည့်အရာ မဟုတ်ချေ။

လူသားမျိုးနွယ်၏ ဧကရာဇ်မြို့တော်တွင်ပင် ထိုကဲ့သို့သော အဆင့်မြင့်လျှို့ဝှက်ချက်များကို မှတ်တမ်းတင်ထားခြင်း မရှိပေ။

အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်စုမှ မဟာယာနအဆင့် ကျင့်ကြံသူ အရေအတွက်မှာ လွန်စွာ နည်းပါးလှသဖြင့် ထိုကဲ့သို့သော ကျင့်စဉ်အတွေ့အကြုံများကို အသေးစိတ် မှတ်တမ်းတင်နိုင်ခြင်း မရှိသောကြောင့် ဖြစ်၏။

"ဒါဆိုရင် ကျိုးထျန်ကြယ်တာရာဝိညာဉ်ဆေးလုံးက ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေကို ဝိညာဉ်တာအိုမျိုးစေ့ စုစည်းနိုင်ဖို့ ကူညီပေးနိုင်တယ်ပေါ့..."

ဤစကားများကို ကြားလိုက်ရသဖြင့် ကျိုးစွေ့မှာ ဗဟုသုတ တိုးပွားသွားရ၏။ သူသည် မဟာယာနအဆင့်သို့ မည်သို့ တက်လှမ်းရမည်ကို မသိရှိခဲ့ဖူးသလို ယခင် ဖုန်းရှီးမြို့တော်၏ စာကြည့်တိုက်တွင်လည်း ဤကဲ့သို့သော အချက်အလက်များ ရှိမနေခဲ့ပေ။

ဖုန်းရှီးမြို့တော်၏ စာကြည့်တိုက်ရှိ အချက်အလက်များမှာ သတ္တမအဆင့် အထိသာ အမြင့်ဆုံး ဖြစ်ပေသည်။

မဟာယာနအဆင့်နှင့် ၎င်း၏အထက်ရှိ ကျင့်စဉ်စာအုပ်များမှာ တစ်အုပ်မျှပင် ရှိမနေခဲ့ချေ။

ဤသည်မှာလည်း ဖုန်းရှီးမြို့တော်ကို အပြစ်တင်၍မရပေ။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်စုက အလွန်တရာ အားနည်းလွန်းနေသောကြောင့် ဖြစ်၏။

မဟာယာနအဆင့်ကို ထိတွေ့နိုင်သော ကျင့်ကြံသူဟူ၍ပင် မရှိသလောက် ရှားပါးလှသည်။

သူသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ မဟာယာနအဆင့်နှင့် ပတ်သက်သည့် အချက်အလက်များကို ဆက်လက် စုံစမ်းရန် ပြင်လိုက်သည်။

"ဟုတ်တယ်... ဝိညာဉ်တာအိုမျိုးစေ့ကို စုစည်းဖို့ဆိုတာ လုံးဝ မလွယ်ကူတဲ့ ကိစ္စပဲ..."

"တကယ်လို့ ဝိညာဉ်အနှစ်သာရ စွမ်းအားက အားနည်းနေမယ်ဆိုရင် တာအိုမျိုးစေ့ စုစည်းမှု မအောင်မြင်ဘဲ ဝိညာဉ်ပါ ပျက်စီးသွားလိမ့်မယ်..."

"ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေထဲက အများစုက ကိုယ့်အစွမ်းနဲ့ကိုယ် တာအိုမျိုးစေ့ကို မစုစည်းနိုင်ကြဘူး..."

"အဲဒီအချိန်ကျရင် ဆေးလုံးတွေရဲ့ စွမ်းအားကို အသုံးပြုပြီး တစ်ချက်တည်းနဲ့ အောင်မြင်အောင် ကျော်ဖြတ်ကြရတယ်..."

ဝူထုံသစ်ပင်က ရှင်းပြလိုက်၏။

၎င်းသည် ကျိုးစွေ့၏ အကြံအစည်များကို ဂရုမထားဘဲ မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်းမရှိဘဲ မဟာယာနအဆင့် ကျင့်ကြံသူများနှင့် ပတ်သက်သည့် အချက်အလက်များကို တိုက်ရိုက်ပင် ပြောပြလိုက်တော့သည်။

ဤသည်မှာ ၎င်းဘက်မှ ပြသလိုက်သော စေတနာတစ်ခုလည်း ဖြစ်၏။

အကယ်၍ ဤလူသားသာ ၎င်း၏မိတ်ဆွေကို ကယ်တင်ပေးနိုင်မည်ဆိုပါက ဤအချက်အလက်လေးများမှာ မပြောပလောက်သော အရာများသာ ဖြစ်ပေသည်။

ထို့ကြောင့် ၎င်းသည် သိရှိထားသမျှကို တစ်ခုမကျန် ပြောပြနေခြင်း ဖြစ်၏။

'ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေ ဒီလောက်များပြားနေပေမဲ့ မဟာယာနအဆင့် ကျင့်ကြံသူတွေ ဘာဖြစ်လို့ ဒီလောက်တောင် ရှားပါးနေရတာလဲဆိုတာ မဆန်းတော့ဘူး...'

'ဒါက မဟာယာနအဆင့်ရဲ့ ကပ်ဘေးက ကြောက်စရာကောင်းတာကြောင့်တင် မဟုတ်ဘူးထင်တယ်...'

ကျိုးစွေ့ မျက်မှောင်ကြုတ်လိုက်မိ၏။

အမှန်စင်စစ်အားဖြင့် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူအများစုမှာ မဟာယာနကပ်ဘေးမိုးကြိုးကို ဖိတ်ခေါ်နိုင်ရန်ပင် အရည်အချင်း မပြည့်မီကြချေ။ ၎င်းတို့သည် မဟာယာနအဆင့်သို့ တက်လှမ်းရန် အခွင့်အရေးပင် မရရှိကြသဖြင့် ကပ်ဘေးကျော်ဖြတ်ခြင်းအကြောင်းကို ပြောရန်ပင် လိုအပ်မည် မဟုတ်ပေ။

အကယ်၍ မဟာယာနအဆင့်သို့ပင် မတက်လှမ်းနိုင်ပါက နောင်ဖြစ်လာမည့် အရာများကို မျှော်လင့်ရန်ပင် မဖြစ်နိုင်တော့ချေ။

ထို့ကြောင့် ကျိုးထျန်ကြယ်တာရာဝိညာဉ်ဆေးလုံးမှာ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများအတွက် အဖိုးမဖြတ်နိုင်သော ဆေးလုံးတစ်လုံး ဖြစ်ချေတော့သည်။

အကယ်၍ ဝိညာဉ်လောကထဲတွင် ဤဆေးလုံး ပေါ်ထွက်လာပါက ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများနှင့် မဟာယာနအဆင့် ကျင့်ကြံသူများအားလုံး ရူးသွပ်သွားကြမည်မှာ အသေအချာပင်။

"ဘယ်လိုလဲ... ငါ့ရဲ့စေတနာက မင်းအတွက် လုံလောက်ရဲ့လား..."

ဝူထုံသစ်ပင်က ကျိုးစွေ့ကို ကြည့်ရင်း ဤလူသားကျင့်ကြံသူ မည်သို့ ဆုံးဖြတ်မည်ကို စောင့်ကြည့်နေ၏။

"ခင်ဗျားရဲ့ စေတနာကတော့ မဆိုးပါဘူး..."

"ဒါပေမဲ့ ဒီဖီးနစ်ငှက်ကို ကယ်တင်လိုက်ရင် ကျုပ်လည်းပဲ ကြီးမားတဲ့ ပြဿနာတွေနဲ့ ကံကြမ္မာအကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်..."

"ဒါကြောင့် ဒီလောက်နဲ့တင်တော့ လုံးဝ မလုံလောက်သေးဘူး..."

ကျိုးစွေ့က လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

"မင်း ဘာလိုအပ်တာလဲ... ငါ ပေးနိုင်သမျှအရာအားလုံးကို မင်းအတွက် ပေးမယ်..."

ဝူထုံသစ်ပင်က ဝမ်းသာအားရ မေးလိုက်၏။

၎င်းအတွက် ပြင်ပစည်းစိမ်ဥစ္စာများမှာ အရေးမကြီးချေ။ ၎င်း၏မိတ်ဆွေသာ အသက်ရှင်နေမည်ဆိုပါက ဤအရာများကို ပြန်လည်ရယူနိုင်သည်ဟု ယုံကြည်နေ၏။

ယခုအချိန်တွင် ၎င်းသည် ကျိုးစွေ့ တောင်းဆိုမှု ကြီးမားမည်ကို မစိုးရိမ်ဘဲ မည်သည့်တောင်းဆိုမှုမျှ မလုပ်ဘဲ ငြင်းပယ်မည်ကိုသာ အလွန် စိုးရိမ်နေခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုသို့ဖြစ်ပါက ၎င်း၏မိတ်ဆွေ အသက်ပြန်ရှင်လာနိုင်မည့် မျှော်လင့်ချက် ပျက်စီးသွားမည် ဖြစ်သောကြောင့်ပင်။

ယခုမူ ၎င်းသည် မျှော်လင့်ချက်အပြည့်ဖြင့် ကျိုးစွေ့ကို ကြည့်လိုက်ပြီး ဤလူသားကျင့်ကြံသူ မည်သည့်အရာကို တောင်းဆိုမည်ကို သိချင်နေတော့သည်။

"ဒီပစ္စည်းတွေအပြင် အင်မော်တယ်သလင်းကျောက်တွေလည်း လိုအပ်သေးတယ်..."

"ပြီးတော့ ဖီးနစ်အင်မော်တယ်စံအိမ်တော်ထဲက ဝိညာဉ်ဆေးပင် မျိုးစေ့များများလည်း လိုချင်သေးတယ်..."

"အကယ်လို့ အင်မော်တယ်ကမ္ဘာက ကျင့်စဉ်တွေရှိမယ်ဆိုရင်လည်း ယူမှာပဲ..."

ကျိုးစွေ့က သူ၏တောင်းဆိုချက်များကို ထုတ်ပြောလိုက်၏။

"လူသား... မင်းကတော့ တော်တော်လေး လောဘကြီးတာပဲ..."

"အကယ်လို့ မင်းသာ ငါ့မိတ်ဆွေကို ကယ်တင်ပေးနိုင်မယ်ဆိုရင် ဒီလောက်လေးက ဘာမှမဟုတ်ပါဘူး..."

"ဒါပေမဲ့ နှမြောစရာကောင်းတာက ငါတို့တွေ အင်မော်တယ်ကမ္ဘာကနေ ပြုတ်ကျလာခဲ့တာ နှစ်ပေါင်းသန်းချီ ကြာမြင့်နေခဲ့ပြီဖြစ်လို့ အင်မော်တယ်သလင်းကျောက်ဆိုတာ အခြေခံအားဖြင့် ဘာမှမကျန်တော့ဘူး..."

"အင်မော်တယ်ကမ္ဘာက ဝိညာဉ်ဆေးပင်တွေနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် မူလက အင်မော်တယ်စံအိမ်တော်ထဲမှာ အများကြီး စိုက်ပျိုးထားခဲ့ပေမဲ့ ဝိညာဉ်လောကကို ရောက်လာတဲ့အခါမှာတော့ လောကဥပဒေသတွေကို ခံနိုင်ရည်မရှိဘဲ ချက်ချင်းဆိုသလို သေဆုံးကုန်ကြတယ်... ထူးခြားတဲ့ အပင်တချို့သာ အသက်ရှင်ကျန်ရစ်နိုင်ခဲ့တာ..."

"လက်ရှိ ဖီးနစ်အင်မော်တယ်စံအိမ်တော်ထဲမှာ ရှင်သန်နေတဲ့ ဝိညာဉ်ဆေးပင်တွေက တကယ်တော့ ဝိညာဉ်လောကကနေ ရရှိခဲ့တဲ့ မျိုးစေ့တွေဖြစ်ပြီး နှစ်ကာလရှည်ကြာ စိုက်ပျိုးထားခဲ့တာတွေပဲ... ငါ့အနေနဲ့ မင်းကို အင်မော်တယ်ကမ္ဘာက ဝိညာဉ်ဆေးပင်တွေ ပေးချင်ရင်တောင်မှ ပေးစရာနည်းလမ်းမရှိဘူး..."

"အင်မော်တယ်ကမ္ဘာက ကျင့်စဉ်တွေနဲ့ ပတ်သက်ရင်လည်း ငါ့မှာမရှိဘူး... ဘာဖြစ်လို့လဲဆိုတော့ ငါက ဝူထုံသစ်ပင်တစ်ပင်သာဖြစ်ပြီး လူသားမျိုးနွယ်ရဲ့ ကျင့်စဉ်တွေကို နားမလည်လို့ပဲ... ဒါပေမဲ့ ငါ့မိတ်ဆွေ ဖုန်းကျိုယိုသာ အသက်ပြန်ရှင်လာမယ်ဆိုရင်တော့ သူမက ကျင့်စဉ်များစွာကို မှတ်မိနေနိုင်တယ်... အဲဒီအချိန်ကျရင် မင်း သူမဆီကနေ တောင်းခံလို့ရနိုင်တယ်..."

ဝူထုံသစ်ပင်က လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။

"ဒီလိုလား..."

ထိုစကားကို ကြားသောအခါ ကျိုးစွေ့မှာ ဆွံ့အသွားခဲ့၏။ ဖီးနစ်အင်မော်တယ်စံအိမ်တော်သည် ဤမျှအထိ ဆင်းရဲမွဲတေနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

အပေါ်ယံကြည့်လျှင် အလွန်တရာ ချမ်းသာကြွယ်ဝပုံပေါက်နေသော်လည်း တကယ်တမ်း၌မူ အောက်ခြေထိတိုင် ဆင်းရဲမွဲတေနေခြင်းပင် ဖြစ်လေသည်။

သို့သော်ငြား ဝိညာဉ်လောကရှိ ကျင့်ကြံသူများအတွက် အမှန်တကယ် တန်ဖိုးအရှိဆုံးအရာမှာ ဖီးနစ်အင်မော်တယ်စံအိမ်တော်ကိုယ်တိုင်ပင် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ဖီးနစ်အင်မော်တယ်စံအိမ်တော်ထဲတွင် အင်မော်တယ်အဆင့် ဝိညာဉ်ကြောတစ်ခု ရှိနေသောကြောင့်ပင်။

ဝိညာဉ်လောကရှိ များစွာသော ဝိညာဉ်ဆေးပင်များသည် ဖီးနစ်အင်မော်တယ်စံအိမ်တော်ထဲတွင် ရှိနေရုံမျှဖြင့် သဘာဝအလျောက် ရှင်သန်ကြီးထွားလာနိုင်ပေသည်။

ဤသည်မှာ ဖီးနစ်အင်မော်တယ်စံအိမ်တော်၏ ထူးခြားချက်ပင် ဖြစ်၏။

တစ်နည်းအားဖြင့် ဆိုရသော် ဤနေရာသည် မရေမတွက်နိုင်သော မဟာယာနအဆင့် ကျင့်ကြံသူများကိုပင် ရူးသွပ်သွားစေနိုင်သည့် ဧရာမ ဝိညာဉ်ဆေးပင် စိုက်ခင်းကြီးတစ်ခုပင် ဖြစ်လေသည်။

ဝိညာဉ်လောကသို့ ကျဆင်းလာပြီးနောက် မည်သည့်အရာမျှ ပါမလာခဲ့လျှင်ပင် ရှည်လျားလှသော နှစ်ကာလများ ကြာမြင့်ပြီးနောက်တွင်မူ ဖီးနစ်အင်မော်တယ်စံအိမ်တော်ထဲ၌ ရေတွက်၍မရနိုင်သော အဆင့်မြင့် ဝိညာဉ်ဆေးပင်များ ပေါက်ရောက်ရှင်သန်နေဆဲပင် ဖြစ်၏။

ဤသည်မှာ ကျင့်ကြံသူများစွာကို သွားရည်ကျစေရန်အတွက် အပြည့်အဝ လုံလောက်ပေသည်။

"ကိစ္စမရှိပါဘူး... ဖီးနစ်အင်မော်တယ်စံအိမ်တော်ထဲက ဝိညာဉ်ဆေးပင် မျိုးစေ့တွေကိုပဲ လိုချင်တာပါ..."

"မျိုးစေ့အားလုံး တစ်စုံစီ လိုချင်တယ်..."

ကျိုးစွေ့က ပြောလိုက်သည်။

အမှန်စင်စစ်အားဖြင့် ဝိညာဉ်လောက၏ အဆင့်မြင့် ဝိညာဉ်ဆေးပင်များဆိုလျှင်ပင် အလွန်တရာ ကြီးမားသော တန်ဖိုးရှိလှသည်။

အဆင့်မြင့် ဝိညာဉ်ဆေးပင် မျိုးစေ့များကို အခြေခံအားဖြင့် အစစ်အမှန်ဝိညာဉ် မျိုးနွယ်စုများကသာ လက်ဝါးကြီးအုပ်ထားလေ့ရှိပြီး အပြင်ဘက်လောကတွင် ရှာဖွေတွေ့ရှိရန် အခွင့်အရေးလုံးဝမရှိသလို ငွေရှိလျှင်ပင် ဝယ်ယူ၍ရနိုင်မည် မဟုတ်ကြောင်း သိထားရပေမည်။

သို့သော်လည်း ဖီးနစ်အင်မော်တယ်စံအိမ်တော်ထဲတွင်မူ အဆင့်မြင့် ဝိညာဉ်ဆေးပင် မျိုးစေ့အမြောက်အမြား တည်ရှိနေလေသည်။

၎င်းမှာ ဧရာမ ဆေးဥယျာဉ်ကြီးတစ်ခုနှင့်ပင် အတိအကျ တူညီနေ၏။

ပွင့်ပွင့်လင်းလင်း ဆိုရလျှင် လက်ရှိအချိန်တွင် သူ အလိုအပ်ဆုံးအရာမှာ ထိုမျိုးစေ့များပင် ဖြစ်သည်။

အကယ်၍ ၎င်းတို့ကို ရရှိနိုင်မည်ဆိုပါက သူသည် ‘ဆေးဝါးကူ’၏ စွမ်းအားကို အသုံးပြု၍ ဤဝိညာဉ်ဆေးပင်များကို အချိန်မရွေး စိုက်ပျိုးနိုင်မည် မဟုတ်ပါလော။

All Chapters