အခန်း ၉၉၄
Vol. 95 Ch. 994
အခန်း (၉၉၄) - အင်မော်တယ်ကမ္ဘာမှ အပင် ဝိညာဉ်ကြောပန်း၊ ဖီးနစ်ကို ကယ်တင်ခြင်းနှင့် ရွှမ်ဟွမ်ကမ္ဘာမှ ရှေးဟောင်းပုဂ္ဂိုလ်များ (၁)
ထိုအချိန်ရောက်လျှင် နောင်တစ်ချိန်၌ သူ ဝိညာဉ်ဆေးပင်များ ပြတ်လပ်သွားမည်ကို စိုးရိမ်ရန် လိုအပ်တော့မည် မဟုတ်ပေ။
နောင်တစ်ချိန် ရွှမ်ဟွမ်ကမ္ဘာသို့ ပြန်လည်ရောက်ရှိသွားသောအခါ၌ပင် ဤအဆင့်မြင့် ဝိညာဉ်ဆေးပင် မျိုးစေ့များကို ပြန်သယ်သွားနိုင်ပြီး ရွှမ်ဟွမ်ဂိုဏ်း၏ အခြေခံအုတ်မြစ်အဖြစ် ပြောင်းလဲပစ်နိုင်ပေလိမ့်မည်။
"အကယ်လို့ ဒီလိုဆိုရင်တော့ လုံးဝ ပြဿနာမရှိပါဘူး..."
ဝူထုံသစ်ပင်က လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။
အသေးအဖွဲ ဝိညာဉ်ဆေးပင် မျိုးစေ့လေးများသာ ဖြစ်သည့်အတွက် လုံးဝ ပြောပလောက်စရာပင် မဟုတ်ချေ။
"ဒါနဲ့ ဝူထုံသစ်ပင်ရဲ့ မျိုးစေ့လည်း တစ်စေ့လောက် လိုချင်သေးတယ်..."
ကျိုးစွေ့သည် ဝူထုံသစ်ပင်ကို ကြည့်လိုက်၏။
"ဘာ... မင်းက ဝူထုံသစ်ပင်ကို စိုက်ချင်လို့လား..."
"ဝူထုံသစ်ပင်ကို စိုက်ပျိုးဖို့ဆိုတာ အဲဒီလောက် မလွယ်ကူဘူးဆိုတာ သိထားဖို့လိုမယ်..."
ဝူထုံသစ်ပင်သည် ကျိုးစွေ့ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်လေသည်။
ရှေ့မှ လူသားကျင့်ကြံသူတွင် ထူးခြားသော စိုက်ပျိုးရေးနည်းလမ်းများ သေချာပေါက် ရှိနေမည်ကို သူ သိထား၏။ သို့မဟုတ်ပါက ဤမျှများပြားသော ဝိညာဉ်ဆေးပင် မျိုးစေ့များကို တောင်းဆိုမည် မဟုတ်ပေ။
သို့ရာတွင် ပြဿနာမှာ ဝူထုံသစ်ပင်သည် အင်မော်တယ်ကမ္ဘာ၏ နတ်ဘုရားသစ်ပင်များထဲမှ တစ်ပင်ဖြစ်ပြီး အဆုံးမဲ့ အကျိုးကျေးဇူးများ ရှိကာ ကြုံရာကျပန်း စိုက်ပျိုး၍ရနိုင်သော အရာမျိုး မဟုတ်ခြင်းပင်။
အကယ်၍ ထိုမျှလောက် ရှင်သန်ရန် လွယ်ကူနေမည်ဆိုပါက အင်မော်တယ်ကမ္ဘာ၌ နေရာအနှံ့အပြားတွင် ဝူထုံသစ်ပင်များ ပြည့်နှက်နေခဲ့သည်မှာ ကြာပြီမဟုတ်ပါလော။
"စိတ်ချပါ... ကျုပ်မှာ နည်းလမ်းရှိပါတယ်..."
"ခင်ဗျားက မပေးချင်လို့များလား..."
ကျိုးစွေ့က မေးလိုက်သည်။
"ဒါက ကိစ္စသေးသေးလေးပါ... အကယ်လို့ မင်းသာ ဝူထုံသစ်ပင်ကို အောင်အောင်မြင်မြင် စိုက်ပျိုးနိုင်မယ်ဆိုရင် တကယ်တော့ ဒါက ငါ့အတွက်လည်း ကြီးမားတဲ့ ကောင်းကျိုးတစ်ခုပဲ..."
"ဒါက ငါတို့ ဝူထုံသစ်ပင်မျိုးနွယ်စုအနေနဲ့ ဆက်လက်ရှင်သန် ပေါက်ဖွားနိုင်ပြီး ကြီးထွားလာနိုင်တာကို ကိုယ်စားပြုနေတာပဲ... ဝမ်းမြောက်ဝမ်းသာ လက်မခံစရာ အကြောင်းမရှိပါဘူး..."
ဝူထုံသစ်ပင်မှာမူ ဤအချက်နှင့် ပတ်သက်၍ လုံးဝ ဂရုမစိုက်ပေ။
မည်သူက ဝူထုံသစ်ပင်ကို ရရှိသည်ဖြစ်စေ ၎င်းတို့ကို ကောင်းမွန်စွာ ဆက်ဆံမည်ဖြစ်ပြီး ဝူထုံသစ်ပင်များ လျင်မြန်စွာ ကြီးထွားလာစေရန် ကူညီပေးကြမည်သာ။
ဤသည်မှာ ဝူထုံသစ်ပင်မျိုးနွယ်စုအတွက် ကြီးမားသော အကျိုးကျေးဇူးများ ရှိနေလေသည်။
သို့သော် နှမြောစရာကောင်းသည်မှာ ဝူထုံသစ်ပင်ကို ရှင်သန်ကြီးထွားလာစေရန်မှာ အလွန်တရာ မလွယ်ကူလှချေ။
အကယ်၍ ပတ်ဝန်းကျင်အခြေအနေ မှားယွင်းနေပါက လမ်းတစ်ဝက်တွင်ပင် သေဆုံးသွားနိုင်သည်။
သူသည် ဝူထုံသစ်ပင် မျိုးစေ့အချို့ကို ဖန်တီးနိုင်စွမ်းရှိသော်ငြား ဝူထုံသစ်ပင်များကို အခြားနေရာများသို့ တိုးချဲ့ပြန့်နှံ့သွားစေရန်မူ မစွမ်းဆောင်နိုင်ခဲ့ပေ။
ဝုန်း...
ထိုသို့ တွေးမိလိုက်သည်နှင့် မည်သို့မျှ တုံ့ဆိုင်းမနေတော့ဘဲ သူ၏ခန္ဓာကိုယ်ထဲမှ ရွှေရောင် ဝူထုံသစ်ပင်မျိုးစေ့တစ်စေ့ကို ချက်ချင်း ထုတ်ယူလိုက်ကာ ကျိုးစွေ့၏ အရှေ့တွင် ချထားပေးလိုက်၏။ ဤရွှေရောင်မျိုးစေ့လေးသည် ထူးဆန်းသော အလင်းရောင်များ တောက်ပနေပြီး အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်များကို သယ်ဆောင်ထားပုံပေါ်လေသည်။
"မင်းရဲ့ တောင်းဆိုချက်တွေကို ငါ ဖြည့်ဆည်းပေးပြီးပြီ..."
"ငါ့မိတ်ဆွေကို ကယ်တင်ပေးနိုင်မလား ဆိုတာတော့ မသိဘူး..."
ဝူထုံသစ်ပင်က ကျိုးစွေ့ကို မျှော်လင့်တကြီးဖြင့် ကြည့်လိုက်လေသည်။
"လုံးဝ ပြဿနာမရှိပါဘူး..."
"ဒါပေမဲ့ သူမကို ငါ ခေါ်သွားဖို့ လိုအပ်တယ်..."
ကျိုးစွေ့က ခေါင်းညိတ်လိုက်ပြီး ရွှေရောင် အလင်းလုံးလေးအဖြစ် ပြောင်းလဲသွားသော ဖီးနစ်ငှက်ငယ်လေးကို လက်ညိုးထိုးပြလိုက်၏။
"ဒါဆိုရင်လည်း မင်းကိုပဲ အပ်ပါတယ်..."
ဝူထုံသစ်ပင်၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်သော အရိပ်အယောင်များ ပေါ်လာလေသည်။
...
တစ်ရက်အကြာ။
ကျိုးစွေ့သည် ဝူထုံသစ်ပင်ထံမှ ဝိညာဉ်ဆေးပင် မျိုးစေ့မြောက်မြားစွာကို ရရှိခဲ့လေသည်။ ထို့နောက် သူသည် ဖီးနစ်ငှက်ငယ်လေးအပြင် အိပ်မောကျနေသော ဖုန်းရှီးတာအိုအရှင်ကိုပါ ခေါ်ဆောင်၍ ‘တည်နေရာပြောင်းကူ’ကို အသုံးပြုကာ ဖီးနစ်အင်မော်တယ်စံအိမ်တော်မှ ချက်ချင်း ထွက်ခွာသွားခဲ့၏။
ကျိုးစွေ့ ထွက်ခွာသွားသည့် အခိုက်အတန့်တွင်ပင် ဝူထုံသစ်ပင်၏ အနီးတစ်ဝိုက်၌ အားကောင်းသော ရောင်ဝါများရှိသည့် သားရဲငှက်ကြီးများ တစ်ကောင်ပြီးတစ်ကောင် ပေါ်လာကြလေသည်။
"ဝူထုံသစ်ပင်သခင်ကြီး... ဒီလူသားကျင့်ကြံသူက သခင်မကို ခေါ်သွားတာကို ကျွန်တော်တို့က ဒီအတိုင်း လက်ပိုက်ကြည့်နေရမှာလား..."
"အကယ်လို့ ဒီလူသားက လိမ်ညာပြီး ကျွန်တော်တို့ကို လှည့်စားသွားခဲ့တာ ဆိုရင်ရော... ဒါဆိုရင် ကျွန်တော်တို့ရဲ့ ရတနာတွေ အလဟဿ ဆုံးရှုံးသွားတာ မဟုတ်ဘူးလား..."
"ပြီးတော့ သခင်မရဲ့ ဘေးကင်းလုံခြုံရေး အတွက်လည်း ဘယ်လိုမှ အာမခံချက် မရှိနိုင်ဘူး..."
ရှေးဟောင်း သားရဲငှက်ကြီးတစ်ကောင်က စကားဆိုလိုက်၏။
သူသည် ဖီးနစ်ငှက်၏ လက်အောက်ခံဖြစ်ပြီး ဖီးနစ်အင်မော်တယ်စံအိမ်တော်၏ အစောင့်အရှောက်များထဲမှ တစ်ဦးလည်းဖြစ်ကာ ပြန်လည်မွေးဖွားလာမည့် ဖီးနစ်ငှက်ကို ကာကွယ်ပေးရန် တာဝန်ရှိလေသည်။
အမှန်စင်စစ်အားဖြင့် သူမသည် ထိုလူသားကျင့်ကြံသူကို လုံးဝ မယုံကြည်ဘဲ ထိုလူသားကျင့်ကြံသူမှာ အလွန်အမင်း လောဘကြီးလွန်းသည်ဟု ယူဆထား၏။
"ကိစ္စမရှိပါဘူး..."
"ပြင်ပက ပစ္စည်းလေးတွေလောက်သာ ဖြစ်လို့ လုံးဝ ထည့်တွက်စရာ မလိုပါဘူး..."
"သူမ အသက်ပြန်ရှင်လာနိုင်သရွေ့ အရာအားလုံးက တန်ဖိုးရှိပါတယ်..."
ဝူထုံသစ်ပင်က ပြုံးရွှင်စွာ ပြောလိုက်လေသည်။
"ဒါပေမဲ့ ကျွန်တော်တို့တောင် ဒီအချက်ကို မလုပ်နိုင်တာ... လေဟာနယ်သန့်စင်ခြင်းအဆင့် လူသားကျင့်ကြံသူလေးက လုပ်နိုင်ပါ့မလား..."
"ဟုတ်ပါတယ်... ကျွန်တော်တို့က ဒီအရင်းအမြစ်တွေအတွက် နှမြောနေတာ မဟုတ်ပါဘူး... သခင်မ အသက်ပြန်မရှင်လာနိုင်မှာကို စိုးရိမ်နေတာပါ..."
ရှေးဟောင်း သားရဲငှက်များစွာသည် ဤအချက်ကို အလွန်အမင်း သံသယဝင်နေကြ၏။
"စိတ်ချပါ... ငါ့ရဲ့ ကြိုတင်သိမြင်မှုက မှားယွင်းမှာ မဟုတ်ပါဘူး..."
"ဒီလူသားကျင့်ကြံသူက အရမ်းကို ထူးခြားပြီး စွမ်းအားတွေကလည်း ခန့်မှန်းလို့မရအောင် နက်နဲတယ်..."
"ဖုန်းကျိုယို အသက်ရှင်နိုင်မလား ဆိုတာက ဒီလူသားကျင့်ကြံသူအပေါ်မှာပဲ မူတည်နေတယ်..."
ဝူထုံသစ်ပင်က လေးနက်သောအသံဖြင့် တည်ငြိမ်စွာ ပြောလိုက်လေသည်။
"ဒီလိုကိုး... ဝူထုံသစ်ပင်သခင်ကြီးက ဒီလောက်အထိ ယုံကြည်နေမှတော့ ကျွန်တော်တို့လည်း ဘာမှ မေးစရာ မရှိတော့ပါဘူး..."
"သခင်မ အသက်ပြန်ရှင်လာပြီး ပြန်လည်မွေးဖွားလာနိုင်ဖို့ မျှော်လင့်ပါတယ်... အဲဒီအချိန်ကျရင် ကျွန်တော်တို့ အင်မော်တယ်ကမ္ဘာဆီ ပြန်သွားပြီး ရန်သူတွေကို လက်စားချေနိုင်ပြီ..."
"ဘယ်သူမှ ငါတို့ ဖီးနစ်မျိုးနွယ်စုကို ဖျက်ဆီးပစ်လို့ မရဘူး..."
"ငါတို့ကို ဘယ်နှကြိမ်ပဲသတ်သတ် ဆက်တိုက် ပြန်လည်မွေးဖွားလာနိုင်တာပဲ..."
ရှေးဟောင်း သားရဲငှက်ကြီးများထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်လာလေသည်။
၎င်းတို့သည် ယခင်က အမုန်းတရားများကို လုံးဝ မေ့ပျောက်မသွားခဲ့ဘဲ အချိန်ကြာလာသည်နှင့်အမျှ ပို၍ပင် ပြင်းထန်လာခဲ့၏။
...
ယခုအချိန်တွင် ဖုန်းရှီးကျွန်း၊ အမှတ် (၈၈) တာအိုကျောင်းတော်ရှိ စံအိမ်တစ်လုံး၌ ဖြစ်၏။
ဖုန်းရှီးတာအိုအရှင်သည် ကုတင်တစ်လုံးပေါ်တွင် တိတ်ဆိတ်စွာ လှဲလျောင်းနေပြီး ယခုအခါ သူမသည် အိပ်မောကျနေလေ၏။
ဝူထုံသစ်ပင်ထံမှ ပေးသနားထားသော စွမ်းအားများကို ရရှိခဲ့သဖြင့် သူမ၏ ခန္ဓာကိုယ်ထဲရှိ ဖီးနစ်သွေးမျိုးဆက် သိပ်သည်းဆ မြင့်တက်လာခဲ့သည်မှာ ထင်ရှားလှပေသည်။
ဤသည်မှာ သူမအတွက် သံသယဖြစ်ဖွယ်မရှိ ကြီးမားသော အကျိုးကျေးဇူးတစ်ခုပင် ဖြစ်၏။
သို့သော်ငြား ဤစွမ်းအားများကို ချေဖျက်စုပ်ယူနိုင်ရန်မှာ တစ်ရက်နှစ်ရက်နှင့် ဖြစ်နိုင်သောကိစ္စမျိုး မဟုတ်ချေ။
"ယောကျ်ား... ရှင်က ဖုန်းရှီးအစ်မတော်ကို တကယ်ပဲ ကယ်တင်လာနိုင်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး..."
ပိုင်စုကျဲ့က ဝမ်းသာအားရဖြင့် ပြောလိုက်၏။
မူလက သူမသည် ဖုန်းရှီးတာအိုအရှင်၏ ဘေးကင်းလုံခြုံရေးအတွက် အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့လေသည်။
သို့သော် သူမကိုယ်တိုင်က ဖုန်းရှီးကျွန်းတွင် ရှိနေသဖြင့် အပြင်သို့ထွက်ကာ ဖုန်းရှီးတာအိုအရှင်ကို သွားရောက်ရှာဖွေရန် လုံးဝ နည်းလမ်းမရှိခဲ့ပေ။
အကယ်၍ ဖုန်းရှီးတာအိုအရှင်ကို အမှန်တကယ် ရှာတွေ့ခဲ့လျှင်ပင် သူမ၏ စွမ်းအားအရ ဖုန်းရှီးတာအိုအရှင်ကို ပိတ်လှောင်ထားနိုင်သော ကြီးမားသည့် အန္တရာယ်အား ရင်ဆိုင်ဖြေရှင်းနိုင်မည် မဟုတ်ချေ။ သို့ရာတွင် ယခု၌မူ သူမ၏ ခင်ပွန်းဖြစ်သူသည် ဖုန်းရှီးတာအိုအရှင်ကို အသံတိတ် ကယ်တင်လာခဲ့ပြီ ဖြစ်၏။
ဤသည်မှာ အမှန်တကယ် စိတ်ကူးယဉ်ရန်ပင် ခက်ခဲလှပေသည်။
"ယောကျ်ားဆိုတဲ့အတိုင်း... အရမ်းကို စွမ်းလွန်းတယ်..."
ဟွားစစ်ချင်၊ ထောင်ချီလီနှင့် စစ်ယွီရှီးတို့ သုံးယောက်မှာလည်း ကျိုးစွေ့ကို ကြည့်ကာ အံ့ဩလေးစားနေကြလေသည်။
သူမတို့ အားလုံးသည် မည်သို့ပြောရမည်ကိုပင် မသိတော့ချေ။
ဤကဲ့သို့သော နည်းလမ်းမှာ အမှန်တကယ်ပင် သာမန်ထက် ကျော်လွန်နေပြီး သာမန်လူများ စိတ်ကူးယဉ်နိုင်သော အရာမျိုး မဟုတ်ပေ။
"အသေးအဖွဲ ကိစ္စလေးပါပဲ... မင်းတို့ သူမရဲ့ လုံခြုံရေးအတွက် စိတ်ပူနေစရာ မလိုပါဘူး..."
"အခု သူမက ဖီးနစ်အင်မော်တယ်စံအိမ်တော်ထဲမှာ ကြီးမားတဲ့ အကျိုးအမြတ်တွေ ရရှိခဲ့တာမို့ အချိန်အတိုင်းအတာတစ်ခုအထိ အိပ်စက်နေဖို့ လိုအပ်တယ်..."
"သူမ နိုးထလာတာနဲ့ တစ်ပြိုင်နက် ကျင့်ကြံမှုနဲ့ ပါရမီတွေက အရှိန်အဟုန်နဲ့ တိုးတက်လာလိမ့်မယ်..."
"အနာဂတ်မှာ မဟာယာနအဆင့်ကို တက်လှမ်းဖို့အတွက်တောင် အောင်မြင်နိုင်ခြေ အရမ်းများသွားပြီ..."
ကျိုးစွေ့က ပြုံးလိုက်သည်။
"ဒါက အဆိုးပြီးနောက် အကောင်းလာတာမျိုးပဲ... ကြည့်ရတာ ဖုန်းရှီးအစ်မက ဒီတစ်ကြိမ် ဖီးနစ်အင်မော်တယ်စံအိမ်တော်မှာ အကျိုးအမြတ် အနည်းအကျဉ်း ရခဲ့တာမဟုတ်ဘူးပဲ... ယောက်ျား... ရှင်လည်း ဖီးနစ်အင်မော်တယ်စံအိမ်တော်ကို သွားခဲ့တာဆိုတော့ ဘယ်လိုရတနာတွေများ ရခဲ့လဲ..."
စစ်ယွီရှီးက ကျိုးစွေ့ကို အလွန် သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်လိုက်လေသည်။
ဖီးနစ်အင်မော်တယ်စံအိမ်တော်သည် သာမန်စံအိမ်တော်မျိုး မဟုတ်ကြောင်း သူမက ကျိုးစွေ့ထံမှ ကြိုတင်သိရှိထားခဲ့ပြီ ဖြစ်သည်။ ယခင် မိုးကြိုးအင်မော်တယ်စံအိမ်တော်ထက်ပင် ပို၍ တန်ဖိုးကြီးမားလှပေသည်။
အကယ်၍ ဖီးနစ်အင်မော်တယ်စံအိမ်တော်ထဲသို့ ဝင်ရောက်နိုင်ခဲ့ပါက ရရှိလာမည့် အကျိုးအမြတ်များမှာလည်း ပို၍ များပြားပေလိမ့်မည်။
"ဒီအတွက်ကတော့ အကျိုးအမြတ် အများကြီးရခဲ့တာ အမှန်ပဲ..."
"အဲ့ဒီအထဲမှာ ဝိညာဉ်ဆေးပင်မျိုးစေ့တွေ အများကြီး ရခဲ့တယ်..."
"ဒါပေမဲ့ ကိုယ်တို့အတွက် အကူအညီ အများဆုံးဖြစ်စေမယ့်အရာက အဋ္ဌမအဆင့် ဝိညာဉ်ဆေးပင်ဖြစ်တဲ့ ဝိညာဉ်ကြောပန်းပဲ..."
ကျိုးစွေ့က ပြုံးလိုက်သည်။
ဝူထုံသစ်ပင်၏ အကူအညီကို ရရှိခဲ့သောကြောင့် သူသည် ဖီးနစ်အင်မော်တယ်စံအိမ်တော်ထဲမှ အဆင့်မြင့် ဝိညာဉ်ဆေးပင် မျိုးစေ့များစွာကို ရရှိခဲ့လေသည်။