အခန်း ၉၉၆
Vol. 95 Ch. 996
အခန်း (၉၉၆) - အင်မော်တယ်ကမ္ဘာမှ အပင် ဝိညာဉ်ကြောပန်း၊ ဖီးနစ်ကို ကယ်တင်ခြင်းနှင့် ရွှမ်ဟွမ်ကမ္ဘာမှ ရှေးဟောင်းပုဂ္ဂိုလ်များ (၃)
"ပါးစပ်ပိတ်ထားစမ်း... ဘယ်လိုတောင် အဓိပ္ပာယ်မရှိတဲ့ အကြံဉာဏ်တွေလဲ..."
ထိုစကားကို ကြားသောအခါ ဖုန်းရှီးတာအိုအရှင်၏ လှပသော မျက်နှာလေးမှာ နီမြန်းသွားပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။
သူမက မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးနည်း။ ဤအမျိုးသားနှင့် မည်သို့လျှင် လက်ထပ်နိုင်မည်နည်း။ အမျိုးသမီးများစွာနှင့် အမျိုးသားတစ်ယောက်ကို အတူတကွ မျှဝေခံစားရန်ဆိုသည်မှာ မဖြစ်နိုင်ပေ။
ဤသည်မှာ သူမ၏မျက်နှာကို အရှက်ခွဲလိုက်ခြင်းပင် မဟုတ်ပါလော။ သူမအနေဖြင့် ဤကဲ့သို့ မျက်နှာပြောင်တိုက်ရသော အလုပ်မျိုးကို လုံးဝ လုပ်မည်မဟုတ်ပေ။
သို့သော် ဝန်ခံရမည်မှာ ထိုအကြံပြုချက်ကို ကြားလိုက်ရချိန်တွင် သူမ၏ နှလုံးသားလေး အမှန်တကယ်ပင် ဒိတ်ခနဲ ခုန်သွားခဲ့ရလေသည်။ စိတ်လှုပ်ရှားသွားခဲ့သည်ကိုမူ ငြင်းဆန်၍မရပေ။
ကိုယ်ကျိုးတော့ နည်းချေပြီ။ အရာအားလုံးမှာ ထိုရမ္မက်ခြောက်ပါးလောကီအာရုံချီ ပြုလုပ်ထားသည့် ကိစ္စများပင် ဖြစ်၏။
သူမကို လောကီပုံရိပ်ယောင်ကမ္ဘာထဲသို့ ဆယ်စုနှစ်ပေါင်းများစွာ ကျဆင်းသွားစေခဲ့ပြီး ပုံရိပ်ယောင်နှင့် လက်တွေ့ဘဝကို ခွဲခြား၍မရအောင် လုပ်ဆောင်ခဲ့သည်။
မည်သို့ပင်ဆိုစေ သူမသည် ဤအမျိုးသားနှင့်အတူ လောကီပုံရိပ်ယောင်ကမ္ဘာထဲတွင် ဆယ်စုနှစ်ပေါင်းများစွာ အတူနေထိုင်ကာ သားသမီးများကို မွေးဖွားခဲ့သည်မှာ အမှန်ပင် ဖြစ်လေသည်။ ထို့အပြင် ထိုခံစားချက်မှာလည်း ပြောမပြနိုင်လောက်အောင် လက်တွေ့ဆန်လွန်းလှပေသည်။
"ကောင်းပါပြီ..."
ထိုစကားကို ကြားသောအခါ စစ်ယွီရှီးမှာ အနည်းငယ် နှမြောသွားမိသည်။ အကယ်၍ ဖုန်းရှီးတာအိုအရှင်သာ သဘောတူခဲ့မည်ဆိုလျှင် အားလုံး၏ဆက်ဆံရေးမှာ ပို၍ ရင်းနှီးသွားမည်ဖြစ်ပြီး အမှန်တကယ် စစ်မှန်သော မိသားစုတစ်ခု ဖြစ်လာပေလိမ့်မည်။
ဤအခိုက်အတန့်တွင် လိုဏ်ခေါင်းစံအိမ်တော်ထဲ၌။
ကျိုးစွေ့သည် တရားထိုင်ဖျာပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ဤတစ်ကြိမ် ရရှိလာသော အကျိုးအမြတ်များကို စစ်ဆေးတွက်ချက်နေလေသည်။
သူရှေ့တွင် ချထားသော အရာမှာ ထိုဖီးနစ်ငှက်ငယ်လေး ဖြစ်ပေသည်။ ယခုအချိန်တွင် ဖရဲသီးအရွယ်အစားခန့်သာ ရှိတော့ပြီး ရွှေရောင်အလင်းလုံးတစ်ခုအလား မီးတောက်စွမ်းအင်များ ရစ်ပတ်ဖုံးလွှမ်းထားသည့်ပုံပေါက်နေ၏။
သို့သော်လည်း ၎င်း၏ ခန္ဓာကိုယ်အတွင်းပိုင်း၌ ဆိုးယုတ်၍ ကြောက်မက်ဖွယ်ကောင်းသော မျဉ်းမည်းများ ပေါ်ထွက်နေပုံရသည်။ ထိုမျဉ်းမည်းများသည် ဥပဒေသမျဉ်းကြောင်းများအလား ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းထားကာ အရိုးစွဲနေသောရောဂါကဲ့သို့ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကိုပါ ရစ်ပတ်ချုပ်နှောင်ထားလေသည်။
ဝုန်း...
ထိုစဉ် ကျိုးစွေ့က စိတ်ဆန္ဒတစ်ချက်ဖြင့် ‘ရွှေပုစဉ်းရင်ကွဲကူ’ ၏ စွမ်းအားကို ချက်ချင်း လှုံ့ဆော်လိုက်ရာ ဧရာမ သက်စောင့်စွမ်းအင်များက ဖီးနစ်ငှက်ငယ်လေး၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်းပင် ဝင်ရောက်သွားခဲ့တော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဖီးနစ်ငှက်ငယ်လေး၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များသည် ကောင်းကင်နှင့်မြေကြီး မှောက်ခုံလန်သွားသကဲ့သို့ အကြီးအကျယ် ပြောင်းလဲသွားခဲ့၏။ တဖြည်းဖြည်း ယိုယွင်းပျက်စီးနေသော ခန္ဓာကိုယ်သည် ယခုအခါတွင် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့လေသည်။
ဤသက်စောင့်စွမ်းအင်များသည် ၎င်း၏ခန္ဓာကိုယ်ထဲမှ ဖျက်ဆီးခြင်းစွမ်းအင်များကို မောင်းထုတ်နေပုံရသည်။
ဤထူးဆန်းသော ဖျက်ဆီးခြင်းစွမ်းအင်ကသာ ဖီးနစ်ငှက်၏ ပြန်လည်မွေးဖွားခြင်းကို တားဆီးထားခဲ့ခြင်း ဖြစ်၏။
သို့ရာတွင် ‘ရွှေပုစဉ်းရင်ကွဲကူ’ ၏ အကူအညီကြောင့် ဖီးနစ်ငှက်၏ ခန္ဓာကိုယ်တွင်းရှိ မူလဇာစ်မြစ်စွမ်းအင်များမှာ အလျင်အမြန် တိုးတက်လာခဲ့ပြီး ၎င်း၏စွမ်းအားများဖြင့် ဖျက်ဆီးခြင်းစွမ်းအင်များကို အပြင်သို့ မောင်းထုတ်နိုင်ခဲ့လေသည်။
သို့သော်ငြား ဤသို့ ပြန်လည်ကောင်းမွန်လာသည့် နှုန်းထားမှာ အလွန်နှေးကွေးနေဆဲပင် ဖြစ်ပြီး ချက်ချင်းကြီး သက်သာပျောက်ကင်းသွားရန်မှာမူ နည်းလမ်းမရှိပေ။
"တကယ်ကို ဆဋ္ဌမအဆင့် ‘ရွှေပုစဉ်းရင်ကွဲကူ’ ရဲ့ ကုသနိုင်စွမ်းက နည်းနည်းတော့ မလုံလောက်သေးဘူးပဲ..."
"အကယ်လို့ သတ္တမအဆင့်ကိုသာ တက်လှမ်းသွားနိုင်ရင် ဒီဖီးနစ်ငှက်ကို အရှင်း ကုသပေးနိုင်ကောင်း ကုသပေးနိုင်လိမ့်မယ်..."
"ဒါပေမဲ့ ဒီလိုဆိုရင်တောင်မှ ဆဋ္ဌမအဆင့် ‘ရွှေပုစဉ်းရင်ကွဲကူ’ ရဲ့ စွမ်းအားကို အားကိုးပြီး ဒီဖီးနစ်ငှက်ရဲ့ ဒဏ်ရာတွေ ဆက်ပြီး မဆိုးဝါးလာအောင်တော့ လုပ်နိုင်ပါသေးတယ်..."
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်လေသည်။
သူသည် ယခုကုသမှုအပေါ် များစွာကျေနပ်အားရနေခဲ့၏။အနည်းဆုံးအနေဖြင့် ‘ရွှေပုစဉ်းရင်ကွဲကူ’ ၏ စွမ်းအားက ဤဖီးနစ်ငှက်ကို အမှန်တကယ် အသက်ပြန်ရှင်လာစေနိုင်ပေသည်။
ထို့အပြင် ‘ရွှေပုစဉ်းရင်ကွဲကူ’ ၏ ကုသနိုင်စွမ်းမှာ ဤမျှသာ မဟုတ်သေးပေ။
‘ရွှေပုစဉ်းရင်ကွဲကူ’ ၏ ကုသမှုကို ခံယူဖူးသော သက်ရှိများအားလုံးသည် အလိုလိုနေရင်း ကျိုးစွေ့အပေါ် အတိုင်းအတာတစ်ခုအထိ သဘောကျနှစ်သက်စိတ်များ ဖြစ်ပေါ်လာတတ်ကြသည်။
ထို့ပြင် ကုသပေးသည့် အကြိမ်အရေအတွက် များလာလေလေ၊ နှစ်သက်မှုအတိုင်းအတာ ပို၍များပြားလာလေလေပင် ဖြစ်၏။
မှီခိုလိုစိတ်များပင် ဖြစ်ပေါ်လာနိုင်သေးသည်။ ထို့ကြောင့် ဤဖီးနစ်ငှက် အသက်ပြန်ရှင်လာပြီးနောက် သူ့အပေါ် အန္တရာယ်ပြုလာမည်ကိုလည်း မကြောက်ရွံ့တော့ပေ။
အကယ်၍ တစ်ဖက်လူသာ အမှန်တကယ် အသက်ပြန်ရှင်လာပါက သူ၏အကျိုးအမြတ်ကသာ အကြီးမားဆုံး ဖြစ်လာပေလိမ့်မည်။
သူသည် ဤအင်မော်တယ်ကမ္ဘာမှ ဖီးနစ်ငှက်၏ အကူအညီဖြင့် အင်မော်တယ်ကမ္ဘာနှင့် ပတ်သက်သော သတင်းအချက်အလက်အချို့ကို လေ့လာနိုင်ကောင်း လေ့လာနိုင်ပေမည်။
သံသယဖြစ်ဖွယ်မရှိ ဤအသက်ရှင်နေသော ဖီးနစ်ငှက်ကသာလျှင် ယခုတစ်ကြိမ် သူရရှိခဲ့သည့် အကြီးမားဆုံးသော ကံကြမ္မာအခွင့်အရေးပင် ဖြစ်လေသည်။
'ဒါနဲ့ ရမ္မက်ခြောက်ပါးလောကီသစ်ပင်နဲ့ ဝူထုံသစ်ပင်တို့ကိုလည်း ရှန်းဟိုင်ပုလဲ နေရာလွတ်ထဲမှာ စိုက်ပျိုးလို့ရသေးတယ်...'
'အဲ့ဒီအချိန်ကျရင် ရှန်းဟိုင်ပုလဲ နေရာလွတ်ထဲမှာ အင်မော်တယ်ကမ္ဘာက အပင်နှစ်ပင်တောင် ရှိလာတော့မှာပဲ...'
'နောင်တစ်ချိန်ကျရင် ဖုန်းရှီးကျွန်းပေါ်ကိုတောင် ပြောင်းစိုက်လို့ရသေးတယ်...'
'တစ်ချိန်တည်းမှာပဲ ရှန်းဟိုင်ပုလဲ နေရာလွတ်ထဲမှာ ဝိညာဉ်ကြောပန်းကိုလည်း စိုက်ပျိုးလို့ရသေးတယ်...'
'ဒီလိုဆိုရင်တော့ ရှန်းဟိုင်ပုလဲ နေရာလွတ်ထဲက ဝိညာဉ်ချီသိပ်သည်းဆကလည်း အဆမတန် တိုးတက်လာတော့မှာပဲ...'
ကျိုးစွေ့သည် ယခုတစ်ကြိမ် ရရှိခဲ့သည့် ကြီးမားလှသော အကျိုးအမြတ်များစွာကို အသေအချာ တွေးတောစဉ်းစားနေခဲ့၏။
သံသယဖြစ်ဖွယ်မရှိ ဤအသက်ရှင်နေသော ဖီးနစ်ငှက်အပြင် အင်မော်တယ်ရတနာတစ်ခုဖြစ်သည့် အင်မော်တယ်သတ်ဓားပျံလည်း ရှိနေသေးသည်။
တစ်ချိန်တည်းမှာပင် ဝူထုံသစ်ပင်၏ မျိုးစေ့နှင့် ခြောက်ပါးရာဂလောကီသစ်သီးတို့လည်း ပါဝင်ပြီး ထိုအရာနှစ်ခုစလုံးသည် ဝူထုံသစ်ပင်နှင့် ရမ္မက်ခြောက်ပါးလောကီသစ်ပင်အဖြစ် စိုက်ပျိုးနိုင်ကာ ရှန်းဟိုင်ပုလဲ နေရာလွတ်အတွင်း၌ အင်မော်တယ်ကမ္ဘာမှ အပင်နှစ်မျိုးကို ပိုမိုတိုးပွားလာစေနိုင်ပေသည်။
ဤသည်က သူ၏အကျိုးအမြတ်များအတွက်မူ ပြောစရာပင် မလိုတော့ချေ။
ယေဘုယျအားဖြင့် ဖီးနစ်အင်မော်တယ်စံအိမ်တော်၏ အကျိုးအမြတ်အများစုကို သူကသာ ရရှိသွားခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် နောက်ပိုင်း ဖီးနစ်အင်မော်တယ်စံအိမ်တော်အတွင်း၌ မည်သည့်ကိစ္စမျိုးပင် ဖြစ်ပွားစေကာမူ သူနှင့် သိပ်ပြီးသက်ဆိုင်ခြင်း မရှိတော့ပေ။
ထျန်းဖန်မျိုးနွယ်စုနှင့် အခြားသော မျိုးနွယ်စုများစွာတို့သည် ဖီးနစ်အင်မော်တယ်စံအိမ်တော်အတွင်း၌ အသေအကျေ တိုက်ခိုက်နေကြစေကာမူ သူသည်ကား အေးဆေးစွာဖြင့် ကင်းလွတ်နေနိုင်ပြီ ဖြစ်၏။
သူသည် ပြင်ပလူတစ်ယောက်အနေဖြင့်သာ နေထိုင်လိုက်လျှင် လုံလောက်ပြီဖြစ်၏။
'အခု အရေးကြီးဆုံးကတော့ ဒီကံကြမ္မာအခွင့်အရေးတွေကို ကိုယ့်ရဲ့ ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲပစ်ဖို့ပဲ...'
'ဒါမှသာ ဒီရတနာတွေကို ကာကွယ်ထားနိုင်မှာ... ဒါမှမဟုတ်ရင် ဒီရတနာတွေက ဘေးဒုက္ခတွေ ဖြစ်လာလိမ့်မယ်...'
'ဒါကြောင့် ကိုယ့်ရဲ့ကျင့်ကြံမှုကို အမြန်ဆုံးမြှင့်တင်ပြီး ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို တက်လှမ်းရမယ်...'
ကျိုးစွေ့သည် လက်သီးကို တင်းတင်းဆုပ်လိုက်လေသည်။
သူ၏ကျင့်ကြံမှုသည် လေဟာနယ်သန့်စင်ခြင်း ပြည့်စုံခြင်းအဆင့်သို့ တက်လှမ်းသွားသည်နှင့် တစ်ပြိုင်နက် ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ အချိန်မရွေး ချိုးဖောက်ဝင်ရောက်နိုင်ပြီး ခန္ဓာပေါင်းစည်းခြင်း မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်း ခံစားလိုက်ရသည်။ ဤသည်မှာ အလိုအလျောက် အောင်မြင်သွားမည့် ကိစ္စရပ်တစ်ခုသာ ဖြစ်ပေသည်။
ဝုန်း... ဝုန်း...
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ကူနတ်ဘုရားလျှို့ဝှက်ကျမ်းကို လည်ပတ်စေလိုက်ရာ ပတ်ဝန်းကျင်ရှိ ဧရာမ ကောင်းကင်နှင့်မြေကြီး ဝိညာဉ်ချီများက ဒီရေလှိုင်းများအလား အဟုန်ပြင်းစွာ ဝင်ရောက်လာခဲ့၏။
သူသည်လည်း ချက်ချင်းပင် ကျင့်ကြံခြင်းအခြေအနေထဲသို့ ဝင်ရောက်သွားခဲ့ပြီး ခန္ဓာကိုယ်ပေါ်ရှိ ကျင့်ကြံမှုမှာလည်း တစ်စတစ်စနှင့် တိုးတက်လာခဲ့တော့သည်။
...
မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်တစ်ရာအချိန်ကာလမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ချေပြီ။
ရွှမ်ဟွမ်ကမ္ဘာ။
တောင်တန်းတစ်ခုရှိ လျှို့ဝှက်နယ်မြေတစ်ခု၌။
ဤနေရာသည် ရှေးဟောင်းဂိုဏ်းတစ်ခုဖြစ်သော လင်းယင်ဂိုဏ်းမှ ထိန်းချုပ်ထားသည့် လျှို့ဝှက်နယ်မြေကမ္ဘာတစ်ခု ဖြစ်လေသည်။
သို့ရာတွင် လင်းယင်ဂိုဏ်းသည် လူဦးရေနည်းပါးပြီး မျိုးဆက်တစ်ဆက်လျှင် တစ်ယောက်တည်းသာ ဆင်းသက်လာခဲ့သောကြောင့် ဤလျှို့ဝှက်နယ်မြေကမ္ဘာအတွင်း၌ လူငါးယောက်သာ ရှိနေခဲ့၏။
ဤလျှို့ဝှက်နယ်မြေကမ္ဘာသည် အလွန်ထူးခြားပြီး အချိန်စီးဆင်းမှုနှုန်းမှာလည်း များစွာ နှေးကွေးလှပေသည်။
ပြင်ပလောကတွင် နှစ် (၁၀၀၀၀) ကြာသွားခဲ့လျှင်ပင် အတွင်းဘက်၌ တစ်နှစ်သာ ကုန်ဆုံးပေမည်။
ထို့ကြောင့် လင်းယင်ဂိုဏ်းမှ ကျင့်ကြံသူများသည် လျှို့ဝှက်နယ်မြေကမ္ဘာအတွင်း၌ နှစ်အနည်းငယ်မျှ နေထိုင်လိုက်ရုံဖြင့် နှစ်သောင်းပေါင်းများစွာကြာပြီးနောက် အနာဂတ်ဆီသို့ ခိုးဝင်သွားနိုင်လေသည်။
မှန်ပေသည်၊ ရှေးဟောင်းခေတ်ကာလတွင် ဤကဲ့သို့သော ထူးခြားသည့် ဧရာမ လျှို့ဝှက်နယ်မြေများမှာ အလွန်ပင် ရှားပါးလှပေသည်။ အားလုံးကို ပေါင်းလိုက်ပါက စုစုပေါင်း (၃) ခုတည်းသာ ရှိ၏။
လင်းယင်ဂိုဏ်းမှ ထိန်းချုပ်ထားသော ဤလျှို့ဝှက်နယ်မြေသည်လည်း အသေးငယ်ဆုံးဖြစ်ပြီး အိမ်တစ်လုံးစာ အကျယ်အဝန်းဖြစ်သည့် (၁၀၀) စတုရန်းမီတာခန့်သာ ရှိလေသည်။
အခြားသော လျှို့ဝှက်နယ်မြေ (၂) ခုစလုံးမှာမူ ဧရာမ လျှို့ဝှက်နယ်မြေများဖြစ်ကြပြီး လူအများအပြား ဝင်ဆံ့နိုင်ပေသည်။
ယခင်က ရွှမ်ဟွမ်ကမ္ဘာမှ ရှေးဟောင်းအင်အားစုများစွာတို့သည် ဤဧရာမ လျှို့ဝှက်နယ်မြေများအတွင်း၌ နေထိုင်ခဲ့ကြသည်။
သူတို့သည် မဟာမိတ်အဖွဲ့များကို ဖွဲ့စည်းထားခဲ့ကြသဖြင့် သဘာဝကျကျပင် အင်အားများစွာ ကြီးမားလှသည်။
ဝုန်း...
ထိုအချိန်မှာပင် ဤလျှို့ဝှက်နယ်မြေကမ္ဘာသည် ရုတ်တရက် တုန်ခါသွားခဲ့ပြီး လေဟာနယ်တံခါးပေါက်တစ်ခု ချက်ချင်း ပေါ်ထွက်လာခဲ့လေသည်။
မူလက လျှို့ဝှက်နယ်မြေကမ္ဘာအတွင်း၌ နေထိုင်နေကြသော လင်းယင်ဂိုဏ်းမှ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူငါးဦးမှာ ချက်ချင်းပင် လန့်နိုးသွားခဲ့ကြ၏။
သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ကြည့်လိုက်မိကြပြီး အားလုံးမှာ အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်သွားခဲ့ကြတော့သည်။