အခန်း ၉၉၇
Vol. 95 Ch. 997
အခန်း (၉၉၇) - အင်မော်တယ်ကမ္ဘာမှ အပင် ဝိညာဉ်ကြောပန်း၊ ဖီးနစ်ကို ကယ်တင်ခြင်းနှင့် ရွှမ်ဟွမ်ကမ္ဘာမှ ရှေးဟောင်းပုဂ္ဂိုလ်များ (၄)
"ဘိုးဘေး... လျှို့ဝှက်နယ်မြေကမ္ဘာရဲ့ တံခါးပေါက်က နောက်ဆုံးတော့ ပွင့်သွားခဲ့ပြီပဲ..."
နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးက ရူးသွပ်မတတ် ဝမ်းသာအားရဖြင့် ပြောလိုက်လေသည်။
သူသည် ဤလျှို့ဝှက်နယ်မြေကမ္ဘာအတွင်း၌ ပိတ်မိနေခဲ့သည်မှာ နှစ်အနည်းငယ်မျှ ကြာမြင့်နေပြီဖြစ်ကြောင်း သိထားရပေမည်။
ပြင်ပလောကအတွက်မူ နှစ်သောင်းပေါင်းများစွာ ကြာမြင့်သွားခဲ့ချေပြီ။
မှန်ပေသည်၊ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးအတွက် ဤမျှလောက်သော နှစ်အနည်းငယ်အချိန်မှာ မပြောပလောက်သော်လည်း ပြဿနာမှာ သူတို့အနေဖြင့် ဤနေရာမှ ထွက်ခွာသွားနိုင်ရန် မျှော်လင့်ချက် လုံးဝမမြင်ရခြင်းပင်။
အကယ်၍ ဤအတိုင်းသာ ဆက်သွားနေပါက သူတို့သည် ဤနေရာ၌ပင် အရှင်လတ်လတ် အိုမင်းသေဆုံးသွားကြရမည်မှာ အသေအချာပင် ဖြစ်လေသည်။
နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများအနေဖြင့် ဤကဲ့သို့သော သေဆုံးရမည့်နည်းလမ်းကို မည်ကဲ့သို့ လက်ခံနိုင်ပါမည်နည်း။
"ဘာတွေဖြစ်ကုန်တာလဲ... ဘာလို့ လျှို့ဝှက်နယ်မြေရဲ့ တံခါးပေါက်က ရုတ်တရက်ကြီး ပွင့်လာရတာလဲ..."
ရွှေဝါးတာအိုအရှင်သည် မျက်မှောင်ကြုတ်လိုက်ပြီး များစွာ သံသယဖြစ်သွားခဲ့၏။
သူသည် လင်းယင်ဂိုဏ်း၏ ဘိုးဘေးဖြစ်သလို ကျင့်ကြံမှုအမြင့်မားဆုံးသော ကျင့်ကြံသူတစ်ဦးလည်း ဖြစ်ပြီး နတ်ဘုရားအသွင်ပြောင်း ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
ဝိညာဉ်လောကသို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သည်။ ထို့ကြောင့် ဤနေရာတွင် သူ၏ ဩဇာအာဏာမှာလည်း အကြီးမားဆုံးပင် ဖြစ်၏။
ကျန်ရှိနေသော လေးဦးတွင် သုံးဦးမှာ နတ်ဘုရားအသွင်ပြောင်း အစောပိုင်းအဆင့်ဖြစ်ကြပြီး တစ်ဦးမှာမူ နတ်ဘုရားအသွင်ပြောင်း အလယ်အလတ်အဆင့် ဖြစ်လေသည်။
အားလုံးမှာ လင်းယင်ဂိုဏ်း၏ ခေတ်အဆက်ဆက်မှ ဆက်ခံသူများပင် ဖြစ်ကြသည်။
နတ်ဆိုးကပ်ဘေးကို ရှောင်တိမ်းရန်အတွက် သူတို့သည် ဤလျှို့ဝှက်နယ်မြေကမ္ဘာအတွင်းသို့ ပုန်းအောင်းလာခဲ့ကြခြင်းသာ ဖြစ်၏။
"ပြင်ပလောကရဲ့ ကောင်းကင်နဲ့မြေကြီးမှာ အကြီးအကျယ် ပြောင်းလဲမှုတွေ ဖြစ်ပေါ်သွားလို့များလား မသိဘူး... ဒါကြောင့်မို့လို့သာ ငါတို့ လျှို့ဝှက်နယ်မြေကမ္ဘာရဲ့ တံခါးပေါက်က တစ်ဖန်ပြန်ပွင့်လာတာ ဖြစ်ရမယ်..."
"ဒါပေမဲ့ ဒါကလည်း ငါတို့အတွက် အခွင့်အရေးပဲလေ... အကယ်လို့ ထပ်ပြီး ထွက်မသွားဘူးဆိုရင် ငါတို့ ဒီနေရာမှာတင် ပိတ်မိပြီး သေသွားရနိုင်တယ်..."
ကျင့်ကြံသူတစ်ဦးက ချက်ချင်း ပြောလိုက်လေသည်။ သူသည် ဤကျိန်စာသင့်နေသော နေရာတွင် ဆက်၍မနေချင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် ဤလျှို့ဝှက်နယ်မြေကမ္ဘာသည် အချိန်စီးဆင်းမှုနှေးကွေးသော်ငြား မည်သည့် သက်စောင့်စွမ်းအင်မှ မရှိသလို မည်သည့် အသံမျှလည်း မရှိသောကြောင့်ပင် ဖြစ်၏။
(၁၀၀) စတုရန်းမီတာခန့် ကျယ်ဝန်းသော နေရာလေးသာ ရှိလေသည်။ အမှန်စင်စစ်အားဖြင့် အကျဉ်းထောင်တစ်ခုနှင့် တူညီနေခဲ့သည်။
သူတို့ ဤလျှို့ဝှက်နယ်မြေကမ္ဘာအတွင်းသို့ ဝင်ရောက်လာခဲ့ရခြင်းမှာ အချိန်အတိုင်းအတာတစ်ခုအထိ ရှောင်တိမ်းနေရန်သာ ဖြစ်ပြီး တစ်သက်လုံး ပုန်းအောင်းနေရန် မဟုတ်ပေ။
"ဟုတ်တယ်... ငါတို့ရဲ့ ကျင့်ကြံမှုတွေအရဆိုရင် ပြင်ပလောကမှာ ဘာကိစ္စတွေပဲ ဖြစ်နေပါစေ… ငါတို့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး..."
"ဘိုးဘေးက နတ်ဘုရားအသွင်ပြောင်း ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်လေ... ပြင်ပလောကမှာ နတ်ဆိုးတွေ သောင်းကျန်းပြီး လူသားမျိုးနွယ် မျိုးတုံးသွားပြီဆိုရင်တောင်မှ ငါတို့ရဲ့ စွမ်းအားတွေအပေါ် အားကိုးပြီး အသက်ရှင်သန်နိုင်စွမ်းရှိတယ်... ဝိညာဉ်လောကဆီကို တက်လှမ်းဖို့ အခွင့်အရေးတောင် ရှာတွေ့နိုင်သေးတယ်..."
"အခု ပြင်ပလောကက လူသားမျိုးနွယ် တကယ်ပဲ မျိုးတုံးသွားပြီလား... ငါတို့ ဒီမှာနေခဲ့တာက နှစ်အနည်းငယ်ကြာခဲ့ပေမဲ့ ပြင်ပလောကရဲ့ အချိန်စီးဆင်းမှုနဲ့ ကြည့်မယ်ဆိုရင် အနည်းဆုံးတော့ နှစ်သောင်းပေါင်းများစွာ ကြာသွားခဲ့လောက်ပြီ... ကမ္ဘာနှစ်ခုရဲ့ စစ်ပွဲက ဘယ်လောက်ပဲ ရှည်ကြာနေပါစေ အခုလောက်ဆို ပြီးဆုံးသွားသင့်ပြီပေါ့..."
"တကယ်ကို အမှန်ပဲ... လူသားမျိုးနွယ် အနိုင်ရသည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ ငါတို့ ဘာဖြစ်နေလဲဆိုတာကို သွားကြည့်ရမယ်..."
လင်းယင်ဂိုဏ်းမှ ကျင့်ကြံသူများစွာမှာ အချင်းချင်း ဆွေးနွေးပြောဆိုနေကြလေသည်။
အမှန်အတိုင်းဆိုရသော် သူတို့သည် ဤနေရာ၌ ဆက်၍မနေလိုကြတော့ပေ။
ပြင်ပလောကသို့ ထွက်သွားပြီး အခြေအနေများကို ကြည့်ရှုကာ သတင်းအချက်အလက်အချို့ကို စုံစမ်းချင်နေကြပြီ ဖြစ်၏။
အကယ်၍ အမှန်တကယ် အန္တရာယ်တစ်ခုခု ရှိနေပါက ထိုအချိန်ကျမှ ပြန်ပြေးလာပြီး ပုန်းအောင်းနေလိုက်လျှင်လည်း ရသည်မဟုတ်ပါလော။
ရွှေဝါးတာအိုအရှင်သည် နတ်ဘုရားအသွင်ပြောင်း ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည့်အတွက် ဝိညာဉ်လောကသို့ပင် တိုက်ရိုက် တက်လှမ်းသွားနိုင်သေးသည်။ နတ်ဆိုးများဖြစ်နေလျှင်ပင် သူ့ကို ဟန့်တားနိုင်စွမ်း မရှိပေ။
တစ်နည်းအားဖြင့် ဆိုရသော် ဘာကိုမှ စိုးရိမ်ပူပန်နေရန် မလိုအပ်ပေ။
"ကောင်းပြီ... ဒီလိုမှတော့ ငါတို့ အပြင်ထွက်ပြီး သွားကြည့်ကြတာပေါ့..."
ရွှေဝါးတာအိုအရှင်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်လေသည်။
ရွှစ်... ရွှစ်... ရွှစ်...
မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းယင်ဂိုဏ်း၏ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူငါးဦးမှာ တံခါးပေါက်မှတစ်ဆင့် ပြင်ပလောကဆီသို့ ချက်ချင်း ရောက်ရှိသွားခဲ့ချေပြီ။
"ဘာတွေဖြစ်ကုန်တာလဲ... ဝိညာဉ်ချီသိပ်သည်းဆက ဘာလို့ အရင်တုန်းကထက် အများကြီး ပိုများလာရတာလဲ..."
လင်းယင်ဂိုဏ်း၏ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူငါးဦး ပြင်ပလောကသို့ ရောက်ရှိလာပြီးနောက် သူတို့သည် တောင်တန်းတစ်ခုအတွင်း၌ ရောက်ရှိနေကြောင်း ချက်ချင်း သတိပြုမိသွားခဲ့ကြသည်။ ထို့အပြင် တစ်ကြိမ်တစ်ခါမျှပင် မမြင်ဖူးသော တောင်တန်းကြီးတစ်ခု ဖြစ်နေ၏။
ပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြည်နေသော အပင်များနှင့် ဧရာမသစ်ပင်ကြီးများ ပေါက်ရောက်နေသည်။
ပို၍ အရေးကြီးသည်မှာ ကောင်းကင်နှင့်မြေကြီးကြားရှိ ဝိညာဉ်ချီသိပ်သည်းဆမှာ အရင်ကနှင့် နှိုင်းယှဉ်ပါက အဆပေါင်းရာနှင့်ချီ၍ မြင့်တက်လာခဲ့ခြင်းပင် ဖြစ်လေသည်။
လေကို အနည်းငယ် ရှူရှိုက်လိုက်ရုံဖြင့် သူတို့၏ ကျင့်ကြံမှုများပါ တိုးတက်လာသကဲ့သို့ ခံစားလိုက်ရသည်။
"မဟုတ်သေးဘူး... ဝိညာဉ်ချီသိပ်သည်းဆ တိုးတက်လာရုံတင်လောက် ရိုးရှင်းတာ မဟုတ်ဘူး..."
"မင်းတို့ သတိမထားမိကြဘူးလား... ကောင်းကင်နဲ့မြေကြီးကြားက ဖန်ဆင်းခြင်းချီတွေလည်း ပိုများလာသလိုပဲ..."
"ငါ့ရဲ့ သက်တမ်းကတောင် ပိုပြီးတိုးလာသလို ခံစားနေရတယ်..."
ရွှေဝါးတာအိုအရှင်မှာ ရူးသွပ်မတတ် ဝမ်းသာပီတိ ဖြစ်သွားခဲ့၏။
မူလက သူသည် သက်တမ်းအကန့်အသတ်အနေဖြင့် နှစ်ပေါင်း (၃၀၀၀) မျှသာ ပိုင်ဆိုင်ထားပြီး ပိုမိုရှည်လျားသော သက်တမ်းကို ရရှိလိုပါက ဝိညာဉ်လောကသို့ တက်လှမ်းရန် လိုအပ်ပေသည်။ သို့သော် ယခုအချိန်တွင်မူ သူရောက်ရှိနေသော ဤနေရာက သူ၏သက်တမ်းကိုပင် တိုးလာစေနိုင်ပုံရလေသည်။
အကယ်၍ ဤနေရာတွင်သာ အချိန်အတန်ကြာ အပြင်းအထန် ကျင့်ကြံဖြစ်ပါက သူ၏ သက်တမ်းမှာ နှစ် (၆၀၀၀) အထိ တိုးလာနိုင်ပေသည်။
"တစ်ခုခုတော့ မှားနေပြီ... အကြီးအကျယ်ကို မှားနေပြီ..."
"ငါတို့ လင်းယင်ဂိုဏ်း လျှို့ဝှက်နယ်မြေရဲ့ အဝင်အထွက်ပေါက်က ဒီနေရာမှာ မဟုတ်ဘူး... ဒီနေရာက အရင်ကနဲ့ လုံးဝကို ကွာခြားနေတယ်..."
"လွန်ခဲ့တဲ့ နှစ်သောင်းချီက စစ်ပွဲကြောင့် ငါတို့ လျှို့ဝှက်နယ်မြေကမ္ဘာက ပြုတ်ထွက်သွားပြီး ဝိညာဉ်လောကထဲကို ကျသွားတာများလား..."
"အခု ငါတို့ ရောက်နေတဲ့နေရာက ဝိညာဉ်လောကလား..."
လင်းယင်ဂိုဏ်းမှ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ဝမ်းသာလုံးဆို့စွာဖြင့် ပြောလိုက်လေသည်။
ဤနေရာ၏ ကျင့်ကြံခြင်း ပတ်ဝန်းကျင်သည် ယခင်ကထက် အဆပေါင်း မည်မျှပင် သာလွန်ကောင်းမွန်နေသည်ကို မသိနိုင်ကြောင်း သူ ခံစားလိုက်ရ၏။ ဒဏ္ဍာရီလာ ဝိညာဉ်လောကမှလွဲ၍ အခြားမည်သည့်အရာဖြင့်မျှ ရှင်းပြနိုင်မည် မဟုတ်ပေ။ ဤနေရာသည် ယခင်ကျင့်ကြံခြင်းလောက လုံးဝ မဟုတ်တော့ချေ။
"မဟုတ်ဘူး... ဒီနေရာက ဝိညာဉ်လောက မဟုတ်ဘူး... ရွှမ်ဟွမ်ကမ္ဘာပဲ..."
"မင်းတို့ ရှေးဟောင်းတစ္ဆေအိုကြီးတွေက နောက်ဆုံးတော့ အထဲကနေ ထွက်လာကြပြီကိုး..."
ထိုအချိန်မှာပင် အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာလေသည်။
"ဘယ်သူလဲ..."
ချက်ချင်းပင် လင်းယင်ဂိုဏ်းမှ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ ငါးယောက်လုံး အလွန်အမင်း အံ့ဩတုန်လှုပ်သွားကြ၏။ ယခုလေးတင်က သူတို့သည် အနီးအနားတွင် လူရှိနေသည်ကို လုံးဝ အာရုံမခံမိခဲ့ကြပေ။
သူတို့ မော့ကြည့်လိုက်သောအခါ အဖြူနှင့် အမည်း ရောစပ်နေသော တာအိုဝတ်ရုံများကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူ ဆယ်ယောက်ကျော်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။ ထိုတာအိုဝတ်ရုံများပေါ်တွင်မူ ရွှမ်ဟွမ်ဂိုဏ်း ဟူသော စာလုံးကြီးများကို ရေးသားထားလေသည်။
ချက်ချင်းပင် သူတို့၏ မျက်နှာများက တည်သွားရချေပြီ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ မျက်စိရှေ့ရှိ ကျင့်ကြံသူများ၏ အငွေ့အသက်သည် သာမန်နှင့် လုံးဝ မတူညီကြောင်း အာရုံခံမိလိုက်သောကြောင့်ပင် ဖြစ်၏။
ထိုသူများထဲတွင် ငါးယောက်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့်များ ဖြစ်ကြပြီး ကျန်သူများအားလုံးမှာ ဝိညာဉ်သန္ဓေသားအဆင့်များ ဖြစ်ကြသည်။
သူတို့၏ ကျင့်ကြံမှုများသည် မိမိတို့ထက် အများကြီး ပိုမိုအားကောင်းနေခြင်း မရှိသော်ငြား၊ တကယ်တမ်း တိုက်ခိုက်ဖြစ်ပါက သူတို့ဘက်မှလည်း အထိနာသွားနိုင်သည်။
လူအနည်းငယ်ခန့် ဤနေရာတွင် သေဆုံးသွားနိုင်သည်အထိပင်။
"ငါက ကျောက်ယန်... ရွှမ်ဟွမ်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပဲ..."
"ထားလိုက်ပါတော့... မင်းတို့တွေ ထွက်ပြေးမှာကို ရှောင်ရှားနိုင်ဖို့ အရင်ဆုံး လက်ဦးမှုယူပြီး ဖမ်းဆီးထားလိုက်တာပဲ ကောင်းပါတယ်လေ..."
နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများထဲမှ တစ်ယောက်က လင်းယင်ဂိုဏ်း ကျင့်ကြံသူများကို အလွန် လှောင်ပြောင်လိုသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်လေသည်။
"ရယ်စရာကောင်းလိုက်တာ... မင်းလည်း ငါတို့လို နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပါပဲ..."
"ဒီနေရာမှာ အရှက်မရှိ လေလုံးလာထွားရဲတယ်ပေါ့..."
ထိုစကားကို ကြားလိုက်ရသောအခါ လင်းယင်ဂိုဏ်းမှ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများ အားလုံး ချက်ချင်းပင် ရယ်မောလိုက်ကြ၏။
ရှေးဟောင်းခေတ်ကာလတွင် လင်းယင်ဂိုဏ်းသည် အလွန် နာမည်ကျော်ကြားသော ရှေးဟောင်းဂိုဏ်းကြီးတစ်ခု ဖြစ်ခဲ့ကြောင်းကို သိထားရမည်ဖြစ်၏။ လင်းယင်ဂိုဏ်းမှ ကျင့်ကြံသူတိုင်းသည် အလွန်တရာ အစွမ်းထက်ကြပြီး တိုက်ခိုက်ရေးတွင် နာမည်ကြီးသူများ ဖြစ်ကြသည်။
အဆင့်တူ ကျင့်ကြံသူများထဲတွင် သူတို့ကို အနိုင်ယူနိုင်သူများ မရှိသည် မဟုတ်သော်ငြား၊ အမှန်တကယ်ပင် လက်ချိုးရေတွက်၍ ရနိုင်လောက်အောင် နည်းပါးလှပေသည်။
ဝုန်း...
ထိုလင်းယင်ဂိုဏ်းမှ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများ တစ်စုံတစ်ရာ တွေးတောချိန်ပင် မရလိုက်ခင်မှာတင်၊ ကျောက်ယန်က သူ့ကိုယ်ပေါ်မှ အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်ကို မြင်လိုက်ကြရ၏။
ဤသည်ကား ဆဋ္ဌမအဆင့် အထွတ်အထိပ်အဆောင်ဖြစ်သော ဓာတ်ငါးပါး အင်မော်တယ်ချည်နှောင်ခြင်းအဆောင်ပင် ဖြစ်လေသည်။
ထိုအရာက ကိုယ်ပွားဖြစ်သူ ကျိုးစွေ့ ရေးဆွဲထားခဲ့သော ဆဋ္ဌမအဆင့် အဆောင်ဖြစ်ပြီး၊ ၎င်း၏စွမ်းအားမှာ လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူများနှင့်ပင် ယှဉ်နိုင်စွမ်း ရှိပေသည်။