အခန်း ၉၉၉
Vol. 95 Ch. 999
အခန်း (၉၉၉) - နှစ်တစ်ရာကြာပြီးနောက် ရွှမ်ဟွမ်ကမ္ဘာ၊ ရှေးယခင်က မရှိခဲ့ဖူးသော ကျင့်ကြံခြင်းရွှေခေတ်၊ အဓိကဇာတ်ကောင်အဖြစ် လူသားမျိုးနွယ် (၁)
တစ်နည်းအားဖြင့် ဆိုရသော် ယခုအချိန်တွင် သူသည် ထွက်ပြေးစရာ နေရာလုံးဝ မရှိတော့ဘဲ ရွှမ်ဟွမ်ကမ္ဘာထဲတွင် လိမ္မာရေးခြားရှိစွာဖြင့်သာ နေထိုင်ရတော့ပေမည်။
ခဏတာမျှ သူသည် အူကြောင်ကြောင်ဖြစ်သွားပြီး မည်သို့ လုပ်ဆောင်ရမည်ကို လုံးဝ မသိတော့ချေ။
နှစ်သောင်းချီ ကြာမြင့်သွားပြီးနောက်တွင် ဤမျှ အံ့မခန်းပြောင်းလဲမှုများ ဖြစ်ပေါ်လာလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။ ဤသည်ကား အမှန်တကယ်ပင် တွေးတော၍မရနိုင်လောက်အောင် ဆန်းကြယ်လွန်းလှပေသည်။
"ဒီကမ္ဘာက ဘာလို့ ဒီလိုမျိုး ပြောင်းလဲသွားရတာလဲ..."
ရွှေဝါးတာအိုအရှင်တစ်ယောက် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်၏။ လွန်ခဲ့သည့် နှစ်ပေါင်းသောင်းချီက မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သိလိုသဖြင့် သူ ကျောက်ယန်ကို စိုက်ကြည့်နေခဲ့သည်။
အမှန်အတိုင်း ဆိုရသော် ဤသည်မှာ ကပ်ဘေးရှောင်တိမ်းရာ လျှို့ဝှက်နယ်မြေ၏ အားနည်းချက်ပင် ဖြစ်လေသည်။ အကယ်၍ ၎င်းအတွင်း၌ အချိန်ကြာမြင့်စွာ နေထိုင်မည်ဆိုပါက ပြင်ပလောကတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို လုံးဝသိရှိနိုင်မည် မဟုတ်ပေ။
အထူးသဖြင့် နှစ်ပေါင်းသောင်းချီ အချိန်များ ကုန်ဆုံးသွားခဲ့ချေပြီ။ လောကကြီး ပြောင်းလဲသွားကာ သမိုင်းကြောင်းများစွာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
ခေတ်သစ်လူသားများနှင့် နှိုင်းယှဉ်မည်ဆိုလျှင် သူတို့သည် ရှေးဟောင်းခေတ်မှ ကျန်ရစ်ခဲ့သော ရှေးဟောင်းပစ္စည်းအိုကြီးများကဲ့သို့ ဖြစ်နေပြီး ခေတ်နှင့် ရင်ပေါင်မတန်းနိုင်တော့ပေ။
အကယ်၍ ယခင်က ကပ်ဘေးရှောင်တိမ်းရာ လျှို့ဝှက်နယ်မြေကို အချိန်မရွေး ဖွင့်နိုင်မည်ဆိုလျှင် သူတို့သည် အချိန်အတိုင်းအတာတစ်ခုကြာတိုင်း ထွက်ခွာနိုင်မည် ဖြစ်သည်။ ဤသို့ဆိုပါက ပြင်ပလောက၏ ပြောင်းလဲမှုများကို အချိန်မရွေး သိရှိနိုင်ပေလိမ့်မည်။
သို့သော်လည်း ကောင်းကင်နှင့်မြေကြီး အကြီးအကျယ် ပြောင်းလဲသွားမှုကြောင့် ကပ်ဘေးရှောင်တိမ်းရာ လျှို့ဝှက်နယ်မြေ၏ တံခါးများ ပိတ်သွားခဲ့ရသည်။ လူအားလုံးသည် လျှို့ဝှက်နယ်မြေအတွင်း၌ အကျဉ်းချခံလိုက်ရလေ၏။
ထို့ကြောင့် ပြင်ပလောကတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သူတို့ လုံးဝမသိရှိခဲ့ခြင်း ဖြစ်ပေသည်။
"အရမ်း ရိုးရှင်းပါတယ်... အရင်တုန်းက ကျင့်ကြံခြင်းလောကရယ်၊ ပြီးတော့ ရှေးဟောင်းမိစ္ဆာကမ္ဘာရယ်၊ ရှေးဟောင်းနတ်ဆိုးကမ္ဘာရယ်က တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့တာပါ..."
"ကမ္ဘာသုံးခု ပေါင်းစည်းသွားတဲ့အတွက် ဒီကမ္ဘာရဲ့အဆင့်က တက်သွားပြီး မဟာကမ္ဘာကြီးတစ်ခု ဖြစ်လာခဲ့တယ်... မူလဇာစ်မြစ်အဆင့်က ဝိညာဉ်လောကထက် မနိမ့်ကျတော့ဘူး..."
"ခင်ဗျားတို့လည်း ခံစားမိလောက်ပြီလို့ ယုံကြည်တယ်... အခု ကျုပ်တို့ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေမှာ သက်တမ်း (၆၀၀၀) ရှိနေပြီ..."
"သက်တမ်းက တစ်ဆတိတိကို တက်သွားခဲ့တာ..."
"ဒါပေမဲ့ တကယ်လို့ အရင်တုန်းက ကျင့်ကြံခြင်းလောကဆိုရင်တော့ ဒီအချက်ကို လုပ်နိုင်မှာ မဟုတ်ဘူး..."
ကျောက်ယန်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒါက..."
လင်းယင်ဂိုဏ်းမှ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများစွာမှာ တိတ်ဆိတ်သွားခဲ့ကြ၏။ သူတို့သည် ၎င်းတို့၏ သက်တမ်းပြောင်းလဲမှုကို အမှန်တကယ်ပင် ခံစားခဲ့ရလေသည်။ မည်သည့်အရာမဆို အတုအယောင် ဖြစ်နိုင်သော်လည်း သူတို့၏ သက်တမ်းတိုးလာခြင်းမှာ မည်သို့မျှ အတုအယောင် မဖြစ်နိုင်ပေ။
ပြင်ပလောကတွင် ခေတ္တမျှ နေထိုင်ရုံဖြင့် ၎င်းတို့ခန္ဓာကိုယ်တွင်းရှိ သက်စောင့်စွမ်းအင်များ အဆက်မပြတ် တိုးပွားလာသည်ကို ခံစားလိုက်ရသည်။ သူတို့သည် ပို၍ပင် နုပျိုလာသကဲ့သို့ ရှိချေ၏။
ဤသည်မှာ မည်သည့် သက်တမ်းတိုးဝိညာဉ်ဆေးကိုမျှ သောက်သုံးခြင်းဖြင့် နှိုင်းယှဉ်၍မရနိုင်သော အခြေအနေပင် ဖြစ်လေသည်။
"ကမ္ဘာသုံးခု ပေါင်းစည်းသွားတယ်... ဒါကို ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ..."
"တကယ်လို့ ကမ္ဘာသုံးခု ပေါင်းစည်းသွားတယ်ဆိုရင် ဒီကမ္ဘာမှာ နတ်ဆိုးတွေ၊ သားရဲတွေ သောင်းကျန်းနေပြီလို့ ဆိုလိုတာ မဟုတ်ဘူးလား..."
"ကျုပ်တို့ လူသားမျိုးနွယ်က နတ်ဆိုးတွေနဲ့ သားရဲတွေရဲ့ တိုက်ခိုက်မှုကို တောင့်ခံနိုင်ပါ့မလား..."
ရွှေဝါးတာအိုအရှင်၏ မျက်နှာမှာ အလွန်လေးနက်သွားခဲ့သည်။ သူသည် ဤအချက်ကို ချက်ချင်းပင် တွေးမိလိုက်ခြင်း ဖြစ်၏။
ယခင်က ကျင့်ကြံခြင်းလောကသည် ရှေးဟောင်းမိစ္ဆာကမ္ဘာနှင့် ရှေးဟောင်းနတ်ဆိုးကမ္ဘာကို ခုခံနိုင်ခဲ့ခြင်းမှာ ကပ်ဘေးရှောင်တိမ်းရာ လျှို့ဝှက်နယ်မြေကို အသုံးချကာ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ အများအပြားကို မွေးထုတ်ပေးနိုင်ခြင်းအပြင် အရေးအကြီးဆုံးမှာ ကမ္ဘာသုံးခု ဆုံတွေ့သည့်အချိန် အလွန်တိုတောင်းသောကြောင့်ပင် ဖြစ်လေသည်။
ဆုံတွေ့သည့်အချိန် ကုန်ဆုံးသွားသည်နှင့်တစ်ပြိုင်နက် ကမ္ဘာတံခါးပေါက်များသည် လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်၏။ ဤသို့ဆိုပါက ကျင့်ကြံခြင်းလောကသည် ငြိမ်းချမ်းရေးကို ပြန်လည်ရရှိသွားပေလိမ့်မည်။
သို့သော်လည်း အကယ်၍ ကမ္ဘာသုံးခုသာ ပေါင်းစည်းသွားပါက မိစ္ဆာမျိုးနွယ်စုနှင့် နတ်ဆိုးမျိုးနွယ်စုသည် လူသားမျိုးနွယ်၏ နေထိုင်ရာနယ်မြေများသို့ မည်သည့်အားထုတ်မှုမျှမလိုဘဲ ဝင်ရောက်သတ်ဖြတ်နိုင်မည် ဖြစ်ကြောင်း ကိုယ်စားပြုနေလေသည်။ ထိုအချိန်ရောက်လျှင် လူသားမျိုးနွယ်မှာ ထွက်ပြေးစရာနေရာ လုံးဝရှိမည် မဟုတ်ပေ။
တစ်နည်းအားဖြင့် ဆိုရသော် လက်ရှိကမ္ဘာသည် မိစ္ဆာမျိုးနွယ်စုနှင့် နတ်ဆိုးမျိုးနွယ်စုတို့ ကြီးစိုးသောကမ္ဘာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ လူသားမျိုးနွယ်မှာမူ ကြောက်ရွံ့တုန်လှုပ်ကာ အသက်ငင်နေရုံသာ ရှိလေတော့မည်။
"အဲဒါကတော့ နတ်ဆိုးမျိုးနွယ်စုကို ကျုပ်တို့က မြေအောက်နတ်ဆိုးဂူထဲမှာ ချိပ်ပိတ်ထားပြီးပြီလေ..."
“မိစ္ဆာမျိုးနွယ်စုကိုလည်း အခု ကျုပ်တို့က ဝိညာဉ်သားရဲတွေအဖြစ် ပြောင်းလဲထားပြီးပြီ..."
"အခု ရွှမ်ဟွမ်ကမ္ဘာမှာ ကျုပ်တို့ လူသားမျိုးနွယ်ကပဲ ကြီးစိုးနေတာ... ခင်ဗျားတို့ ဘာမှ စိတ်ပူနေစရာ မလိုပါဘူး..."
ကျောက်ယန်က လက်ခါယမ်းလိုက်၏။
သူသည် ဤရွှေဝါးတာအိုအရှင်ကို အတော်လေး သဘောကျမိသည်။ တစ်ဖက်လူသည် နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သော ရှေးဟောင်းတစ္ဆေအိုကြီးပီသလှသည်ဟုသာ ဆိုရပေမည်။
ကြွက်တစ်ကောင်ကဲ့သို့ သတ္တိကြောင်ကာ အရေးကြီးသောအချိန်တွင် ကပ်ဘေးရှောင်တိမ်းရာ လျှို့ဝှက်နယ်မြေအတွင်းသို့ ပုန်းအောင်းထွက်ပြေးခဲ့ပြီး မည်သည့်တာဝန်ယူမှုမျှ မရှိသော်လည်း ဉာဏ်ရည်ပိုင်းကို ပြောရမည်ဆိုပါက တကယ်ကို အတော်လေး ကောင်းမွန်နေဆဲပင်။
'ဘာ...'
ဤစကားကို ကြားလိုက်ရချိန်တွင် ရွှေဝါးတာအိုအရှင်နှင့် အခြားသူများမှာ မျက်လုံးများ ပြူးကျယ်သွားကာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြသည်။ သူတို့သည် အနည်းငယ် တုန်လှုပ်သွားကြပြီး ထင်ယောင်ထင်မှား ဖြစ်နေသည်ဟုပင် ခံစားလိုက်ရ၏။
နတ်ဆိုးမျိုးနွယ်စုနှင့် မိစ္ဆာမျိုးနွယ်စုသည် လူသားမျိုးနွယ်ကို အနည်းဆုံး နှစ်သန်းပေါင်းများစွာကြာအောင် ခြိမ်းခြောက်ခဲ့ပြီး အစဉ်အမြဲ ကြီးမားသော ခြိမ်းခြောက်မှုကြီး ဖြစ်စေခဲ့သည်ကို သိထားရမည်ဖြစ်၏။
စစ်ပွဲတိုင်းတွင် မရေမတွက်နိုင်သော သေဆုံးဒဏ်ရာရမှုများ ရှိခဲ့သည်။ လူသားမျိုးနွယ် ကျင့်ကြံသူများသည် အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့မှသာ ၎င်းတို့ကို လက်မတင်လေး တားဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်ငြား ယခုမူ နတ်ဆိုးမျိုးနွယ်စုမှာ မြေအောက်နတ်ဆိုးဂူထဲတွင် ချိပ်ပိတ်ခံလိုက်ရပြီး မိစ္ဆာမျိုးနွယ်စုမှာမူ ဝိညာဉ်သားရဲများအဖြစ် ပြောင်းလဲအသုံးချခံလိုက်ရချေပြီ။
ဤသို့သော အနာဂတ်မှာ အလွန်ပင် ယုံကြည်နိုင်ဖွယ် မရှိပေ။
ယခင်က မည်မျှပင် ရဲတင်းသော ကျင့်ကြံသူဖြစ်စေကာမူ ဤသို့သော အနာဂတ်ကို သေချာပေါက် စိတ်ကူးယဉ်ဝံ့မည် မဟုတ်ပေ။
လူသားမျိုးနွယ်သည် မည်သည့်အချိန်က ဤမျှ ကြောက်မခန်းလိလိ အစွမ်းထက်လာခဲ့ပါသနည်း။
ဝုန်း...
ရွှေဝါးတာအိုအရှင်နှင့် အခြားသူများ တစ်စုံတစ်ရာ ပြောဆိုနိုင်ခြင်း မရှိသေးမီမှာပင် ကျောက်ယန်က လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်၏။
ချက်ချင်းပင် ကောင်းကင်ယံမှ နတ်ဘုရားအသွင်ပြောင်းအဆင့် ကြမ်းကြုတ်သော ငှက်ကြီးတစ်ကောင် ပျံသန်းလာပြီး မြေပြင်ပေါ်သို့ ရုတ်တရက် ဆင်းသက်လာခဲ့သည်။ ၎င်းခန္ဓာကိုယ်မှ ထိတ်လန့်ဖွယ်ရာ အရှိန်အဝါများ ထွက်ပေါ်လာပြီး ဤကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံသွားကာ လင်းယင်ဂိုဏ်းမှ ကျင့်ကြံသူများကို ကြောက်ရွံ့တုန်လှုပ်စေခဲ့လေသည်။
ထို့အပြင် ဤကြမ်းကြုတ်သောငှက်ကြီး တစ်ကောင်တည်း မဟုတ်ပေ။ ပတ်ဝန်းကျင်၌လည်း နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲအကောင်ပေါင်း ဒါဇင်နှင့်ချီ၍ ပေါ်ထွက်လာခဲ့၏။
၎င်းတို့သည် ပတ်ဝန်းကျင် အရပ်လေးမျက်နှာတွင် ဖြန့်ကြက်နေရာယူထားကာ လူတိုင်း၏ ချီအငွေ့အသက်များကို ပိတ်လှောင်ထားပြီး အငမ်းမရ စိုက်ကြည့်နေကြသည်။
အကယ်၍ သူတို့သာ အနည်းငယ် လှုပ်ရှားဝံ့ပါက ဤဝိညာဉ်သားရဲအုပ်စု၏ အမြစ်ပြတ် သတ်ဖြတ်ခြင်းကို ခံရကာ အလောင်းပင် ကျန်ရှိမည်မဟုတ်သကဲ့သို့ ထင်မှတ်ရပေသည်။
"နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲတွေလား..."
"မင်း ခုနက ပြောတဲ့စကားတွေက တကယ်ကြီးပဲ... ရွှမ်ဟွမ်ဂိုဏ်းမှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲ ဘယ်နှကောင်တောင် ရှိနေတာလဲ..."
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှေဝါးတာအိုအရှင်နှင့် အခြားသူများ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားခဲ့သည်။
သူတို့၏ရင်ထဲမှ သံသယများမှာ လုံးဝ ရှင်းလင်းသွားခဲ့ချေပြီ။
ဤနက်နဲဆန်းကြယ်သော ရွှမ်ဟွမ်ဂိုဏ်းသည် အမှန်တကယ်ပင် ကြောက်မခန်းလိလိ ဖြစ်လွန်းလှသည်။ နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲ ဒါဇင်နှင့်ချီ၍ အလွယ်တကူ ထုတ်ပြနိုင်ခြင်းမှာ အလွန်အမင်း ချဲ့ကားလွန်းရာကျပေသည်။ ယခင် ရှေးဟောင်းဂိုဏ်းများပင်လျှင် ဤအချက်ကို လုံးဝ လုပ်ဆောင်နိုင်စွမ်း မရှိခဲ့ပေ။
ယခုအခါ သူတို့၏ ရင်ထဲတွင် ဧရာမလှိုင်းလုံးကြီးများ ရိုက်ခတ်နေသကဲ့သို့ တုန်လှုပ်နေခဲ့ပြီ ဖြစ်၏။
"အဲဒါကတော့ လက်ရှိအချိန်အထိဆိုရင် အနည်းဆုံး နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲ (၃၀၀၀၀) ကျော်လောက်တော့ ယဉ်ပါးအောင် လုပ်ထားပြီးပြီ..."
ကျောက်ယန်က သေချာစွာ စဉ်းစားလိုက်၏။
ဤမျှများပြားသော နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲများ ရှိနေရခြင်း၏ အကြောင်းရင်းမှာ ယခုကာလအတွင်း ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်သည် အလယ်အလတ်ကမ္ဘာအချို့ကို အခါအားလျော်စွာ ဖမ်းယူလာခဲ့ပြီး ထိုကမ္ဘာများမှ နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲများကို ဂိုဏ်းချုပ်အရှင်က ဖမ်းဆီးကာ ယဉ်ပါးအောင် ပြုလုပ်ခဲ့ခြင်းကြောင့်ပင်။
ထို့ကြောင့် ဤနတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲများအားလုံးသည် အသွင်ပြောင်းခံရကာ ရွှမ်ဟွမ်ဂိုဏ်း၏ အစောင့်အရှောက် ဝိညာဉ်သားရဲများ ဖြစ်လာခဲ့ချေပြီ။
ဤသည်က ရွှမ်ဟွမ်ဂိုဏ်း၏ အင်အားကိုလည်း မယုံနိုင်လောက်အောင် အဆမတန် တိုးတက်လာစေခဲ့သည်။
မှန်ပေ၏၊ ဤနတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲများအပြင် အခြားအလယ်အလတ်ကမ္ဘာများမှ လာသော လူသားမျိုးနွယ် နတ်ဘုရားအသွင်ပြောင်းအဆင့်များလည်း များစွာ ရှိနေသေး၏။
ဤလူသားမျိုးနွယ် နတ်ဘုရားအသွင်ပြောင်းအဆင့်များထဲမှ အချို့က ရွှမ်ဟွမ်ဂိုဏ်းသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ကြပြီး ဂုဏ်ထူးဆောင် အကြီးအကဲများ ဖြစ်လာခဲ့ကြသည်။
အချို့မှာမူ ရွှမ်ဟွမ်ဂိုဏ်းမှ ထွက်ခွာသွားကာ အခြားနေရာများသို့သွားရောက်၍ ဂိုဏ်းများ တည်ထောင်ခဲ့ကြပြီး လက်အောက်ခံဂိုဏ်းများ ဖြစ်လာခဲ့ကြလေသည်။
အချုပ်အားဖြင့်ဆိုရသော် ဤကာလအတွင်း ရွှမ်ဟွမ်ဂိုဏ်း၏ အင်အားသည် အဆမတန် ကြီးမားစွာ တိုးတက်လာခဲ့ခြင်းပင် ဖြစ်၏။
ယခုအခါ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများသည် တန်ဖိုးမရှိတော့ပေ။ နေရာတိုင်းတွင် တွေ့မြင်နိုင်သည်ဟု မဆိုနိုင်သော်လည်း ယခင်ကလောက် ရှားပါးခြင်း မရှိတော့ပေ။