← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

အခန်း (၃၅) သူမနှင့်အတူ လိုက်လံကစားပေးခြင်း

ကျူချမ်းချမ်း၏ ထိန်းချုပ်မှုအောက်ရှိ အမျိုးသားများ ထွက်ခွာသွားကြပြီးနောက်သူမ၏ ပုံသဏ္ဌာန်က ရုတ်တရက် ပြောင်းလဲသွား၏။

သူမ ဝတ်ဆင်ထားသော အနက်ရောင် ကိုယ်ကျပ် ဂါဝန်တိုနှင့် ကြိုးသိုင်း ဒေါက်မြင့်ဖိနပ်ရှည်တို့သည် အနက်ရောင် မြူခိုးများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်၊၊

သူမ၏ မျက်နှာပေါ်ရှိ ဆွဲဆောင်မှု ရှိလှသော မိတ်ကပ်များလည်း ပျောက်ကွယ်သွား၏။ စွမ်းရည် နိုးထလာမှုကြောင့် ပိုမို ထင်ရှားပြည့်စုံလာသော ခန္ဓာကိုယ်အချိုးအစားမှလွဲ၍ လက်ရှိ ကျူချမ်းချမ်းသည်မည်သို့ပင် ကြည့်ပါစေ သာမန် လှပသောအမျိုးသမီးတစ်ဦးနှင့်သာ တူနေတော့သည်၊၊

သူမသည် အဝတ်အစားပုံထဲမှ အဝတ်အချို့ကို ထုတ်ယူကာ အေးအေးလူလူ ဝတ်ဆင်ပြီးနောက် ကုတင်ဆီသို့ ပြေးသွားပြီး စောင်ဖြင့် တစ်ကိုယ်လုံးကို တင်းကျပ်စွာ ပတ်ထားလိုက်၏။

တစ်ချိန်တည်းမှာပင် ပုဟွေနှင့်လူမိုက်အချို့သည် ယွဲ့ဟွာ၏ နေအိမ်တံခါးကို ဖျက်ဆီးပြီး ဝင်ရောက်ခဲ့ကြသည်၊၊

သို့သော်လည်း သူတို့ အထဲသို့ အတင်းဝင်ရောက်သွားချိန်တွင်မည်သူမျှ မရှိသည်ကို တွေ့လိုက်ရ၏။

သေချာစွာ စစ်ဆေးပြီးနောက် ပုဟွေက ယွဲ့ဟွာသည် ကမ္ဘာပျက်ကပ်ဘေးကြီး စတင်ပြီးနောက်ပိုင်း အိမ်တွင် ခဏမျှ နေထိုင်ခဲ့ပြီးမှ ထွက်ခွာသွားခြင်း ဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်၊၊

၎င်းက ပုဟွေကို အတော်လေး စိတ်တိုသွားစေ၏။ တစ်စုံတစ်ယောက်က သူတို့ထက် လက်ဦးမှုယူပြီး ယွဲ့ဟွာကို ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ထင်ရှားနေ၍ ဖြစ်၏။

ဒေါသထွက်နေသော်လည်း ပုဟွေအနေဖြင့် ယွဲ့ဟွာကို ခေါ်ဆောင်သွားသောသူကို လောလောဆယ် လိုက်လံရှာဖွေရန် အချိန်မရှိသဖြင့် သူ့လူများကို ဦးဆောင်ကာ ဖန်ချင်းယွီ၏ နေအိမ်ဆီသို့ အမြန် ဦးတည်လိုက်တော့သည်၊၊

ထိုအချိန်တွင် ရှောင်ဖန်းသည် ကျူချမ်းချမ်း၏ အိမ်တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်၏။

ကျူချမ်းချမ်း၏ အိမ်ကို ကြည့်လိုက်ရာ တံခါးက ပိတ်နေသော်လည်း သော့ခလောက်ပျက်စီးနေသည်ကို တွေ့လိုက်ရသည်၊၊

ရှောင်ဖန်း မချင့်မရဲ ဖြစ်သွားရ၏။

သူ နောက်ကျသွားပြီလား။

သို့သော်လည်း ရှောင်ဖန်းသည် ပျက်စီးနေသော သော့ခလောက်မှ အမှတ်အသားများကို သေချာကြည့်လိုက်ရာ ၎င်းက လွန်ခဲ့သော အချိန်အတော်ကြာကတည်းက ဖြစ်ပျက်ခဲ့ပုံရကြောင်း သတိပြုမိသွားသည်၊၊

၎င်းကို မြင်သဖြင့် ရှောင်ဖန်းသည် အထဲသို့ ဝင်ရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်၏။

ကျူချမ်းချမ်း၏ အိမ်ထဲသို့ သတိထား၍ ဝင်ရောက်ပြီးနောက် ရှောင်ဖန်းသည် အိပ်ခန်းထဲမှ အလင်းရောင်ဖျော့ဖျော့ ထွက်ပေါ်နေသည်ကို သတိပြုမိလိုက်သည်၊၊

ရှောင်ဖန်း အိပ်ခန်းထဲသို့ ဂရုတစိုက် ဝင်သွားရာ အမျိုးသမီးတစ်ဦးက စောင်အောက်တွင် ကုန်းကုန်းလေး ဖြစ်နေပြီး ဖုန်းတစ်လုံးကို ကိုင်ထားလျက် တုန်ရင်နေသည်ကို မြင်လိုက်ရ၏။

"မင်းက ကျူချမ်းချမ်း လား"

ထိုအချိန်တွင် ကျူချမ်းချမ်းက မော့ကြည့်လာရာ သူမ၏ ဖြူလျော့နေသော မျက်နှာမှာသနားစဖွယ်ဖြစ်‌ နေခဲ့၏။

"ကျွန်မပါပဲ၊ ရှင်က လုံခြုံရေးဝန်ထမ်း အဘိုးကြီးရှောင် လား"

ရှောင်ဖန်းသည် နှာခေါင်းနှင့် ပါးစပ်ကို ဖုံးကွယ်ထားသော နှာခေါင်းစည်းကို ဝတ်ဆင်ထားသဖြင့် ကျူချမ်းချမ်းအနေဖြင့် လာရောက်သူက မည်သူဖြစ်ကြောင်း သေချာမသိခြင်း ဖြစ်၏။

သူမက အမှန်တကယ်ပဲ ကျူချမ်းချမ်း ဖြစ်ကြောင်း ကြားလိုက်ရသဖြင့် ရှောင်ဖန်း စိတ်ထဲတွင် ဝမ်းသာသွားရသည်၊၊

ထို့နောက်သူမကိုနေရာမှ ခေါ်ထုတ်မသွားမီ လဲလှယ်ဝတ်ဆင်ရန်အတွက် အအေးဒဏ်ခံ အဝတ်အစားတစ်စုံကို ပေးရန် ရည်ရွယ်ချက်ဖြင့် ရှောင်ဖန်း ရှေ့သို့ အမြန် တစ်လှမ်း တိုးလိုက်သည်၊၊

သို့သော်လည်း ရှောင်ဖန်းသည် ကျူချမ်းချမ်း၏ အနားသို့ ချဉ်းကပ်မိသည်နှင့်တစ်ပြိုင်နက် ရုတ်တရက် ရပ်တန့်သွား၏။

သူ့မျက်နှာတွင် အံ့အားသင့်မှုတစ်ခု ဖြတ်ပြေးသွားသော်လည်း ရှောင်ဖန်း၏ မျက်နှာအမူအရာက ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်၊၊

"ဒီအဝတ်အစားတွေကို ဝတ်ပြီး ငါ့နောက်ကို လိုက်ခဲ့"

ရှောင်ဖန်းသည် ကျူချမ်းချမ်းထံသို့ အအေးဒဏ်ခံ အဝတ်အစားတစ်စုံ လှမ်းပစ်ပေးပြီး အိပ်ခန်းထဲမှ ထွက်ခွာခဲ့၏။

အိပ်ခန်းပြင်ပသို့ ရောက်ရှိသွားသောအခါ ရှောင်ဖန်း၏ မျက်နှာတွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လာတော့သည်၊၊

အဘယ်ကြောင့်ဆိုသော် သူ ကျူချမ်းချမ်း၏ အနားသို့ ချဉ်းကပ်လိုက်သည့် အချိန်မှာပင်..စနစ်က သူ့ကို ရုတ်တရက် သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းကြောင့် ဖြစ်၏။

{စွမ်းရည်နိုးထထားသော အဆင့်မြင့်အမျိုးသမီးတစ်ဦးကို တွေ့ရှိရသည်။ ဘက်စုံရမှတ် - ၉.၆။ သိမ်းပိုက်ရန် သင့်တော်သော ပစ်မှတ် ဖြစ်သည်}

ကျူချမ်းချမ်းက အမှန်တကယ်ပင် စွမ်းရည်တစ်ခု နိုးထထားခြင်း ဖြစ်သည်၊၊ သို့ဆိုလျှင် ပျက်စီးနေသော တံခါးသော့က ဘာလဲ။

ထို့ပြင် စွမ်းရည်တစ်ခု နိုးထပြီးနောက်တွင် ကျူချမ်းချမ်းအနေဖြင့် ရှောင်ဖန်းကဲ့သို့ပင် အအေးဒဏ်ကို ခံနိုင်ရည် ပိုမို မြင့်မားနေရမည် ဖြစ်သည်၊၊ သူမက ဘာလို့ဟန်ဆောင်နေရတာလဲ။သူမရဲ့ ရည်ရွယ်ချက်က ဘာလဲ။၎င်းက ရှောင်ဖန်းကိုအတော်လေးလည်း စိတ်လှုပ်ရှားသွားစေ၏။

တကယ်လို့ သူက စွမ်းရည်နိုးထထားတဲ့ အဆင့်မြင့်အမျိုးသမီးတစ်ဦးကို အောင်မြင်စွာ သိမ်းဆည်းနိုင်ရင် ဘယ်လိုမျိုး ဖြစ်လာမလဲ။

ထို့ကြောင့် ရှောင်ဖန်းသည် ကျူချမ်းချမ်း ဘာလုပ်မည်ကို အတိအကျ သိရှိနိုင်ရန်အတွက် သူမ၏ သရုပ်ဆောင်မှုတွင် တည်ငြိမ်စွာဖြင့် လိုက်လံကစားပေးရန် ဆုံးဖြတ်လိုက်တော့သည်၊၊

အတော်ကြာအောင်အချိန်ဆွဲပြီးနောက် တွင် ကျူချမ်းချမ်းသည် အဝတ်လဲပြီး အိပ်ခန်းထဲမှ ထွက်လာခဲ့၏။

ကျူချမ်းချမ်းက တမင်တကာ အချိန်ဆွဲနေခြင်း ဖြစ်ကြောင်းကိုလည်း ရှောင်ဖန်း သိရှိနေသည်၊၊

"ကဲ သွားကြစို့၊ ငါ့အနားမှာပဲ နေပါ"

ရှောင်ဖန်းက ဦးဆောင်လျက် တံခါးဆီသို့ လျှောက်လှမ်းလိုက်၏။

သူတို့ အပြင်သို့ လှမ်းထွက်လိုက်သည်နှင့် မြေညီထပ်မှ ပုဟွေ၏ ဆဲဆိုသံကို ကြားလိုက်ရသည်၊၊

"သောက်ခွေးပဲ....ဖန်ချင်းယွီ လည်း အလုခံလိုက်ရပြန်ပြီ။ ငါ့ရဲ့ သားကောင်ကို ဘယ်ကောင်က နှိုက်သွားတာလဲဆိုတာ သိရင်တော့ သူ့ကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်မယ်"

ရှောင်ဖန်းသည် အခန်းတွင်းသို့ ချက်ချင်းပင် အမြန် နောက်ဆုတ်ဝင်လိုက်၏။

ကျူချမ်းချမ်း၏ နှုတ်ခမ်းထောင့်တွင် မသိသာသော အပြုံးတစ်ခု ပေါ်သွားပြီးနောက် သူမက ထိတ်လန့်နေသော အမူအရာဖြင့် မေးလိုက်သည်၊၊

"ဘာဖြစ်လို့လဲ"

"ဘာမှမဟုတ်ပါဘူး။ လူအချို့ တက်လာနေတာ၊ ပုဟွေတို့အဖွဲ့ ဖြစ်လိမ့်မယ်"

ရှောင်ဖန်းက တည်ငြိမ်စွာ ပြောလိုက်၏။

"ဒါဆို ကျွန်မတို့ ဘာလုပ်ကြမလဲ။ ပုဟွေက သွေးအေးလူသတ်သမားပဲ၊ ရှင် ကျွန်မကို ကာကွယ်ပေးရမယ်နော်"

ရှောင်ဖန်း ပြုံးလိုက်ပြီး"စိတ်မပူပါနဲ့ မစ်ကျူ၊ ငါ မင်းကို သေချာပေါက် ကာကွယ်ပေးမှာပါ"

၎င်းကို ပြောပြီးနောက် ရှောင်ဖန်းသည် ကျူချမ်းချမ်းကို သူ့ရှေ့သို့ ရုတ်တရက် ဆွဲခေါ်ကာ ကန်ချလိုက်တော့သည်၊၊

ထို့နောက် ရှောင်ဖန်းသည် လှည့်၍ အိပ်ခန်းထဲသို့ ပြေးဝင်သွား၏။

ရှောင်ဖန်း၏ရုတ်တရက် လှုပ်ရှားမှုကြောင့် ကျူချမ်းချမ်း ဆွံ့အသွားရသည်၊၊ မိမိကို ကာကွယ်ပေးမည်ဟု အခုတင် ပြောလိုက်သော အမျိုးသားက မိမိကို ကြမ်းပြင်ပေါ် ကန်ချပြီး သူ့ဘာသာ အိပ်ခန်းထဲ ဝင်ပုန်းလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။

ကွက်တိပင် အပြင်ဘက်မှ လူတစ်ဦး၏ အော်ဟစ်သံ ထွက်ပေါ်လာ၏။

ဆရာ၊ မဟုတ်တော့ဘူး။ ကျူချမ်းချမ်း ရဲ့ အိမ်တံခါး သော့ခလောက်က ဖျက်ဆီးခံထားရတယ်"

"တောက်... ဘယ်သောက်ကောင်လဲကွာ"

ထိုဆဲဆိုသံနှင့်အတူ ပုဟွေ ဝင်လာတော့သည်၊၊

ဝင်လာပြီးနောက် ပုဟွေသည် ကြမ်းပြင်ပေါ်တွင် ထိုင်နေသော ကျူချမ်းချမ်းကို မြင်လိုက်ရသဖြင့် သူ့မျက်ဝန်းများ ချက်ချင်းတောက်ပသွား၏။

"မစ်ကျူ၊ မင်းက အစားအစာ လာမအပ်ဘူးဆိုတော့ ငါကပဲ လာသိမ်းတာပေါ့"

"ဟီးဟီး၊ အစ်ကိုပု ကိုး။ ကျွန်မက မအပ်ချင်တာ မဟုတ်ပါဘူး၊ ကျွန်မရဲ့ အစားအစာတွေ အားလုံး အခိုးခံလိုက်ရလို့ပါ၊ အဲဒီလူက အခု အိပ်ခန်းထဲမှာ ပုန်းနေတယ်"

ကျူချမ်းချမ်းက စိတ်မကောင်းသော မျက်နှာဖြင့် ပြောလိုက်၏။

"အို... ဒီလိုမျိုး ရှိသေးတာလား။ ဘယ်ကောင်က ဒီလောက် သတ္တိကောင်းနေတာလဲ" ပုဟွေက တင်းမာသော မျက်နှာဖြင့် မေးသည်၊၊

"လုံခြုံရေးဝန်ထမ်း အဘိုးကြီးရှောင် ပါ"

ကျူချမ်းချမ်းက အိပ်ခန်းတံခါးကို တစ်ချက်ကြည့်ရင်း ပြောလိုက်၏။

"အဲဒီအဘိုးကြီးက... သေချင်နေတာပဲ"

"သွားစမ်း။ တံခါးကို ဖျက်ဆီးပြီး အဲဒီအဘိုးကြီးကို ဆွဲထုတ်ခဲ့။ အိမ်ရာဝင်းထဲမှာ သူ့ကို ကိုယ်လုံးတီး ပြေးခိုင်းရမယ်"

ပုဟွေက သူ့လူမိုက်များကို လက်ဝေ့ယမ်းပြလိုက်၏။

လူမိုက်နှစ်ဦး ရှေ့သို့ ပြေးထွက်ကာ အိပ်ခန်းတံခါးကို ကြမ်းတမ်းစွာ စတင် ကန်တော့သည်၊၊

အိပ်ခန်းတံခါးကိုတော့ ရှောင်ဖန်းက အထဲမှ ကုတင်နှင့် ဘီဒိုများကို သုံး၍ တင်းကျပ်စွာ ပိတ်ဆို့ထားပြီး ဖြစ်ရာ လူမိုက်နှစ်ဦးအနေဖြင့်ကန်မဖွင့်နိုင်ပေ။

သို့သော်လည်း သူတို့ဆရာက ရပ်ရန် မပြောသဖြင့် လူမိုက်နှစ်ဦးမှာ တံခါးကိုသာ ဆက်တိုက် ကန်နေကြရ၏။

"မင်းတို့ သောက်သုံးမကျတဲ့ အကောင်တွေ၊ အိပ်ခန်းတံခါးတစ်ခုတောင် ကန်မဖွင့်တတ်ဘူး"

သူတို့ ဤမျှကြာအောင် ကန်နေသော်လည်း မပွင့်လာသည်ကို မြင်ရသဖြင့် ပုဟွေ အနည်းငယ် ဒေါသထွက်လာ၏။

ထိုအချိန်မှာပင် တံခါးကန်နေသော လူမိုက်တစ်ဦးမှာ ရှေ့သို့ ရုတ်တရက်လဲကျသွားသဖြင့် ပုဟွေလန့်ဖျတ်သွား၏။

"ဘာဖြစ်တာလဲ။ နှလုံးရပ်သွားတာလား"

ပုဟွေ ဇဝေဇဝါ ဖြစ်နေဆဲမှာပင် နောက်ထပ် လူမိုက်တစ်ဦးလည်း လဲကျသွားပြန်၏။

အမှန်တွင်ရှောင်ဖန်းကအသံကို နားထောင်ပြီး တံခါးမှတစ်ဆင့် သူ့ ဟင်းလင်းပြင် လက်ဝါး စွမ်းရည်ကို အသုံးပြုကာ လူမိုက်နှစ်ဦး၏ ခေါင်းနောက်စေ့ကို လှမ်းရိုက်လိုက်ခြင်း ဖြစ်သည်၊၊

သာမန်အမျိုးသားတစ်ဦးထက် နှစ်ဆခွဲရှိသော ခွန်အားရမှတ် ၂၅ ဖြင့် ခေါင်းနောက်စေ့ကို ရိုက်ခတ်မှုက လူမိုက်နှစ်ဦးကို ခဏချင်းပင် သတိလစ်သွားစေခြင်း ဖြစ်၏။

ရှောင်ဖန်းကသူ့စွမ်းရည်များကိုအလွယ်တကူမသုံးသဖြင့်လူမိုက်သားသက်သာသွားခြင်းဖြစ်သည်။

မဟုတ်ပါက လူမိုက်နှစ်ဦးမှာ ယခုအချိန်တွင် အလောင်းနှစ်လောင်း ဖြစ်နေလောက်ပြီ ဖြစ်၏။

ပုဟွေသည် လူမိုက်နှစ်ဦး၏ အသက်ရှူနှုန်းကို စစ်ဆေးလိုက်ရာ သူတို့ အသက်ရှူနေဆဲဖြစ်ပြီးသတိလစ်နေခြင်းသာ ဖြစ်ကြောင်း တွေ့ရှိရသည်၊၊

အပြင်ဘက် မြေညီထပ်မှ နှင်းအချို့ကို ယူဆောင်၍ လူမိုက်နှစ်ဦးကို နှိုးပြီးနောက်ပုဟွေက အမြန် မေးလိုက်၏။

"ဘာဖြစ်တာလဲ။ မင်းတို့ ဘာလို့ ရုတ်တရက် မေ့လဲသွားတာလဲ"

"ဆရာ၊ ကျွန်တော် မသိဘူး။ တစ်ယောက်ယောက်က ကျွန်တော့် ခေါင်းနောက်စေ့ကို ရိုက်လိုက်သလို ခံစားရပြီး ချက်ချင်း အမှောင်ကျသွားတာပဲ"

၎င်းကို ပြောပြီးနောက် လူမိုက်သည် ဇဝေဇဝါ မျက်နှာအမူအရာဖြင့် ပုဟွေကို ကြည့်လိုက်၏။

သူက သူ့အလုပ်ရှင်ကိုယ်တိုင် လုပ်လိုက်ခြင်း ဖြစ်မည်ဟု သံသယဝင်နေခြင်း ဖြစ်သည်၊၊

နောက်ထပ် လူမိုက်တစ်ဦးကလည်း ထိုအတိုင်းပင် ထပ်တူပြောလာ၏။

လူမိုက်နှစ်ဦး၏ စကားကြောင့် ပုဟွေ စိတ်ထဲတွင် ထိတ်လန့်မှုအချို့ ခံစားလိုက်ရသည်၊၊

"မစ်ကျူ၊ မင်းအိမ်က တစ်ခုခု မူမမှန်ဘူး။ ငါနဲ့ လိုက်ခဲ့"

၎င်းကို ပြောပြီးနောက် ပုဟွေသည် ကျူချမ်းချမ်းကို အတင်းဆွဲခေါ်လျက် တံခါးဆီသို့ လျှောက်လှမ်းလိုက်တော့သည်၊၊

တံခါးပြင်ပသို့ အတင်းဆွဲထုတ်ခံရခြင်း မပြုမီ ကျူချမ်းချမ်းသည် အိပ်ခန်းဆီသို့ အဓိပ္ပာယ်ပါသော အကြည့်တစ်ချက် လှမ်းကြည့်လိုက်၏။

*********

All Chapters