အခန်း ၃၆
Vol. 4 Ch. 36
အခန်း (၃၆) ပြုစုပါ့မယ်
ပုဟွေတို့အဖွဲ့ထွက်သွား သော်လည်းရှောင်ဖန်းသည် တံခါးကို ပိတ်ဆို့ထားသော အရာများကို ဖယ်ရှားခြင်း မပြုဘဲ အိပ်ခန်းထဲ၌ အတော်ကြာငြိမ်နေခဲ့ သေး၏။
အားလုံးငြိမ်သက်သွားမှကျူချမ်းချမ်း၏ အိမ်မှ ထွက်လာပြီးအနီးအနားသို့လှည့်လည်ကြည့်ရှုရာ နေထိုင်သူ အားလုံးနီးပါး၏ တံခါးများ ဟ နေနေသည်ကိုသာ တွေ့ရ၏။
ရှောင်ဖန်း အထဲသို့ ဝင်ရောက် စစ်ဆေးသောအခါ အိမ်တိုင်း၌ အလောင်း အချို့ကို တွေ့ရပြီး အချို့မှာ မကြာသေးမီကမှ အေးခဲ သေဆုံးသွားပုံ ရ၏။
ထိုအေးခဲ သေဆုံးသူများ၏ ထူးခြားချက်မှာ အင်္ကျီများကို ချွတ်ထားကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်များပေါ်တွင် ကြာပွတ်ရာ အမြောက်အမြား ထင်ကျန်နေခြင်း ဖြစ်၏။
ကျူချမ်းချမ်းဘယ်လို စွမ်းအားမျိုးကို နိုးထလာခဲ့တာလဲ။ ရှောင်ဖန်းသည် မျက်မှောင်ကြုတ်မိသွား၏။
အကယ်၍ ကျူချမ်းချမ်းသည် တိုက်ခိုက်ရေး စွမ်းအား နိုးထလာခဲ့လျှင် ရှောင်ဖန်းနှင့် ရင်ဆိုင်ရစဉ်က ဘာလို့ပြန်လည်မတိုက်ခိုက်ရတာလဲ။
ထို့ပြင် နောက်ပိုင်းတွင် ပုဟွေက ကျူချမ်းချမ်းကို ခြိမ်းခြောက်နေချိန်၌လည်းသူမက တစ်ချက်ကလေးမျှ ခုခံခြင်း မပြုခဲ့ပေ။
သူမကပုဟွေကို သဘောကျသွား၍ခုခံခြင်းမပြုဘဲအသာတကြည်လိုက်သွားခြင်းလား။ဒါကဖြစ်နိုင်စရာမရှိပေ။
စားစရာကြောင့်လား။ ထိုအချက်ကလည်း မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ရှောင်ဖန်းသည် ကျူချမ်းချမ်း၏ အိမ်ကို ခုနကတင် စစ်ဆေးခဲ့ရာ မီးဖိုချောင်ထဲ၌ စားစရာ အမြောက်အမြား ကျန်ရှိနေသေးသည်ကို တွေ့ခဲ့ရသောကြောင့် ဖြစ်၏။
ပုဟွေကဲ့သို့ လူမိုက်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် ကျူချမ်းချမ်းက အလွယ်တကူလိုက်သွားခဲ့ခြင်းသည် မိမိကိုယ်ကိုယ် အလွန် ယုံကြည်မှု ရှိနေခြင်းကြောင့်သာ ဖြစ်နိုင်သည်။
သို့ဆိုလျှင် ကျူချမ်းချမ်းကအမှန်တကယ် ဘယ်လိုစွမ်းအားမျိုးနိုးထထားပြီး ဘာလုပ်ဖို့ ကြံစည်နေတာလဲ။
အမျိုးမျိုးလှည့်ပတ် စဉ်းစားပြီး သော်လည်း အဖြေ ရှာမရသေးသဖြင့် ဆက်မစဉ်းစားတော့ဘဲ နေလိုက်တော့၏။ အဆိုးဆုံး အခြေအနေ ရောက်လာလျှင်ပင် ကြုံလာသမျှကို တည်ငြိမ်စွာ ရင်ဆိုင်သွားရုံသာ ရှိ၏။
အိမ်သို့ ပြန်ရောက်သောအခါ ယွမ်ချင်းမေနှင့် အခြားသူများသည် အခြေအနေကို မေးမြန်းရန် သူ့ထံဝိုင်းအုံလာကြ၏။
ရှောင်ဖန်းက သူတို့ကို နှစ်သိမ့်ရန် စကားအချို့ကို ပြောဆိုကာ လွှဲဖယ်လိုက်၏။
ရှောင်ဖန်းက သူတို့ကို မပြောပြချင်၍ မဟုတ်ဘဲ သူကိုယ်တိုင်ပင် အဖြေ မသိသေးသဖြင့် ပြောပြမိပါက ယွမ်ချင်းမေတို့ အလကားနေရင်း စိုးရိမ်ပူပန်မှုကိုသာ တိုးပွားစေမည် ဖြစ်သောကြောင့် ဖြစ်၏။
နောက်တစ်နေ့။
ပုဟွေသည် အိမ်ပိုင်ရှင်များအုပ်စုထဲ၌ မက်ဆေ့ခ်ျတစ်ခု ပို့လာပြီး မနေ့က စားစရာ အပ်နှံထားသူများအနေဖြင့် ယနေ့အတွက် ရိက္ခာဝေစုကို မြေအောက်ကားပါကင်၌ လာရောက် ထုတ်ယူရန် ပြောကြားလာ၏။
ဤအချက်က ရှောင်ဖန်း လုံးဝ မျှော်လင့်မထားသော ကိစ္စဖြစ်ပြီး ပုဟွေက ယခုကဲ့သို့ စေတနာ ကောင်းနေခြင်းကို သူ မယုံနိုင်အောင် ဖြစ်ရ၏။
သို့သော်လည်း အုပ်စုထဲရှိ နေထိုင်သူများ၏ တုံ့ပြန်မှုကို မြင်ရသောအခါ ရှောင်ဖန်း၏ သံသယများပျောက်ကွယ်သွားရ၏။
ပုဟွေကနေထိုင်သူများကို ဝေငှပေးနေသော စားစရာမှာ အလွန်တရာ နည်းပါးလှ၏။
လူတစ်ယောက်လျှင် ပေါင်မုန့် အသေးတစ်ဖဲ့၏ ထက်ဝက် နှင့်ခေါက်ဆွဲခြောက် အနည်းငယ်သာ ရရှိကြ၏။
ထိုလူတို့၏ မေးခွန်းထုတ်မှုများနှင့် ရင်ဆိုင်ရသောအခါ ပုဟွေက နောက်ထပ် မက်ဆေ့ခ်ျတစ်ခုကို ချက်ချင်း ပို့လိုက်ပြန်၏။
နေထိုင်သူများအနေဖြင့် ဤအကျပ်အတည်းကို ပိုမို ကောင်းမွန်စွာ ကျော်လွှားနိုင်စေရန်အတွက် အိမ်ရာဝင်းအတွင်း အမိန့်ညွှန်ကြားချက်နှင့် ဘေးကင်းလုံခြုံရေးကို ထိန်းသိမ်းရန် ကင်းလှည့်အဖွဲ့တစ်ခု ဖွဲ့စည်းရန် ဆုံးဖြတ်လိုက်ကြောင်း ဖော်ပြထား၏။
ထိုအဖွဲ့ဝင်ရန်သတ်မှတ်ချက်မှာ ငယ်ရွယ်ပြီး သန်မာထွားကျိုင်းသော အမျိုးသားများ ဖြစ်ရမည်ဖြစ်ပြီး ရွေးချယ်ခံရပါကနေ့စဉ် စားစရာ အပြည့်အဝပေးမည်ဟုအာမခံထား၏။
ထိုမက်ဆေ့ခ်ျ တက်လာသည်နှင့် တပြိုင်နက် လူအများအပြားက ကင်းလှည့်အဖွဲ့ထဲ ဝင်ရောက်ခြင်းကြောင်း ဖော်ပြကြ၏။
ရှောင်ဖန်းကထိုမက်ဆေ့ခ်ျများကို မြင်သောအခါ ပုဟွေသည် သူ၏ အင်အားကို တောင့်တင်းအောင် လုပ်ရန် လူစုဆောင်းနေခြင်း ဖြစ်မည်ဟု ပထမဆုံး တွေးလိုက်မိ၏။
သို့သော်လည်း ရှောင်ဖန်းသည် ထိုအချက်ကို ဂရုမစိုက်ပေ။ သူသည် စွမ်းအား နိုးထလာခဲ့သော ကျူချမ်းချမ်း ဘာလုပ်နေသည်ကိုသာ သိချင်နေ၏။
အကြောင်းမှာတစ်ရပ်ကွက်လုံးတွင် ကျူချမ်းချမ်းသည်သာ စွမ်းအား နိုးထထားသူ ဖြစ်သဖြင့် သူ့အတွက်ခြိမ်းခြောက်မှု ရှိနိုင်သည်ဟု ရှောင်ဖန်း ခံစားရသောကြောင့် ဖြစ်၏။
ရှောင်ဖန်းသည် ယခုအချိန်တွင်မှနောင်တရမိ၏။ ကျူချမ်းချမ်းနှင့် ပထမဆုံး တွေ့ဆုံစဉ်က သူမတွင် စွမ်းအား ရှိနေပါလျက်နှင့် အားနည်းဟန် ဆောင်နေသည်ကို သိခဲ့ရစဉ်ကတည်းက ထိုနေရာ၌တင် သတ်ပစ်ခဲ့သင့်၏။
ထိုသို့ လုပ်မည့်အစား သူမကို မိမိ၏ အလှပဂေးများထဲမှ တစ်ယောက်အဖြစ် သိမ်းပိုက်ရန် စဉ်းစားခဲ့မိသဖြင့်အကြီးအကျယ်နောင်တရနေမိ၏။
ထိုအချိန်တွင် ဝမ်ပေါင်သည် သူ၏ ဘေးကင်းလုံခြုံသော အိမ်ထဲ၌ ကုန်းကုန်းကွကွဖြင့် ဖုန်းထဲမှ မက်ဆေ့ခ်ျများကို ကြည့်ရင်း မျက်နှာတွင် အထင်သေးသော အရိပ်အယောင်များ ယှက်သန်းနေ၏။
ပုဟွေ၏ လူစုဆောင်းမှုသည် သူ့ကို အရေးယူရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု သူက ယုံကြည်နေ၏။
သို့သော် သူ မကြောက်ပေ။သူ အပြင်မထွက်သရွေ့ မည်သူမျှ သူ့ကို ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။
ထိုအချိန်တွင် ဝမ်ပေါင်၏ ဖုန်းထဲသို့ ပုဂ္ဂလိကမက်စေ့ တစ်စောင်ရုတ်တရက် ရောက်ရှိလာ၏။
ဝမ်ပေါင် ဖွင့်ကြည့်လိုက်သောအခါ ထိုစာမှာမှာ အလှပဂေးကျူချမ်းချမ်းထံမှ ဖြစ်နေသည်ကို တွေ့ရ၏။
"အစ်ကိုဝမ်... ကျွန်မ ကျူချမ်းချမ်းပါ၊ မနေ့က ပုဟွေက ကျွန်မအိမ်ကို လာလို့ ကြောက်ကြောက်နဲ့ မြေအောက်ကားပါကင်က ဂိုဒေါင်အသေးလေးထဲမှာ ပုန်းနေရတယ်၊ ကျွန်မကို ကယ်ပါဦးလား"
ထိုမက်ဆေ့နှင့်အတူ ဓာတ်ပုံတစ်ပုံလည်း ပါလာ၏။
ဓာတ်ပုံထဲတွင် ကျူချမ်းချမ်းသည် ညစ်ပတ်ပေရေနေသော စောင်တစ်ထည်ကို ခြုံထားပြီး ဂိုဒေါင်ထောင့်တစ်ခု၌ ထိုင်နေ၏။
လှပသော မိန်းမပျိုတစ်ဦးက ယခုကဲ့သို့ သနားစဖွယ် တောင်းပန်လာသောအခါ မည်သည့်အမျိုးသားမဆို ငြင်းပယ်ရန် ခက်ခဲပေလိမ့်မည်။
ဝမ်ပေါင်သည် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ခဏနေလျှင် သွားရောက် ခေါ်ဆောင်နိုင်ရန် မည်သည့်နေရာတွင် စောင့်ဆိုင်းနေရမည်ကို ပြောပြရန် အလျင်အမြန် စာရိုက်လိုက်၏။
သို့သော် စာလုံး အနည်းငယ် ရိုက်ပြီးနောက်တွင် ဝမ်ပေါင် ရပ်တန့်သွား၏။
ထို့နောက် ဝမ်ပေါင်သည် ရိုက်ထားသော စာများကို ပြန်ဖျက်လိုက်ပြီး ဖုန်းကို ဘေးချကာ မျက်လုံးများကို မှေးစင်းရင်း အေးစက်စွာ နှာခေါင်ရှုံ့လိုက်၏။
ခဏအကြာတွင် ဝမ်ပေါင်သည် ဖုန်းကို ပြန်ကောက်ကိုင်ကာ စာရိုက်လိုက်ပြန်၏။
"ဟင်း... နင်လိုမိန်းမယုတ်ကငါ့ကို ထပ်ပြီး လှည့်စားမလို့လား၊ ငါ့ကို လာပြီး လိမ်မနေနဲ့"
မက်ဆေ့ပို့ပြီးနောက်တွင်ဝမ်ပေါင်သည် အနည်းငယ် ချီတုံခတုံ ဖြစ်နေဆဲ ဖြစ်၏။ ယခုအချိန်တွင်သူသည် စားစရာ မရှားပါးသော်လည်းအလွန် အထီးကျန်နေပြီဖြစ်၏။
နေ့တိုင်း စားလိုက် အိပ်လိုက် လုပ်နေရပြီး တစ်ဘဝလုံး ဤသို့ ဖြတ်သန်းရမည်ဆိုပါက သူ ရူးသွားနိုင်၏။
သူ မိန်းမတစ်ယောက် လိုချင်နေ၏။ သို့သော်ရုပ်ဆိုးသော မိန်းမကို သူ မလိုပေ။ လှပသော မိန်းမများနှင့် ပတ်သက်၍လည်းချန်းကျားဟွီက ပုဟွေနှင့် ပူးပေါင်းကာ သူ့ကို တံခါးဖွင့်အောင် လှည့်စားရန် ကြိုးပမ်းခဲ့သည့် အချိန်ကတည်းက ဝမ်ပေါင်သည် စိတ်ဒဏ်ရာ ရနေခဲ့၏။
ယနေ့တွင် ချန်းကျားဟွီထက်ပင် ပိုမို လှပသော ကျူချမ်းချမ်းက သူ့ထံ အစပြု၍ မက်ဆေ့ပို့လာခြင်း ဖြစ်သဖြင့်၎င်းမှာလည်းပုဟွေ၏ နောက်ထပ် လှည့်ကွက်တစ်ခု ဖြစ်နိုင်သည်ဟု သူ သံသယဝင်မိခြင်း ဖြစ်၏။
ဝမ်ပေါင်မှာသံသယဝင်နေသော်လည်း ကျူချမ်းချမ်း လိမ်ညာနေခြင်း မဟုတ်ပါစေနှင့်ဟုသာဆု တောင်းနေရ၏။ သူသည် ယခုချိန်တွင်စိတ်အပန်းဖြေရန်လှပသော မိန်းမတစ်ယောက်ကို ယခအလွန်အမင်း တောင့်တနေမိသောကြောင့် ဖြစ်၏။
ဝမ်ပေါင်တစ်ယောက် ဝေခွဲမရဖြစ်နေစဉ်မှာပင် ကျူချမ်းချမ်းက နောက်ထပ် မက်ဆေ့တစ်ခု ပို့လာပြန်၏။
"အစ်ကိုဝမ်... ကျွန်မ အစ်ကိုဝမ်ကို မလိမ်ပါဘူး၊ ကျွန်မ သူများနဲ့ ပူးပေါင်းပြီး လာလိမ်တယ်လို့ အစ်ကိုဝမ် ထက်နေတာကို သိပါတယ်၊ ဒါပေမဲ့ ကျွန်မ တကယ် မလိမ်ဘူး၊ ကျွန်မ အခု ချမ်းလည်းချမ်း ဆာလည်းဆာနေပြီ၊ တကယ်လို့ အစ်ကိုဝမ်သာ ကျွန်မကို လက်မခံဘူးဆိုရင် ဒီနေ့ အပြင်မှာတင် အေးခဲသေသွားလိမ့်မယ်"
ဝမ်ပေါင်သည်ထိုမက်ဆေ့ကြောင့် စိတ်လှုပ်ရှားသွားသော်လည်း မိမိ၏ ဘေးကင်းလုံခြုံရေးအတွက် တွေးတောကာ ဝေခွဲမရ ဖြစ် နေခဲ့၏။
ထိုအချိန်တွင်ကျူချမ်းချမ်းကမက်ဆေ့တစ်ခု ထပ်ပို့လာ၏။
"ကျွန်မ တောင်းပန်ပါတယ် အစ်ကိုဝမ်ရယ်... အစ်ကိုဝမ်သာ ကျွန်မကို လက်ခံမယ်ဆိုရင် အစ်ကိုကြိုက်သလို လုပ်လို့ရပါတယ်၊ ကျွန်မ နေ့တိုင်း ကောင်းကောင်း ပြုစုပါ့မယ်"
သူမ၏စကားကဝမ်ပေါင်၏ သွေးများကို ခန္ဓာကိုယ် အောက်ပိုင်းတစ်နေရာသို့ ချက်ချင်း ဆူပွက် စီးဆင်းသွားစေတော့၏။ သူသည် ကျူချမ်းချမ်းကို ယခုချက်ချင်း အိမ်သို့ ခေါ်ဆောင်လာချင်စိတ်များ ထိန်းမရအောင် ဖြစ်လာ၏။
ဝမ်ပေါင်သည် အကြံတစ်ခုကို လျင်မြန်စွာ တွေးမိသွားပြီး ကျူချမ်းချမ်းထံ မက်ဆေ့ ပြန်ပို့လိုက်၏။
"အခု ငါ့အိမ်တံခါးရှေ့ကို လာခဲ့၊ ရောက်ရင် မက်ဆေ့ပို့"
"ဟုတ်ကဲ့... ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုဝမ်၊ ကျွန်မ အစ်ကိုဝမ်ကို အကြိုက်တွေ့စေရပါ့မယ်"
နာရီဝက်ခန့် ကုန်လွန်သွားပြီးချိန်တွင်ကျူချမ်းချမ်းထံမှ ဝမ်ပေါင်၏ အိမ်တံခါးရှေ့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း မက်ဆေ့ ရောက်လာ၏။
မက်ဆေ့ကို မြင်လျှင် ဝမ်ပေါင်သည် စိတ်လှုပ်ရှားစွာ ထရပ်လိုက်ပြီး တံခါးပေါ်ရှိ အပေါက်ငယ်လေးကို သတိကြီးစွာဖြင့် ဖွင့်လှစ်လိုက်၏။ အဝေးမှ လှမ်းကြည့်လိုက်သောအခါ ကျူချမ်းချမ်းသည် အပြင်ဘက်တွင် တစ်ဦးတည်း ရှိနေသည်ကိုတွေ့ရ၏။
သို့သော်လည်း ဝမ်ပေါင်သည် တံခါးကို ချက်ချင်း မဖွင့်သေးဘဲ ပြောလိုက်၏။
"အခု ငါနဲ့ ဗီဒီယိုကော ခေါ်လိုက်၊ ပြီးရင် ဖုန်းကင်မရာကို လှေကားတွေနဲ့ နင့်ပတ်ပတ်လည် တစ်ပတ် အပြည့် လှည့်ပြ"
အကယ်၍ သူ၏ ဘေးကင်းလုံခြုံသော အိမ်သည် ရာနှုန်းပြည့် ပြီးစီး နေပါကမဟုတ်ပါက ဝမ်ပေါင်သည် ထိုသို့ပြုလုပ်ရန်လိုမည်မဟုတ် ချေ။အိမ်၏အချောသပ်ဒီဇိုင်းတွင် အဝင်ဝ၌ လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားပြီး အပြင်ဘက် အခြေအနေကို ကွယ်ရာမရှိ ကြည့်ရှုနိုင်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်၏။
ကျူချမ်းချမ်းသည် ဝမ်ပေါင်၏ တောင်းဆိုမှုကို ကြားသောအခါ ခဏမျှ ကြောင်အန်းအန်း ဖြစ်သွားပြီးနောက် ပြုံးလျက် ပြောလိုက်၏။
"ရပါတယ် အစ်ကိုဝမ်"
*********