← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

အခန်း (၃၈) ကျူချမ်းချမ်း၏ ရည်မှန်းချက်

ပုဟွေ၏ ခြိမ်းခြောက်မှုများကိုကြောက်ရွံ့ကြသော နေထိုင်သူအချို့သည် မိမိတို့၏ အသုံးအဆောင် ပစ္စည်းများကို သယ်ဆောင်ကာ မြေအောက်ကားပါကင်သို့စတင်၍ပြောင်းရွှေ့ကြတော့၏။

မြေအောက်ကားပါကင်သို့ ရောက်ရှိသွားပြီးနောက် သူတို့သည် အချို့သူများ ပြောခဲ့ကြသည့်အတိုင်း ထိုနေရာ၏ အပူချိန်မှာ ၎င်းတို့၏ အိမ်များထက်ပိုမို နွေးထွေးသည်ကို တွေ့ရှိသွားကြ၏။

၎င်းသတင်းသည် အိမ်ပိုင်ရှင်များအဖွဲ့ထဲသို့ ချက်ချင်း ပျံ့နှံ့သွား၏။

လူအများအပြားမှာမိမိတို့ ဆန္ဒအလျောက် မြေအောက်ကားပါကင်သို့ ပိုမိုပြောင်းရွှေ့လာကြ၏။

လူဦးရေ တိုးပွားလာသည်နှင့်အမျှ ပိုမို သက်တောင့်သက်သာ ရှိသော နေရာများကို လုယူရင်း ရန်ပွဲများ ဖြစ်ပွားလာကြ၏။

မြေအောက်ကားပါကင်အတွင်းခဏမျှရုန်းရင်းဆန်ခတ် ဖြစ်သွားချိန်တွင်ပုဟွေကလူတစ်စုကို ခေါ်ဆောင်ကာ ထိုရုန်းရင်းဆန်ခတ်မှုကို လာရောက် တားဆီးခဲ့၏။

သို့ရာတွင်၎င်းမှာပုဟွေ၏အကြံမဟုတ်ဘဲ ကျူချမ်းချမ်း၏ ညွှန်ကြားချက်သာဖြစ်၏။

ကျူချမ်းချမ်းကစေတနာ ကောင်းလွန်း၍ ယခုကဲ့သို့ လုပ်ဆောင်ခြင်း မဟုတ်ဘဲ သူမအတွက်အသုံးချရန်ရည်ရွယ်ထား၍ဖြစ်သည်။

သူမ၏ စွမ်းအားမှာ ရန်သူများကို ညှို့ယူကျွန်ပြု ထိန်းချုပ်ခြင်း ဖြစ်သဖြင့် လူသားများ မရှိပါက ကျူချမ်းချမ်း၏အစွမ်းမှာအသုံမဝင်နိုင်တော့ပေ။

ထိုစွမ်းအား မရှိပါက သူမတစ်ဦးတည်ကမ္ဘာပျက်ကပ်ထဲတွင် အသက်ရှင်သန်ရန် အလွန် ခက်ခဲပေလိမ့်မည်။

ထို့ကြောင့်ပင် ကျူချမ်းချမ်းသည် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။ သူမသည် အသက်ရှင်ကျန်ရစ်သူများကို စုစည်းကာ ရပ်ကွက်၏ မြေအောက်ကားပါကင်ကို အခြေစိုက်စခန်းအဖြစ် အသုံးပြု၍ အသက်ရှင်သန်ရေး ခိုလှုံရာ စခန်းငယ်တစ်ခု တည်ဆောက်ရန် စီစဉ်နေခြင်း ဖြစ်၏။

သူမသည် နေထိုင်သူများကို ကမ္ဘာပျက်ကပ်ထဲ၌ အသက်ရှင်သန်နိုင်အောင် လုပ်ပေးချင်၏။

ထို့ကြောင့်သာသူမကတစ်ရပ်ကွက်လုံးကို ရှင်းလင်းပြီး လူအားလုံးကို မြေအောက်ကားပါကင်ထဲသို့လာ ရောက်‌ နေထိုင်စေခြင်းဖြစ်၏။

နောက်ထပ် ရည်ရွယ်ချက်တစ်ခုမှာ စွမ်းအား နိုးထထားနိုင်ခြေရှိသည့် ရှောင်ဖန်းကို ရှာဖွေပြီး သူမအပေါ်ခြိမ်းခြောက်လာနိုင်မှုကို ဖယ်ရှားရန် ဖြစ်၏။

ထိုအခါမှသာ ကျူချမ်းချမ်းသည် သူမ၏ အခြေစိုက်စခန်းကို စိတ်အေးချမ်းသာစွာ တိုးချဲ့နိုင်မည် ဖြစ်၏။

ပုဟွေက အိမ်ပိုင်ရှင်များအဖွဲ့ထဲသို့ မက်ဆေ့ပို့ခဲ့သည့် ပထမဆုံးနေ့ ကုန်ဆုံးချိန်တွင် စုစုပေါင်း ၁၅၃ ဦး မြေအောက်ကားပါကင်သို့ ပြောင်းရွှေ့လာခဲ့ကြပြီ ဖြစ်၏။

ကျူချမ်းချမ်း၏ ညွှန်ကြားချက်အရ ပုဟွေသည် ထိုလူ ၁၅၃ ဦးကို ပုံသေ ရိက္ခာဝေစုများ ဝေငှပေးခဲ့၏။

လူထုက ရိက္ခာဝေစုမှာ ယခင်ကဲ့သို့ပင် အလွန်တရာ နည်းပါးလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း ၎င်းတို့ မျှော်လင့်မထားဘဲ ယခုအကြိမ်တွင် ခေါက်ဆွဲခြောက် ငါးဖာနှင့် ဝက်အူချောင်း ဆယ်ချောင်း ဖြစ်နေ၏။

ခေါက်ဆွဲခြောက် တစ်ဖာလျှင် အထုပ်သုံးဆယ် ပါဝင်သဖြင့် ငါးဖာဆိုလျှင် အထုပ် ၁၅၀ ဖြစ်၏။ ထို့ပြင် ပုဟွေ ယခုတစ်ကြိမ် ထုတ်ပေးသော ခေါက်ဆွဲခြောက်များမှာ အထုပ်ကြီးများ ဖြစ်ကြ၏။

ပုဟွေက စားစရာ အမြောက်အမြား ထုတ်ပေးသည်ကို မြင်သောအခါ အချို့သူများက ဤအရာသည် ၎င်းတို့ကို မသတ်မီ ကျွေးမွေးသော နောက်ဆုံးမုန့်ဖြစ်လိမ့်မည်ဟု ထင်မှတ်ကာ မယူရဲကြပေ။

ပုဟွေကအားလုံးကိုဘာမှမဖြစ်‌ကြောင်းစိတ်အေးအေးထားပြီးယူရန် ပြောလိုက်၏။

၎င်းတို့အနေဖြင့် နာခံမှု ရှိသရွေ့ နောင်တွင်လည်း ယခုပုံစံအတိုင်းနေ့တိုင်း ရရှိမည်ဟု ဆို၏။

ပုဟွေ၏ ရှင်းပြချက်ကို ကြားရသောအခါ မြေအောက်ကားပါကင်အတွင်းရှိ လူများသည် ချက်ချင်းပင် ဝမ်းသာအားရ အော်ဟစ် အောင်ပွဲခံကြတော့၏။

နောက်ဆုံးတွင် တစ်ယောက်၏ အကြံပြုချက်အရ အားလုံးက ခေါက်ဆွဲခြောက်များကို အတူတကွ ပြုတ်စားရန် ဆုံးဖြတ်လိုက်ကြသဖြင့် ခေါက်ဆွဲရော ဟင်းရည်ပါ သောက်သုံးနိုင်မည် ဖြစ်၏။

မြေအောက်ကားပါကင်ရှိ နေထိုင်သူများသည် အလျင်အမြန်ပင် လှုပ်ရှားကြတော့၏။ အချို့က အိုးကြီးအချို့ကို ယူဆောင်လာကြပြီး အချို့ကမူ အပေါ်ရှိ အိမ်များသို့ တက်ကာ သစ်သား ပရိဘောဂများကို ဖျက်ဆီး၍ ကားပါကင်သို့ သယ်ဆောင်လာကြ၏။

မြေအောက်ကားပါကင်တစ်ခုလုံး ခဏမျှစည်ကားသိုက်မြိုက်သွားရ၏။

မကြာမီ ထင်းများ အဆင်သင့် ဖြစ်သွားပြီး အိုးများကို တည်လိုက်ကြ၏။

ထင်းပုံများကို မီးရှို့လိုက်သောအခါ မူလက မှောင်မိုက်နေသော မြေအောက်ကားပါကင်တွင် အလင်းရောင်နှင့် နွေးထွေးမှုရှိလာတော့၏။

လူများသည် မီးပုံဘေးတွင် ဝိုင်းဖွဲ့ထိုင်ကာ ကိုယ်အပူလှုံရင်း အိုးထဲရှိ နှင်းများ ရေအဖြစ်သို့ ဖြည်းဖြည်းချင်း အရည်ပျော်သွားသည်ကို ကြည့်နေကြ၏။

အိုးထဲမှ ရေများ ဆူပွက်လာသောအခါ တစ်ဦးက

"ရေဆူပြီ... ခေါက်ဆွဲတွေ ထည့်ဖို့ ပြင်ကြတော့" ဟု အော်ပြောလိုက်၏။

အိုးဘေးတွင် ရှိနေသူများသည် ကြိုတင် ဖောက်ထားသော ခေါက်ဆွဲတုံးများနှင့် အမွှေးအကြိုင် ထုပ်များကို အလျင်အမြန် ထည့်လိုက်ကြပြီး ဝက်အူချောင်း ဆယ်ချောင်းကိုလည်း အပိုင်းပိုင်း ညှပ်၍ ထည့်လိုက်ကြ၏။

မကြာမီ မွှေးပျံ့သော အနံ့အသက်များ မြေအောက်ကားပါကင်တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့၏။

"အရမ်းမွှေးတာပဲ... ခေါက်ဆွဲခြောက်က ဒီလောက် မွှေးလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးမိခဲ့ဘူး"

"ဟူး... ကမ္ဘာမပျက်ခင်က ငါတို့ လုံးဝ မစားချင်ခဲ့တဲ့ ဒီအစားအစာက အခုတော့ အရမ်း တန်ဖိုးရှိနေပြီ"

"ငါ တခြားမြို့မှာ အလုပ်လုပ်တုန်းက ခေါက်ဆွဲခြောက်ကို နှစ်လဆက်တိုက် စားခဲ့ရတာ၊ အဲဒီတုန်းက အနံ့ရတာနဲ့တင် အန်ချင်လို့ နောက်ဘယ်တော့မှ မစားဘူးလို့ ကျိန်ဆိုခဲ့တာ၊ ဒါပေမဲ့ ဒီနေ့ ဒီလို ဖြစ်လာလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ"

လူအများအပြားက စိတ်လှုပ်ရှားစွာဖြင့် ညည်းတွားကြ၏။ ကမ္ဘာပျက်ကပ်ထဲက ဘဝသည် အလွန်ပင် ခက်ခဲလှသဖြင့် ပူပူနွေးနွေး ခေါက်ဆွဲခြောက် တစ်ပန်းကန်သည် လူအများ၏ မျက်စိထဲတွင် အကောင်းဆုံး အရသာ ရှိသော အစားအစာ ဖြစ်နေတော့၏။

ဂတ်စ်လိုင်းများ ပြတ်တောက်သွားခဲ့သည်မှာ ကြာပြီ ဖြစ်သဖြင့် လူအများအပြားသည် ပူပူနွေးနွေး အရာများကို မစားရသည်မှာ အလွန် ကြာမြင့်ခဲ့ပြီ ဖြစ်၏။

ယခုအခါ ဝက်အူချောင်း ပါဝင်သော ပူပူနွေးနွေး ခေါက်ဆွဲပြုတ်တစ်ပန်းကန်ကို စားသုံးခွင့်ရတော့မည်ဖြစ်ရာ ၎င်းတို့အားလုံး စိတ်လှုပ်ရှားနေကြတော့၏။

မကြာမီ အိုးထဲရှိ ခေါက်ဆွဲများကျက်သွားပြီးမွှေးပျံ့သော ရနံ့များ ဝေ့တက်လာရာ လူအများအပြားက အိုးဘေးတွင် ဝိုင်းအုံကာ ထိုရနံ့ကို အဝ ရှူရှိုက်ကြ၏။

"ကဲ... အားလုံး တန်းစီကြ၊ ခေါက်ဆွဲ စဝေတော့မယ်" ဟု တစ်ဦးက အော်ပြောလိုက်၏။

အားလုံးက ပန်းကန်များကို ယူကာ အလျင်အမြန် တန်းစီကြ၏။

မကြာမီ လူတိုင်းသည် မွှေးပျံ့သော ခေါက်ဆွဲခြောက် ပန်းကန်ကြီး တစ်လုံးစီ ရရှိကြပြီး အိုးထဲရှိ ဟင်းရည်များကိုပင်နောက်ဆုံးတစ်စက်အထိ ခွဲဝေပေးလိုက်၏။

မည်သူမျှ စကားမပြောကြဘဲ ခေါက်ဆွဲ များကိုသာတရှူးရှူးမြည်‌အောင်စားနေတော့၏။

အချို့လူများသည် စားရင်းဖြင့် ငိုကြွေး နေကြ၏။ ကမ္ဘာပျက်ကပ်က အလွန်တရာ ဆင်းရဲပင်ပန်းလှသဖြင့် ပူပူနွေးနွေး ခေါက်ဆွဲတစ်ပန်းကန်က လူအများအပြားကို မျက်ရည်ကျစေခဲ့၏။

စားသောက်ပြီးနောက် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ရုတ်တရက် မတ်တတ်ရပ်ကာ ကျယ်လောင်စွာ အော်ပြောလိုက်၏။

"အိမ်နီးနားချင်းတို့... ငါတို့ ဒီရက်စက်တဲ့ ကမ္ဘာပျက်ကပ်ထဲမှာ အသက်ရှင်ချင်ရင် ငါတို့ ကိုယ်တိုင် လှုပ်ရှားရမယ်"

"ပထမဆုံးအနေနဲ့ ငါတို့ အားလုံး ပူးပေါင်းပြီး ဒီမြေအောက်ကားပါကင်ကို နေထိုင်ဖို့နဲ့ အသက်ရှင်သန်ဖို့ သင့်တော်တဲ့ နေရာတစ်ခု ဖြစ်အောင် ပြုပြင်မွမ်းမံကြဖို့ အကြံပြုချင်ပါတယ်"

ထိုသက်လတ်ပိုင်း အမျိုးသား၏ အကြံပြုချက်သည် နေထိုင်သူ အများစု၏ သဘောတူညီချက်ကို လျင်မြန်စွာ ရရှိသွားပြီး မကြာမီ မြေအောက်ကားပါကင်ရှိ လူထုတစ်ခုလုံး စတင် လှုပ်ရှားကြတော့၏။

မတ်တတ်ရပ်၍ အကြံပြုချက် ပေးခဲ့သော သက်လတ်ပိုင်း အမျိုးသားသည်လည်း ကျူချမ်းချမ်း၏ ကျွန်ပြု ထိန်းချုပ်ခြင်း ခံထားရသော လက်အောက်ခံများထဲမှ တစ်ယောက် ဖြစ်၏။

ဝမ်ပေါင်၏ ဘေးကင်းလုံခြုံသော အိမ်အတွင်း၌ ကျူချမ်းချမ်းသည် ထိုင်ခုံပေါ်တွင် ထိုင်နေပြီး သူမ၏ ရှေ့တွင် ပုဟွေက ဒူးထောက်နေ၏။

"အရှင်... အရာအားလုံးကို အမိန့်တော်အတိုင်း လုပ်ဆောင်ပြီးပါပြီ၊ နေထိုင်သူတွေက မြေအောက်ကားပါကင်ကို ပြုပြင်မွမ်းမံနေကြပါပြီ၊ ဒါပေမဲ့ သူတို့ကို နေ့တိုင်း ဒီလောက် ခေါက်ဆွဲခြောက်တွေ အများကြီး တကယ် ပေးရမှာလား" ပုဟွေက သတိကြီးစွာဖြင့် မေးမြန်းလိုက်၏။

"ဟင်... နင်က ငါ့ကို မေးခွန်းထုတ်နေတာလား"

ကျူချမ်းချမ်း၏ မျက်နှာက အေးစက်သွားပြီး လက်ထဲမှ ကြာပွတ်ရှည်ဖြင့် ပုဟွေ၏ ကျောပြင်ကိုလွှဲ၍ ရိုက်လိုက်၏။

"အား... သခင်... ကျွန်တော်မေးခွန်းထုတ်ဝံ့တာ မဟုတ်ပါဘူး၊ ကျွန်တော်ကစားစရာ ရိက္ခာအတွက် စိုးရိမ်လို့ပါ"

ကျွန်ပြုခံထားရသော ပုဟွေသည် ကြာပွတ်ဖြင့် ပြင်းထန်စွာ ရိုက်နှက်ခံရသော်လည်း ခုခံလိုစိတ်တစ်စက်မျှ‌ ပေါ်မလာပေ။

"နင် အဲဒါကို စိုးရိမ်နေဖို့ မလိုဘူး၊ ပြီးတော့ ချန်းကျားဟွီနဲ့ တခြား မိန်းမတွေကိုလည်း သေချာ စောင့်ကြည့်ထား၊ ငါ့ရဲ့ လျှို့ဝှက်ချက်ကို သူတို့ဆီကနေ ပေါက်ကြားသွားရင် နင်တို့အားလုံး သေရမယ်" ကျူချမ်းချမ်းက အေးစက်စွာ ပြောလိုက်၏။

"စိတ်ချပါ အရှင်... ကျွန်တော် သူတို့ကို သေချာ စောင့်ကြည့်ပါ့မယ်"

ကျူချမ်းချမ်းသည် လက်ရှိတွင် အများဆုံး လူဆယ်ယောက်ကိုသာ ကျွန်ပြု ထိန်းချုပ်နိုင်သဖြင့် သူမသည် ထိုနေရာများကို ချန်းကျားဟွီနှင့် တခြားမိန်းမများအတွက် ဖြုန်းတီးခြင်း မပြုပေ။

သို့သော်လည်း ကျူချမ်းချမ်းသည် သူတို့ကို သတ်လည်း မသတ်ဘဲ ပုဟွေနှင့် အခြားသူများကို စောင့်ကြည့်ခိုင်းထားခြင်း ဖြစ်ပြီး ၎င်းကို သူမ၏ လက်အောက်ခံများအတွက် အကျိုးခံစားခွင့်တစ်ခုကဲ့သို့ သတ်မှတ်ထား၏။

"မနက်ဖြန်ကျရင် လူအချို့ကို ခေါ်ပြီး အိမ်ရာဝင်းထဲက တိုက်အဆောက်အအုံ တိုင်းကို စပြီး ရှင်းလင်းရေး လုပ်၊ မြေအောက်ကားပါကင်ကို မလာသေးတဲ့လူ ရှိလား ကြည့်၊ တကယ်လို့ တွေ့ရင် အားလုံးကို မောင်းထုတ်ခဲ့၊ မလာဘူးလို့ ငြင်းဆန်တဲ့လူကို သတ်ပစ်"

ကျူချမ်းချမ်းက အမိန့်များကို ဆက်‌ ပေးလိုက်၏။ သူမသည် လူနှစ်ထောင်ကျော် ရှိသော အိမ်ရာဝင်းတွင်လူအနည်းငယ်သာ ကျန်ရှိတော့မည်ဟု မယုံကြည်ပေ။ အိမ်ထဲ၌ ပုန်းအောင်းနေပြီး အပြင်မထွက်ချင်သော အခြားသူများလည်း ရှိနေဦးမည် ဖြစ်၏။

နောက်ထပ် အလွန် အရေးကြီးသော အကြောင်းရင်းတစ်ခုမှာ ကျူချမ်းချမ်းသည် ရှောင်ဖန်းကို ရှာဖွေချင်နေခြင်း ဖြစ်၏။

"ဟုတ်ကဲ့ သခင်... ကျွန်တော်အိမ်ရာဝင်းထဲက အိမ်တိုင်းစေ့ကို မလွတ်တမ်း ရှင်းလင်းပါ့မယ်" ပုဟွေက ခေါင်းညိတ်လျက် ပြန်လည် ဖြေကြားလိုက်၏။

"ကောင်းပြီ... သွားတော့"

ကျူချမ်းချမ်းက လက်ကို ဝှေ့ယမ်းကာ ပုဟွေကို ထွက်ခွာခွင့် ပေးလိုက်၏။

ပုဟွေ ထွက်ခွာသွားပြီးနောက် ကျူချမ်းချမ်းသည် ပြတင်းပေါက်နားသို့ လျှောက်လှမ်းကာ အပြင်ဘက်ရှိ ဖွေးဖွေးလှုပ်နေသော နှင်းပြင်ကြီးကို လှမ်းကြည့်ရင်း သူမ၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်ကာ ပြုံးလိုက်တော့၏။

*********

All Chapters