← Chapters

အခန်း ၄၀

Vol. 4 Ch. 40

အခန်း ၄၀

Vol. 4 Ch. 40

အခန်း (၄၀) လူသားစားဘီလူး

ရှောင်ဖန်းနှင့် ယွဲ့ဟွာစကားပြောဆိုနေစဉ်မှာပင် ဖန်ချင်းယွီသည် မှန်ပြတင်းပေါက်ကြီးနားသို့ လှောက်သွားကာ မှန်ပြင်တွင် ကပ်လျက် အောက်သို့ ငုံ့ကြည့်ရင်း ပြောလိုက်၏။

"ဒီလောက် မြင့်တဲ့နေရာကနေ ပြုတ်ကျတာဆိုတော့ အဲဒီသတ္တဝါကြီး သေသွားလောက်ပြီမလား"

"ငါလည်း သေသေချာချာ မသိဘူး အစ်မဖန်၊ ခုနက မမြင်လိုက်ဘူးလား၊ သူ့လည်ပင်းမှာ ဒဏ်ရာအကြီးကြီး ရသွားတာတောင် အဲဒီကောင်က ကောင်းကောင်း လှုပ်ရှားနိုင်သေးတယ်၊ အောက်မှာလည်း နှင်းတွေ ဒီလောက် ထူနေတာဆိုတော့ အဲဒီကောင် သေမယ်မထင်ဘူး"

ယွမ်ချင်းမေသည်လည်း မှန်ပြတင်းပေါက်နားသို့ လှောက်သွားကာ မှန်ပြင်တွင် ကပ်လျက် အောက်သို့ စူးစိုက်ကြည့်‌ နေ၏။

ရှောင်ဖန်းသည် ယခုအချိန်တွင် အနည်းငယ် စိတ်ရှုပ်ထွေးနေရ၏။

ထူးဆန်းသော ထိုလူ ရုတ်တရက် ပေါ်လာခြင်း၊ သေနတ်ကိုင်ထားသော ပုဟွေ၊ စွမ်းအား နိုးထထားသော ကျူချမ်းချမ်းနှင့် ဝမ်ပေါင်တို့ ရှိနေခြင်းကြောင့် ဖြစ်၏။

တစ်ရပ်ကွက်လုံး၏ အခြေအနေက ပိုမို၍ ရှုပ်ထွေးဆိုးရွားလာနေ၏။ ဤအချက်က မူလက ဝမ်ပေါင်ကို ရှင်းလင်းပြီး စိတ်အေးချမ်းသာစွာ အောင်းနေချင်သော ရှောင်ဖန်းကို အနာဂတ်အတွက် အနည်းငယ် ဝေခွဲမရ ဖြစ်သွားစေသည်။

အကယ်၍ ကိစ္စရပ်များက ယွဲ့ဟွာ ပြောသကဲ့သို့ အမှန်တကယ် ဖြစ်နေပြီး ထိုထူးဆန်းသူ၏ အခြေအနေကမျိုးဗီဇ ပြောင်းလဲခြင်း သို့မဟုတ် ဗိုင်းရပ်စ် ကူးစက်ခံရခြင်းကြောင့် ဖြစ်လျှင် ဤအေးစက်သော ကမ္ဘာပျက်ကပ်ထဲ၌ အသက်ရှင်သန်ရန်မှာ သူ တွေးထားသကဲ့သို့ ရိုးရှင်းလိမ့်မည် မဟုတ်ပေ။

ဤသို့ တွေးမိရင်း ရှောင်ဖန်းသည် မှန်ပြတင်းပေါက်တွင် ကပ်လျက် အောက်ဘက်သို့ လှမ်းကြည့်နေကြဆဲ ဖြစ်သော မိန်းကလေး သုံးယောက်ကို လှမ်းကြည့်လိုက်၏။

သူ၏ စိတ်ထဲ၌ အတွေးတစ်ခု ပေါ်လာသည်မှာ ယခုအချိန်တွင် အလှပဂေး အသစ်များကို မသိမ်းပိုက်နိုင်သေးသဖြင့် သူမတို့ အားလုံးကို စွမ်းအားများ အမြန်ဆုံး နိုးထလာအောင် ကူညီပေးရန် ကြိုးစားသင့်သည် ဟူ၍ ဖြစ်၏။

သူသည် သူမတို့က သူ့ကို အများကြီး ကူညီနိုင်လိမ့်မည်ဟု မမျှော်လင့်ပေ။ နောင်တွင် အန္တရာယ်နှင့် ရင်ဆိုင်ရပါက မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိရန်နှင့် သူ့ကို အာရုံမနောက်စေရန်သာ သူ မျှော်လင့်မိ၏။

"ကဲ သွားကြစို့... ဆက်မကြည့်နဲ့တော့၊ သွားနားကြမယ်"

နောက်တစ်နေ့တွင် ပုဟွေသည် ကျူချမ်းချမ်း၏ ညွှန်ကြားချက်အရ ရပ်ကွက်အတွင်းရှိ တိုက်အဆောက်အအုံများတွင် ပုန်းအောင်းနေသော ကျန်ရှိသည့် နေထိုင်သူများကို စနစ်တကျ လိုက်လံ ရှင်းလင်းတော့၏။

တိုက်အမှတ် ၁၊ ၂ နှင့် ၃ တို့ကို ရှင်းလင်းပြီးနောက်တွင်ယုတ်မာကောက်ကျစ်သော ပုဟွေကဲ့သို့ လူဆိုးတစ်ယောက်ပင် စိတ်မသက်မသာ ဖြစ်မှုကို ခံစားလိုက်ရ၏။

အခြေအနေက အလွန် သနားစဖွယ် ကောင်းလှ၏။ ထိုတိုက်သုံးလုံးရှိ မည်သည့်အိမ်၌မျှ အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်မျှ မရှိတော့ပေ။ နေထိုင်သူ အများအပြားမှာ ၎င်းတို့၏ အိမ်ထဲ၌ပင် ရေခဲရုပ်တုများအဖြစ် အေးခဲ သေဆုံးနေခဲ့ကြပြီ ဖြစ်၏။

အိမ်တစ်အိမ်တွင်မိသားစုဝင်သုံးဦးလုံးသည် ခုတင်ပေါ်၌ပင် အေးခဲ သေဆုံးနေကြ၏။ ထိုဇနီးမောင်နှံသည် ကလေးငယ်ကို အသက်ရှင်စေရန်အတွက် ၎င်းတို့နှစ်ဦးကြားတွင် ညှပ်၍ ထားခဲ့ကြခြင်း ဖြစ်၏။

အကယ်၍ ကမ္ဘာပျက်ကပ်ကြီးသည် လူသားတို့၏ စိတ်ဓာတ် အမှောင်ထုများဖြင့် ပြည့်နှက်နေလျှင်ထိုဇနီးမောင်နှံသည် လူသားဆန်မှု၏ အနည်းငယ်ကို ပြသနေပြီး မိဘတို့၏ ကြီးမြတ်မှုကို ဖော်ကျူးနေ၏။

ဤမြင်ကွင်းကို မြင်သောအခါ ရက်စက်ပြီး သွေးအေးသောလူဆိုးကြီးပင် စိတ်လှုပ်ရှားသွားရ၏။

လူဆိုးများတွင်လည်း မိဘများ ရှိကြပြီး ၎င်းတို့နှင့်အတူ ဖြတ်သန်းခဲ့ရသော ကလေးဘဝ မှတ်ဉာဏ်များ ရှိကြသည်သာ ဖြစ်၏။

ပုဟွေနှင့် သူ၏ လူများသည် တိုက်အမှတ် ၄ သို့ ရောက်ရှိသွားချိန်တွင် ထိုနေရာရှိ မြင်ကွင်းက ၎င်းတို့အား ခြေမခိုင်တော့ဘဲ ဒူးတုန်သွားစေသည်အထိ ထိတ်လန့်စေခဲ့၏။

တိုက်အမှတ် ၄ ရှိ အိမ်တိုင်းစေ့နီးပါးတွင် အလောင်းအချို့ ချိတ်ဆွဲထားသည်ကို တွေ့ရ၏။ ပိုမို ကြောက်မက်ဖွယ်ကောင်းသည်မှာ ထိုအလောင်းအားလုံးကို အဝတ်အစားများ ချွတ်ထားပြီး ကလီစာများကို ထုတ်ထားခြင်း ဖြစ်၏။

ထုတ်ထားသော ကလီစာများကို အခန်းထောင့်တစ်နေရာ၌ စုပုံထားပြီး အလောင်းတိုင်း၏ ပေါင်များမှ အသားတုံးကြီးများကို လှီးဖြတ်ထားကြ၏။

"တိရစ္ဆာန်... တိရစ္ဆာန်ထက် မိုက်တဲ့ကောင်တွေ... အော့"

အခန်းတွင်း ချိတ်ဆွဲထားသော အလောင်းများကို ကြည့်ရင်း ပုဟွေသည် ပျို့အန်တော့၏။

"ဆရာ... ဒါ ဘယ်သူလုပ်တာလဲ၊ ဒါ အရမ်း ရွံစရာကောင်းလွန်းတယ်"

ပုဟွေ၏ လက်အောက်ခံတစ်ဦးက နှုတ်ခမ်းကို သုတ်ရင်း ပြောလိုက်၏။

ပုဟွေကဲ့သို့ လူဆိုးတစ်ယောက်ကိုပင် ပျို့အန်စေပြီး တိရစ္ဆာန်ဟု ဆဲရေးစေသည်အထိ ဖြစ်စေသော ဤမြင်ကွင်းသည် မည်မျှအထိ ရက်စက်ကြမ်းကြုတ်ပြီး စက်ဆုပ်ဖွယ် ကောင်းသည်ကို ခန့်မှန်းကြည့်နိုင်ပေ၏။

"မြေအောက်ကားပါကင်မှာ တိုက်အမှတ် ၄ က လူတစ်ယောက်မှ မရှိတာ မဆန်းတော့ပါဘူး၊ သူတို့အားလုံး အသတ်ခံလိုက်ရတာပဲ၊ ဒါ ထျန်းကျဲ လက်ချက်ပဲ ဖြစ်ရမယ်၊ သူပဲ ဖြစ်ရမယ်၊ သူက လူသားစားတဲ့ မိစ္ဆာကောင်ပဲ"

ပုဟွေသည် မျက်နှာ ပျက်ယွင်းလျက် အံကြိတ်ကာ ကြိမ်းမောင်းလိုက်၏။

"ဆရာ... ဒါဆို ငါတို့ ဘာဆက်လုပ်ကြမလဲ၊ တစ်တိုက်လုံးကို ရှာပြီးပြီ။ထျန်းကျဲရဲ့ အရိပ်အယောင်တောင် မတွေ့ဘူး"

လက်အောက်ခံတစ်ဦးက ပြောရင်းဖြင့် တစ်ကိုယ်လုံး တုန်ရီနေ၏။ တိုက်အမှတ် ၄ တွင် ရှိနေခြင်းက သူ့ကို စိတ်ဝိညာဉ်အထိ အေးစိမ့်သွားစေသကဲ့သို့ ခံစားရစေသောကြောင့် ဖြစ်၏။

"ပထမဆုံးအနေနဲ့ သခင့်ဆီကို အရင် သတင်းပို့ရမယ်"

ပုဟွေသည်လည်း သူ့ကို စက်ဆုပ်ရွံရှာမှုနှင့် ကြောက်ရွံ့မှုများ ပေးစွမ်းနေသောနေရာမှ အမြန်ဆုံး ထွက်ခွာချင်နေပြီဖြစ်၏။

ပုဟွေ၏ သတင်းပို့ချက်ကို ကြားရသောအခါ ကျူချမ်းချမ်းသည်လည်း အလွန် အံ့အားသင့်သွားရ၏။

တိုက်အမှတ် ၄ ရှိ နေထိုင်သူ အားလုံးကို လူတစ်ဦးတည်းက သတ်ပစ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။ ထို့ပြင် ပုဟွေ၏ သတင်းပို့ချက်အရဆိုလျှင် ပို၍ပင် ထူးဆန်းနေ၏။

တိုက်အမှတ် ၄ ရှိ အိမ်အများအပြားတွင် စားစရာ ရိက္ခာ အနည်းငယ်စီ ကျန်ရှိနေသေး၏။ တစ်အိမ်ချင်းစီအတွက် မများသော်လည်း တစ်တိုက်လုံး အနေဖြင့်ဆိုပါက ပမာဏ မနည်းပေ။

ဤအရာက ထျန်းကျဲကို အချိန်အတော်ကြာ စားသောက်ရန် လုံလောက်စေ၏။ သို့သော်လည်း ထျန်ကျဲသည် ဤစားစရာများကို လုံးဝ တို့ထိခြင်း မပြုခဲ့ပေ။

ဆိုလိုသည်မှာ ထျန်းကျဲသည်လူသားစားဘီလူး ဖြစ်၏။လူသားကိုသာစားမည့်သူဖြစ်သည်။ဤကဲ့သို့သော လူစားမျိုးက အလွန်တရာ အန္တရာယ် ကြီးမားလွန်းလှ၏။

"ပုဟွေ... လူစုလိုက်၊ ထျန်းကျဲကို ရှာပြီး ရှင်းပစ်၊ ဒီလိုလူစားမျိုးကို အသက်ရှင်ခွင့် ပေးလို့မဖြစ်ဘူး"

ကျူချမ်းချမ်းက အေးစက်စွာ ပြောလိုက်၏။သူကိုယ်တိုင်ပင် လူသားစားသောထျန်းကျဲကို စက်ဆုပ်မိပြီး ကြောက်ရွံ့မှုပင်ဝင်လာရ၏။

၎င်းအရာက လူသားတို့၏ စိတ်ထဲ၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသော တားမြစ်ချက်တစ်ခု ဖြစ်နိုင်ပေ၏။

တစ်ဦးတစ်ယောက်ကထိုတားမြစ်ချက်ကို ချိုးဖောက်လိုက်သည်ကို သိရလျှင် လူသည် အလိုအလျောက် ကြောက်ရွံ့မှုကို ခံစားရပြီး တစ်ဖက်လူကို အမြန်ဆုံး ရှင်းလင်းပစ်ချင်ကြသည်သာ ဖြစ်၏။

"ဒါပေမဲ့ သခငါ... ကျွန်တော်တို့ ဒီလူကို ရင်ဆိုင်နိုင်ပါ့မလား မသိဘူး"

ပုဟွေသည် ကျူချမ်းချမ်း၏ ကျွန်ပြုခြင်းကို ခံထားရသော်လည်း လူသားတို့၏ စိတ်ခံစားချက်များကို ဆုံးရှုံးသွားခြင်း မရှိပေ။ သူသည် ထိုစိတ်ဝေဒနာရှင် ထျန်းကျဲအပေါ် အတိုင်းအတာတစ်ခုအထိ ကြောက်ရွံ့မှုကို ခံစားနေရဆဲ ဖြစ်၏။

"အသုံးမကျတဲ့ကောင်... နင် ဘာကို ကြောက်နေတာလဲ၊ နင့်မှာ သေနတ်ရှိတယ်မဟုတ်ဘူးလား၊ သူက လူသားစားတဲ့ လူတစ်ယောက်ပဲ၊ မိစ္ဆာကောင် မဟုတ်ဘူး"

ကျူချမ်းချမ်းသည် ပုဟွေတုံ့ဆိုင်း‌ နေမှုအပေါ် အလွန် မကျေမနပ် ဖြစ်သွား၏။

ကျူချမ်းချမ်း၏ ကြိမ်းမောင်းမှုကို ကြားရသောအခါ ပုဟွေသည် သူမ ပြောသည်မှာ သင့်တော်သည်ဟု တွေးမိ၏။ သူ့တွင် သေနတ်ရှိပြီး လူအင်အားလည်း ပိုမို ခေါ်ဆောင်သွားနိုင်၏။ ထျန်းကျဲက လူသားစားတတ်သောလူသာဖြစ်၏။

"ကျွန်တော် အဲဒီလူသားစားတဲ့ကောင်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ပါ့မယ်"

ပုဟွေ၏ မျက်ဝန်းထဲ၌ ပြတ်သားရက်စက်သော အရိပ်အယောင်များ ထွက်ပေါ်လာ၏။

"ဒါဆိုလည်း သွားတော့... ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့၊ မဟုတ်ရင် နင် အကျိုးဆက်ကို သိတယ်နော်"

ထိုသို့ပြောပြီးနောက် ကျူချမ်းချမ်းက လက်ကို ယမ်းကာ ပုဟွေကို ထွက်ခွာခွင့် ပေးလိုက်၏။

ပုဟွေသည် ထွက်ခွာလာပြီးနောက် သူ၏ လက်အောက်ခံ အချို့နှင့် တိုင်ပင်ဆွေးနွေးလိုကါ၏။

အိမ်ရာဝင်းတစ်ခုလုံးတွင် တိုက်အဆောက်အအုံ နှစ်ဆယ်ကျော် ရှိ၏။ ဓာတ်လှေကားများမှာ အသုံးမပြုနိုင်သည်မှာ ကြာပြီ ဖြစ်ပြီးအလွန်အေးစက်သော ရာသီဥတုနှင့် ပေါင်းစပ်လိုက်သောအခါ တိုက်ပေါ်သို့ တက်ခြင်းသည် လူကို အလွန် ပင်ပန်းနွမ်းနယ်စေ၏။ ဤအချက်က လူများ အပြင်ဘက်တွင် လှုပ်ရှားနိုင်သော အချိန်ကိုလည်း ကန့်သတ်ထားသလိုဖြစ်‌ နေ၏။

"အစီအစဉ်က ဒီလို... မနက်ဖြန်ကျရင် ငါတို့ တိုက်အမှတ် ၅၊ ၇ နဲ့ ၈ တို့ကို အရင် ရှင်းလင်းမယ်၊ မြေအောက်ကားပါကင်ကို မလာသေးတဲ့လူတွေကို ရှာရင်းနဲ့ တစ်ခါတည်းထျန်းကျဲကို ရှာပြီး ရှင်းပစ်မယ်"

ကျူချမ်းချမ်းနှင့် ပုဟွေတို့အဖွဲ့သည် တိုက်အမှတ် ၆ တွင် နေထိုင်ကြသဖြင့် ပုဟွေသည် ထိုတိုက်ကို ကျော်လိုက်၏။ ၎င်းကို အကြိမ်ကြိမ် အခါခါ ရှာဖွေပြီး ဖြစ်သောကြောင့် ဖြစ်၏။

"ပြီးတော့ မြေအောက်ကားပါကင်က လူတွေကိုလည်း ပြောလိုက်၊ ရှင်းလင်းပြီးသား တိုက်တွေကို သွားပြီး အသုံးဝင်မယ့် ပစ္စည်းမှန်သမျှကို မြေအောက်ကားပါကင်ထဲ သယ်ခိုင်းလိုက်"

ပုဟွေက ခဏမျှ တွေးတောပြီးနောက် ထပ်လောင်း ပြောလိုက်၏။

ကျူချမ်းချမ်း၏ ကျွန်ပြုခြင်းကို ခံရကတည်းက ပုဟွေသည် ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် သူမ၏ အမြင်မှနေ၍ စဉ်းစားတွေးတောလာခဲ့ခြင်း ဖြစ်၏။

နောက်ထပ် အကြောင်းရင်းတစ်ခုမှာ သူ နေထိုင်သော အခန်းသည် အလွန်အမင်း အေးစက်လှရာ သူသည်လည်း မြေအောက်ကားပါကင်ကို ကောင်းကောင်းမွန်မွန် ပြုပြင်မွမ်းမံပြီးပါက ထိုနေရာသို့ ပြောင်းရွှေ့နေထိုင်ချင်နေ၍ဖြစ်သည်။

*********

All Chapters