အခန်း ၄၅
Vol. 5 Ch. 45
အခန်း (၄၅)ထောင်ချောက်ထဲ သက်ဆင်းရခြင်း
ရှောင်ဖန်းသည် ဖုန်းကို ချလိုက်ပြီးနောက် မိမိ၏ အမှတ်များကိုကြည့်လိုက်၏။
ယခုအခါ သူ့တွင် အမှတ် ၅၄ မှတ် ရှိနေသည်။ ခဏမျှ တွေးတောပြီးနောက် ရှောင်ဖန်းသည် ထိုအမှတ်များကို စတင် ခွဲဝေလိုက်သည်။
ပထမဦးစွာ အမှတ် ၃၀ ကို အသုံးပြု၍ ခွန်အား၊ လျင်မြန်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတို့ကို တစ်ခုလျှင် ၅ မှတ်စီ ပေါင်းထည့်လိုက်၏။
သက်စောင့်အားကိုလည်း ၁၀ မှတ် ထပ်မံ ဖြည့်စွက်လိုက်သည်။
အမှတ် ၁၄ မှတ် ကျန်ရှိနေသေးရာ ရှောင်ဖန်းသည် ၎င်းတို့ကို အရေးပေါ် အခြေအနေအတွက် သိမ်းဆည်းထားလိုက်၏။
ထို့ကြောင့် သူ၏ အရည်အချင်းပြကွက်မှာ အောက်ပါအတိုင်း ဖြစ်လာသည်။
[ ပိုင်ရှင်: ရှောင်ဖန်း၊ ကျား/မ: မ, အသက်: ၇၂ နှစ် (သက်တမ်း ၅၅ နှစ်)]
[အဆင့်အတန်း: D]
[ခွန်အား: ၃၀ မှတ် (၀/၂)]
[လျင်မြန်မှု: ၂၅ မှတ် (၀/၂)]
[ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု: ၂၅ မှတ် (၀/၂)]
[စိတ်စွမ်းအား: ၂၀ မှတ် (၀/၂)]
[သက်စောင့်အား: ၅၅ မှတ်]
[သတိပြုရန် - သက်စောင့်အားမှလွဲ၍ ကျန်အရည်အချင်းများတွင် ၁၀ မှတ်သည် သာမန် အရွယ်ရောက်ပြီးသူ အမျိုးသားတစ်ဦး၏ အခြေခံ စံနှုန်း ဖြစ်သည်။]
[စွမ်းအား: ဝေဟင်လက်ဝါး]
[အမှတ်: ၁၄]
ခွဲဝေမှု ပြီးဆုံးသွားသောအခါ ရးး ဧည့်ခန်းအတွင်း ခန္ဓာကိုယ်ကို ဟိုဟိုဒီဒီ လှုပ်ရှားလိုက်ပြီးမှ ဖုန်းကို ကောက်ကိုင်ကာ ကျူချမ်းချမ်း၏ စာကို ပြန်လည် ဖြေကြားလိုက်၏။
ကျူချမ်းချမ်းကသူ့နေရာသို့ လာရောက်ကာ ရှောင်ဖန်း၏ အကာအကွယ်ကို ရယူလိုခြင်း ဖြစ်သည်။
သူမက ရှောင်ဖန်းအနေဖြင့် မိမိကို အထဲသို့ ပေးဝင်ပါက သူမကို စိတ်ကြိုက် ပြုလုပ်နိုင်ကြောင်းနှင့် သူမဘက်မှလည်း အစွမ်းကုန် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုထား၏။
သူမ၏ စကားလုံးများက ဆွဲဆောင်မြူဆွယ်လိုသော အဓိပ္ပာယ်များဖြင့် ပြည့်နှက်နေသည်။
ဤကဲ့သို့သော တောင်းဆိုမှုကို ရင်ဆိုင်ရသော်လည်း ရှောင်ဖန်းသည် ချက်ချင်း သဘောမတူပေ။
သူသည် ကျူချမ်းချမ်း၏ စွမ်းအားက မည်သည့်အရာ ဖြစ်ကြောင်း မသိရသေးရာ သူမကို အိမ်ထဲသို့ မည်သို့ ပေးဝင်နိုင်မည်နည်း။
သူ၏ အိမ်တွင် စွမ်းအား မနိုးထသေးဘဲ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းမရှိသည့် နုနယ်သော ပန်းလေးနှစ်ပွင့် ရှိနေသေးသည်။ အကယ်၍ တိုက်ပွဲ ဖြစ်ပွားပါက ၎င်းတို့ ထိခိုက်သွားလျှင် ဘယ်လိုလုပ်မလဲ။
ထို့ကြောင့် ရှောင်ဖန်းသည် ကျူချမ်းချမ်းထံသို့စာပို့လိုက်ပြီး အဆောက်အအုံ (၉) ငါးလွှာရှိ တိုက်ခန်းတစ်ခု၌ တွေ့ဆုံရန် ချိန်းဆိုလိုက်၏။
သူမတွင် စိတ်ရင်းမှန်ရှိ၊ မရှိကို အရင်ဆုံး စမ်းသပ်လိုခြင်း ဖြစ်သည်။
သူမအနေဖြင့် တစ်ယောက်တည်းသာ လာရမည်ဖြစ်ကြောင်းအကြောင်းကြားထား၏။
ရှောင်ဖန်းသည် မကြာမီမှာပင် ကျူချမ်းချမ်းထံမှ ပြန်ကြားစာ ရရှိသည်။
သူမက တောင်းဆိုမှုကို သဘောတူညီပြီး အဆောက်အအုံ (၉) ငါးလွှာရှိ တိုက်ခန်းတစ်ခု၌ အရင်ဆုံး တွေ့ဆုံမည် ဖြစ်ကြောင်း ပြောလာ၏။
ဖုန်းကို ချလိုက်ပြီးနောက် ရှောင်ဖန်းသည် ယွမ်ချင်းမေကို လှမ်းခေါ်ကာ အဝတ်အစားလဲပြီး မိမိနှင့်အတူ အပြင်ထွက်ရန် ပြောလိုက်သည်။
ယွမ်ချင်းမေက ဘာလုပ်မလို့လဲဟု မေးမြန်း၏။
ရှောင်ဖန်းက အပြင်သို့ ခဏသွားပြီးနောက် တိုက်ပွဲ ဖြစ်ပွားနိုင်ကြောင်း သူမကို ပြောလိုက်သည်။
ဒါက ယွမ်ချင်းမေကို ချက်ချင်း စိတ်လှုပ်ရှားသွားစေသဖြင့် သူမသည် အဝတ်အစားများကို အမြန်ဆုံး လဲလှယ်ဝတ်ဆင်တော့သည်။
မထွက်ခွာမီ ရှောင်ဖန်းသည် မိမိ၏ သိုလှောင်မှုဟင်းလင်းပြင်အတွင်းမှ မီးသတ်ပုဆိန်နှစ်လက်ကို ထုတ်ယူကာ ယွမ်ချင်းမေထံသို့ လက်နက်အဖြစ် ပေးအပ်လိုက်၏။
သူသည် ယွမ်ချင်းမေကို အထက်ထပ်တွင် ပုန်းအောင်းနေရန်နှင့် အကယ်၍ တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိပါက ချက်ချင်း စွမ်းအားကို အသုံးပြု၍ အောက်သို့ ပြေးဆင်းကာ အပြတ်အသတ် သတ်ဖြတ်ရန် ညွှန်ကြားချက်အချို့ ပေးထားခဲ့သည်။
ကျူချမ်းချမ်းဘက်တွင်မူ သူမသည် ဝမ်ပေါင်မှလွဲ၍ ပုဟွေအပါအဝင် မိမိ ကျွန်ပြုထားသော နောက်လိုက်အားလုံးကို စုစည်းလိုက်၏။
ကျူချမ်းချမ်း၏ မျက်လုံးထဲတွင် ဝမ်ပေါင်သည် ဝဖြိုးပြီး ရုပ်ဆိုးလှသော အမှိုက်ကောင်သာ ဖြစ်သည်။ ၎င်းသည် သူမအတွက် ကုန်လှောင်ရုံအဖြစ် အသုံးတော်ခံနိုင်ခြင်း မရှိပါက သူမ သူ့ကို သတ်ပစ်ခဲ့သည်မှာ ကြာပြီ ဖြစ်၏။
ကျူချမ်းချမ်းက ပုဟွေတို့ကို စုစည်းရခြင်း အကြောင်းရင်းမှာ အကယ်၍ ရှောင်ဖန်းကို ကျွန်ပြုရန် ကြိုးပမ်းမှု ကျရှုံးခဲ့ပါက ၎င်းတို့အား ရှေ့ထွက်၍ ရှောင်ဖန်း၏ တိုက်ခိုက်မှုများကို တားဆီးခိုင်းရန် ဖြစ်သည်။
ရှောင်ဖန်းကို သတ်ပစ်နိုင်လျှင် အကောင်းဆုံး ဖြစ်၏။ ပုဟွေတွင် သေနတ်တစ်လက် ရှိနေသေးသဖြင့် သူ့ကို သတ်ပစ်ရန်လုံလောက်ပေသည်။
သို့သော် ထိုသို့ ဖြစ်ပွားပါက ကျူချမ်းချမ်းအနေဖြင့် နောင်တွင် ထိုသတ္တဝါဆန်း ထျန်းကျဲကို တစ်ယောက်တည်း ရင်ဆိုင်ရနိုင်သော်လည်း ဒါက ရှောင်လွှဲ၍ မရသော အခြေအနေ ဖြစ်သည်။
မိမိ၏ အသက်ကို အရင်ဆုံး ကယ်တင်နိုင်မှသာ အနာဂတ် ရှိပေလိမ့်မည်။
ဤနည်းဖြင့် မိမိတို့၏ ကိုယ်ပိုင် အကြံအစည်များ ရှိကြသော လူနှစ်စုသည် ချိန်းဆိုထားရာ အဆောက်အအုံ (၉) ငါးလွှာရှိ တိုက်ခန်းဆီသို့ ဦးတည် ထွက်ခွာခဲ့ကြတော့သည်။
ရှောင်ဖန်းက ပထမဆုံး ရောက်ရှိလာပြီး ခဏမျှ စောင့်ဆိုင်းပြီးနောက် ကျူချမ်းချမ်းလည်း ရောက်ရှိလာ၏။
ကျူချမ်းချမ်းသည် သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို ပေါ်လွင်စေသော ကျပ်ထုပ်နေသည့် အနက်ရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသည်။
"ဟိုင်း... ဦးလေးရှောင်၊ နေကောင်းရဲ့လား"
ရှောင်ဖန်းကို မြင်သောအခါ ကျူချမ်းချမ်းက ချိုသာသော အပြုံးဖြင့် နှုတ်ဆက်လိုက်၏။
ယခုအချိန်တွင် ရှောင်ဖန်းသည် နှာခေါင်းစည်း တပ်ဆင်ထားသဖြင့် ကျူချမ်းချမ်းအနေဖြင့် သူ၏ ရုပ်ရည်ကို သေချာ မမြင်ရပေ။ သူမ၏ စိတ်ထဲတွင်သူက အိမ်ရာဝင်း တံခါးဝကို စောင့်ကြပ်ရသော လုံခြုံရေးဝန်ထမ်းဟောင်းသာ ဖြစ်နေဆဲ ဖြစ်သည်။
ကျူချမ်းချမ်းက တင်ပါးကို လှုပ်ခါရင်း မိမိထံသို့ လျှောက်လှမ်းလာသည်ကို ကြည့်ရင်း ရှောင်ဖန်းက လက်လှမ်းပြကာ ရှေ့သို့ ဆက်မလာရန် အချက်ပြလိုက်၏။
"နေဦး... ငါ့မှာ နင်ဘက်ကို မေးစရာ မေးခွန်းအချို့ ရှိသေးတယ်"
ကျူချမ်းချမ်းက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်၏။
"မေးပါရှင်"
ရှောင်ဖန်းသည် ကျူချမ်းချမ်းကို ခြေဆုံးခေါင်းဆုံး အရင်ဆုံး စစ်ဆေးကြည့်ပြီးနောက် မေးလိုက်သည်။
"နင် စွမ်းအားတစ်ခုခု နိုးထထားတာလား"
ကျူချမ်းချမ်းသည် ဤစကားကို ကြားသောအခါ မျက်နှာတွင် အံ့ဩသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း ချက်ချင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။
"ဟုတ်ပါတယ်၊ ကျွန်မ စွမ်းအားတစ်ခု နိုးထထားတာပါ။ ဦိးလေးကောပဲလား"
ရှောင်ဖန်းက ခေါင်းငြိမ့်လိုက်ပြီး ပြောသည်။
"ငါလည်း စွမ်းအားတစ်ခု နိုးထထားတာပဲ။ နင့်ရဲ့ စွမ်းအားက ဘာလဲ"
ထိုသို့ ပြောဆိုစဉ် ရှောင်ဖန်း၏ မျက်လုံးများက ကျူချမ်းချမ်း၏ မျက်နှာကို စိုက်ကြည့်နေပြီး သူမ မျက်နှာအမူအရာအားဖြင့် လိမ်လည်နေခြင်း ရှိ၊ မရှိကို ရှာဖွေရန် ကြိုးပမ်းနေ၏။
ကျူချမ်းချမ်းသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တောက်ပစွာ ပြုံးလိုက်သည်။
"ကျွန်မရဲ့ စွမ်းအားကတော့... နည်းနည်း ထူးခြားတယ်၊ အသွင်ပြောင်းလဲခြင်း စွမ်းအားအမျိုးအစားပါ"
"အို... အသွင်ပြောင်းတာလား။ ဘာအသွင် ပြောင်းလဲနိုင်တာလဲ။ တိုက်ခိုက်နိုင်စွမ်းကော ဘယ်လိုရှိလဲ"
ရှောင်ဖန်းက ချက်ချင်း မေးမြန်းလိုက်၏။
"တိုက်ခိုက်နိုင်စွမ်းလား။ ကျွန်မလည်း သေချာ မသိဘူးရှင်။ ကျွန်မ အသွင်ပြောင်းပြီး ပြရမလား" ကျူချမ်းချမ်းက ပြုံးရင်း ပြောသည်။
ရှောင်ဖန်းသည် ကျူချမ်းချမ်း၏ မျက်နှာကို ကြည့်ပြီး ချက်ချင်း ပြန်မဖြေပေ။ ခဏ ကြာပြီးနောက်မှ သူက ပြောလိုက်၏။
"ကောင်းပြီ... အသွင်ပြောင်းပြလိုက်။ ဒါပေမဲ့ ဘာလှည့်ကွက်မှ မသုံးနဲ့ဦး၊ မဟုတ်ရင် နင် အသေဆိုးနဲ့ သေရမယ်ဆိုတာ ငါ အာမခံတယ်"
"ဟင်းဟင်း... စိတ်ချပါရှင်။ ကျွန်မက ဒီကမ္ဘာပျက်ကပ်ထဲမှာ ကောင်းကောင်း အသက်ရှင်ချင်သေးတာပါ။ ဘာလို့ လှည့်ကွက် သုံးရမှာလဲ"
ကျူချမ်းချမ်းက ပြုံးရွှင်စွာ ပြောလိုက်၏။
"သေချာ ကြည့်ထားပါဦး၊ ကျွန်မ အသွင်ပြောင်းတော့မယ်"
ကျူချမ်းချမ်း၏ စကားအဆုံးတွင် ရှောင်ဖန်းသည်လည်း မိမိ၏ ဝေဟင်လက်ဝါး စွမ်းအားကို မည်သည့်အချိန်မဆို အသုံးပြုရန် ပြင်ဆင်ထားလိုက်သည်။
ကျူချမ်းချမ်းထံမှ ထူးဆန်းမှုတစ်ခုခုကို ခံစားရသည်နှင့် ရှောင်ဖန်းသည် တူဖြင့် သူမ၏ ဦးခေါင်းကို မည်သည့်အချိန်မဆို ထုနှက်ရန် ပြင်ဆင်ထား၏။
ကျူချမ်းချမ်း၏ မျက်နှာထက်တွင် ဆွဲဆောင်မှုရှိသော မိတ်ကပ်များ ဖြည်းညှင်းစွာ ပေါ်လာပြီး သူမ၏ အဝတ်အစားများသည် ကျပ်ထုပ်နေသည့် အနက်ရောင် သားရေစကတ်တိုအဖြစ် ပြောင်းလဲသွားကာ ခြေအိတ်ရှည်နှင့် ဒေါက်ဖိနပ်များလည်း ပါဝင်လာ၏။
ထို့ပြင် သူမ၏ လက်ထဲတွင် အနက်ရောင်ကြာပွတ်တစ်ချောင်းကို ကိုင်ဆောင်ထားသည်။
၎င်းကို မြင်သောအခါ ရှောင်ဖန်းသည် နည်းနည်း ဇဝေဇဝါ ဖြစ်သွား၏။ ကျူချမ်းချမ်း၏ အသွင်ပြောင်းလဲခြင်းက ဘာအဓိပ္ပာယ်လဲ။
သူမက အက်စ်အမ် ကစားနည်း ကစားနေခြင်းလား။
သူမ လက်ထဲကကြာပွက်က သူမ၏ လက်နက်လား။
ရှောင်ဖန်း၏ စိတ်ထဲတွင် မေးခွန်းများ ဆက်တိုက် ဖြတ်ပြေးသွားသည်။
တစ်ချိန်တည်းမှာပင် ကျူချမ်းချမ်းသည် တင်ပါးကို လှုပ်ခါရင်း ရှောင်ဖန်းထံသို့ ဖြည်းညှင်းစွာ တိုးကပ်လာ၏။
၎င်းကို မြင်သောအခါ ရှောင်ဖန်းက ချက်ချင်း အော်ဟစ်လိုက်သည်။
"အဲဒီမှာပဲ ရပ်လိုက်စမ်း"
"ဟင်းဟင်း... ကောင်းပါပြီ၊ ကျွန်မ မလှုပ်တော့ဘူး။ ကျွန်မရဲ့ အသွင်ပြောင်းလဲမှုကို သဘောကျရဲ့လား"
ကျူချမ်းချမ်းက ရယ်မောရင်း ပြောလိုက်၏။
သူမ၏ အသံနေအထားက ထူးဆန်းသော အဓိပ္ပာယ်များဖြင့် ပြည့်နှက်နေသည်။
ကျူချမ်းချမ်း စကားပြောပြီးသည်နှင့် ရှောင်ဖန်း၏ စိတ်ထဲတွင် ရုတ်တရက် ထူးဆန်းသော အတွေးတစ်ခု တိုးဝင်လာ၏။
ထိုအတွေးက ကျူချမ်းချမ်းသည် သူ၏ သခင်မ ဖြစ်ကြောင်းနှင့် သူမထံတွင် ဒူးထောက် အညံခံရမည်ဖြစ်ကြောင်း ပြောနေခြင်း ဖြစ်သည်။
တဖြည်းဖြည်းနှင့် ရှောင်ဖန်း၏ မျက်လုံးများထဲတွင် နီမြန်းသော အလင်းတန်းများ ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်သည်လည်း နည်းနည်း တောင့်တင်းသွား၏။
"ဟားဟားဟား... နင် ဘယ်လောက်ပဲ သတိကြီးကြီး၊ နောက်ဆုံးတော့ ငါ့ရဲ့ အမိန့်နာခံရတဲ့ ကျွန်တစ်ယောက် ဖြစ်သွားတာပဲ။ ဒီနှာဘူးကြီးက ဘယ်လိုရုပ်မျိုးမို့လို့ အလှပဂေးအတော်များများကို ဆွဲဆောင်နိုင်တာလဲဆိုတာ ငါ ကြည့်ပါရစေဦး"
ကျူချမ်းချမ်းသည် ရူးသွပ်စွာ ရယ်မောရင်း ရှောင်ဖန်းအနားသို့ လျှောက်လှမ်းသွားကာ သူ တပ်ဆင်ထားသော နှာခေါင်းစည်းကို ဆွဲချွတ်လိုက်တော့သည်။
ရှောင်ဖန်း၏ ရုပ်ရည်ကို မြင်ပြီးနောက် ကျူချမ်းချမ်းသည် ခဏမျှ ကြောင်အသွားပြီးမှ ချက်ချင်း ပြန်လည် ရယ်မောလိုက်ပြန်၏။
"ဟားဟားဟား... ငါ့ရဲ့ ကံတရားက မဆိုးဘူးပဲ။ ချောမောတဲ့ ယောက်ျားတစ်ယောက်ကို ကျွန်အဖြစ် ရလိုက်တာပဲ။ ဒါပေမဲ့ လူသစ်ဖြစ်တဲ့အတွက် နင် ဘယ်လောက်ပဲ ချောချော၊ ငါတို့ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ရမယ်"
ထိုသို့ ပြောပြီးနောက် ကျူချမ်းချမ်းသည် လက်ထဲရှိ ကြာပွတ်ကို မြှောက်ကာ ရှောင်ဖန်း၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ရိုက်နှက်လိုက်ရာ ထိုရိုက်ချက်တစ်ခုတည်းဖြင့် သူ၏ အဝတ်အစားများ စုတ်ပြဲသွား၏။
"ဟားဟားဟား..."
ကျူချမ်းချမ်းသည် ရူးသွပ်စွာ ရယ်မောရင်း ရှောင်ဖန်း၏ ခန္ဓာကိုယ်ပေါ်သို့ သူမ၏ ကြာပွတ်ဖြင့်ဆက်တိုက် ရိုက်နှက်နေတော့သည်။
*********