ငါးနှင့်ငှက်
Vol. 96 Ch. 1315
ထိုတိတ်ဆိတ်မှုမှာ သူတို့နှစ်ယောက် ဖန်လိုင်ကုန်းမြေကနေ ပျံသန်းထွက်လာခဲ့ပြီး ခွဲခွာခဲ့ချိန်ကလို တိတ်ဆိတ်မှုမျိုး ဖြစ်လေ၏။ ယင်းမှာ နှစ်တစ်ရာ ရှိခဲ့ပေပြီ။ သို့သော် မြင်ကွင်းမှာ တူညီနေဆဲသာ။
ဝမ်လင်း တိတ်ဆိတ်နေသည်မှာ သူ ဘာပြောရမှန်း မသိသောကြောင့် ဖြစ်၏။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် မေ့ပစ်တာ အကောင်းဆုံး ဖြစ်မည်ဟု ပြောရမလား၊ သို့မဟုတ် သူသည် လီချန်မေ၏လက်ကောက်ကို လက်ဝယ်ရှိထားသည်ဟု ပြောရမလား မသိတော့ပေ။ ဝမ်လင်းသည် စကားတစ်ခွန်းပင် မဆိုနိုင် ဖြစ်နေ၏။
ထိုလက်ကောက်မှာ ခုနစ်ရောင်စုံနယ်မြေတွင် ဝမ်လင်း၏အသက်ကို ကယ်တင်ပေးခဲ့ခြင်း ဖြစ်၏။ သူသည် ထိုကြင်နာမှုကို ပြန်ပေးဆပ်ရပေမည်။ သို့သော် ထိုပြန်ပေးဆပ်မှု၌ သူသည် အထူးတလည်ခံစားချက် ရှိမနေပါ။
သူ့နှလုံးသားသည် သေဆုံးသွားခဲ့ပြီး ဖြစ်ကာ လီမူဝမ်တစ်ယောက်ကိုသာ ဆုပ်ကိုင်လို့ထား၏။ လောက ဖျက်စီးမခံရခင်၊ သို့တည်းမဟုတ် သေဆုံးခါနီးအခိုက်အတန့်သို့ မရောက်မချင်း သူသည် မတူညီသောလမ်းကြောင်းတစ်ခုကို မရွေးချယ်တော့တာ ဖြစ်နိုင်၏။
သို့ရာတွင် ခုချိန်၌ သူသည် ထပ်မချစ်နိုင်ပေ။ ပို၍ တိတိကျကျဆိုပါက လီချန်မေသည် သူ့နှလုံးသားထဲသို့ အမှန်တကယ် ဝင်ရောက်လာခဲ့ခြင်း မရှိပေ။ ဝမ်လင်းသည် လီချန်မေကို ရောင်းရင်းကျင့်ကြံသူတစ်ယောက်အဖြစ်သာ လေးစားမှု ထား၏။ လက်ကောက်ကြောင့်သာလျှင် ရှုပ်ထွေးသွားသော ကံကြမ္မာကို ဖြစ်စေကာ သူ့လေးစားမှုသာ ထားသည့်စိတ်အပေါ် အနည်းငယ် ထွေးရှုပ်သွားရ၏။
ဝမ်လင်းသည် လီချန်မေက သူ့အပေါ် မကောင်းသင့်ဟု ခံစားမိ၏။ သူတို့သည် မေးခွန်းသုံးခုမှတစ်ဆင့်သာ တစ်ယောက်နှင့်တစ်ယောက် သိလာခဲ့ရုံ ရှိသေး၏။ ထိုအချက်ကလွဲ၍ သူတို့သည် တစ်ယောက်အကြောင်းတစ်ယောက် ဘာတစ်ခုမှ သိမနေခဲ့ချေ။
သူမသည် နတ်ဆိုးပင်လယ်မှာ လီမူဝမ်ကဲ့သို့ နှစ်ပေါင်းများစွာ သူနှင့်အတူ အချိန်မကုန်ဆုံးခဲ့ဖူး၊ လီမူဝမ်ကဲ့သို့ တိမ်ကောင်းကင်ကလန်တွင် သူ့ကို နှစ်ရာချီ စောင့်မနေခဲ့ဖူး၊ တောင်ကြားထဲ၌ အိုမင်းသွားသည့်အထိ တုန်လှုပ်မှု မရှိခဲ့ဖူးပေ။
လီမူဝမ်ကို ကောင်းကင်ဘုံ၏တမန်တော် လာရောက်ခေါ်ဆောင်ချိန်တုန်းကကဲ့သို့ ဝမ်လင်းသည် နာကျင်စွာဟစ်အော်ခဲ့ရခြင်းလည်း မရှိပေ။
“ကောင်းကင်ဘုံက နင့်ကို သေစေချင်တယ်ဆိုရင်တောင် ငါ နင့်ကို ပြန်ခေါ်ယူမယ်…”
ဤစကားမှာ အတိတ်တုန်းက မိန်းမတစ်ယောက်အပေါ် ဝမ်လင်း၏ကတိ ဖြစ်လေ၏။
ထို့ကြောင့် ဝမ်လင်းသည် လီချန်မေ၏ မျက်နှာချင်းဆိုင်တွင် ငြိမ်သက်တိတ်ဆိတ်နေခြင်းပင်။
ဝမ်လင်းသည် လီချန်မေအပေါ် စိတ်ရှုပ်ထွေးစွာ ခံစားနေရ၏။
လီချန်မေသည် သူမ၏အောက်နှုတ်ခမ်းကို ကိုက်ကာ ပြောလာ၏။ “နင် ငါနဲ့အတူ ခဏတဖြုတ် ထိုင်ပေးနိုင်မလား…” သူမသည် ပြောပြောဆိုဆိုဖြင့် ခြံဝန်းထဲရှိ မြက်ခင်းပေါ်တွင် ထိုင်ချလိုက်၏။ လရောင်သည် သူမကို အလွန်လှပကာ၊ဆွဲဆောင်မှု ရှိနေစေသည်။
ဝမ်လင်းသည် ညကောင်းကင်ထက်မှ ကြယ်ရောင်၊နှစ်လိုဖွယ်လရောင်တို့ကို ကြည့်နေရင်း လီချန်မေဘေးတွင် ငြိမ်သက်စွာ ထိုင်ချလိုက်သည်။ သူသည် ထိုင်နေရင်း လီချန်မေ၏ကိုယ်သင်းရနံ့က သူ့နှာခေါင်းထဲ တိုးဝင်လာကာ သူ့အား သက်တောင့်သက်သာ ဖြစ်စေသည်။
“နှစ်တစ်ရာအတွင်း…နင် အဆင်ပြေခဲ့ရဲ့လား…” လီချန်မေသည် ခေါင်းငုံ့၍ ဆို၏။
ဝမ်လင်းသည် ခပ်တိုးတိုး ပြန်ပြောသည်။ “အဆင်ပြေခဲ့ပါတယ်…”
လီချန်မေသည် ဝမ်လင်းကို ပြုံး၍ ကြည့်၏။ သူမ၏တည်ငြိမ်မှုအောက်က အလှတရားမှာ စာဖွဲ့၍ ရလေ၏။
ဝမ်လင်း၏အကြည့်က လီချန်မေမျက်နှာပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် သူသည် သူ့အကြည့်ကို ခပ်မြန်မြန် ပြန်ရုတ်သိမ်းသည်။ သူ စကားမဆိုသေးပေ။
“နင့်ရတနာအတွက် ကျေးဇူးတင်ပါတယ်။ ဒီရွှေရောင်စုတ်တံဟာ အထီးကျန်ဆန်လှတဲ့ နှစ်တစ်ရာနီးပါးကြာ တိုက်ပွဲကွင်းပြင်မှာ ငါ့ကို အဖော်ပြုပေးခဲ့တယ်…”
လီချန်မေသည် ဝမ်လင်းကို ကြည့်ကာ ထိုကဲ့သို့ နူးညံ့စွာ ပြောလိုက်သည်။
ဝမ်လင်းသည် တစ်ခုခုပြောရန် ဟန်ပြင်၏။ သို့သော် အဆုံးသပ်တွင် သူသည် ဘာမှ မပြောတော့ပေ။
“လာမယ့်ရက်အနည်းငယ်အတွင်း ငါ ထွက်သွားတော့မယ်…” လီချန်မေသည် ဝမ်လင်းကိုသာ ကြည့်နေ။ သူမ၏မျက်ဝန်းတို့က အနည်းငယ် တုန်ယင်နေဟန် ထင်ရသည်။ သို့သော် သူမ၏အကြည့်ကတော့ ပို၍ ပြတ်သားလာသည်။ သူမသည် ဝမ်လင်းကို ကြည့်နေဆဲပင်။
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေပြီးမှ ပြောလာ၏။ “ငါ နင့်ကို လိုက်ပို့ပေးမယ်…”
လီချန်မေသည် ပြုံး၍ တခစ်ခစ် ရယ်သည်။ “နင်က ဆွံ့အသွားတာလားလို့ ငါ တွေးနေတာ…”
ဝမ်လင်းသည် ခါးသက်သက် ပြုံးသည်။ သူသည် ခေါင်းယမ်းမိသည်။
“နောက်ဆုံးအကြိမ်တုန်းကလည်း နင် လိုက်ပို့ပေးမယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ နင် လိုက်မပို့ခဲ့ဘူး…” လီချန်မေ၏မျက်ဝန်းတို့က ပို၍ တုန်ယင်လာသည်။ သို့သော် သူမသည် ဝမ်လင်းကို ကြည့်နေဆဲသာ။
ဝမ်လင်းက လီချန်မေ၏အကြည့်ကို ရှောင်ဖယ်ကာ ရှေ့တည့်တည့်သို့ ကြည့်၍ ခပ်တိုးတိုး ပြောသည်။ “ဒီတစ်ခါတော့ ငါ နင့်ကို လိုက်ပို့ပေးမှာပါ…”
လီချန်မေ၏မျက်နှာထက်တွင် ခါးသီးဟန် ဖြစ်ပေါ်လာ၏။ သူမသည် ဝမ်လင်းကို ကြည့်နေရင်း အလွန်ဝေးကွာသွားသလို ခံစားမိရသည်။ သူသည် သူမဘေးတွင် ရှိနေသည်တောင်မှာ သူမသည် သူဟာ အလွန်လှမ်းဝေးလှသည်ဟု ခံစားမိပေသည်။
ငါးတစ်ကောင်က ကောင်းကင်ထက်ရှိ ငှက်တစ်ကောင်ကို ကြည့်နေသကဲ့သို့နှင့် တူလေ၏။ ငါးသည် ရေထဲ၌ မျက်ရည်ကျ၏။ သို့သော် ငှက်ကတော့ မြင်နိုင်လိမ့်မည် မဟုတ်ပေ။ သူမအဖြစ်ကလည်း ထိုကဲ့သို့ အလား။
“ငါ ဒီတစ်ခါ ထွက်သွားပြီးရင် အချိန်ကြာတဲ့ထိ ပြန်လာနိုင်မှာ မဟုတ်တော့ဘူး။ ဒါမှမဟုတ် ငါ ဘယ်တော့မှ ပြန်ရောက်မလာနိုင်တာလည်း ဖြစ်သွားနိုင်တယ်…”
လီချန်မေ၏စကားများက ဝမ်လင်းနားထဲသို့ ခပ်တိုးတိုး ဝင်ရောက်လာသည်။ သူ့ကို ပိုငြိမ်သက်တိတ်ဆိတ်သွားစေ၏။
“ငါဟာ မိဘမဲ့တစ်ယောက်ပါ။ ဆရာဟာ ငါ့ကို မွေးစားခဲ့တာ။ ငါ နတ်ဆိုးကလန်ရဲ့ တိုက်ပွဲကွင်းပြင်ကို သွားရမှာ ငါ့ကံကြမ္မာပဲ။ ငါ ဘယ်တော့မှ ပြန်ရောက်မလာခဲ့ရရင် နင် ငါ့ကို အမှတ်ရနေဖို့တော့ မျှော်လင့်မိတယ်…”
လီချန်မေသည် မြက်ပင်များကို ဆွဲကိုင်ထားသည်။ သူမ၏ လက်ချောင်းလေးများက တုန်နေသည်။ သူမသည် မြက်ပင်များကိုသာ ပိုတင်းကြပ်စွာ ကိုင်ထားမိ၏။
သူမသည် ဝမ်လင်း၏ပုံရိပ်က သူမနှလုံးသားထဲတွင် ပိုရှင်းလင်းလာသည်ကိုတော့ မပြောပြတော့ပေ။ သူမသည် ဝမ်လင်းအတွက် ဒဏ်ရာအပြင်းအထန်ရခဲ့သည့်ကြားက သူလက်ဆောင်ပေးခဲ့သော ရွှေရောင်စုတ်တံကို ပြန်ရရန် အသက်နဲ့ရင်း စွန့်စားခဲ့ကြောင်းကို မပြောပြတော့ပေ။ သူမသည် သူ့ကို တွေ့ဖို့အတွက် သည်နေရာသို့ လာရန် မည်သို့သောဖိအားကို ကြံ့ကြံ့ခံခဲ့ရကြောင်းကိုလည်း မပြောပြတော့ပေ။
သူမသည် နေရာသို့ ထွက်လာခဲ့ခြင်းကြောင့် သူမ၏ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်တွင် စကားအမျိုးမျိုး ဖြစ်ပေါ်စေခဲ့သလို၊နတ်ဆိုးကလန်၏ အပြစ်တင်ခြင်းကိုလည်း ခံခဲ့ရသေးသည်။ သို့သော် သူမသည် ဤအကြောင်းတို့ကို ဝမ်လင်းအား မပြောပြတော့ပေ။
“ငါ ကလေးတုန်းတည်းက ငါဟာ တခြားသူတွေနဲ့ မတူတာကို သိခဲ့တယ်။ ငါ့ဆံပင်ဟာ အ ပြာရောင်၊ တိမ်ပင်လယ်မှာ ဘယ်သူကမှ ငါ့လို အပြာရောင်ဆံပင် မပိုင်ဆိုင်ထားကြဘူး…။ ငါ ကလေးဘဝတုန်းက ငါနဲ့အတူ ဆော့ကစားခဲ့တဲ့ ကစားဖော်တွေဟာ ငါ့ကို လှောင်ပြောင်ခဲ့ကြတာကို မှတ်မိပါသေးတယ်…”
လီချန်မေသည် သူမ၏ကလေးဘဝကို ပြန်တွေးမိကာ သူမ၏မျက်လုံးထဲတွင် ခါးသီးမှုတို့ ပြည့်နှက်လာ၏။
“ငါဟာ ကြိုးကြိုးစားစား ကျင့်ကြံခဲ့တယ်။ ဆရာဟာ ငါ့အတွက် ဆေးဝါးတွေအများကြီး ပေးခဲ့တယ်။ ဒီဆေးလုံးတွေကြောင့် ငါဟာ ခုလက်ရှိ ကျင့်ကြံမှုအဆင့်ကို ရောက်လာနိုင်ခဲ့တယ်။ ငါ့ကျင့်ကြံမှုအဆင့်ဟာ ငါ့ဆရာ ပေးထားခဲ့တာ။ ကောင်းကင်ဘုံကံကြမ္မာကလန်က ပေးထားခဲ့တာ။ ငါဟာ တိုက်ပွဲကွင်းပြင်ကို သွားရလိမ့်မယ်။ ဒါဟာ ငါ့ ကံကြမ္မာပဲ…”
လီချန်မေသည် မြက်ပင်များကို ခပ်တင်းတင်းဆုပ်ထားလျက်ကနေ ပြန်ဖြေလျော့ခြင်း မပြုပေ။ ထိုအစားသူမသည် မြက်ပင်များကို ဆွဲနှုတ်လိုက်ရာ သူမ၏လက်ချောင်းများကြားတွင် ပါလာလေသည်။
သူမသည် မတ်တပ်ထရပ်၏။ သူမ၏ အပြာရောင်ဆံပင်တို့မှာ လှုပ်ရှားသွားသည်။ သူမသည် ဝမ်လင်းကို ကြည့်ကာ နူးညံ့စွာ ပြောလိုက်သည်။ “ငါ မရှိတော့တဲ့ တနေ့ကျင် နင့်ဘဝမှ ငါ့ကို အမှတ်ရနေပေးပါ။ နင့်ဘဝမှာ လီချန်မေဆိုတဲ့ အမျိုးသမီးတစ်ယောက် ဖြတ်သွားဖြတ်လာ ရှိခဲ့ဖူးတယ်လို့ အမှတ်ရပေးပါ…”
ထိုစကားကို ကြားသည့်အခါ ဝမ်လင်း၏စိတ်နှလုံးမှာ နာကျင်ရ၏။ သူ့မျက်နှာသည် အနည်းငယ် ဖြူရောသွားသည်။ သူသည် လီချန်မေကို မော့ကြည့်ကာ ညင်သာစွာ ခေါင်းညိတ်ပြ၏။
“ငါ အမှတ်ရနေပါ့မယ်…”
လီချန်မေသည် ပြုံး၏။ သို့သော် ထိုအပြုံးထဲတွင် ဝမ်းနည်းမှုတို့ ယှက်သန်းနေသည်။ သူမသည် ဝမ်လင်းကို ကြည့်နေမြဲပင်။ သူမ၏မှတ်ဉာဏ်များထဲ၌ သည့်လူကို လုံးဝ ရေးထွင်းထားချင်သည်လား၊ သို့မဟုတ် ဖျောက်ဖျက်ပစ်ချင်သည့်လား။
ထွက်ခွာခြင်းနှင့်မေ့ပစ်ခြင်းတို့ကြားရှိ အကွာအဝေးမှာ အတူတူတူသာပင်။ ဖော်ပြ၍တော့ မရပေ။ ရေကန်ထဲမှ ငါးတစ်ကောင်က ငှက်တစ်ကောင် ပျံသန်းထွက်သွားသည်ကို ကြည့်နေရသည့်အလား။
ဝမ်လင်းသည် လီချန်မေကို ကြည့်၏။ သူ့နှလုံးသားထဲရှိ ခါးသီးမှုသည် ပိုအားကောင်းလာသည်။
လရောင်ကို အဖော်ပြု၍ လီချန်မေ၏ သက်ပြင်းသံသည် လေပြေညင်းအလား ခြံဝန်းတခွင် တိုက်ခတ်၍ သူမ၏ပုံရိပ်နှင့်အတူ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။
လရောင်အောက်ရှိ လီချန်မေ၏နောက်ကျောကို ကြည့်ကာ ဝမ်လင်းသည် ခပ်တိုးတိုး ပြောလာသည်။ “ကျေးဇူးတင်ပါတယ်…”
“ဘာကြောင့်လဲ…” လီချန်မေသည် ထွက်ခွာသွားရာကနေ ရပ်ကာ ဝမ်လင်းကို လှည့်ကြည့်သည်။ သူမ၏အမူအရာသည် တည်ငြိမ်လို့နေ၏။
ဝမ်လင်းသည် အနည်းငယ် စဉ်းစားပြီးနောက် သူ့ညာလက်ကို ဝေ့ယမ်းရာ လက်ကောက်တစ်ခု ပေါ်လာ၏။
“ဒီလက်ကောက်က ငါ့အသက်ကို တစ်ခါ ကယ်တင်ပေးခဲ့တယ်…”
သူမသည် ထိုလက်ကောက်ကို တွေ့မြင်သည့်အခါ သူမ၏ဟန်ဆောင်မှုမှာ ကွာကျသွားရတော့သည်။သူမသည် လက်ကောက်ကို ကြည့်၏။ မင်သက်မိ၏။ တဖြည်းဖြည်း ပြုံး၏။ သည်အခိုက်အတွင် သူမသည် လှပလွန်းသည်။
လီချန်မေသည် နူးညံ့စွာ ပြောလိုက်သည်။ “ငါ ဒါကို လွှတ်ပစ်ခဲ့တာ မှတ်မိပါသေးတယ်…”
“ငါ ဒါကို မတော်တဆ ပြန်ရခဲ့တာ…” ဝမ်လင်း၏အမူအရာမှာ အနည်းငယ် ထူးဆန်းသွားသည်။ သူသည် သူ ပြောခဲ့သည်ကိုပင် သူကိုယ်တိုင်ပင် မယုံကြည်ဘဲ ရှိသည် မဟုတ်လား။
“အို…ဒီတော့ ဒီလက်ကောက်ကို နင်က မတော်တဆ ပြန်ကောက်ယူခဲ့တာပေါ့…” လီချန်မေသည် ခေါင်းညိတ်ကာ ပြုံး၏။
“ငါ နင့်ကို ပြန်ပေးမယ်…” ဝမ်လင်းသည် လီချန်မေ သူ့အပေါ် နားလည်မှု လွဲနေသည်ကို သိ၏။ သို့သော် ထိုနားလည်မှုလွဲတာကိုလည်း သူ့အဖို့ ရှင်းပြရန် ခက်ခဲလှသည်။ ဝမ်လင်းသည် မတ်တပ်ထရပ်ကာ လက်ကောက်ကို ကိုင်ထားလျက် လီချန်မေထံ ပြန်ပေးဖို့ ကြိုးစားသည်။
“နင် ကောက်ယူခဲ့မှတော့ နင် ငါ့ကို ပြန်ပေးခဲ့ရင်လည်း ငါ ဒါကို ထပ်ပြီး လွှတ်ပစ်လိုက်မှာပေါ့…” သူမမျက်နှာထက်ရှိ အပြုံးသည် ပို ပီပြင်လာသည်။ သူမသည် ဝမ်လင်းကို သေချာကြည့်၏။ ထို့နောက် ထွက်ခွာသွားသည်။
“မှတ်ထားပါ။ နင် ငါ့ကို လိုက်ပို့ပေးမယ်လို့ ကတိပေးထားတယ်…” လီချန်မေ၏စကားလုံးများက နူးညံ့စွာ ရောက်ရှိလာသည်။ သူမသည် လရောင်ထဲသို့ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ ခြံဝန်းထဲရှိ သူမ၏အခန်းရှိရာသို့ ပြန်သွားတော့သည်။
လက်ကောက်ကို ကိုင်ထားလျက် ဝမ်လင်းသည် သက်ပြင်းချမိသည်။ အချိန်အတန်ကြာပြီးနောက် သူသည် ၎င်းကို ပြန်သိမ်းဆည်းပြီး သူ့အကြည့်မှာ ခြံဝန်းအပြင်ဘက်သို့ ရောက်ရှိသွားသည်။
ထိုနေရာတွင် နောက်ထပ်အမျိုးသမီးတစ်ယောက် ရပ်လို့နေ၏။ ထိုအမျိုးသမီးမှာ အကြွင်းမဲ့ပြိုင်ဘက်ကင်းအောင် လှသည်။ သူမသည်လည်း ဝမ်လင်းကို ကြည့်လို့နေသည်။ သူမသည် လရောက်အောက်တွင် အထီးကျန်ဆန်စွာ ရှိနေသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် စူးစိုက်ကြည့်နေမိသည်။
ထိုအကြည့်က သူတို့နှစ်ယောက်ကို အတိတ်တုန်းက ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ ဟုန်ယွီကလန်သို့ ပြန်ရောက်သွားစေသည့်အလား ခံစားရစေသည်။ ထိုစဉ်က ရေစိတ်ဝိညာဉ်ရင်းမြစ်နှင့် မွေးဖွားခဲ့သော လျိုမေဆိုသော အမျိုးသမီးတစ်ယောက်သည် ဝမ်လင်းဟူသော လူငယ်တစ်ယောက်ကို ယခုကဲ့သို့ ကြည့်ခဲ့ဖူးပေသည်။
(ဘာသာပြန်သူမှတ်ချက်… လျိုမေသည် မူပင်းမေ၏ကိုယ်ပွားဖြစ်ကာ၊ အတိတ်တုန်းက ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် ဝမ်လင်းနှင့် ပတ်သတ်ခဲ့ဖူး၏။ ဝမ်လင်း၏သား ဝမ်ပိုင်သည် လျိုမေနှင့် ရခဲ့ခြင်း ဖြစ်သည်။)
***