← Chapters

သိစေချင်တာပါ

Vol. 96 Ch. 1316

သိစေချင်တာပါ

Vol. 96 Ch. 1316

ဝမ်လင်းနှင့်မူပင်းမေတို့၏ အကြည့်သည် ခြံဝန်းတံခါးကို ဖြတ်၍ တွေ့ဆုံကြသည်။ ထိုတံခါးက ဖြတ်သန်း၍မရသောတောင်ကြားတစ်ခုအလား။ သူတို့နှစ်ယောက်သည် လရောင်အောက်တွင် ငြိမ်သက်တိတ်ဆိတ်နေသည်။

သည်တိတ်ဆိတ်မှုသည် သူ လီချန်မေတုန်းက တိတ်ဆိတ်မှုမျိုးနှင့် မတူပေ။ သို့သော် သူက မည်သို့ကွာခြားသည်ကိုမူ တိတိကျကျ မသိပေ။ ကြည့်ရသည်မှာ ဝမ်လင်း၏ဘဝတွင် လီမူဝမ်အပြင် လျိုမေ သို့မဟုတ် မူပင်းမေ ဟုခေါ်သော တစ်စုံတစ်ယောက် ရှိခဲ့ဖူးပေသည်။

ဟင်္သာပြဒါးဂြိုဟ်မှာတုန်းကလည်း ထိုကဲ့သို့ပင်။ အလုံးစုံကောင်းကင်မှာတုန်းကလည်း ထိုကဲ့သို့ပင်။ အခု တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတွင်လည်း သူမသည် ရှိနေပြန်သည်။

ထိုတိတ်ဆိတ်မှုအောက်တွင် မူပင်းမေသည် ခေါင်းငုံ့ကာ ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာ၏။ သူမသည် ခြံတံခါးကို ဖြတ်ကျော်ကာ ခြံဝန်းထဲ ဝင်လာပြီး ဝမ်လင်းနှင့် ဆယ်ပေအကွာတွင် ရပ်သည်။

“ဒီနေရာမှာ ငါ့ကို တွေ့ရလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး…” မူပင်းမေသည် ခေါင်းမော့ကာ ညကောင်းကင်ကို ကြည့်သည်။ သူမ၏အသံက အနည်းငယ် ခပ်ရှရှ ဖြစ်နေ၏။

မူပင်းမေထံမှ အကြည့်ကို ဝမ်လင်းက ပြန်ရုတ်သိမ်း၏။ သူ့အကြည့်က တည်ငြိမ်သည်။ အတိတ်တုန်းက ရှုပ်ထွေးခဲ့သောခံစားမှုများလည်း ပျောက်ကွယ်သွားခဲ့ပေပြီ။ သူသည် မူပင်းမေကို ခပ်တန်းတန်းဖြစ်သွားသောမိတ်ဆွေတစ်ယောက်ကဲ့သို့သာ ကြည့်နေခြင်းပင်။

ဝမ်လင်းသည် တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒီလောကမှာ ကြိုတင်ခန့်မှန်းဖို့ ခက်တဲ့အရာတွေ အများကြီးပါပဲ…”

မူပင်းမေ၏လှပသောမျက်နှာလေးသည် လရောင်အောက်တွင် ဖမ်းစားလွန်းနိုင်သည်။ ထိုအလှတွင် မြင့်မြတ်မှု ပါဝင်၏။ ထိုအော်ရာသည် သူမနှစ်ပေါင်းများစွာ တောက်ပသောဟင်းလင်းပြင်သူတော်စင်မှအဖြစ် တည်ရှိခဲ့မှုကနေ လာခြင်းပင်။

ဝမ်လင်းဘဝတွင် တွေ့ခဲ့ဖူးသော မည်သည့်အမျိုးသမီးမဆို မူပင်းမေကို မယှဉ်နိုင်ပေ။ သူမသည် လောကတွင် မတည်ရှိသင့်သော နတ်သမီးတစ်ပါးအလား တည်ရှိမှုမျိုးပင်။

“ကြိုခန့်မှန်းဖို့ ခက်တာလား…” မူပင်းမေ၏မျက်နှာထက်တွင် ခါးသီးဟန် ဖြစ်ပေါ်သည်။

“နင် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းကို ဘာကြောင့် ရောက်လာခဲ့ရတာလဲ…” ဝမ်လင်းသည် မူပင်းမေကို ကြည့်သည်။ သူမသည် သူ့ကို အဆုံးမဲ့နာကျင်စေခဲ့သော်လည်း သူ့စိတ်ထဲတွင် သူမသည် နက်နက်ရှိုင်းရှိုင်း ရှိခဲ့ဖူး၏။ သူသည် သူမနှင့်ပတ်သတ်၍ ဘယ်တော့မှ လုံးဝ မေ့ပစ်နိုင်ခြင်း မရှိပေ။

သို့ရာတွင် လျိုမေသည် သည်အမျိုးသမီးသာ ဖြစ်၏။ လျိုမေသည် သူမသာ ဆက်ဖြစ်နေသည်။ တစ်ခါတစ်ရံ ဝမ်လင်းသည် သူမကို လျိုမေလား၊ မူပင်းမေလားဟုပင် မပြောနိုင် ဖြစ်ရ၏။

သို့ရာတွင် ထိုအရာများမှာ အရေးမပါတော့ပေ။ ဝမ်လင်းသည် မဟာမိတ်ကြယ်အဖွဲ့အစည်းကနေ ထွက်လာခဲ့ကတည်းက သူသည် ထိုအမျိုးသမီးနှင့် ရန်ငြှိုးရန်စအားလုံးကို အဆုံးသပ်ပစ်ခဲ့ပြီး ဖြစ်၏။ ဆိုတော့ သည်အမျိုးသမီးသည် သူ့နှလုံးသားအပေါ်တွင်တော့ သက်ရောက်နိုင်တော့မည် မဟုတ်ပါ။

“နင် ထာဆန်လို့ခေါ်တဲ့ ရှေးဟောင်းနတ်ဘုရားတစ်ပါးကို သိလား…” မူပင်းမေသည် ဝမ်လင်းကို ကြည့်သည်။ သူမ၏မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုအပြည့် နက်ရှိုင်းစွာ ရှိလို့နေသည်။

“ထာဆန်…” ဝမ်လင်း၏မျက်လုံးသည် ရုတ်တရက် ပြောင်းလဲကာ အေးစက်သွားသည်။

“သူ လွတ်မြောက်လာခဲ့ပြီ။ အလုံးစုံကောင်းကင်ရဲ့ စစ်တပ်လည်း ပျက်စီးသွားခဲ့ပြီ။ သူဟာ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေကို သတ်ခဲ့တယ်။ သူဟာ အလုံးစုံကောင်းကင်ကိုလည်း မဟာမိတ်ကြယ်အဖွဲ့အစည်းကနေ နောက်ပြတ်ဆုတ်သွားစေခဲ့တယ်။ သူတို့က မဟာမိတ်ကြယ်အဖွဲ့အစည်းထဲကို ဝင်မလာရဲကြတော့ဘူး။ အလုံးစုံကောင်းကင်မှာ အရှင်လုဖူဆိုတဲ့ အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ရှိတယ်။ သူတောင် မဟာမိတ်ကြယ်အဖွဲ့အစည်းကို လက်ရှောင်သွားပြီး ထာဆန်နဲ့ မတိုက်ခိုက်ရဲဘူး…”

မူပင်းမေ၏စကားများသည် တည်ငြိမ်၏။ သို့သော် သူမပြောပြသော အကြောင်းအရာများက ဝမ်လင်းကို တုန်လှုပ်စေသည်။ ဝမ်လင်းသည် အသက်ခပ်ပြင်းပြင်း ရှုသွင်းမိ၏။

သို့ရာတွင် မူပင်းမေ၏စကားက အဆုံးမသပ်သေးပေ။ သူမသည် ဝမ်လင်းကို သတင်းအားလုံး မပြောပြရသေးပေ။

“အလောင်းကောင်ကလန်ရဲ့ နယ်မြေကိုလည်း ထာဆန် ရှာတွေ့ခဲ့တယ်။ အလောင်းကောင်ကလန်ရဲ့ ဘုရင်ဟာ ကျရှုံးခဲ့ပြီး မရေမတွက်နိုင်တဲ့သူတွေ သေဆုံးခဲ့၊ဒဏ်ရာ ရခဲ့ကြတယ်။ အလောင်းကောင်ကလန်လည်း ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ရပြီ…”

“ထာဆန်ရဲ့ ကျူးကျော်လာမှုကြောင့် နတ်လေးပါးကလန်လည်း မရေမတွက်နိုင်အောင် သေဆုံးခဲ့ရတယ်။ အဇူရာနဂါးနတ်အင်ပါယာရဲ့ ကျင့်ကြံမှုအဆင့်ဟာ တုန်လှုပ်ဖို့ ကောင်းပေမယ့်လည်း သူဟာ ထာဆန်ရဲ့ ပြိုင်ဘက်မဟုတ်ခဲ့ဘူး။ သူ သေလား၊ ရှင်လားတော့ မသိရဘူး…”

“ကျင့်ကြံခြင်းမဟာမိတ်က ကြွင်းကျန်တဲ့အင်အားစုတွေလည်း ဖျက်စီးခဲ့ရပြီး ပျံ့ကြဲသွားခဲ့တယ်။ မဟာမိတ်ဌာနချုပ်ကတော့ တစ်ချို့အကြောင်းရင်းတွေကြောင့် ထာဆန် မသွားခဲ့တဲ့အတွက် လုံခြုံဘေးကင်းခဲ့တယ်…”

ဝမ်လင်း၏မျက်လုံးသူငယ်အိမ်သည် ကြုံ့သွား၏။ သူ့အတွက် သည်သတင်းများသည် ကြီးစွာ တုန်လှုပ်စေသည်။

သူသည် ထာဆန်နိုးထလာခြင်းက မဟာမိတ်ကြယ်အဖွဲ့အစည်းတွင် ဤမျှ မုန်တိုင်းထန်စေလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။

“နင် ဂရုစိုက်ခဲ့တဲ့ မိုးကောင်းကင်ဘုံနယ်မြေကတော့ မထိခိုက်ခဲ့ဘူး။ ထာဆန်ဟာ အဲ့နေရာကိုလည်း သွားခဲ့သေးတယ်။ ဒါပေမဲ့ ချင်းလင်ဟာ သူ့ကို နယ်မြေအပြင်ဘက်မှာ တားဆီးခဲ့တယ်။ သူတို့ဟာ သဘောတူညီမှုတစ်ခု ရခဲ့တယ့်ပုံပဲ။ အဲ့ဒီနောက် ထာဆန်ဟာ ထွက်သွားခဲ့တယ်…” မူပင်းမေသည် ထိုကဲ့သို့ ပြောပြရင်း အောက်နှုတ်ခမ်းကို ကိုက်ထားလျက် ရှိသည်။

“နင် မှန်ခဲ့တယ်။ ယုအာကိုသာ ငါနဲ့အတူ နေဖို့ ရွေးချယ်စေခဲ့ရင် သူမရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆို အသက်ရှင်လျက် လွတ်မြောက်နိုင်ဖို့ ခက်ခဲလွန်းလိမ့်မယ်…။ တောက်ပသောလေဟာနယ်နယ်မြေလည်း မတည်ရှိတော့ဘူး။ ဒီနယ်မြေရဲ့ ကျင့်ကြံသူအားလုံးလည်း တိုက်ပွဲအတွင်းမှာ သေဆုံးခဲ့ကြတယ်။ နယ်မြေစောင့်ကြပ်သူတောင် ငါ လွတ်မြောက်လာနိုင်ဖို့အတွက်နဲ့ ထာဆန်လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။ ငါ့ခန္ဓာကိုယ်လည်း ပျက်စီးခဲ့ရတယ်။ နင် အခု မြင်နေရတာဟာ ငါ မကြာသေးခင်မှာ ပြန်ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ်ပဲ…”

“ငါ့ကျင့်ကြံမှုအဆင့်လည်း အတော်လေး လျော့ကျသွားခဲ့တယ်။ ငါသာ ငါ့အထိတ်အထိပ်အစွမ်းကို ပြန်ရဖို့ဆို အချိန်ယူရလိမ့်မယ်…”

ဝမ်လင်း၏စိတ်ထဲရှိ လှိုင်းသည် နောက်ဆုံးတွင် ပြန်တည်ငြိမ်သွားသည်။ သူသည် ထာဆန်ထွက်ပေါ်လာမှုအတွက် စိတ်ပိုင်းဆိုင်ရာ ကြိုပြင်ဆင်ထားခဲ့ပေ၏။ သို့ရာတွင် မူပင်းမေ၏စကားလုံးများကို ကြားလိုက်ရသည့်အခါ သူသည် တုန်လှုပ်မိနေဆဲပင်။

“တောက်ပသောလေဟာနယ်သူတော်စင်မအနေနဲ့ ငါဟာ တောက်ပသောလေဟာနယ်နယ်မြေရဲ့ အမွေအနှစ်ကို ပိုင်ဆိုင်ထားခဲ့တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းသောင်းချီတုန်းက အရင်တောက်ပသောလေဟာနယ်သူတော်စင်မဟာ နတ်ဘုရားကလန်ရဲ့ အကြီးအကဲချုပ်ကို ကယ်တင်ပေးခဲ့ဖူးတယ်။ အကြီးအကဲချုပ်ဟာ ငါတို့အပေါ် ကျေးဇူးကြွေးတင်ခဲ့တဲ့အတွက်ကြောင့် ငါဟာ ဒီနေရာကို အထူးသီးသန့်နည်းသုံးပြီး ရောက်လာခဲ့တာပဲ။ ငါ နတ်ဘုရားကလန်ကို သွားချင်ပြီး သူတို့ရဲ့စွမ်းအားနဲ့ ငါ ပြန်ကောင်းမွန်လာအောင် ကူညီပေးခိုင်းရမယ်…”

မူပင်းမေ၏ အသံသည် တိုးညင်းသွားပြီး သူမ၏ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်သွားသည်။

သူမကို ထိုသို့ ဖြစ်စေသည့်သူမှာ ဝမ်လင်းပင်။

ဝမ်လင်းသည် ရှေ့ဆက်လျှောက်လာကာ မူပင်းမေအနား ရောက်လာ၏။ သူ့လက်ချောင်းဖြင့် ဓားတစ်လက်အသွင် ဖြစ်စေပြီး လျှပ်စီးကဲ့သို့ လှုပ်ရှားကာ သူမ၏မျက်ခုံးနှစ်ခုကြားသို့ ပစ်မှတ်ထားလိုက်သည်။

မူပင်းမေသည် မရှောင်ပေ။ တစ်ခဏတာ မင်သက်သွားပြီးနောက် သူမ၏မျက်နှာသည် သေလောက်အောင် ဖြူရောသွားသည်။ သူမသည် တစ်ခုခုကို အမှတ်ရသွားဟန် ပေါ်သည်။ သို့သော် ဝမ်လင်း၏ လက်ချောင်းကို သူမ၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်လာခွင့် ပြုချိန်၌ပင် သူမသည် မသေချာမရေရာ ဖြစ်နေသေးသည်။

မူပင်းမေ၏စိတ်သည် တုန်ခါနေ၏။ တဒင်္ဂအတွင်း သူမ၏မျက်ခုံးနှစ်ခုကြားတွင် အော်ရာတစ်ခု မြန်ဆန်စွာ လှည့်ပတ်လာသည်။ ယင်းဝဲကတော့ထဲမှ သိပ်သည်းသောရှေးဟောင်းနတ်ဘုရားအော်ရာတစ်ခု ထွက်ပေါ်လာလေ၏။

ထိုအော်ရာသည် အားကောင်းလွန်းသည်။ အပြင်လူများသည် ၎င်းအော်ရာကို ထောက်လှမ်းနိုင်မည် မဟုတ်ပေ။ သို့သော် ဝမ်လင်းကတော့ ရှင်းလင်းစွာ ခံစားမိ၏။ သူ့အသွင်သည် သုန်မှုန်သွားကာ သူသည် ကောင်းကင်ထက်သို့ မော့ကြည့်သည်။ မည်သူကမျှ သူ ဘာတွေးနေသည်ကို သိနိုင်လိမ့်မည် မဟုတ်ပါ။

မူပင်းမေ၏မျက်နှာသည် သွေးမရှိတော့ပေ။ သူမသည် မင်သက်မိနေ၏။ သူမသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရင်း သူမ၏မျက်နှာထက်တွင် ဝမ်းနည်းမှုတို့ ပြည့်နှက်လာသည်။

“တောင်း…တောင်းပန်ပါတယ်…” မူပင်းမေသည် အောက်နှုတ်ခမ်းကို ကိုက်ထားလျက် သူမ၏မျက်လုံးအိမ်မှ သလင်းကဲ့သို့ မျက်ရည်စီးကြောင်းနှစ်ခု လိမ့်ဆင်းကျလာသည်။ အဆုံးသပ်တွင်တော့ သူမသည် မိန်းမတစ်ယောက် ဖြစ်နေဆဲသာ။

သူမ၏မူလရည်ရွယ်ချက်သည် ဝမ်လင်းကို ထာဆန်နှင့်ပတ်သတ်၍ အကြောင်းစုံ ပြောပြန်ရန် ဖြစ်သည်။ သို့မှသာ သူ ကြိုပြင်ဆင်ထားနိုင်ပေမည်။ သူမသည် ဝမ်လင်း၏ဘေးကင်းမှုအတွက် စိတ်ပူနေခဲ့၏။ သူမသည် ဝမ်လင်းကို ထာဆန်အကြောင်း အားလုံး သိစေချင်နေသည်။ ထိုမှသာ သူ မြန်မြန်ထွက်ခွာသွားနိုင်မည် ဖြစ်၏။

သူမ၏ရည်ရွယ်ချက်မှာ ကောင်းမွန်ပေသည်။

“ငါ…ငါ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းကို ရောက်လာတဲ့နောက် ငါ့ခန္ဓာကိုယ်နဲ့ မူလစိတ်ဝိညာဉ်ကို အကြိမ်များစွာ စစ်ဆေးကြည့်ခဲ့တယ်။ ငါ…ငါ့မူလစိတ်ဝိညာဉ်ရဲ့ တစ်လက်မချင်းကို စစ်ဆေးကြည့်ခဲ့တယ်…။ငါ…”

ဝမ်လင်းသည် ခေါင်းငုံ့သွား၏။ သူသည် မူပင်းမေ၏ ဖြူရောသော၊ငိုနေသောမျက်နှာလေးကို တွေ့မြင်သည့်အခါ သက်ပြင်းချကာ နူးညံ့စွာ ပြောလိုက်၏။ “ဒါ အဆင်ပြေပါတယ်…”

“ဒီကိစ္စဟာ နင်နဲ့ ဘာမှ မဆိုင်ပါဘူး။ ငါ ကိုယ်တိုင် အလုံးစုံကောင်းကင်ရဲ့ တတိယအဆင့်ကျင့်ကြံသူ၊ အရှင်လုဖူကိုယ်တိုင် ထာဆန်ကို ရှုံးနိမ့်ခဲ့ပြီး သေလုမြောပါး ဖြစ်ခဲ့တာကို တွေ့မြင်ခဲ့ရဖူးတယ်။ ထာဆန်ရဲ့ စွမ်းအားနဲ့ဆိုရင် သူသာ နင့်ကိုယ်ပေါ်မှာ အမှတ်အသားတစ်ခု ထားခဲ့ချင်ရင် နင် ဘယ်လိုမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး…”

ဝမ်လင်း၏အသံသည် နူးညံ့၏။ သူသည် မူပင်းမေ၏ ကောင်းမွန်သောရည်ရွယ်ချက်ကို တွေ့မြင်ပေသည်။

“ငါ…” မူပင်းမေသည် ထိုရလဒ်ကို မမျှော်လင့်ထားမိပေ။ သူမ၏မျက်နှာသည် သေလောက်အောက် ဖြူရောနေ၏။

“ဒါ့အပြင် ထာဆန်က နင့်အပေါ်မှာ ရှေးဟောင်းနတ်ဘုရားအမှတ်အသားထားခဲ့တဲ့ဟာ ငါ့အတွက် အားဆေးပို့ပေးလိုက်တာနဲ့ တူတူပါပဲ…”

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်၏။ သူ့ညာလက်ကို မူပင်းမေထံ လှမ်းဆန့်တန်းသည်။ ရှေးဟောင်းနတ်ဘုရားအော်ရာများသည် တစ်ခုနှစ်တစ်ခု ဆွဲငင်ကာ မူပင်းမေ၏ကိုယ်ပေါ်ရှိ အမှတ်အသားသည် ဝမ်လင်းထံ ပျံသန်းလာလေ၏။

ယင်းက ဝမ်လင်းနား ရောက်လာချိန်တွင် သူ့မျက်ခုံးနှစ်ခုကြားတွင် ကြယ်များ ပေါ်လာ၏။ ထို့နောက် ထိုအမှတ်အသားကို သူ့ခြောက်ခုမြောက်ကြယ်က စုပ်ယူသည်။ သူ့စိတ်ထဲတွင် ထာဆန် ရုတ်တရက် ပေါ်လာကာ ဟိန်းသံ ပြု၏။ သို့သော် ဝမ်လင်း၏ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်သည် ချက်ခြင်း ထွက်ပေါ်လာသည်။

ယင်းက ဝါးမြို စုပ်ယူပစ်ခြင်းပင်။ ထာဆန်သည် သန်မာလှသော်လည်း သူသည် မူပင်းမေခန္ဓာကိုယ်ပေါ်၌ အော်ရာများစွာ မချန်ထားနိုင်ခဲ့ပေ။ ခဏအကြာတွင် ဝမ်လင်းက ၎င်းကို စုပ်ယူပြီးသွား၏။ မထင်မှတ်စွာဖြင့် သူ့ခြောက်ခုမြောက်ရှေးဟောင်းနတ်ဘုရားကြယ်သည် ပို၍ ခိုင်မာလာခဲ့သည်။

“သူ…မဟာမိတ်ကြယ်အဖွဲ့အစည်းကနေ မထွက်သွားခင်တုန်းက နင့်နာမည်ကို အော်ခေါ်ခဲ့ပြီး နင့်ကို ရှာနေခဲ့တာ။ သူဟာ တိမ်ပင်လယ်ကိုလည်း ရောက်လာခဲ့သေးတယ်။ ဒါပေမဲ့ နင့်ကို သူ မတွေ့ခဲ့ဘူး…” မူပင်းမေသည် အသက်ခပ်ပြင်းပြင်း ရှုထုတ်မိ၏။ သူမ၏မျက်လုံးထဲတွင် အပြစ်ရှိသလို ခံစားမှုတို့ ပြည့်နှက်နေသည်။

ဝမ်လင်း၏အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားသည်။ သူသည် မူပင်းမေကို ကြည့်ကာ ပြောလိုက်၏။ “သူ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းကို ဘယ်အချိန်က ရောက်လာခဲ့တာလဲ နင် သိလား…”

မူပင်းမေသည် အနည်းငယ် စဉ်းစားကာ ပြောသည်။ “ငါ တိတိကျကျတော့ မသိဘူး။ ငါ တံခါးပိတ်ကျင့်ကြံနေတုန်း၊ ငါ့ခန္ဓာကိုယ်ကို ပြန်ကောင်းမွန်အောင် လုပ်နေတုန်းဆိုတော့ သူရောက်လာခဲ့တာဟာ လွန်ခဲ့တဲ့နှစ်တစ်ရာကျော်လောက်က ဖြစ်လိမ့်မယ်…”

“နှစ်တစ်ရာ…” ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ သူ စတင်စဉ်းစားကြည့်သည်။

ဝမ်လင်းသည် လွန်ခဲ့သောနှစ်တစ်ရာက ထူးဆန်းသောခုနစ်ရောင်စုံနယ်မြေတွင် အချိန်ကုန်ဆုံးခဲ့၏။ သူသည် ထိုနေရာမှာ ချိပ်ပိတ်နယ်မြေ၏အစီအရင်နှင့် တူလှသည်ဟု ခပ်ဝါးဝါး သတိပြုမိခဲ့သည်။

“ထာဆန် ချိပ်ပိတ်နယ်မြေမှာ ငါ့ အော်ရာကို ရှာမတွေ့နိုင်ခဲ့တာ ဖြစ်မယ်။ ငါသာ သူ့နေရာမှာဆိုရင် ချိပ်ပိတ်နယ်မြေကနေ ထွက်ပြီး ရှာမှာပဲ။ အဲ့အချိန်တုန်းက ငါဟာ ချိပ်ပိတ်နယ်မြေအစီအရင်နဲ့ ဆက်နွှယ်နေတဲ့ နေရာမှာ ရောက်နေခဲ့တာ။ ထာဆန် ဒီချိပ်ပိတ်နယ်မြေရဲ့အစီအရင်ကို ချိုးဖျက်ဖို့ ကြိုးစားခဲ့တဲ့အချိန်မှာ ငါ့အော်ရာကို သတိပြုမိသွားလိမ့်မယ်။ ဒါဆိုရင် ရလဒ်က..." ဝမ်လင်း၏အမူအရာသည် ထူးဆန်းလာသည်။

“ထာဆန်သာ ချိပ်ပိတ်နယ်မြေမှာပဲ ရှိနေဦးမယ်ဆိုရင် သူ ငါ့ကို လာမရှာစရာ အကြောင်းမရှိဘူး။ ငါ ခုနစ်ရောင်စုံနယ်မြေကနေ ထွက်လာခဲ့တာ လအတော်အတန် ကြာခဲ့ပြီ။ ဒီအချိန်ထိ သူ ရောက်မလာခဲ့သေးဘူး။ ဒါ့ကြောင့် ထာဆန်ဟာ အမည်မသိနည်းလမ်းအချို့ အသုံးပြုပြီး ပြင်ပနယ်မြေကို ရောက်သွားတာ ဖြစ်မယ်လို့ ငါ့အနေနဲ့ တွေးထင်ကောက်ချက် ချနိုင်တယ်…”

ဝမ်လင်းသည် မည်သို့မည်ပုံ ဖြစ်ပျက်ခဲ့သနည်းကို ကောက်ချက်ချစဉ်းစားနေစဉ်မှာပင် ရှေးဟောင်းကြယ်အဖွဲ့အစည်း(ဝါ) ပြင်ပနယ်မြေတွင်တော့ ဒေါသတကြီးအော်သံတစ်ခု ပဲ့တင်ထပ်သွားလေသည်။ ဧရာမရှေးဟောင်းနတ်ဘုရားတစ်ပါးသည် ဒေါသတကြီးအော်ဟစ်ရင်း ရှေးဟောင်းကလန်တစ်ခုကနေ ထိုးထွက်လာ၏။ သူ့နောက်တွင်တော့ သွေးများထင်းကျန်ခဲ့ပေသည်။

ယင်းက သူ ဖျက်စီးခဲ့သော ကိုးခုမြောက်ရှေးဟောင်းကလန် ဖြစ်၏။ ထာဆန်သည် ခုထိလည်း ရှေးဟောင်းကြယ်အဖွဲ့အစည်းတွင် ဝမ်လင်း၏အရိပ်အယောင်ကို မရှာနိုင်သေးဘဲ ရှိနေရာ ထိုအဖြစ်က သူ့ကို ရူးသွပ်လုနီးပါး ဒေါသထွက်စေသည်။

သို့ရာတွင် ထိုကလန်ကို ဖျက်စီးပြီးသည့်အချိန်မှာပင် သူ့စိတ်မှာ တုန်ယင်သွား၏။ သူသည် ဝမ်လင်း၏အော်ရာကို ထောက်လှမ်းမိနိုင်ရန် တောက်ပသောလေဟာနယ်သူတော်စင်မပေါ်၌ ချန်ထားခဲ့သော သူ့အမှတ်အသားကို ရှင်းလင်းစွာ ခံစားလိုက်ရ၏။

ထိုတွေ့ရှိမှုက ထာဆန်ကို ရုပ်စိုးသွားစေသည်။ သူ့ခန္ဓာကိုယ်ထဲ၌ မုန်တိုင်းတစ်ခု ပေါက်ကွဲထွက်လာသည်။

“မင်းက ချိပ်ပိတ်နယ်မြေမှာပဲ ရှိနေတာပေါ့။ မင်း ဘယ်လိုလုပ် ချိပ်ပိတ်နယ်မြေမှာများ ရှိနေရတာလဲ။ ငါ အဲ့နေရာမှာ မင်းကို အကြိမ်များစွာ ရှာခဲ့ပြီးပြီး…”

ထာဆန်သည် အရူးအမူး အော်ဟစ်လေ၏။ သို့သော် ခုချိန်၌ သူ့ထံတွင် ချိပ်ပိတ်နယ်မြေအစီအရင်ကို အချိန်တစ်ခုအတွင်း ဖျက်စီးပစ်နိုင်မည့် ခွန်အား မရှိတော့ပေ။

***

All Chapters