← Chapters

အသက်ရှင်ဖို့အတွက် အခွင့်အရေးတစ်ခု

Vol. 96 Ch. 1318

အသက်ရှင်ဖို့အတွက် အခွင့်အရေးတစ်ခု

Vol. 96 Ch. 1318

တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတွင် မသိမသာဖြင့် လှုပ်ခတ်နေပေပြီ။ ယင်းမှာ နတ်ဘုရားကလန်ကြောင့် ဖြစ်ပွားခဲ့ခြင်းပင်။ သည်လှုပ်ခတ်မှုတွင် စွက်ဖက်မည့်လူများလည်း ရှိနေသည်။

လီချန်မေသည် သူမကလန်၏ ပိတ်ထားခြင်းကို ခံရကာ သူမကို သုံးလအတွင်း မည်သည့်နေရာသို့မှ သွားခွင့်မပေးတော့ပေ။ သူမ၏ဆရာသည်ပင် သူမကို တားဆီးဖို့အတွက် တံခါးပိတ်ကျင့်ကြံနေရာကနေပါ ထွက်လာခဲ့လေသည်။

သူ့ထံ၌ သူ့အခက်အခဲများနှင့်သူ ဖြစ်နေ၏။ သူသည် ထိုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ လီချန်မေ၏ဘေးကင်းမှုအတွက်သာ ဖြစ်သည်။

မူပင်းမေသည်လည်း ဤကိစ္စများကြောင့် စိတ်ရှုပ်ထွေးမိနေ၏။ သို့သော် သူမသည် တစ်ခုခုမှားနေပြီဟု ခပ်ရေးရေး ခံစားမိသည်။ သူမသည် ဝမ်ရှန်ရှန်နှင့်အတူ နတ်ဘုရားကလန်သို့ သွားခဲ့၏။ သို့သော် ဝမ်ရှန်ရှန်၏ဆရာ၊ ဤကလန်တွင် အစွမ်းထက်ဆုံးသူကို မမြင်ရသေးပေ။ ထိုသူမှာ နတ်ဘုရားကလန်၏ အကြီးအကဲချုပ် တာအိုပညာရှင်ရေ ဖြစ်၏။

သူမသည် နတ်ဘုရားကလန်သို့ ရောက်လာသည်နှင့် တံခါးပိတ်ကျင့်ကြံမည့်အခန်းထဲတွင် နေရာချထားပေးခံရသည်။ နတ်ဘုရားကလန်သည် ဆေးလုံးများကို ထောက်ပံ့ပေး၏။ သို့သော် သူမကို အပြင်ထွက်ခွင့် မပြုပေ။

အကယ်၍ သူမသာ အဆင့်ရှစ်ပြိုင်ပွဲကို ဖျက်သိမ်းကြောင်း သိခဲ့ပါက သူမ၏ဉာဏ်ရည်နှင့်ဆို သူမသည် သံသယဝင်လာမည်မှာ မလွဲပေ။ သူမသည် အကြောင်းရင်းအမှန်ကို ရှာနိုင်စွမ်းမရှိလျှင်ပင် အချို့သဲလွန်စများကိုတော့ မြင်နိုင်ပေလိမ့်မည်။

သို့ရာတွင် ခုချိန်၌ မူပင်းမေသည် မည်သည့်အရာကိုမျှ သိမထားဘဲ ရှိ၏။

လီချန်မေသည်ပင် အဆင့်ရှစ်ကလန်များကြားပြိုင်ပွဲကို နတ်ဘုရားကလန်က ဖျက်သိမ်းလိုက်သည်ကို မသိထားပေ။

မိုလျိုကုန်းမြေပေါ်၌ မူလကလန်၏တပည့်များအားလုံးသည် လုယန်ဖေ၏အမိန့်အောက်တွင် အလျင်အမြန် အထုတ်အပိုင်းများ ပြင်ဆင်ကြ၏။ သူတို့အတွက် ကလန်ရှိကိစ္စဟူသမျှကို ရှင်းလင်းရန် သုံးရက်သာ အချိန်ရသည်။ သူတို့သည် နှစ်ပေါင်းမရေမတွက်နိုင်အောင် နေထိုင်ခဲ့သော သည်အဆင့်ငါးဒေသကနေ ထွက်သွားရန် ခုချိန်တွင် အဆင့်သင့် ဖြစ်နေပေပြီ။ သူတို့သည် ထာဝရကလန်က ပြင်ဆင်ပေးထားသော အဆင့်ခုနစ်ဒေသမှ မူလကလန်အသစ်၏ တည်နေရာထံ ရွှေ့ပြောင်းကြရတော့မည် ဖြစ်သည်။

ဝမ်လင်းသည် မူလကလန်၏ လျှို့ဝှက်ခန်းထဲ၌ ထိုင်နေ၏။ သူ့စိတ်မှာ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးအတွင်းရှိ ရှေ့ဖြစ်ဟောသူ စိတ်ဝိညာဉ်နှင့် ပေါင်းစပ်ထားသည်။ သည်အခိုက်အတန့်တွင် သူသည် ရှေ့ဖြစ်ဟောသူ ဖြစ်လာသည်ဟု ထင်မှတ်ရသည်။

လောကရှိအရာအားလုံးသည် သူ့ထိန်းချုပ်မှုအောက်တွင် ရှိလာဟန် တူ၏။ သို့သော် ထိုအရာမှာ အပေါ်ယံသာ ဖြစ်သည်။

ရှေ့ဖြစ်ဟောသူ၏စိတ်ဝိညာဉ်နှင့် ပေါင်းစည်းပြီးနောက် ဝမ်လင်းသည် ထိုင်ချကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ့စိတ်သည် ကောင်းကင်ယံထိ ပျံ့နှံ့ကာ ကောင်းကင်နှင့်မြေကြီးဖြင့် တစ်သားတည်း ပေါင်းစပ်သည်။ သူသည် ကောင်းကင်ဘုံသည်သူ၊ သူဟာ ကောင်းကင်ဘုံ ဖြစ်လာသော နေရာစုံမှတ်သို့ ရောက်ဖို့အတွက် တစ်ရက်တာ ကြာမြင့်ခဲ့၏။

ထိုပေါင်းစည်းထားသောအခြေအနေအောက်တွင် ဝမ်လင်း၏မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ကနေ ထွက်ခွာသွားပြီး လောကနှင့် တစ်သားတည်း ဖြစ်သည်ဟု ထင်မှတ်ရသည်။ ထိုအဖြစ်က သူနှင့်ရှေ့ဖြစ်ဟောသူတို့၏ စိတ်ဝိညာဉ်များကို ပေါင်းစပ်မှု၏ မထင်မှတ်သောအဆင့်ထိ ရောက်စေသည်။ ကွာဟမှုမရှိတော့ခြင်း။

သူသာ ရှေ့ဖြစ်ဟောသူ၏မန္တာန်တိုက်ခိုက်မှုများကို အသုံးပြုရုံဖြင့်ဆို ဝမ်လင်းသည် အခုကဲ့သို့ နက်နက်ရှိုင်းရှိုင်း ပေါင်းစပ်ရန် မလိုပေ။ သို့ရာတွင် သူသည် တိုက်ခိုက်မည် မဟုတ်၊ ရှေ့ဖြစ်ဟောသူ၏စိတ်ဝိညာဉ်ကို မှီခိုကာ အနာဂတ်ကို ခန့်မှန်းပြီး သူ့ကို ကြောက်လန့်စွာ ခံစားမိစေခြင်း၏ အကြောင်းရင်းကို ရှာရမည် ဖြစ်သည်။

သို့ရာတွင် ထိုကဲ့သို့ ကြိုတင်ခန့်မှန်းခြင်းက ဝမ်လင်းအတွက် ခက်ခဲလွန်းလှ၏။ တကယ်တော့ သူသည် ရှေ့ဖြစ်ဟောသူ မဟုတ်ပေ။ သူသည် ရှေ့ဖြစ်ဟောသူ၏ စိတ်ဝိညာဉ်အတွင်းရှိ အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်သော အစွမ်းအစအနည်းငယ်ကို အတင်းအကြပ် အသုံးချရခြင်းသာ ဖြစ်သည်။

ဤအခိုက်အတန့်တွင် သူ့စိတ်ထဲ၌ သူ့မျက်လုံးများသည် အဆုံးမဲ့မြူများဖြင့် ရစ်သိုင်းဖုံးလွှမ်းကာ သူ့အား အရာအားလုံးကို မြင်နိုင်စွမ်းမဲ့စေသလို ဖြစ်လာစေ၏။ လောကကို အားတစ်ခုက ခြုံလွှမ်းထားသည့်အလား သူ့ကို အကြောင်းရင်းအား မြင်ခွင့်မပြုစေသလိုပင်။

သို့ရာတွင် ဝမ်လင်းသည် လက်မလျှော့ပေ။ သူ့မူလစွမ်းအင်သည် လှုပ်ရှားကာ ရှေ့ဖြစ်ဟောသူနှင့် ပို၍ ပေါင်းစည်းစေ၏။ သူတို့ကြား ပေါင်းစည်းမှုသည် ပိုလေးနက်လာကာ သူသည် အချို့အရာများကိုပါ မေ့လာဟန် ပေါ်သည်။

သူသည် သူ့ကျင့်ကြံနေခြင်းကို မေ့၏။ သူ တိမ်ပင်လယ်ရှိ မူလကလန်တွင် ရှိနေသည်ကိုလည်း မေ့၏။ သည်အခိုက်အတန့်တွင် သူသည် အားလုံးကို မေ့သွားသည်။

လောကကို ဖုံးလွှမ်းထားသော မြူများသည် မြန်မြန်ဆန်ဆန် စတင်လှည့်ပတ်လာသည်။ သူ့စိတ်ထဲတွင် တုန်ဟည်းသံတို့ ပဲ့တင်ထပ်သည်။ မမြင်ရသောလက်တစ်စုံက သည်မြူများကို ဖယ်ရှားပေးသကဲ့သို့ ဝဲကတော့တစ်ခုကို ပေါ်လာစေသည်။

ထိုဝဲကတော့ ပေါ်လာသည်နှင့် သူသည် မိုးကြိုးတုန်ဟည်းသံ သက်ဆင်းလာကာ ဝဲကတော့ပေါ်သို့ ကျရောက်သည်ကို ကြားရသည်။ ချက်ခြင်းပင် ဝဲကတော့မှာ ပျက်စီး၍ အလျင်အမြန် ပြန့်ကြဲသွားသည်။

ဝဲကတော့ပျံ့ကြဲသွားသည့်အခိုက်အတန့်တွင် ဝမ်လင်းသည် မြူများဖြင့် ဖုံးကွယ်ခြင်းခံထားရသော မြင်ကွင်းကို တွေ့မြင်ရလေသည်။

ထိုမြင်ကွင်းထဲ၌ မျက်လုံးတစ်စုံ၊ အဆုံးမဲ့ရက်စက်မှု ပြည့်သော မျက်လုံးတစ်စုံ၊ အေးစက်စက် မျက်လုံးတစ်စုံသည် ကောင်းကင်ထက်သို့ မော့ကြည့်နေသော လူတစ်ယောက်ကို မထူးခြားနားဟန်ဖြင့် ကြည့်လို့နေသည်။

သူသည် ထိုမြင်ကွင်းကို တွေ့မြင်ရသည့်အခါ သူ့စိတ်မှာ တုန်ယင်ရလေ၏။ သူ့စိတ်သည် ပျက်စီးလုနီးပါး ဖြစ်သည်။ မိုးကြိုးကြောင့် ပြန့်ကြဲကွဲထွက်သွားသော ဝဲကတော့မှာ အလျင်အမြန် ပျံ့ကြဲ၍ မြင်ကွင်းကို တဖန် ပြန်ဖုံးကွယ်သွားတော့သည်။

ဝမ်လင်းသည် ရုတ်တရက် မျက်လုံးဖွင့်လာသည်။ သူ့မျက်နှာသည် ချက်ခြင်း ဖြူရောသွားရ၏။

“ဒီကုန်းမြေဟာ မိုလျိုကုန်းမြေပဲ။ ကောင်းကင်ကို မော့ကြည့်နေတဲ့ ကျင့်ကြံသူဟာ ငါပဲ။ အေးစက်စက်မျက်လုံးပိုင်ရှင်ကတော့ ကောင်းကင်တုန်လှုပ်ဖွယ်ကျင့်ကြံမှုအဆင့်ရှိတဲ့သူ တစ်ယောက် ဖြစ်တယ်။ ဒီလူ့ရှေ့မှာဆို ငါဟာ သံသယမရှိ သေဆုံးရလိမ့်မယ်…”

ဝမ်လင်းသည် ကောင်းကင်ထက်သို့ မော့ကြည့်သည်။ သူ့အကြည့်သည် အခန်းထဲကနေ ထွင်းဖောက်နိုင်စွမ်းရှိကာ မိုလျိုကုန်းမြေအထက်ရှိ ကောင်းကင်ယံထိ ကျရောက်လာသည်။ ခုချိန်တွင် ကောင်းကင်သည် ကြည်လင်၍ နေသာသည်။

“ရှေ့ဖြစ်ဟောသူရဲ့ စိတ်ဝိညာဉ်နဲ့ ပေါင်းစပ်ပြီး အနာဂတ်ကို ကြည့်တာ ငါ့အကန့်အသတ်ပဲ။ ဒါပေမဲ့ ငါဟာ ဒီလိုဖြစ်လာမှာကို လက်မခံနိုင်ဘူး။ ငါ အနာဂတ်ကို ထပ်ကြည့်ချင်တယ်…”

စဉ်းစားနေရင်း ဝမ်လင်းသည် အေးစက်စက်နှာခေါင်းရှုံ့သည်။ ထို့နောက် သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ သူ့မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်သည်။ သူသည် ပါးစပ်ဟကာ တစ္ဆေအလင်းတစ်ခုကို ထွေးထုတ်ရာ ယင်းအလင်းသည် သူ့ရှေ့တွင် ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုတံဆိပ်တုံးသည် အလျင်အမြန် လှည့်လည်၏။ ၎င်းထံမှ တစ္ဆေငြီးသံများ ထွက်ပေါ်လာကာ လူတိုင်း၏စိတ်ကို လှုပ်ခါသွားစေနိုင်လောက်သည်။

ဝမ်လင်းသည် သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ တံဆိပ်တုံးပေါ်သို့ ချိပ်တံဆိပ်တစ်ခု နေရာချသည်။ ၎င်းသည် ချက်ခြင်း တုန်ယင်သွားပြီး စတင် တောက်ပသည်။ ၎င်းသည် နက်မှောင်သောအခန်းကို လုံးဝ လင်းထင်းသွားစေသည်။

တစ္ဆေအလင်းထဲ၌ ရှေ့ဖြစ်ဟောသူ၏စိတ်ဝိညာဉ်သည် လှမ်းထွက်လာကာ ဝမ်လင်းရှေ့တွင် ရပ်သည်။

“ဆန်းကြယ်လက်နက်၊ စိတ်ဝိညာဉ်ပြန်ပို့ခြင်း၊ ကောင်းကင်နဲ့မြေကြီးတို့ဟာ အဆုံးမဲ့တယ်၊ ကောင်းကင်ဘုံရဲ့ချီးကျူးမှုအပေါ် အလိုက်အထိုက် နေခြင်း..."

ဝမ်လင်းသည် မန္တာန်များကို အသုံးပြုချိန်၌ အပြည့်အဝရွတ်ဆိုသည်မှာ ရှားပါးလှ၏။ သို့ရာတွင် သူ အသုံးပြုရန် ကြိုးစားနေသည့် မန္တာန်မှာ အလွန်အစွမ်းထက်သည်။ ၎င်းသည် ဆန်းကြယ်လက်နက်မန္တာန်အတွင်းရှိ ထည်ဝါလေးနက်သောတာအိုဆန္ဒတစ်ခု ဖြစ်၏။

သူ ထိုကဲ့သို့ ရွတ်ဆိုလိုက်သည့်အခိုက်တွင် ရှေ့ဖြစ်ဟောသူစိတ်ဝိညာဉ်၏ မျက်လုံးသည် လွန်စွာတောက်ပလာကာ ရှေ့သို့ လှမ်းလာသည်။ သူသည် ဝမ်လင်းကို ဖြတ်သန်းသွားပြီး သူနှင့်ဝမ်လင်းသည် ထပ်သွားဟန် ပေါ်သည်။ သည်အခိုက်တွင် ရှေ့ဖြစ်ဟောသူ၏စိတ်ဝိညာဉ်ကလှည့်၍ ဝမ်လင်းကဲ့သို့ တူညီသောဦးတည်ရာကို မျက်နှာချင်းဆိုင်ပြီး ထိုင်ချလိုက်သည်။

ကြည့်ရသည်မှာ ရှေ့ဖြစ်ဟောသူ၏စိတ်ဝိညာဉ်သည် ဝမ်လင်း၏မူလစိတ်ဝိညာဉ် ဖြစ်လာသကဲ့သို့ပင်။ သည်အခိုက်တွင် သူ့မူလစိတ်ဝိညာဉ်သည် ဝမ်လင်းနှင့် ပေါင်းစပ်ကာ သမူဟ ဖြစ်၏။

ယင်းသည် ဝမ်လင်း၏စိတ် ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးအတွင်းသို့ ဝင်ရောက်၍ ပေါင်းစည်းခြင်း မဟုတ်တော့ပါ။ အခုပေါင်းစပ်မှုသည် အလုံးစုံပေါင်းစပ်ခြင်း ဖြစ်သည်။ ရှေ့ဖြစ်ဟောသူ ထိုင်ချလိုက်ချိန်၊သူနှင့်ဝမ်လင်းတို့ တစ်သားတည်း၊တစ်ယောက်တည်း ဖြစ်သွားချိန်တွင် သူတို့ကို ခွဲပြောရန်မှာ မဖြစ်နိုင်တော့ပေ။

သူ့ခန္ဓာကိုယ်သည်လည်း တိုက်ရိုက် ပြောင်းလဲနေဟန် ထင်ရသည်။ ရံဖံရံခါ သူသည် ရှေ့ဖြစ်ဟောသူ ဖြစ်သွားလိုက်၊ တစ်ခါတစ်ရံ သူကိုယ်တိုင် ဖြစ်သွားလိုက်ပင်။

ဤအခိုက်အတန့်တွင် ဝမ်လင်းသည် မျက်လုံးမှိတ်ထား၏။ သူ့စိတ်သည် တုန်ယင်သည်။ အဆုံးမဲ့မြူများက ထပ်မံ ပေါ်လာပြန်သည်။ သည်တစ်ကြိမ်တွင် ပိုအားကောင်းလာသည်။ မြန်ဆန်စွာလှည့်ပတ်နေသော ဝဲကတော့တစ်ခုလည်း ရှိ၏။ ဝမ်လင်းသည် မာန်သွင်းလိုက်ရာ ဝဲကတော့သည် ပျက်စီးပြိုပျက်၍ မြူများ ထပ်မံ ပျံ့ကြဲသွားလေသည်။

အတွင်း၌ မြင်ကွင်းပုံရိပ်တစ်ခု ပေါ်လာပြန်သည်။ ထိုမြင်ကွင်းမှာ အသေမဟုတ်၊ရွှေ့လျားနေ၏။

ထိုမြင်ကွင်းပုံရိပ်ထဲ၌ ဝမ်လင်းသည် မိုလျိုကုန်းမြေထက်တွင် သွေးအန်နေရ၏။ သူ့ခန္ဓာကိုယ်လည်း ချက်ခြင်း ပျက်စီးသည်။ သူ့မူလစိတ်ဝိညာဉ်လည်း လွင့်ပါး ပျောက်ကွယ်ရသည်။

မြင်ကွင်းသည် တဖန် ပြောင်းလဲသွားပြန်သည်။ သည်တစ်ကြိမ်တွင် ဝမ်လင်း၏မျက်နှာက ဖြူရောနေခြင်းမဟုတ်တော့ သူသည် ဟင်းလင်းပြင်ကို ဖြတ်၍ ထွက်ပြေးနေ၏။ သူ ခပ်ဝေးဝေး မရောက်ခင်မှာပင် သူ့ရှေ့၌ ကြေးမုံတစ်ချပ် ပေါ်လာသည်။ ရက်စက်အေးစက်သည့် မျက်လုံးတစ်စုံသည် ယင်းကြေးမုံထဲတွင် ရှိနေသည်။

အကြည့်တစ်ချက်ဖြင့်ပင် ဝမ်လင်း၏ခန္ဓာကိုယ်သည် ပျက်စီးသွားသည်။သူ့မူလစိတ်ဝိညာဉ်သည် သေဆုံးသွားရသည်။

မြင်ကွင်းပုံရိပ်သည် နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်သည်။ သည်တစ်ကြိမ်တွင် ပို၍ ပြည့်စုံလာ၏။ ဝမ်လင်းသည် အခန်းထဲ၌ ပေါ်လာ၏။ သူသည် အပေါ်သို့ မော့ကြည့်ကာ တုံ့နှေးမနေဘဲ ချက်ခြင်း ထွက်သည်။ သူသည် နေရာရွှေ့ပြောင်းရန် ပြင်နေသော မူလကလန်ကိုလည်း ဂရုစိုက်မနေတော့၊ ဟင်းလင်းပြင်ထဲ ပျံသန်း၏။

ထိုမြင်ကွင်းသည် အချိန်စီးဆင်းမှုကို မပြသပေ။ အချိန်မည်မျှ ကြာသွားမှန်း မသိပြီးနောက် ဝမ်လင်း ထွက်ပြေးနေရင်း မျက်လုံးတစ်စုံသည် ကြယ်မြူများကို ထွင်းဖောက်ကာ သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။

မြင်ကွင်းပုံရိပ်သည် ထပ်မံ ပြောင်းသည်။ သည်တစ်ကြိမ်တွင် ဝမ်လင်းသည် ရှေးဟောင်းနတ်ဘုရားတစ်ပါးအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ထက်သို့ မာန်သွင်းအော်ဟစ်၏။ ကောင်းကင်ထက်တွင် တာအိုဝတ်စုံနှင့်အဘိုးအိုတစ်ယောက် ရှိနေသည်။ ထိုအဘိုးအိုက သူ့လက်ကို မြှောက်၍ အောက်သို့ ရိုက်ချသည်။

အနှီမြင်ကွင်းပုံရိပ်ထဲ၌ ဝမ်လင်း၏ခန္ဓာကိုယ်သည် လှုပ်ရှားနိုင်စွမ်း ကင်းမဲ့သွားသည်။ အဘိုးအိုသည် အနားရောက်လာပြီး ဝမ်လင်း၏ မျက်ခုံးနှစ်ခုကြားသို့ ဖိချသည်။ သူသည် တစ်ကြိမ်ထပ်မံ သေရပြန်သည်။

မြင်ကွင်းပုံရိပ်များ ဆက်လက် ပေါ်နေ၏။ တစ်ကြိမ်နှင့်တစ်ကြိမ်တော့ မတူပေ။ ထိုမြင်ကွင်းပုံရိပ်များထဲ၌ ဝမ်လင်းသည် မည်မျှ ကြိုးစားရုန်းကန်ပါစေ၊ထွက်ပြေးပါစေ မလွတ်မြောက်နိုင်ဘဲ အဆုံးသပ်တွေ ထပ်ခါတလဲလဲ သေဆုံးရသည်သာ ဖြစ်သည်။

ဝမ်လင်းသည် ရုတ်တရက် မျက်လုံးဖွင့်ကာ ရှေ့တည့်တည့်သို့ စူးစိုက်ကြည့်သည်။ သူ့နှဖူးထက်တွင် အေးစက်စက်ချွေးစေးများ ပြန်လာသည်။ အချိန်တိုအတွင်း သူ့ခန္ဓာကိုယ်သည် ချွေးများဖြင့် ရွှဲနစ်ကုန်၏။

သေ…သေ…သေ…။ ရှေ့ဖြစ်ဟောသူ၏ မန္တာန်ကြောင့် သူသည် ဖြစ်နိုင်ချေရှိသော အနာဂတ်မြင်ကွင်းပုံရိပ်များစွာကို ဖြတ်မြင်နိုင်ခဲ့၏။ သို့သော် အဆုံးသပ်တွင် သူသည် မရှင်သန်နိုင်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူ သေဆုံးခဲ့ရသည်သာ ဖြစ်သည်။ ဝမ်လင်း၏မျက်လုံးထဲတွင် ရူးသွပ်မှုတို့ ပြည့်လာ၏။ ထိုကဲ့သို့ သူ သေဆုံးရမည့်အဖြစ်ကို သူ့လက်မခံနိုင်သောစိတ်က ပိုပြင်းထန်ပေသည်။

သူသည် လီချန်မေ ထွက်ခွာသွားမှုက သူနှင့် ပတ်သတ်နေမည်ကို သေချာသိ၏။ မူပင်းမေ ထွက်သွားမှုလည်း သူနှင့် ပတ်သတ်နေရပေမည်။ အဆင့်ရှစ်ကလန်များကြား ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ခြင်းမှာလည်း သူနှင့်ပင် ပတ်သတ်နေရပေမည်။

သူ့ကို သတ်ချင်နေသော အလွန်တရာအစွမ်းထက်လှသည့် တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ရှိနေပေပြီ။ ယင်းက ခုနစ်ရောင်စုံလောကတုန်းကနှင့် မတူတော့ပေ။ ထိုနေရာတွင်က တတိယအဆင့်ကျင့်ကြံသူသည် ဟင်းလင်းပြင်ကို ဖြတ်၍ လက်ဝါးတစ်ခု၏စွမ်းအားကိုသာ အသုံးပြုခဲ့ပြီး သူ့ကို တိုက်ခိုက်ခဲ့ခြင်းပင်။ အခုကြိမ်က သူ့အသက်ကို ယူရန် တတိယအဆင့်ကျင့်ကြံသူသည် သူ့မူလခန္ဓာကိုယ်နှင့်အတူ ရောက်လာတော့မည် ဖြစ်သည်။

“ငါ ဝမ်လင်းဟာ ငါ့ဘဝတစ်လျှောက်လုံး ကောင်းကင်ဘုံကိုဖိဆန်တဲ့ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့တယ်။ ငါဟာ သေခြင်းရှင်ခြင်းအခြေအနေတွေ အများကြီး တွေ့ကြုံဖြတ်သန်းခဲ့ဖူးတဲ့သူ။ ဒီလိုသေဆုံးရတော့မယ့်အဖြစ်ကို ချိုးဖျက်နိုင်တဲ့နည်းလမ်း မရှိဘူးဆိုတာ ငါ မယုံဘူး။ တကယ်လို့ ငါ့အတွက် နည်းလမ်းတစ်ခုတောင် မရှိတော့ရင်လည်း ငါ သေသွားတော့ရော ဘာဖြစ်သေးသလဲ…”

ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ရှိနေ၏။ သူသည် သူ့လက်ကို ဆန့်ထုတ်ကာ သူ့သိုလှောင်နေရာလွတ်ကို ဖွင့်လိုက်သည်။ သူ့သိုလှောင်နေရာလွတ်ထဲကနေ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အတုအယောင်များသည် ပျံသန်းထွက်လာကြသည်။

သူသည် ပုတီးစေ့များကို ကြည့်၏။ ထို့နောက် တစ်ခုကို ကောက်ယူသည်။ ခုနစ်ရောင်စုံအလင်းသည် သူ့မျက်လုံးတွင်းမှ တောက်ပလာ၏။ ၎င်းအလင်းသည် သူ့ခန္ဓာကိုယ်ကို ထွေးခြုံလျက် ယင်းအလင်းက ပုတီးစေ့အတွင်း ဝင်ရောက်သွားသည်။

ထိုပုတီးစေ့သည် ခုနစ်ရောင်စုံအလင်းကို စုပ်ယူပြီးသည့်နောက်တွင် ရုတ်တရက် ပျက်စီးပြီး ဝမ်လင်းရှေ့မှာ ခုနစ်ရောင်စုံဝဲကတော့တစ်ခုအဖြစ် လွင့်မြောသည်။

ခုနစ်ရောင်စုံဝဲကတော့ကို စူးစိုက်ကြည့်နေရင်း ဝမ်လင်းသည် အံတင်းတင်းကြိတ်ကာ ၎င်းကို သူ့ပါးစပ်ထဲသို့ စုပ်ယူပစ်သည်။ သူ့စိတ်သည် ရုတ်တရက် တုန်ဟည်းသွားရ၏။

“ဖိဆန်သူများကို ဆင့်ခေါ်ခြင်း၊ လောကကိုကြိုတင်ခန့်မှန်းခြင်းမန္တာန်…”

ဝမ်လင်း၏အသံတွင် သတ်ဖြတ်လိုစိတ် ပြည့်နှက်၏။ သူသည် သူ့ခန္ဓာကိုယ်ကို အသုံးပြုကာ ကောင်းကင်နှင့်မြေကြီးကို ဖိဆန်သူများ၏မန္တာန်ကို ဆင့်ခေါ်စေ၍ အသက်ရှင်နိုင်မည့် အခွင့်အရေးတစ်စွန်းတစ်စကို ရှာလိုက်ခြင်းပင်။

သူ့စကားများ ပဲ့တင်ထပ်သွားချိန်တွင် ဝမ်လင်း၏စိတ်သည် တုန်ယင်သွား၏။ သူ့ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်သောအော်ရာတစ်ခု ပေါက်ကွဲထွက်လာသည်။ ထိုအော်ရာသည် သူ့စိတ်အတွင်း တရကြမ်း တိုးဝင်ကာ ရုပ်ပုံပေါ်သို့ ကျရောက်သည်။ ၎င်းသည် မြူများကို စုတ်ပြဲစေကာ နောက်ဆုံးမြင်ကွင်းပုံရိပ်တစ်ခုကို ပေါ်လာစေတော့သည်။

ထိုမြင်ကွင်းပုံရိပ်ထဲတွင် လူတစ်ယောက် ရှိနေ၏။

“ဒီအဘိုးအိုရဲ့ နာမည်ဟာ လျိုကျင်းပျောင်ပဲ။ငါဟာ အရှင်ကျင်းပျောင် ဖြစ်တယ်…”

***

All Chapters