← Chapters

မင်းက လျိုကျင်းပျောင်လား…

Vol. 96 Ch. 1319

မင်းက လျိုကျင်းပျောင်လား…

Vol. 96 Ch. 1319

ဝမ်လင်းက ဖိဆန်သူများ၏မန္တာန်ဖြင့် အနာဂတ်ကို တွက်ချက်နေစဉ်မှာပင် မူကကလန်၏တပည့်များအားလုံးသည် အကုန်အဆင်သင့် ထုတ်ပိုးပြီးပေပြီ။ သူတို့သည် ပင်မစုဝေးရာနေရာတွင် ဝမ်လင်းကို စောင့်နေကြသည်။

အစတုန်းက သူတို့သည် စကားပြောဆိုနေကြ၏။ သူတို့၏စကားများထဲတွင် စိတ်ရှုပ်ထွေးမှု၊ စိတ်လှုပ်ရှားမှုတို့ ဖြစ်ပေါ်နေသည်။ သူတို့သည် မူလကလန်မှာ ဖျက်သိမ်းမခံရတော့ဘဲ အဆင့်ခုနစ်ကလန်တစ်ခု ဖြစ်လာတော့မည်ကို သိထားကြပေသည်။

သို့ရာတွင် ထိုအခိုက်အတန့်၌ ကြယ်လင်သောကောင်းကင်မှာ နက်မှောင်လာပြီး တုန်လှုပ်ဖွယ်ငြီးသံတစ်ခု ရောက်ရှိလာ၏။ ရွှေရောင်အလင်းတန်းတစ်ခုသည် မူလကလန်ရှိ နီးကပ်လာနေသည်။

ချက်ခြင်းလိုလို ရွှေရောင်အလင်းတန်းတစ်ခု ရောက်ရှိလာကာ ယင်းအလင်းထဲ၌ ကျောက်စိမ်းပြားတစ်ခု ပါရှိသည်။ ထိုကျောက်စိမ်းပြား ရောက်ရှိလာပြီးနောက် ၎င်းသည် မူလကလန်၏စုဝေးရာကွင်းပြင်ထက်တွင် မြောလွင့်လျက် ရှိ၏။

ထိုရုတ်တရက် ပြောင်းလဲမှုသည် တပည့်များကြား လှုပ်ခတ်အော်ဟစ်စေကုန်၏။ လုယန်ဖေနှင့် သူ့အပေါင်းအပါများ၏ အမူအရာများသည်ပင် ပြောင်းလဲသွားကြသည်။ အကြောင်းမှာ ၎င်းကျောက်စိမ်းပြားထံမှ နိဗ္ဗာနဖြိုခွဲခြင်းမွန်းစတားအိုကြီးများသာ ထုတ်လွှတ်နိုင်သောအော်ရာတစ်ခုကို ပေးစွမ်းနေခြင်းကြောင့်ပင်။

၎င်းအော်ရာသည် သာမန်နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ အော်ရာ မဟုတ်နိုင်ပေ။ နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်တွင် ရှိနေ၏။ ကျောက်စိမ်းပြားတစ်ခုကပင် ထိုကဲ့သို့ တုန်လှုပ်ဖွယ်သက်ရောက်မှုကို ထုတ်လွှတ်ပေးနေ၏။ ကောင်းကင်သည် အရောင်များ ပြောင်းကုန်သည်။ တိမ်များ လှည့်လည်ကုန်၏။ ဥပဒေသ၏အရိပ်လက္ခဏာအချို့ပင် ရှိလာသည်။

“ဒီအဘိုးအိုရဲ့ နာမည်ဟာ လျိုကျင်းပျောင်ပဲ။ အရှင်ကျင်းပျောင်…”

ကျောက်စိမ်းပြားထံမှ ထည်ဝါသောအသံတစ်ခု ထွက်ပေါ်လာကာ မူလကလန်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ မိုလျိုကုန်းမြေသည်ပင် ထိုအသံအောက်၌ တုန်ခါသွားရ၏။

လုယန်ဖေသည် အဆင့်ရှစ်ထာဝရကလန်၌ အရေးများစွာကို တွေ့မြင်ခဲ့ဖူးသူ ဖြစ်သည့်အတွက်ကြောင့် သူမသည် သာမန်နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက် ဟုတ်မနေပေ။ သူမ၏မျက်လုံးများက တလက်လက် ဖြစ်သွားပြီး လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။ “စီနီယာကျင်းပျောင်က ငါတို့မူလကလန်ကို ဘာကြောင့် ရောက်လာခဲ့သလဲ ကျွန်မ သိလို့ရမလား…”

“ကပ်ဘေးက မင်းတို့အပေါ် ရောက်နေပြီ။ ဒါပေမဲ့ မင်းတို့ကတော့ သိမှာ မဟုတ်ဘူး။ ဒါ့ကြောင့် ငါကပဲ မင်းတို့ကို ပြောပြလိုက်မယ်။ လွန်ခဲ့တဲ့သုံးရက်က လူတစ်ယောက်ဟာ ဒီအဘိုးအိုကို တွေ့ခဲ့တယ်။ သူဟာ မင်းတို့မူလကလန်ရဲ့ အသက်ကို ဝယ်ယူချင်ခဲ့တယ်…”

ထိုအသံထဲတွင် ရှင်းပြရန်ခက်ခဲသော ဖိအားတစ်ခု ပါဝင်နေ၏။ ထိုအသံ ထွက်ပေါ်လာသည့်အခါ ယင်းအသံသည် ဥပဒေသအဖြစ်ပြောင်းကာ လောကနှင့် တစ်သားတည်းပေါင်းစပ်သည်။

လုယန်ဖေ၏အမူအရာသည် ချက်ခြင်း ပြောင်းလဲသွားသည်။

“ဒါပေမဲ့လည်း ဒီအဘိုးအိုဟာ မင်းတို့ မူလကလန်နဲ့ ညာရန်ငြှိုးမှ မရှိဘူး။ ငါက ဆေးလုံးသန့်စင်ဖို့အတွက် မူလသလင်းကျောက်တွေ လိုနေတယ် ဆိုပေမယ့်လည်း ငါ ဒီလိုမျိုး မင်းတို့ကို သတ်မပစ်ချင်ဘူး။ ဒါပေမဲ့ ရွေးချယ်စရာ မရှိခဲ့ရင်တော့ ငါ မင်းတို့မူလကလန်ရဲ့ အသက်တွေကို နှုတ်ယူသွားရလိမ့်မယ်…”

လုယန်ဖေ၏မျက်လုံးသည် အေးစက်လာ၏။ သူမက နှာခေါင်းရှုံ့သည်။ သို့သော် မူလကလန်၏တပည့်များကမူ ကြောက်ရွှံ့ကုန်ကြသည်။

“မင်းတို့အားလုံး အထုတ်အပိုးလည်း ပြင်ပြီးကြပြီ။ ကလန်လည်း ဖျက်သိမ်းခံရတော့မယ်။ ထားလိုက်ပါတော့လေ ထာဝရကလန်ရဲ့ ကလန်ခေါင်းဆောင်ဟာ ဒီအဘိုးအိုက တစ်ခါတုန်း ကယ်တင်ပေးခဲ့ဖူးတယ်။ ငါ သူ့အပေါ် အကြွေးတင်နေတာ။ မင်းတို့သာ ငါ့ကို စိတ်ကျေနပ်စေမယ်ဆိုရင် ဒီအဘိုးအိုက စာတစ်စောင်ရေးပေးလိုက်ပြီး မူလကလန် မဖျက်သိမ်းခံရအောင် တားဆီးပေးမယ်…”

“ဒီအဘိုးအိုဟာ မင်းတို့မူလကလန်က ဘယ်သူကို့မှ မသတ်ချင်ဘူး။ မင်းတို့သာ လုံလောက်တဲ့ မူလသလင်းကျောက်တွေ ထုတ်ပေးမယ်ဆိုရင်တော့ ဒီကိစ္စကို ဘာမှမဖြစ်အောင် ငါ လုပ်ပေးမယ်…”

ထိုရှေးဟောင်းအသံတွင် မငြင်းဆန်နိုင်သောအော်ရာတစ်ခု ပါဝင်နေသည်။ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်အော်ရာကြောင့် ထိုချိန်းခြောက်မှုသည် ကြားရသူတိုင်း၏စိတ်ကို တုန်လှုပ်စေနိုင်သည်။

လုယန်ဖေသည် စဉ်းစားနေ၏။ သို့သော် သူမ၏အမူအရာမှာ ပို၍ပင် အေးစက်လာသည်။

ထိုအခိုက်အတန့်တွင် လျှို့ဝှက်ခန်းထဲ၌ ဝမ်လင်းသည် မျက်လုံးဖွင့်လာကာ ကြည့်ရှု၏။ သူ့အကြည့်က အခန်းနံရံတို့ကိုပါ ထွင်းဖောက်သွားသည့်အလား။

“လျိုကျင်းပျောင်…” ဝမ်လင်း၏မျက်နှာသည် အေးစက်လာ၏။ သူသည် မတ်တပ်ထရပ်ကာ ရှေ့ဖြစ်ဟောသူ၏စိတ်ဝိညာဉ်ကနေ ပြန်ခွဲထွက်လိုက်သည်။ သူက ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တံးကို ပြန်မြိုချကာ အခန်းထဲကနေ ထွက်လာတော့၏။ သူသည် မူလကလန်၏ စုဝေးရာကွင်းပြင်ထက်ရှိ ကောင်းကင်ယံတွင် ပေါ်လာလေသည်။

“ဒီအဘိုးအိုရဲ့ အချိန်ဟာ အကန့်အသတ် ရှိတယ်။ မင်းတို့ စဉ်းစားဖို့အတွက် အချိန်ဆယ့်ငါးမိနစ်ရမယ်။ ဆယ့်ငါးမိနစ်ပြည့်ပြီးရင်တော့…”

နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်အော်ရာသည် အရူးအမူး ပျံ့နှံ့လာသည်။ သို့သော် သူသည် ဝမ်လင်းက ကျောက်စိမ်းပြားကို အေးစက်စက် ကြည့်နေသည်အား သတိမပြုမိသေးပေ။

ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်၏။ သူ့ကျင့်ကြံမှုအဆင့်နှင့် ပေါင်းစည်းထားသော နတ်ဘုရားအာရုံသည် မိုလျိုကုန်းမြေအနှံ့သို့ ပျံ့နှံ့သွားသည်။ ကျောက်စိမ်းပြားထံမှ အော်ရာကို အသုံးပြုကာ သူ့နတ်ဘုရားအာရုံသည် ကုန်းမြေ၏တောင်ဘက်ပိုင်းရှိ သေမျိုးမြို့တော်တစ်ခုထံ အလျင်အမြန် စုဝေးသွားသည်။

ထိုမြို့သည် လူများ ပျားပယောင်းခတ်ကာ ရှုပ်ထွေးနေ၏။ မြို့၏တောင်ဘက်ခြမ်းတွင် တည်းခိုခန်းတစ်ခု ရှိနေသည်။ ခုချိန်တွင် ထိုတည်းခိုခန်း၏ အခန်းတစ်ခုအတွင်း၌ အဘိုးအိုတစ်ယောက် ထိုင်နေသည်။ သူက မျက်လုံးမှိတ်လျက် ရှိကာ သူ့ရှေ့တွင် မြောလွင့်နေသော ကျောက်စိမ်းပြားတစ်ခုလည်း ရှိလေ၏။

ထိုကျောက်စိမ်းပြားသည် သလင်းကဲ့သို့ ကြည်ရှင်းကာ လောကတစ်ခု ပါဝင်နေဟန် ရသည်။ သို့သော် ထူးဆန်းစွာဖြင့် ၎င်းသည် မည်သည့်အော်ရာကိုမှ ပေးစွမ်းမနေချေ။

၎င်းကျောက်စိမ်းပြားကို သင့်မျက်လုံးဖြင့် ကြည့်မှသာ သင်သည် တုန်လှုပ်ဖွယ်ခံစားမှုတစ်ခုကို ခံစားရပေလိမ့်မည်။

“ဆယ့်ငါးမိနစ်ပြည့်ပြီးသွားတဲ့နောက် မင်းတို့က မူလသလင်းကျောက်တွေ မပေးခဲ့ဘူးဆိုရင်တော့ မူလကလန်ဟာ အမြစ်ဖြုတ်ခံရမယ်…”

သည်နေရာတွင် ထိုင်နေသောအဘိုးအိုက သူ့ကိုယ်သူ ပြောနေသကဲ့သို့ ဆို၏။ ထိုစကားလုံးများကို ကျောက်စိမ်းပြားက စုပ်ယူပြီး ကီလိုမီတာသောင်းချီဝေးသောနေရာရှိ မူလကလန်ထံ ပို့လွှတ်ပေးသည်။

“ဒါပေမဲ့လည်း ဒီအဘိုးအိုဟာ မင်းတို့မူလကလန်မှာ ဘာမှ အဖိုးတန်တာ မရှိဘူးဆိုတာ သိပါတယ်။ ထားလိုက်ပါတော့ မင်းတို့ရဲ့ သိုလှောင်အိတ်နဲ့ မင်းတို့ သိုလှောင်နေရာလွတ်ထဲမှာ ပိုင်ဆိုင်ထားသမျှကိုသာ ဒီအဘိုးအိုကို ပေးလိုက်၊ ဒါဆိုရင် မင်းတို့အတွက် ကပ်ဘေးမကျအောင်၊ကလန်မဖျက်သိမ်းခံရအောင် ဒီအဘိုးအိုက ကာကွယ်တားဆီးပေးလိုက်မယ်။ ဒါ့ကြောင့် မင်းတို့ အသေအချာ စဉ်းစားကြတော့…”

အဘိုးအိုသည် ထိုကဲ့သို့ ပြောလိုက်ရင်း ခေါင်းယမ်းသည်။ သူသည် သူ့စကားလေသံကို ကောင်းစွာ ထိန်းချုပ်ထားနိုင်ပေသည်။

သူ့စကားဆုံးသည့်အခါ ထိုအဘိုးအိုသည် မျက်လုံးဖွင့်လာသည်။ သူ့မျက်လုံးတို့က တောက်ပနေ၏။ သူသည် ကျေနပ်စွာ နှာခေါင်းရှုံ့၏။

သူသည် မူလကလန် ဖျက်သိမ်းခံရတော့မည့် သတင်းကို ရရှိထားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူ သည်နေရာတွင် စောင့်နေခြင်း ဖြစ်သည်။ သူက ပြိုင်ပွဲမှ ပြန်လာမည့်ကျင့်ကြံသူများကို စောင့်နေပြီး သူတို့ ကြောက်ရွှံ့တုန်လှုပ်နေစဉ်အတွင်း တစ်ချီတည်းဖြင့် အောင်မြင်စွာ လှည့်ဖျားနိုင်ပေမည်။

သို့ရာတွင် ထာဝရကလန်က အချက်အလက်အားလုံးကို ချိပ်ပိတ်ထားခဲ့သည့်အတွက်ကြောင့် သူသည် မူလကလန်၏ အဖြစ်အပျက်ကို သေချာမသိခဲ့၊ ဝမ်လင်း၏တည်ရှိမှုကိုလည်း မသိခဲ့ပေ။

“ဒါက တစ်ရာရာခိုင်နှုန်းအောင်မြင်နိုင်လိမ့်မယ်။ ဒီအဘိုးအိုက မအောင်မြင်နိုင်မဲ့ဟာကို ဘယ်တော့မှ မလုပ်ဘူး။ နှမြောဖို့ ကောင်းတာက ဒီအဘိုးအိုဟာ လူကိုယ်တိုင် သွားရောက်လို့ မရတာပဲ…”

အဘိုးအိုသည် သက်ပြင်းချကာ သူသည် ကျောက်စိမ်းပြားကို ကြည့်သည်။ သူ့မျက်လုံးထဲရှိ ဂုဏ်ယူမှုသည် ပိုအားကောင်းလာ၏။ သူသည် ကျောက်စိမ်းပြားကို လှမ်းယူရန် လက်မြှောက်လိုက်၏။

သို့ရာတွင် ထိုအခိုက်အတန့်၌ အခန်းထဲတွင် အေးစက်စက်အသံတစ်ခု ပဲ့တင်ထပ်လာသည်။

“မင်းက လျိုကျင်းပျောင်ပေါ့…”

ထိုအသံသည် ရုတ်တရက် ပေါ်လာခြင်း ဖြစ်သည်။ ၎င်းအသံက အဘိုးအိုကို လေထဲသို့ အကြောက်အလန့် ထခုန်စေသည့်အထိ ဖြစ်သွားစေသည်။ သူ့မျက်နှာသည် ချက်ခြင်း ဖြူရောသွားသည်။ သူလှည့်ကြည့်လိုက်ရာ အခန်းထောင့်ရှိ ဝမ်လင်းကို တွေ့မြင်လိုက်ရ၏။

ဝမ်လင်း၏အကြည့်တို့မှာ အေးစက်နေသည်။ အဘိုးအိုသည် ထိုလူ၏အကြည့်ကို တွေ့မြင်သည့်အခါ၌ သူ့စိတ်သည် တုန်ယင်ရ၏။ သူသည် ချက်ခြင်း သွေးအန်လိုက်ရသည်။

အဘိုးအို၏မျက်လုံးထဲတွင် အလွန်ကြောက်ရွှံ့မှုတို့ ပြည့်နှက်နေကာ သူသည် အလန့်တကြား ဆို၏။ “နိဗ္ဗာနဖြိုခွဲခြင်းအဆင့်မွန်းစတားအို…” ထိုသို့ ပြောလိုက်ပြီးနောက် သူသည် ထွက်ပြေးနိုင်ရန် ပြတင်းပေါက်ဆီသို့ သွားတော့၏။

ဝမ်လင်းသည် ထိုအဘိုးအိုကို အေးစက်စက်စူးစိုက်ကြည့်ကာ ခြေတစ်လှမ်း လှမ်းသည်။ တုန်လှုပ်ဖွယ်ဖိအားတစ်ခု ပျံ့နှံ့လာကာ အဘိုးအိုကို တုန်ယင်သွားစေပြီး နောက်ထပ် သွေးအန်စေသည်။

အဘိုးအိုသည် ကြောက်လန့်တကြား အော်ဟစ်လိုက်၏။ “ကျောက်စိမ်းပြား…ငါ့ကို ကာကွယ်ပေးပါ…”

လေထဲရှိ ကျောက်စိမ်းပြားက တောက်ပကာ အဘိုးအိုထံ တိုးဝင်လာ၏။ ၎င်းမှာ မြန်လွန်းသည်။ ဝမ်လင်းသည်ပင် ယင်းကျောက်စိမ်းပြားက အဘိုးအိုရှေ့သို့ ရောက်သွားသည်ကို ရိပ်ခနဲသာ မြင်လိုက်ရသည်။ ၎င်းသည် တောက်ပစွာ လင်းလက်ပြီး အဘိုးအိုကို ဆောင်ယူသွား၏။ ထို့နောက် သူတို့သည် ပြတင်းပေါက်ကို ချိုးဖျက်ကာ ကောင်းကင်ထက်သို့ တိုးထွက်သွားကြသည်။

အဘိုးအိုထွက်ပြေးသွားသည့် အခိုက်တွင် ဝမ်လင်းက သူ့ညာလက်ကို ရှေ့သို့ တွန်းထုတ်၏။ အရပ်မျက်နှာအနှံ့မှ မူလစွမ်းအင်များသည် အဘိုးအိုထံ တိုးဝင်သွားလေသည်။

သို့ရာတွင် ၎င်းစွမ်းအင်တို့ အဘိုးအိုနား နီးကပ်လာချိန်တွင် ကျောက်စိမ်းပြားမှ အလင်းသည် လွန်စွာတောက်လာကာ တုန်ဟိန်းသံ မြည်ဟည်း၏။ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူများကို သတ်ပစ်နိုင်သော ဝမ်လင်း၏ တိုက်ခိုက်မှုမှာ မထင်မှတ်စွာဖြင့် ပျက်စီးသွားရလေသည်။

အဘိုးအိုသည် ဒဏ်ရာ မရလိုက်ပေ။ ကျောက်စိမ်းပြား၏အကာအကွယ်ပေးမှုဖြင့် သူသည် အကွာအဝေးတစ်ခုထံ တိုးထွက်သွား၏။

ဝမ်လင်းသည် ထွက်ပြေးနေသော အဘိုးအိုကို ကြည့်ကာ သူ့စိတ်မှာ တုန်လှုပ်မိသည်။ သူသည် အဘိုးအိုကို ကြည့်နေခြင်းမဟုတ်၊ ကျောက်စိမ်းပြားကို ဖြစ်၏။

လျိုကျင်းပျောင် အမည်ရသော ထိုအဘိုးအိုသည် ဝမ်လင်း သူ့အနာဂတ်ကို ကြိုခန့်မှန်းချိန်တွင် နောက်ဆုံးမြင်ကွင်းပုံရိပ်တွင် ပေါ်လာခဲ့သော အဘိုးအိုပင် ဖြစ်နေသည်။ သို့ရာတွင် ဝမ်လင်းသည် ထိုအဘိုးအို၏ အစစ်အမှန်ကျင့်ကြံမှုအဆင့်ကြောင့် ပဟေဠိ ဖြစ်ရသည်။

ထိုအဘိုးအိုက အမှန်တော့ အာဏာတက်ခြင်းအဆင့်ကို ချိုးဖျက်ပြီး ပုံရိပ်ယောင်ယင်အဆင့်သို့သာ ရောက်ရှိသေးသည်။

သူကဲ့သို့ လူများ ရာချီ စုပေါင်းတိုက်ခိုက်လျှင်ပင် ဝမ်လင်း၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပါ။ သို့သော်လည်း ထိုအဘိုးအိုသည် ကျောက်စိမ်းပြား၏အကွာအကွယ်ကြောင့် ဒဏ်ရာ လုံးဝ မရခဲ့ပေ။ ယင်းအဖြစ်က ဝမ်လင်း၏မျက်လုံးကို တောက်ပသွားစေသည်။

“ဒီကျောက်စိမ်းပြားက ဘယ်လိုအရာမျိုးလဲ…” ဝမ်လင်းသည် အဘိုးအိုနောက်သို့ အရူးအမူး လိုက်လေ၏။

အဘိုးအိုသည် ဖြူရောကာ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျနေ၏။ သူ့မျက်လုံးထဲတွင်လည်း ဘယ်တုန်းကမျှ မပေါ်ပေါက်ခဲ့ဖူးသော ကြောက်ရွှံ့မှုတို့ ပြည့်နှက်နေသည်။ သူသည် နှစ်ပေါင်းများစွာ လူအများကို လှည့်စားခဲ့၏။ ကျောက်စိမ်းပြားကြောင့် သူသည် အခြားသူများ ရှာတွေ့တာမျိုး လုံးဝ မဖြစ်ခဲ့ပေ။ သူသည် ရှာမတွေ့နိုင်ရန်လည်း အလွန်သတိထားပေ၏။ သို့သော် အခု လူတစ်ယောက်က သူ့ကို တွေ့ရှိကာ သူ့နောက်သို့ လိုက်လံလာနေပေပြီ။

“နိဗ္ဗာနဖြိုခွဲခြင်းမွန်းစတားအို…” တစ်ဖက်လူ၏ကျင့်ကြံမှုအဆင့်ကို တွေးမိကာ အဘိုးအိုသည် ပို၍ ကြောက်လာ၏။ သူသည် ပို၍ မြန်မြန်ဆန်ဆန် ထွက်မပြေးနိုင်သည်ကိုပင် မုန်းမိနေသည်။

“ကျောက်စိမ်းပြား။ အား….ကျောက်စိမ်းပြား။ ဒီလို သေရေးရှင်ရေးမှာ မင်းကိုပဲ ငါ အားကိုးရတော့မယ်။ အရင်တုန်းက မင်းက ငါ့ကို လုံးဝ စိတ်မပျက်စေခဲ့ဘူး။ မင်းငါ့ကို ကူညီပေးရမယ်။ ငါ လှည့်ဖျားပြီး ရထားခဲ့တဲ့ မူလသလင်းကျောက်အများစုကိုလည်း မင်းကို စုပ်ယူခိုင်းမယ်…” အဘိုးအို၏မျက်နှာမှာ ပို၍ ဖြူရော၏။ သို့သော် သူ့စကားလုံးများသည် သက်ရောက်မှုတစ်ခု ရှိသွားဟန် တူသည်။ ကျောက်စိမ်းပြားသည် ထပ်မံ တောက်ပလာကာ အဘိုးအို၏အမြန်နှုန်းသည် တိုးလာတော့၏။

သို့ရာတွင် အဘိုးအိုသည် ကီလိုမီတာသောင်းချီသို့ ထွက်ပြေးလာခဲ့ချိန်တွင် သူ့ရှေ့၌ လှိုင်းဂယက်များ ပေါ်လာပြီး ဝမ်လင်း လှမ်းထွက်လာ၏။ ဝမ်လင်းသည် သူ့ညာလက်ကို ဝေ့ယမ်း၏။

တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ထို့နောက် ပြင်းထန်သောမုန်တိုင်းတစ်ခု ပေါ်လာကာ ကျောက်စိမ်းပြားနှင့် ထိပ်တိုက်တွေ့သည်။

လောကသည်ပင် စုတ်ပြဲသွားတော့မလား၊ တုန်ဟည်းသံများ ပဲ့တင်ထပ် မြည်ဟိန်း၏။ သို့ရာတွင် ကျောက်စိမ်းပြားမှ အလင်းသည် တစ်စက်လေးပင် မထိခိုက်သွားပေ။ ၎င်းသည် ဆက်လက်၍ ထွက်ပြေးလေ၏။

“မင်း ဘယ်နေရာကို ပြေးမလဲ ငါ မြင်ချင်မိတယ်…” ဝမ်လင်း၏အသံသည် အေးစက်၏။ သူသည် ထိုကဲ့သို့ ပြောလိုက်ရင်း သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေသည်။ အတားအဆီးမြောက်များစွာ ပေါ်လာပြီး ကျောက်စိမ်းပြားထံ ဦးတည် တိုးဝင်သွားလေသည်။

***

All Chapters