အိုးမဲ့အိမ်မဲ့ (၁)
Vol. 96 Ch. 1321
ဝမ်လင်းသည် လေထဲတွင်ရပ်ကာ စတင် စဉ်းစားနေ၏။ သူ အသက်ရှင်နိုင်မည့် အခွင့်အရေး၏ သော့ချက်သည် ဒီလျိုကျင်းပျောင်ထံမှ ကျောက်စိမ်းပြားသာ ဖြစ်သည်။ သို့ရာတွင် ထိုကျောက်စိမ်းပြားသည် မထင်မှတ်စွာဖြင့် ပျောက်ကွယ်သွားသည်။ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့သည်ပင် ၎င်းနှင့်အတူ ပျောက်ကွယ်သွားသေးသည်။
ထိုပြောင်းလဲမှုက ဝမ်လင်းကို သတိထားသွားစေသည်။ ပဟေဠိဖြစ်သွားစေကာ မလွတ်ကူမှုကို ခံစားရစေ၏။
“ငါ အသက်ရှင်နိုင်မယ့် အခွင့်အရေးဟာ ဒီကျောက်စိမ်းပြားနဲ့ တစ်ခုခု ပတ်သတ်နေလိမ့်မယ်။ ဒါပေမဲ့ အခုတော့ ဒီကျောက်စိမ်းပြားကော ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကော ပျောက်ကွယ်သွားခဲ့ကြပြီ။ ငါ ဒီကိစ္စကို ဘယ်လိုများ ဖြေရှင်းရမလဲ…”
ဝမ်လင်းသည် မျက်မှောင်ကြုတ်လျက် မူလကလန်ရှိရာသို့ ပြန်သွားတော့သည်။
မူလကလန်ထဲတွင် လုယန်ဖေနှင့်အခြားသူများသည် ဝမ်လင်းကို စောင့်ဆိုင်းနေကြ၏။ သူတို့သည် ဝမ်လင်း ရောက်လာသည့်အခါ ချက်ခြင်း နှုတ်ဆက်ကြ၏။ သို့သော် ဝမ်လင်းသည် စဉ်းစားနေဆဲဖြစ်ရာ ခေါင်းသာ ညိတ်ပြသည်။
လျိုကျင်းပျောင် လက်လွှတ်ခဲ့သော ကျောက်စိမ်းပြားသည် သာမန်ကျောက်စိမ်းပြားတစ်ခုသာ ဖြစ်လာခဲ့ပြီး နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ အော်ရာလည်း ရှိမနေတော့ပေ။ ထိုကျောက်စိမ်းပြားမှာ အတော်လေး ရိုးစင်းနေသည်။ လျိုကျင်းပျောင်သည် ယင်းကျောက်စိမ်းပြားထဲမှ ကင်းခြေများတို့၏ အော်ရာကိုသာ ရိုးရိုးစင်းစင်း ထုတ်ယူခဲ့တာ ဖြစ်သည်။ ထို့ကြောင့် ၎င်းအော်ရာသည် နိဗ္ဗာနဖြိုခွဲခြင်းအဆင့် အစစ်အမှန် ဖြစ်ခဲ့ပြီး ပစ်ချက် မရှိခဲ့ပေ။
ခုချိန်၌ ထိုကင်းခြေများရှစ်ကောင်လုံး သေသွားခဲ့ပြီ ဖြစ်ရာ ထိုအော်ရာလည်း ပျောက်ကွယ်သွားကာ ကျောက်စိမ်းပြားသည် သာမန်အရာဝတ္ထုတစ်ခု ပြန်ဖြစ်သွားတော့သည်။
လုယန်ဖေသည် ဝမ်လင်းကို ကြည့်ကာ နူးညံ့စွာ ပြောလာ၏။ “ဆရာဦးလေး…မူလကလန်ဟာ အရာအားလုံးကို ထုတ်ပိုးပြင်ဆင်ပြီးသွားပြီး အချိန်မရွေး ထွက်ခွာနိုင်ပါပြီ…”
ဝမ်လင်းသည် တိတ်ဆိတ်စွာ စဉ်းစားနေလျက် မူလကလန်ကို ကြည့်သည်။ သူသည် သည်နေရာအတွက် ခံစားမှုအချို့ ရှိနေဆဲပင်။ ဤနေရာမှာ သူ တိမ်ပင်လယ်သို့ ပထမဆုံးရောက်လာသည့်အချိန်များကို ကုန်ဆုံးခဲ့သော နေရာ ဖြစ်ကာ တိမ်ပင်လယ်တွင် သူ့နောက်ခံပုံရိပ်ကို ရရှိလာခဲ့သော နေရာလည်း ဖြစ်သည်။
အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းသည် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “မင်းတို့အားလုံး အရင်သွားနှင့်ကြ။ ငါ ဒီမှာ လုပ်စရာ ကိစ္စအချို့ ရှိနေသေးတယ်။ အခွင့်အရေးရတာနဲ့ ငါ မင်းတို့အားလုံးကို အဆင့်ခုနစ်ကလန်မှာ လာရှာမယ်…”
လုယန်ဖေ၏မျက်လုံးထဲတွင် သဘောမကျသလို အရိပ်အယောင် ဖြစ်ပေါ်သွား၏။ သို့သော် သူမသည် ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ဖြင့် အခုလို သေးငယ်သောကလန်တစ်ခုတွင် နေဖို့ နည်းလမ်းမရှိဆိုသည်ကိုတော့ နားလည်ပေသည်။ သူမသည် သူက ခုလိုမြန်မြန် ထွက်သွားမည်ဟုသာ မမျှော်လင့်ထားမိခြင်း ဖြစ်၏။
အောက်နှုတ်ခမ်းကို ကိုက်ထားလျက် လုယန်ဖေသည် ဝမ်လင်းကို တလေးတစား ဦးညွတ်သည်။ သူမသည် တစ်ခုခု ပြောလိုသည်။သို့သော် အဆုံးသပ်တွင် ဘာမှ မပြောတော့ပေ။ စိတ်နှလုံးအတွင်းမှသာ သက်ပြင်းချပြီးနောက် သူမသည် မူလကလန်ရှိလူများကို ခေါ်ကာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံသို့ ထွက်သွားတော့သည်။
မူလကလန်ရှိ ကလန်ဝင်တိုင်းသည် သူတို့ ထွက်မသွားခင် ဝမ်လင်းကို တလေးတစား ဦးညွတ်ကြလေ၏။
မူလကလန်၏တပည့်များ ထွက်ခွာသွားသည်ကို ကြည့်ကာ ဝမ်လင်းသည် အသက်ဝဝရှုသွင်းမိ၏။ သူသည် ဗလာဖြစ်သွားသော လူစုရာကွင်းပြင်ထက်တွင် ထိုင်ချကာ ကောင်းကင်ထက်သို့ အေးစက်စက် ကြည့်လေသည်။
“ငါ တွေ့မြင်ခဲ့တဲ့ အနာဂတ်တိုင်းမှာ ရလဒ်ဟာ သေဆုံးသွားတာပဲ။ ငါ မူလကလန်ကနေ အဆင့်ခုနစ်ဒေသကို ထွက်သွားရင်လည်း ရလဒ်ဟာ အတူတူပဲ ဖြစ်လိမ့်မယ်။ ငါ ခုချိန် ထွက်ပြေးရင်လည်း အတူတူပဲ။ ငါ ဝမ်လင်းဟာ ငါ့တစ်ဘဝလုံးကို ကောင်းကင်ဘုံကိုဖိဆန်တဲ့ကျင့်ကြံသူတစ်ယောက် အဖြစ် ရှင်သန်ခဲ့တဲ့သူ။ ဘာလွတ်လမ်းမှ မရှိမှတော့ ငါ ရုန်းကန်ဖို့ပဲ ရှိတော့တယ်…”
“တတိယအဆင့်ကျင့်ကြံသူ…ငါသာ ဒီကပ်ဘေးမှာ မသေခဲ့ရင် တစ်နေ့မှာ တတိယအဆင့်ကျင့်ကြံသူဆိုတဲ့လူတွေ ငါ့ရှေ့မှာ ဦးညွတ်စေခိုင်းမယ်…”
ဝမ်လင်း၏မျက်လုံးတို့က အေးစက်လာ၏။
သူက သူ့ညာလက်ကို ဝေ့ယမ်းကာ သူ့သိုလှောင်နေရာလွတ်ကို ဖွင့်၏။ ဓားတိုနှစ်လက် ထွက်ပေါ်လာသည်။ သူသည် ၎င်းတို့ကို ခုနစ်ရောင်စုံလောကတွင် ရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းဓားတို့နှစ်လက်ပေါ်တွင် ချိပ်ပိတ်မှု တစ်ခုစီ ရှိနေပြီး သူက အခုထိ ယင်းကို မဖွင့်လှစ်ရသေးပေ။ ခု သူသည် သေရေးရှင်ရေးကိစ္စတစ်ခုကို ရင်ဆိုင်ရတော့မည့်အချိန်တွင် သူ့ခွန်အားကို တိုးလာစေရန် သည်ချိပ်ပိတ်မှုကို အတင်းအကြပ် ဖွင့်လှစ်ရန် ဆုံးဖြတ်လိုက်တော့သည်။
ဝမ်လင်းက သေရေးရှင်ရေးကပ်ဘေးအတွက် ပြင်ဆင်နေစဉ်မှာပင် အလွန်ဝေးသောနေရာရှိ ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်တွင် လီချန်မေသည် အကြီးအကဲသုံးယောက် ချခင်းထားသော အစီအရင်နှင့် ပိတ်လှောင်ထားတာ ခံနေရသည်။ လီချန်မေသည် သူမ၏ဆရာကို ကြည့်ကာ တိုးညင်းစွာ မေးလိုက်၏။ “ဆရာ…သင် ချန်မေကို မထွက်သွားစေချင်ဘူးလား။ ဒါဆို အကြောင်းပြချက်တစ်ခုလောက် ပေးပါ…”
လီချန်မေ၏ဆရာသည် ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်၏ ကလန်ခေါင်းဆောင် ဖြစ်သည်။ သူသည် ငြိမ်သက်တိတ်ဆိတ်နေ၏။
လီချန်မေသည် ခေါင်းငုံ့ကာ ပြောလာပြန်သည်။ “ဆရာ…ချန်မေဟာ သင့်ဘေးမှာ ကြီးပြင်းလာခဲ့တာပါ။ ဆရာက ငါ့ကို ကျင့်ကြံဖို့ သင်ကြားပေးခဲ့တာပါ။ နတ်ဆိုးကလန်က တိုက်ပွဲကို သွားဆိုတုန်းကလည်း ငါက ဘာတစ်ခုမှ အထွန့်တက်မနေဘဲ တိုက်ပွဲကွင်းပြင်ကို ချက်ခြင်း သွားခဲ့ပါတယ်...”
လီချန်မေ၏ဆရာသည် အနည်းငယ် စဉ်းစားကာ ခပ်ဩဩလေသံဖြင့် ပြောလာ၏။ “ဆရာ နတ်ဆိုးကလန်ကို သတင်းပို့ပြီးပြီး။ နင် နောက်ထပ်သုံးလကြာမှ ပြန်လာမယ်လို့ ပြောထားခဲ့ပြီးပြီး။ ဘာမှ အလျင်လိုနေဖို့ မလိုပါဘူး...”
လီချန်မေသည် သူမ၏ဆရာကို ကြည့်ကာ သူ့မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။ သူမ၏စိတ်မှာ တုန်ယင်မိ၏။ သူမသည် သူမဆရာ ဘာကြောင့် အခုလိုမျိုး လုပ်သည်ကို နားလည်ရန် ကြိုးစားနေ၏။ သူသည် အကြီးအကဲသုံးယောက်ကိုပါ ခေါ်ထားသေး၏။ တကယ်တော့ သူမ၏ကျင့်ကြံမှုအဆင့်ဖြင့် အကြီးအကဲသုံးယောက်ကို ခေါ်ထားရန် မလိုအပ်ပေ။
ထိုအကြီးအကဲသုံးယောင်သည် မျက်မြင်သက်သေအဖြစ် စောင့်ကြပ်နေကြခြင်း ဖြစ်သည်။
လီချန်မေ၏မျက်နှာသည် အနည်းငယ် ဖြူရောသွား၏။ အစတုန်းက သူမသည် ထိုအကြီးအကဲသုံးယောက်က သူမကို စောင့်ကြည့်နေလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ အစတုန်းက သူမဆရာသည် အခုလို ပြုလုပ်ခြင်းမှာ သူမ နတ်ဆိုးကလန်မှ ထွက်ခွာလာခြင်းကြောင့် ဖြစ်မည်ဟု ထင်ထားခဲ့သည်။ သို့ရာတွင် သူမဆရာက သူမကို နတ်ဆိုးကလန်သို့ သုံးလအတွင်း ပြန်မသွားရန် ပြောလာသည်ကို ထောက်ရှု၍ သည်ကိစ္စမှာ နတ်ဆိုးကလန်နှင့် ဘာမှမဆိုင်တော့သည်ကို သိနိုင်သည်။
“ဆရာအခုလိုမျိုး ဘာကြောင့် လုပ်ရတာလဲ...” လီချန်မေသည် တုန်လှုပ်စွာ ခံစားမိနေ၏။ သူမသည် သူမကိုယ်သူမ ပူပန်ခြင်း မဟုတ်၊ အချို့အကြောင်းပြချက်များကြောင့် ဝမ်လင်း၏ပုံရိပ်သည် သူမ၏စိတ်နှလုံးထဲတွင် ပေါ်လာနေ၏။
“ဆရာ...ချင်းမေကို ဒီမှာ သုံးလ နေဖို့ ဘာကြောင့် အတင်းအကြပ် လုပ်ရတာလဲ...”
သူမသည် သူမ၏ဆရာဖြစ်သူကို ကြည့်နေ၏။
လီချန်မေ၏ဆရာသည် သက်ပြင်းချ၏။ ထို့နောက် သူသည် သူ၏ အရေးကြီးဆုံး ချစ်တပည့်ကို ကြည့်၏။ သူ့မျက်လုံးထဲတွင် ကြင်နာရိပ်တို့ ရှိနေ၏။ အချိန်အတန်ကြာပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “နင်...”
သူ့စကားမဆုံးခင်မှာပင် အကြီးအကဲသုံးယောက်ထဲမှ တစ်ယောက်က လက်နှစ်ဖက်ဆုပ်ကာ ပြောလာ၏။ “ကလန်ခေါင်းဆောင် နှစ်ခါ ပြန်စဉ်းစားဖို့ ငါ တောင်းဆိုပါတယ်...”
“ငါ ဘာလုပ်နေလဲ ငါ သိတယ်...” လီချန်မေ၏ဆရာ၊ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်၏ ကလန်ခေါင်းဆောင်က ထိုသို့ ပြောလာသော အကြီးအကဲဖြစ်သူကို အေးတိအေးစက် ကြည့်လိုက်၏။
“လီချန်မေ...နင် လုဇီဟောင်ဆိုတဲ့သူကို သိလား...” ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ခေါင်းဆောင်၏ အကြည့်က လီချန်မေထံ ကျရောက်လာ၏။
လီချန်မေ၏အမူအရာသည် ပုံမှန်အတိုင်းသာ ရှိနေ၏။ သို့သော် သူမစိတ်ထဲတွင် လှိုင်းထန်မိနေပေပြီ။
“ငါ ဒီလူ့ကို သိပါတယ်။ ဆရာ ငါ့ကို စီနီယာစစ်မာရဲ့ ကျောက်စိမ်းပြားနဲ့ ဆေးဖော်စပ်နည်းကို ရှာဖို့အတွက် အဆင့်ငါး ဒေသကို သွားခိုင်းခဲ့တယ်။ အဲ့တုန်းက ငါဟာ ဒီလုဇီဟောင်နဲ့ လမ်းမှာ တွေ့ဆုံခဲ့ဖူးပါတယ်...”
ကလန်ခေါင်းဆောင်သည် လီချန်မေကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဒီအတွက်ကြောင့်ပဲ ငါဟာ နင့်ကို သုံးလတာ ဒီနေရာမှာ ထိန်းသိမ်းထားရတာပဲ...”
လီချန်မေသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူမသည် ဝမ်လင်းအတွက် နတ်ဆိုးကလန်ကနေ ထွက်လာခဲ့၏။ အခု သူမဆရာ၏စကားကို ကြားရသည့်အခါ သူမ၏ဉာဏ်ရည်ဖြင့် ဝမ်လင်းအပေါ် သေရေးရှင်ရေးကပ်ဘေးတစ်ခုခု ကျရောက်တော့မည်ကို ချက်ခြင်း ခံစားမိနိုင်သည်။ ထိုအန္တရာယ်မှာ အလွန်ကြီးမားပေလိမ့်မည်။ သူမ၏ဆရာဖြစ်သူပင် သူမကို ကလန်သို့ ပြန်ခေါ်ခဲ့သည် မဟုတ်လား။ သူမသည် သည်နေရာတွင် ပိတ်ထားခြင်း ခံရသည်ဟု ထင်ရသော်လည်း အမှန်တကယ်တော့ သူမကို ကာကွယ်မှု ပေးထားခြင်းသာ ဖြစ်ပေမည်။
စဉ်းစားနေရင်း လီချန်မေ၏အမူအရာသည် တဖြည်းဖြည်း ပြန်တည်ငြိမ်သွားသည်။ သို့သော် သူမ၏ခန္ဓာကိုယ်ထဲတွင် ခါးသီးမှုနှင့် ပြတ်သားမှုတို့ ပြည့်နှက်လာသည်။ သူမက ဖြည်းဖြည်းချင်း ထရပ်၏။
သူမ ထပ်ရပ်လာသည်နှင့် အကြီးအကဲသုံးယောက်၏အမူအရာမှာ အေးစက်လာသည်။ သူတို့ထဲမှ တစ်ယောက်သည် လှမ်းအော်၏။ “လီချန်မေ...နင် ဘာလုပ်တာလဲ...”
“ဆရာ...ချန်မေဟာ မိဘမဲ့တစ်ယောက်ပါ။ သင်ဟာ ချန်းမေကို ပြုစုပျိုးထောင်ပေးခဲ့တာပါ။ သင်ဟာ ချန်မေကို အကြင်နာတရား ပေးခဲ့တယ်။ ဘယ်လိုရင့်ကျက်ရမလဲ သင်ကြားပေးခဲ့တယ်။ ငါက သင့်ကို ဆရာလို့ ခေါ်နေပေမဲ့လည်း ချန်မေရဲ့ စိတ်ထဲမှာတော့ သင်ဟာ အဖေ တစ်ယောက်လိုပါပဲ...”
လီချန်မေ၏အသံသည် တည်ငြိမ်၏။ သို့သော် ကျေးဇူးသိတတ်စိတ်တို့ဖြင့် ပြည့်နှက်သည်။
သူမသည် သူမ၏ကလန်ခေါင်းဆောင်ကို ကြည့်၏။ သူမသည် တဖြည်းဖြည်းချင်း ဒူးထောက်ချကာ ဂါဝရပြုလိုက်သည်။
“ဆရာ...ချန်မေမှာသာ နောက်ဘဝရှိခဲ့ရင် သင့်ကျေးဇူကို အကြိမ်ထောင်ပေါင်း သေဆုံးရပါစေ ပြန်ဆပ်ပါ့မယ်...”
လီချန်မေဆရာ၏စိတ်သည် တုန်ယင်၏။ သူမသည် လီချန်မေကို ကြည့်သည်။ သူ့အကြည့်မှာ ပိုစိတ်ရှုပ်ထွေးဟန် ပေါ်လာသည်။ သူသည် လီချန်မေကို ပြုစုပျိုးထောင်ပေးခဲ့သူ ဖြစ်၏။ ထို့ကြောင့် သူမ၏စိတ်နေစိတ်ထားကို ကောင်းကောင်းကြီး နားလည်ထားပေသည်။
“ဆရာဟာ ငါ့ကို ကျင့်ကြံမှုကို သင်ကြားပေးခဲ့ပြီး ငါ့အတွက် ဆေးလုံးတွေလည်း သန့်စင်ပေးခဲ့တယ်။ ဒါ့ကြောင့် ချန်မေဟာ နှစ်ပေါင်းတစ်ထောင်အတွင်း နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကို ရောက်ရှိခဲ့တယ်။ ချန်မေဟာ ကလန်ရဲ့ အရင်းအမြစ်တော်တော်များများကိုလည်း အသုံးပြုခဲ့တဲ့အပြင် အကြီးအကဲအချို့ကိုလည်း စော်ကားမိခဲ့ပါတယ်။ ဆရာ…ငါ သင့် ကြင်နာမှုကို မေ့နိုင်မှာ မဟုတ်ပါဘူး။ နောက်ဘဝသာ ရှိခဲ့ရင် ငါဟာ မြင်းတစ်ကောင် ဖြစ်ခဲ့ရင်တောင် ဆရာ့ကို ပြန်ပေးဆပ်မှာပါ…”
လီချန်မေသည် ဒုတိယအကြိမ် ဦးညွတ်အရိုအသေ ပြုပြန်သည်။ သူမသည် သူမဆရာ၏ ကြင်နာမှုကို ပြန်မပေးဆပ်နိုင် ဖြစ်ရ၏။
“ကလန်ရဲ့အကြီးအကဲတွေဟာ ချန်မေရဲ့ ဆံပင်အရင်ကြောင့် ချန်မေဟာ သူစိမ်းကလန်တစ်ခုခုက လူတစ်ယောက် ဖြစ်တယ်လို့ သံသယ ဝင်နေတာကို သိပါတယ်။ ဆရာက ငါ့အပေါ် ဆေးလုံးအများအပြား သုံးစွဲတာနဲ့ ပတ်သတ်ပြီး သူတို့ မကျေမနပ် ဖြစ်နေကြတာကိုလည်း ချန်မေ သိပါတယ်။ သူတို့ဟာ သင် ငါ့ကို တာအို သင်ကြားပေးခဲ့အတွက်လည်း မပျော်မရွှင် ဖြစ်ခဲ့ကြရတယ်။ ဒါပေမဲ့ သင်ဟာ ဒါတွေအားလုံးကို ဂရုမစိုက်ခဲ့ဘူး။ သင်ဟာ ငါ့ကို အဖေတစ်ယောက်လိုမျိုး ဂရုစိုက်ပြီး ကြင်နာမှု ပေးခဲ့တယ်။ သင်ဟာ ငါ့အခြေခံခိုင်မာမှုအတွက် ဆေးလုံးတွေ ဖော်စပ်ဖို့ သင့်ရဲ့ မူလစိတ်ဝိညာဉ်ကိုပါ အသုံးပြုပြီး ကူညီပေးခဲ့တယ်။ ချန်မေ ဆရာ့ကို ဘယ်လိုများ ပြန်ပေးဆပ်နိုင်ပါ့မလဲ…”
***