အိုးမဲ့အိမ်မဲ့ (၂)
Vol. 96 Ch. 1322
သူမမျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာ၏။ သူမသည် သူမ၏ဘဝတွင် ငိုခဲလှသည်။ သူမ ကလေးဘဝတုန်းက အနိုင်ကျင့်ခံ၊အလှောင်ခံရတုန်းကပင် ဤလောကတွင် တစ်ယောက်တည်း ရှိသူကဲ့သို့ ခံစားရချိန်ကပင် သူမသည် မျက်ရည်ကျခဲလှသည်။ သို့ရာတွင် သည်အခိုက်အတန့်တွင်တော့ သူမ ငိုမိလေပြီ။
ငိုနေရင်း လီချန်မေသည် သူမ၏ဆရာဖြစ်သူကို တတိယကြိမ်မြောက် ဦးညွတ်ဂါဝရ ပြုသည်။
“ချန်မေ သေရမယ်ဆိုရင်တောင် ဒီကြင်နာမှုတွေကို မမေ့ပစ်ပါဘူး ဆရာ။ ဒါပေမဲ့ ခုတော့ ချန်မေ ထွက်သွားရလိမ့်မယ်…” လီချန်မေသည် ခေါင်းမော့၍ ကြည့်၏။ မျက်ရည်စီးကြောင်းနှစ်ခုသည် သူမပါးပြင်ထက်သို့ လိမ့်ဆင်းကျလာသည်။
“သူဟာ နင် ဒီလိုမျိုး သွားဖို့အတွက် ထိုက်တန်ရဲ့လား…” လီချန်မေ၏ဆရာဖြစ်သူသည် သူ ပြုစုပျိုးထောင်ပေးခဲ့သော အမျိုးသမီးငယ်ကို ကြည့်နေ၏။ သူ့စိတ်နှလုံးထဲတွင်လည်း သူမကို သမီးတစ်ယောက်ကဲ့သို့ မှတ်ယူထားခဲ့ပေသည်။
“သူ့နှလုံးသားထဲမှာ အခြားတစ်ယောက်ယောက် ရှိနေပါတယ်။ ဒီအမျိုးသမီးဟာ သူ့နှလုံးသားထဲမှာ နက်ရှိုင်းစွာ ရှိနေတာပါ။ ဘယ်သူမှ သူမနေရာကို အစားထိုးနိုင်မှာ မဟုတ်ပါဘူး။ တပည့်က သူ့ရင်ထဲကအမျိုးသမီးဟာ သူ့အပေါ် ဘယ်လိုခံစားချက်မျိုး ရှိခဲ့လဲတော့ မသိပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်တစ်ရာတည်းက အချို့အမည်မသိအကြောင်းရင်းတွေကြောင့် သူ့အရိပ်ဟာ အမြဲတမ်း တပည့်စိတ်ထဲ ထင်နေခဲ့တယ်။ သူ့နှလုံးသားဟာ နောက်တစ်ယောက်ကို လက်ခံနိုင်ပါ့ဦးမလားလည်း တပည့်အနေနဲ့ နားမလည်ပါဘူး။ ဒါပေမဲ့ ဒါဟာ ထိုက်တန်တာ၊မတန်တာကို တိုင်းတာနေတာ မဟုတ်ပါဘူး။ တပည့်အနေနဲ့ သိတာဆိုလို့ တပည့်သာ မသွားခဲ့ရင် တစ်သက်လုံး ဘယ်တော့မှ ပျော်ပျော်နေနိုင်တော့မှာ မဟုတ်ဘူးဆိုတာပဲ…”
လီချန်မေ၏အသံသည် တည်ငြိမ်၏။ သို့သော် သူမသည် မျက်ရည်များ ပိုကျဆင်းလာသည်။
လီချန်မေ၏ဆရာ ဖြစ်သူသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ အချိန်အတန်ကြာပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “အဆင့်ရှစ်ပြိုင်ပွဲကို နတ်ဘုရားကလန်က ဖျက်သိမ်းခဲ့တာ…”
ထိုစကားသည် လီချန်မေ၏ခန္ဓာကိုယ်ကို တုန်ယင်သွားစေသည်။ အဆင့်ကိုးကလန်တစ်ခု၏ တပည့်တစ်ယောက်အနေဖြင့် အဆင့်ရှစ်ကလန်ပြိုင်ပွဲကို နတ်ဘုရားကလန်တစ်ခုကသာ ဖျက်သိမ်းနိုင်ကြောင်းကို သူမ သိထားပေ၏။
လီချန်မေ၏ဆရာဖြစ်သူက တိုးညင်းစွာ ပြောလိုက်သည်။ “နတ်ဘုရားကလန်က လူတွေဟာ လုဇီဟောင် ပေါ်လာကတည်းက သူ့ကို လိုက်စုံစမ်းနေခဲ့တာ။ နင် သွားချင်သေးရဲ့လား…”
လီချန်မေ၏မျက်နှာထက်ရှိ ခါးသီးမှုမှာ ပိုအားကောင်းလာသည်။ သို့သော် သူမ၏ဆုံးဖြတ်ချက်သည် ပို၍ အန္တရာယ်များလာ၏။ သူမသည် သူမ၏ဆရာဖြစ်သူကို ကြည့်ကာ ခေါင်းညိတ်ပြသည်။
“တပည့် သွားချင်ပါတယ်…”
“သာမန်လူတစ်ယောက်ဟာ နတ်ဘုရားကလန်က အဆင့်ရှစ်ကလန်ပြိုင်ပွဲကို ဟန့်တားပစ်စေလောက်အောင် မလုပ်ဆောင်နိုင်ဘူး။ နတ်ဘုရားကလန်ရဲ့ အကြီးအကဲချုပ်၊တာအိုပညာရှင်ရေဟာ ဒီအမိန့်ကို ပေးခဲ့တာပဲ။ တာအိုပညာရှင်ရေရဲ့ ရှေ့မှောက်မှာ နင်က ဘာများ လုပ်နိုင်မှာ မို့လို့လဲ။ နင် သူ့ကို တားနိုင်မှာလား။ မေ့ထားလိုက်ပါ။ ငါ့ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်တစ်ခုလုံး သွားခဲ့ရင်တောင် ဘာအကူအညီမှ ပေးနိုင်မှာ မဟုတ်ဘူး…”
လီချန်မေ၏ဆရာဖြစ်သူသည် ထိုကဲ့သို့ ပြောပြီးနောက် မျက်လုံးမှိတ်ထားလိုက်သည်။
လီချန်မေသည် အောက်နှုတ်ခမ်းကို ခပ်တင်းတင်း ကိုက်ထား၏။ သူမ၏မျက်လုံးထဲရှိ ပြတ်သားမှုသည် လျော့ပါးသွားတာ မရှိသည့်အပြင် ပို၍ပင် အားကောင်းလာသည်။
“တပည့်ဟာ သူ့ကို မရပ်တန့်နိုင်ဘူး။ ဒါပေမဲ့ သွားတာတော့ သွားမှာပဲ။ ဆရာ..ငါ့ကို သွားခွင့်ပြုပါ။ တပည့် သွားမှ ဖြစ်မယ်…”
“ငါ နင့်ရဲ့စိတ်ကို သိတယ်။ ဒါ့ကြောင့်လည်း ဒီကိစ္စကို သိလိုက်ရတဲ့နောက် ငါဟာ နင့်ကို ပြန်ခေါ်ခဲ့တာ။ ဒီအကြောင်းကို ထပ်ပြောဖို့ မလိုတော့ဘူး။ ဒီမှာပဲ သုံးလတိတိ ကျင့်ကြံနေပါ။ သုံးလပြီးရင်တော့ နင် ထွက်သွားနိုင်ပြီ…”
လီချန်မေ၏ဆရာသည် မျက်လုံးမှိတ်လိုက်၏။ သူသည် ဆုံးဖြတ်ပြီးသွားဟန် ပေါ်သည်။
လီချန်မေ၏မျက်နှာထက်တွင် ခါးသီးမှု ဖြစ်ပေါ်လာ၏။ သူမစိတ်နှလုံးအတွင်းမှ စူးရှရှနာကျင်မှု ခံစားရသည်။ ထိုနာကျင်မှုက သူမကို ပြိုလဲလုနီး ဖြစ်စေ၏။
သူမ၏ခန္ဓာကိုယ်သည် သက်ပြင်းချကာ နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလိုဆုတ်မိသည်။ သူမသည် ပါးစပ်အပြည့်သွေးအန်ထုတ်လိုက်ရပြီး သူမ၏မျက်နှာသည် ချက်ခြင်း ဖြူရောသွားသည်။
လီချန်မေ သွေးအန်သည်ကို တွေ့မြင်ရသည့်အခါ သူမဆရာ၏မျက်လုံးထဲရှိ ပြတ်သားမှုသည် ချက်ခြင်း ပျက်စီးသွားကာ စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်သည်။
“ဆရာ…။ သင်ဟာ တပည့်ထွက်သွားမှာကို တားဆီးနိုင်ပါတယ်။ ဒါပေမဲ့ တပည့်သေသွားမှာကိုတော့ သင် မတားနိုင်ပါဘူး…” လီချန်မေသည် ခေါင်းငုံ့လိုက်၏။ သူမ၏အသံသည် နူးညံ့သည်။ သို့သော် ထိုအသံထဲတွင် နှုတ်ဆက်လိုဟန် ပါဝင်နေသည်။
“နင်…” လီချန်မေဆရာ၏မျက်လုံးသည် တောက်ပသွားသည်။ သူက သူ့ညာလက်ကို မြန်ဆန်စွာ ပင့်မြှောက်လိုက်ရာ အမှတ်အသားတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအမှတ်အသားသည် အစီအရင်ကို ဖြတ်သန်း၍ လီချန်မေ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ ထိုအမှတ်အသားသည် သူမခန္ဓာကိုယ်ထဲရှိ ဗရမ်းဗတာဖြစ်သွားသော မူလစွမ်းအင်များကို ချက်ခြင်း ဖိနှိပ်ပစ်သည်။
လီချန်မေသည် ခေါင်းမော့ကာ ခါးသီးနာကျင်စွာ ပြုံး၏။ သူမ၏ပါးစပ်ထောင့်တွင် သွေးစသွေးနတို့ ပေကျန်လျက် သူမက တိုးညင်းစွာ ပြောလိုက်သည်။ “ဆရာဟာ ချန်မေကို ခု ဟန့်တားနိုင်ပါတယ်။ ဒါပေမဲ့ သုံးလပြည့်ပြီးရင်တော့ သင်ဟာ တပည့်ဘဝတစ်ခုလုံးကို ရပ်တန့်နိုင်မှာ မဟုတ်တော့ပါဘူး။ သူဟာ တပည့်ရဲ့ တတိယမေးခွန်းကို ခုထိ မဖြေရသေးဘူး။ သူသာ အမှန်တကယ် သေသွားခဲ့ရင် တပည့်ဟာ သူရှိတဲ့ကမ္ဘာထိ လိုက်သွားမယ်။ အဲ့နေရာမှာ သူဟာ တပည့်ရဲ့ တတိယမေးခွန်းကို ဖြေဖို့အတွက် စောင့်နေပါလိမ့်မယ်။ ဆရာ တပည့်ကို တစ်ခါက ပြောခဲ့ဖူးပါတယ်။ လူတစ်ယောက်ဟာ တစ်ခါတစ်လေမှာ စိတ်စွဲလမ်းမှုနဲ့ ဒီစွဲလမ်းမှုနောက်ကို လိုက်ဝံ့တဲ့ သတ္တိလိုတယ်တဲ့။ ကျင့်ကြံသူတွေမှာ ဒီလိုစွဲလမ်းမှုနဲ့ သတ္တိမရှိခဲ့ရင် သူတို့ဟာ ဘယ်မဟာတာအိုကိုမှ ကျင့်ကြံနိုင်လိမ့်မှာ မဟုတ်ဘူးတဲ့…”
လီချန်မေဆရာ၏မျက်နှာသည် အလွန်အမင်း သုန်မှုန်ကာ နာကျင်မှုနှင့် ပြည့်နှက်လာသည်။ သူက သူ့တပည့်၏စိတ်နေစိတ်ထားကို ကောင်းစွာ နားလည်ပေသည်။သို့သော် သူသည် သူမက ခုခံနိုင်ရန်အတွက် သူမကိုယ်သူမ သတ်သေဖို့အထိ ကြိုးစားလိမ့်မည်ကိုတော့ မထင်ထားမိခဲ့ပေ။ သူသည် ခုချိန်တွင် သူမကို ရပ်တန့်နိုင်သည်။ သို့သော် သူမ၏တစ်ဘဝလုံးအတွက်တော့ သူ သူမကို ရပ်တန့်နိုင်လိမ့်မည် မဟုတ်ပါ။
လီချန်မေ၏ဆရာသည် အချိန်အတန်ကြာထိ တိတ်ဆိတ်စွာ စဉ်းစားနေသည်။ သူ့အသံသည် တဖြည်းဖြည်း အေးစက်လာသည်။ “နင် ဒါကို တကယ်တွေးပြီးပြီးလား…”
“တပည့်ဟာ ဒီလိုမျိုးပဲ တွေးထင်ထားပါတယ်။ ကျေးဇူးပြုပြီး တပည့်ကို သွားခွင့်ပေးပါ…” လီချန်မေသည် သူမ၏ဆရာကို ခါးသီးစွာ ကြည့်သည်။
“နင် ဒီအစီအရင် အပြင်ဘက် ခြေလှမ်းလိုက်တာနဲ့ နင်ဟာ ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်နဲ့ ဘာမှ မသက်ဆိုင်တော့သလို ငါတပည့်လည်း မဟုတ်တော့ဘူး။ အဲ့အချိန်ကစပြီး နင်ဟာ ငါ့ကို ဆရာလို့ ခေါ်စရာ မလိုတော့ဘူး။ နင်ဟာနင် သေချာ စဉ်းစားပါ…” လီချန်မေ၏ဆရာသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ လီချန်မေပတ်လည်ရှိ အစီအရင်သည် ပျက်စီးသွားလေ၏။
ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်၏ အကြီးအကဲများ၏မျက်နှာအမူအရာသည် ကြီးစွာ ပြောင်းလဲကုန်သည်။ တစ်ယောက်က လှမ်းအော်ပြောလိုက်သည်။ “ကလန်ခေါင်းဆောင်…သင့် စိတ်ဆန္ဒက ဘာများလဲ…”
“ထွက်သွားစမ်း…” လီချန်မေ၏ဆရာသည် ရုတ်တရက် အပေါ်မော့ကာ မာန်သွင်းအော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ကောင်းကင်ဘုံဒုက္ခတတိယအဆင့်ကို ချိုုးဖျက်ပြီးသော အော်ရာတစ်ခု ထွက်ပေါ်လာတော့သည်။ အကြီးအကဲသုံးယောက်သည် သွေးအန်လိုက်ရကာ နောက်သို့ လွင့်ထွက်သွားကြ၏။
“လီချန်မေ…ဆရာ နင့်ရဲ့ ရွေးချယ်မှုကို စောင့်နေတယ်…” လီချန်မေဆရာ၏အကြည့်က သူမအပေါ်သို့ ကျရောက်နေသည်။ သူ့အသံက တည်ငြိမ်သော်လည်း သူမကတော့ သူ့ဆရာ၏အသံထဲ၌ တုန်ယင်နေသော အရိပ်အမြွက်ကို ကြားနိုင်၏။
လီချန်မေသည် သူမ၏ဆရာကို စူးစိုက်ကြည့်နေမိ၏။ သူမစိတ်နှလုံးလေဟာနယ်မှာ ပို၍ပင် ကြီးမားလာသည်။ ၎င်းက အဆုံးစွန်သောနာကျင်မှုအဖြစ် ပြောင်းလဲကာ သူမ၏နှလုံးသားကို စုတ်ဖြဲနေသည့်အလားပင်။ ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်မှာ သူမ၏အိမ် ဖြစ်၏။ သူမဆရာက သူမ၏အဖေ ဖြစ်၏။ သို့ရာတွင် ခုချိန်တွင် သူမ ရွေးချယ်မှုတစ်ခုကို ရင်ဆိုင်နေရပေပြီ။
လီချန်မေ၏အမူအရာမှာ ဆိုးဝါးနေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးလည်း ငြိမ်သက်တိတ်ဆိတ်နေသည်။ သူမက ခေါင်းငုံ့ကာ ဒူးထောက်ချလျက် ခြောက်ကြိမ်တိုင်တိုင် ဂါဝရပြုသည်။ လီချန်မေကို ကြည့်နေရင်း သူမဆရာ၏မျက်လုံးထဲတွင် နောင်တနှင့်နာကျင်မှုတို့ ဖြစ်ပေါ်လာ၏။
“နင် သွားနိုင်ပြီ…” လီချန်မေ၏ဆရာက နောက်လှည့်ကာ ကောင်းကင်ထက်သို့ မော့ကြည့်နေ၏။ သူ့စိတ်နှလုံသားမှာလည်း စုတ်ဖြဲခံရသည့်အလား။
လီချန်မေသည် သူမဆရာကို အချိန်အကြာကြီး ကြည့်လို့နေ၏။ သူမ မျက်ရည်များ စီးကျလာသည်။ ထို့နောက် သူမသည် လှည့်ထွက်ကာ ကောင်းကင်ထက်သို့ ပျံသန်းသွားတော့သည်။
“အိမ် ဆိုတာ မရှိတော့ဘူး။ ဒီအတွက် ထိုက်တန်ရဲ့လား…” လီချန်မေ၏မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုက ပိုအားကောင်းလာခဲ့သည်။
လီချန်မေ ထွက်ခွာသွားသည့်နောက် သူမ၏ဆရာက မျက်လုံးမှိတ်လိုက်၏။ သူ့စိတ်နှလုံးမှာလည်း နာကျင်ရသည် မဟုတ်လား။
လွင့်ထွက်သွားသော အကြီးအကဲတစ်ယောက်က လှမ်းအော်၏။ “ကလန်ခေါင်းဆောင်။ လီချန်မေက စီနီယာတာအိုပညာရှင်ရေနဲ့ နတ်ဘုရားကလန်ရဲ့ ဒေါသကို သွားရန်စမိတာနဲ့ ငါတို့ ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ဟာ ဒီအကျိုးဆက်ကို တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ငါတော့ ဒီကိစ္စကို နတ်ဘုရားကလန်ရှိ သတင်းပို့ပေးမှ ဖြစ်မယ်။ နတ်ဘုရားကလန်သာ ဒေါသထွက်သွားခဲ့ရင် သင် ဒီအတွက် တန်ဖိုးတစ်ခု ပေးဆပ်ရလိမ့်မယ်…”
လီချန်မေ၏ဆရာသည် ရုတ်တရက်လှည့်ကာ ထိုကဲ့သို့ အော်ဟစ်ပြောဆိုသော အကြီးအကဲကို လှမ်းဟောက်၏။ “ထွက်သွားစမ်း ထွက်သွားစမ်း…ထွက်သွားစမ်း…”
သူ့ကောင်းကင်ဘုံဒုက္ခကျင့်ကြံမှုအဆင့်သည် ပေါက်ကွဲထွက်လာပြီး ထိုအကြီးအကဲကို ဆက်တိုက် သွေးအန်စေကာ နောက်သို့ ကြိုးပျက်စွန်ကဲ့သို့ လွင့်ထွက်သွားစေသည်။ ဘန်းခနဲ ပေါက်ကွဲမှုနှင့်အတူ ထိုအကြီးအကဲ၏ခန္ဓာကိုယ်သည် ပျက်စီးသွားပြီး သူ့မူလစိတ်ဝိညာဉ်သည် အထိတ်တလန့် ထွက်ပြေးလေ၏။
“ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ဟာ နှစ်ပေါင်းထောင်သောင်းချီကြာအောင် နတ်ဘုရားကလန်ရဲ့ ကျေးကျွန် ဖြစ်နေခဲ့ပြီးပြီး။ မင်းတို့အားလုံးဟာ ကျွန်တွေလိုပဲ ပြုမူနေတယ်။ မင်းက နတ်ဘုရားကလန်ကို ကြောက်နေမှတော့ လီချန်မေ စီနီယာတာအိုပညာရှင်ရေရဲ့ ဒေါသကို ရန်စမိခဲ့ရင် အဲ့အတွက် ငါ တာဝန်ခံမယ်…”
လီချန်မေ၏ဆရာသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ပျောက်ကွယ်သွားတော့၏။
သူ့အသံသည် မိုးကြိုးသံအလား ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ သို့ရာတွင် သူ့အသံသည် နှစ်ထောင်သောင်းချီ ကျွန်ဇာတ်သွင်းခံထားရသော ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်၏ ကျင့်ကြံသူများ၏စိတ်နှလုံးကို ကိုင်လှုပ်နိုင်စွမ်း မရှိခဲ့ပေ။
လီချန်မေ ပြုလုပ်သမျှကို ဝမ်လင်းကတော့ သိမည် မဟုတ်ပေ။ သူမသည် ဝမ်လင်းအတွက် နတ်ဆိုးကလန်ရှိ တိုက်ပွဲကွင်းပြင်ကနေ ထွက်လာခဲ့ခြင်း၊ ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်နှင့် ပတ်သတ်မှုကို ဖြတ်တောက်ပစ်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်ခဲ့ပေသည်။ အခုချိန်တွင် လီချန်မေသည် အိမ်မဲ့အမျိုးသမီးတစ်ယောက်အလား ဖြစ်နေခဲ့ပေပြီ။ သူမသည် အဆင့်ငါးဒေသသို့ ပျံသန်းလို့နေသည်။
သူမသည် ကလေးဘဝတည်းက အထီးကျန်ဆန်သော မိဘမဲ့တစ်ယောက် ဖြစ်ခဲ့သူတစ်ယောက် မဟုတ်လား။ သူမ၏အပြာရောင်ဆံပင်များကြောင့် သူမ၏ကလေးဘဝတွင် ပျော်ရွှင်မှုဆိုတာ မရခဲ့ပေ။ သူမ၏စိတ်ခွန်အားဖြင့်သာ သည်လိုဘဝမျိုးကို ဖြတ်သန်းကျော်ဖြတ်ခဲ့ရ၏။ သို့ရာတွင် ခုချိန်တွင် သူမသည် အိမ်ဟူ၍ မရှိတော့သည့်အဖြစ်က သူမကို အသူတရာချောက်နက်ထဲ ကျဆင်းသွားသည့်အလား ခံစားရစေလေ၏။
သည်အခိုက်အတန့်တွင် အဆင့်ငါးဒေသ မူလကလန်တွင်မူ အဖြူနှင့်အနက် ဓားအလင်းတန်းနှစ်ခုက ဝမ်လင်းရှေ့တွင် လွင့်မြောလျက် ရှိ၏။ ဓားစွမ်းအင်များ ဖြတ်သန်းရင်း အရိပ်ထောင်ချီကို ဖန်တီး၏။ ထိုအရိပ်များသည် ဝဲကတော့အသွင် ဖြစ်ပေါ်ကာ လောကတွင် တဝီဝီလှည့်လည်သည်။
သူသည် ယင်းဓားတို့ကို ဆက်လက်သန့်စင်၍ ချိပ်ပိတ်မှုများကို ချိုးဖျက်နေသည်။ ထိုအခါ သူ ခုနစ်ရောင်စုံလောကမှ ရရှိခဲ့သော ဤဆန်းကြယ်သောဓားတိုနှစ်လက်မှာ ယင်းတို့၏အစစ်အမှန်စွမ်းအားကို ပြသလာသည်။
အချိန်ကုန်လာ၏။ အဖြူ၊အနက်ဓားအရိပ်များ ဝမ်လင်း ပတ်ပတ်လည်တွင် ပေါ်လာသည်။
ဓားအရိပ် တစ်သောင်း၊ငါးသောင်း၊တစ်သိန်း၊သုံးသိန်း၊ငါးသိန်းကနေ တစ်သန်းထိ။
အဖြူအနက်ဓားအရိပ်တစ်သန်းမှာ ဓားတစ်လက်အသွင် ချိတ်ဆက်ပြီး ကောင်းကင်ဘုံတုန်လှုပ်ဖွယ် ဓားတေးသံကို ပေးစွမ်းလေသည်။
***