← Chapters

သင် ရောက်ရှိလာမှာကို စောင့်နေတယ်…

Vol. 96 Ch. 1323

သင် ရောက်ရှိလာမှာကို စောင့်နေတယ်…

Vol. 96 Ch. 1323

ထိုဓားတေးသံသည် လောကကို တုန်ခါစေသည်။ ဓားများသည် နဂါးတစ်ကောင်အသွင်အဖြစ် ကောင်းကင်ကို ချိုးဖျက်ပစ်လိုသည်ဟုပင် ထင်မှားရသည်။ ပြင်းထန်သောသတ်ဖြတ်လိုစိတ်မှာ ဤလောကတွင် ပေါ်လာသည်။

ထိုသတ်ဖြတ်လိုစိတ်သည် ဓားများကဲ့သို့ အေးစက်လေ၏။

ဝမ်လင်း၏ပုံရိပ်မှာ အဆုံးမဲ့ဓားအရိပ်များကြားတွင် ဝေဝါးလျက် ရှိကာ သူ့ကို ရှင်းရှင်းလင်းလင်း မြင်ရဖို့ မဖြစ်နိုင်ပေ။ သူ့ကို ဓားအရိပ်များက ဝန်းရံထားပေသည်။

“ဒီဓားတွေရဲ့ ချိပ်ပိတ်မှုကိုးခုမှာ လေးခုကို အတင်းအကြပ် ဖွင့်လှစ်ပြီးတဲ့နောက် ဓားအရိပ်တစ်သန်းအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး…”

ဝမ်လင်းသည် မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးတို့မှာ လွန်စွာ တောက်ပလျက် ရှိသည်။

သူမျက်လုံးဖွင့်လာချိန်၌ ဓားအရိပ်များအားလုံးမှာ တုန်ခါရသည်။

“ချိပ်ပိတ်မှုလေးခုတောင် ဒီလောက် အစွမ်းထက်နေပြီ။ ကြည့်ရတာ ငါ ဒီဓားတိုနှစ်လက်ကို လျှော့တွက်ထားမိတဲ့ပုံပဲ။ ဒီလိုဆိုမှတော့ ငါ့ကျင့်ကြံမှုအဆင့်နဲ့ ဒါကို ထပ်ပြီးတော့ အတင်းအကျပ် ဖွင့်လှစ်ရမယ်။ ငါ့ကို သတ်ချင်နေတဲ့လူကို သိစေချင်တာက ငါ၊ ဝမ်လင်းဟာ သတ်ဖို့ လွယ်တဲ့လူ မဟုတ်ဘူးဆိုတာပဲ…”

ဝမ်လင်း၏မျက်လုံးတို့က အေးစက်လာပြီး သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ဓားတိုနှစ်လက်ထံသို့ လက်ညွှန်၏။

ထိုဓားနှစ်လက်တွင် တစ်လက်သည်အဖြူ၊ ကျန်တစ်လက်သည် အနက် ဖြစ်၍ မြေကမ္ဘာတုန်ဟည်းသံကို ထုတ်လွှတ်သည်။ ယင်းအသံက နဂါးများဟိန်းသံအလား။ နဂါးနှစ်ကောင် ကောင်းကင်ထက်သို့ မာန်သွင်းဟိန်းအော်နေသည့်အလားပင်။ ဓားတိုနှစ်လက်သည် ရုတ်တရက် ရွှေ့လျားလာကာ ပုန်ကန်တော့မည့်ကဲ့သို့ ဝမ်လင်းထံ ပြန်ညွှန်လာ၏။

ဝမ်လင်းသည် အေးစက်စက်နှာခေါင်းရှုံ့သည်။ ဥပဒေသကြယ်ပေါ်လာ၏။ ၎င်းကြယ်သည် လှည့်ပတ်နေရင်း ဥပဒေသတစ်ခု ပေါ်လာသည်။ မိုးကြိုးသည် ကောင်းကင်ထက်တွင် တုန်ဟည်းပဲ့တင်ထပ်သည်။ မရေမတွက်နိုင်သောမိုးကြိုးတန်းများ ပေါ်လာပြီး စုဝေးကြသည်။ ထို့အပြင် အပြာရောင်မီးတောက်တစ်ခုလည်း ပေါ်လာကာ ဓားနှစ်လက်ကို ဝန်းရံသည်။

တိုက်ပွဲဆန္ဒပါ ပေါက်ကွဲထွက်လာ၏။

ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းကာ မာန်သွင်း၏။ “ငါးခုမြောက်ချိပ်ပိတ်မှု…ငါ့အတွက် ပျက်စီးလိုက်စမ်း…” ဓားတိုနှစ်လက်ထံမှ တစီစီအသံများ ထွက်ပေါ်လာလေသည်။

ချက်ခြင်းပင် ဓားတိုနှစ်လက်ရှေ့တွင် အက်ကွဲကြောင်းများစွာ ပေါ်လာပြီး မထင်မှတ်စွာဖြင့် ပေါက်ကွဲထွက်၏။ ဝမ်လင်းရှေ့တွင် ဓားတိုနှစ်လက် ရှိနေဆဲပင်။ သို့သော် ခုချိန်တွင် ၎င်းတို့ကို ဓားမြှောင့်ဟုသာ ခေါ်ဆိုနိုင်ပေတော့မည်။ ယင်းတို့၏ ပုံပန်းသွင်ပြင်မှာ အတော်လေး ကြုံ့သွားခြင်းကြောင့် ဖြစ်၏။

ဓားမြှောက်နှစ်လက် ပေါ်လာချိန်တွင် ဝမ်လင်းပတ်လည်ရှိ ဓားအရိပ်များသည် ပေါက်ကွဲထွက်သည်။ (၁.၅)သန်း၊(၂)သန်း…ကနေ (၅)သန်းအထိ ရှိလာ၏။

ဓားအရိပ်ငါးသန်းသည် ကောင်းကင်ကို ဖုံးလွှမ်းထားကာ မိုလျိုကုန်းမြေတစ်ခွင် ပျံ့နှံ့သည်။ မိုလျိုကုန်းမြေပြင်ပရှိ ဟင်းလင်းပြင်နေရာကနေပင် လူတစ်ယောက်သည် ကြောက်မက်ဖွယ်အဖျက်အစီးအော်ရာကို ခံစားမိနိုင်၏။

ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်က ထိုဓားအရိပ်ငါးသန်းတစ်ခုစီတွင် မိုးကြိုး၊မီးနှင့်တိုက်ပွဲဆန္ဒတို့၏ စွမ်းအားများ ပါဝင်နေခြင်းပင်။

“ချိပ်ပိတ်မှုငါးခုဟာ ဓားအရိပ်ငါးသန်းကို ဖြစ်ပေါ်စေတယ်။ ကောင်းတယ်။ ဒီတော့ ဒီဓားမြှောင်နှစ်လက်ကို ဆက်ပြီး သန့်စင်ဖို့နဲ့ ဒီဓားမြှောင်နှစ်လက်အပေါ်က ကျန်တဲ့ချိပ်ပိတ်မှုတွေကိုပါ တစ်ခါတည်း ချိုးဖျက်နိုင်ဖို့အတွက် ရှေးဟောင်းနတ်ဘုရားတစ်ပါးရဲ့ သွေးကို အသုံးပြုလိုက်မယ်…”

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ့မျက်နှာသည် ချက်ခြင်း နီမြန်းလာသည်။

ရှေးဟောင်းနတ်ဘုရားသွေးသည် အသက်ဓာတ်နှင့် ပြည့်ဝကာ လောကရှိ မည်သည့်နတ်ဆိုးကိုမဆို ပယ်ဖျက်ပစ်နိုင်သည်။ သူက ရှေးဟောင်းနတ်ဘုရားသွေးတစ်လုပ်ကို အားဖြင့် ထုတ်ယူကာ ယင်းဓားများပေါ်သို့ ထွေးချလိုက်၏။ သည်သွေးများသည် သွေးမြူအဖြစ် ပြောင်းလဲပြီး ဓားမြှောင်နှစ်လက်ကို ဝန်းရံသွားသည်။

သူသည် သွေးအန်လိုက်ရချိန်၌ ရှေးဟောင်းနတ်ဘုရားအရိပ်တစ်ခုသည် ထိုသွေးများအတွင်း၌ ပေါ်လာသည်။ ထိုအရိပ်သည် နှစ်ပိုင်းကွဲကာ ဓားမြှောင့်တစ်လက်စီအတွင်းသို့ ဝင်ရောက်သည်။

ချက်ခြင်းပင် ဓားမြှောင့်များထံမှ တစီစီအသံများ ထွက်ပေါ်လာပြီး ၎င်းတို့သည် ထပ်မံ ပျက်စီးသည်။ ယင်းတို့က တစ်ဆက်တည်း နှစ်ကြိမ်တိတိ ပျက်စီး၏။ မိုလျိုကုန်းမြေပတ်လည်ရှိ ဓားအရိပ်များ အရူးအမူး တိုးပွားလာရင်း မိုးကြိုးတမျှ တုန်ဟည်းသံတို့ ပဲ့တင်ထပ်သည်။

ငါးသန်း၊ခြောက်သန်း၊ခုနစ်သန်း၊ရှစ်သန်း၊ကိုးသန်း…။

အဆုံးသပ်တွင် ဝမ်လင်းပတ်လည်တွင် တိတိကျကျဆိုပါက ဓားအရိပ်ပေါင်း (၉၉၉၉၉၉၉)ခုထိ ရှိလာခဲ့သည်။

ဝမ်လင်းသည် ထိုင်နေလျက် စတင် စဉ်းစား၏။ “ချိပ်ပိတ်မှုခုနစ်ခုကိုတော့ ငါ ဖွင့်လှစ်ပစ်ခဲ့ပြီးပြီး။ ကံမကောင်းစွာနဲ့ ငါ့ကျင့်ကြံမှုအဆင့်နဲ့က ငါဟာ အချိန်တိုအတွင်း ဒီချိပ်ပိတ်မှုတွေကို မဖွင့်လှစ်နိုင်သေးဘူး။ မဟုတ်ရင် ရှစ်ခုမြောက်ချိပ်ပိတ်မှုသာ ချိုးဖျက်သွားခဲ့ရင် ဓားအရိပ် ဆယ်သန်းအထိ ရှိလာမှာ။ အခုတော့ ဓားအရိပ်ဆယ်သန်းပြည့်ဖို့ ဓားတစ်လက်ပဲ လိုတော့တယ်ဆိုပေမဲ့လည်း ကွာဟမှုကတော့ ကြီးမားလွန်းတယ်…”

“ဘယ်လိုပဲဖြစ်ဖြစ် ငါက ရှစ်ခုမြောက်ချိပ်ပိတ်မှုကို မဖွင့်လှစ်နိုင်သေးပေမဲ့လည်း ငါဟာ ရှစ်ခုမြောက်ချိပ်ပိတ်မှုရဲ့ သက်ရောက်နိုင်စွမ်းကို ပိုင်ဆိုင်ထားနိုင်တာပဲလေ။ ငါဟာ ရှေးဟောင်းနတ်ဘုရားတစ်ပါး၊ ရှေးဟောင်းနတ်ဘုရားတစ်ပါးရဲ့ ခန္ဓာကိုယ်ဟာ အစွမ်းထက်လှတယ်။ ဒီတော့ ငါဟာ နောက်ဆုံးကျန်နေတဲ့ ဓားတစ်လက် ဖြစ်လာလို့ရတယ်…”

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သူသည် ရှုရှိုက်လိုက်သည်။ ဓားဆယ်သန်းနီးပါးသည် ချက်ခြင်းပင် တဝီဝီလည့်ပတ်ကာ သူ့ထံ စုဝေး၏။

ကြည့်ရသည်မှာ ဝမ်လင်းသည် လောကကိုပါ ရှိုက်သွင်းလိုက်သည့်အလားပင်။ မရေမတွက်နိုင်သော ဓားအရိပ်များသည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲ ဝင်ရောက်လာ၏။ ဓားအရိပ်များစွာ သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်နေရင်း သူ့ထံမှ တုန်ဟည်းသံတို့ မြည်ဟီးနေ၏။ သူသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ပေးစွမ်းနေသည်။ သူ့ကို တွေမြင်လိုက်ရသူတိုင်းပါ တုန်လှုပ်သွားစေလောက်၏။

သာမန်ကျင့်ကြံသူများသည် ၎င်းမျှများပြားသော ဓားအရိပ်များကို မကိုင်တွယ်နိုင်ပေ။ သို့သော် ဝမ်လင်းအတွက်တော့ ပြဿနာ မဟုတ်ပေ။ သူသည် ရှေးဟောင်းနတ်ဘုရားတစ်ပါး မဟုတ်လား။ သူက ယင်းဓားအရိပ်များကို ရှိုက်သွင်းလိုက်ချိန်တွင် သူ့ခန္ဓာကိုယ်ပင် ငွေရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

“စုစည်းစမ်း…” ဝမ်လင်းသည် မာန်သွင်း၏။ သူ့ခန္ဓာကိုယ်ထဲရှိ ဓားအရိပ်ဆယ်သန်းနီးပါးသည် သိပ်သည်းလာကာ တဖြည်းဖြည်းဖြင့် သူ့ညာလက်ညှိုးအတွင်းသို့ စုဝေးသည်။

“ဒီဓားတိုနှစ်လက်ဟာ ထူးဆန်းလှတယ်…” ဓားဆယ်သန်းနီးပါးသည် သူ့ညာလက်ညှိုးထံ စုဝေးလာချိန်တွင် ကောင်းကင်သည် ပြန်ကြည်လင်လာ၏။ ဓားမြှောင်နှစ်လက်သည် အဖြူအနက်စွမ်းအင်အမျှင်တန်းနှစ်ခု ဖြစ်လာကာ ဝမ်လင်း၏လက်ချောင်းထဲ ဝင်ရောက်ကြသည်။

ပုံရိပ်ယောင်သမင်နှစ်ကောင်မှာလည်း သံရှည်ခပ်စူးစူး အော်ဟစ်ကာ ဝမ်လင်း၏ ညာလက်ညှိုးကို ဝန်းရံ၏။ တဖြည်းဖြည်းဖြင့် ၎င်းတို့သည်လည်း အမှတ်အသားနှစ်ခုအဖြစ် ပြောင်း၍ သူ့လက်ချောင်းပေါ်တွင် ခပ်နှိပ်သွားသည်။

ထိုအခိုက်အတန့်၌ ဝမ်လင်း၏လက်ညှိုးသည် နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ကိုပါ ဖျက်စီးပစ်နိုင်ပေ၏။ သာမာန်အတုအပနိဗ္ဗာနလေဟာနယ်ရတနာသည်ပင် ဝမ်လင်း၏လက်ညှိုးကို ယှဉ်နိုင်တော့မည် မဟုတ်ပါ။

ပို၍ ကြောက်မက်ဖွယ်ကောင်းသည်က သည်လက်ညှိုးတွင် မိုးကြိုး၊မီးနှင့်တိုက်ပွဲဆန္ဒတို့၏ ဥပဒေသများ ပါဝင်နေခြင်းတည်း။ ယင်းအပြင် ဝမ်လင်း၏ရှေးဟောင်းနတ်ဘုရားတစ်ပါးခွန်အားလည်း ပါဝင်သေးသည်။

“ကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူတစ်ယောက်တောင် ဒီလက်ချောင်းကို ရှောင်ဖို့ လိုအပ်တယ်…” ဝမ်လင်းက သူ့ညာလက်ညှိုးပေါ်သို့ လေမှုတ်ထုတ်လိုက်ရင်း သူ့မျက်လုံးမှာ လက်ခနဲ ဖြစ်သွား၏။ သမင်အမှတ်အသားနှစ်ခုက ဖုံးကွယ်သွားပြီး လက်ညှိုးသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ မည်သူကမျှ ထိုလက်ချောင်း၏ ထူးခြားမှုကို မြင်နိုင်တော့မည် မဟုတ်ပေ။

“ငါသာ ဒီလူ သတိလွတ်နေတဲ့အချိန်ကို အမီဖမ်းနိုင်ခဲ့ရင် ဓားအရိပ်ဆယ်သန်းဟာ သူ့ကို သနားစရာအခြေအနေရောက်သွားအောင် ကျိန်းသေပေါက် လုပ်နိုင်လိမ့်မယ်…”

ဝမ်လင်းက ကောင်းကင်ထက်သို့ ပြုံး၍ ကြည့်၏။ သို့သော် သူ့မျက်လုံးတို့မှာ သုန်မှုန်နေသည်။

“လာမယ့်တိုက်ပွဲသာ ဒီမှာပဲ ဖြစ်ပွားသွားခဲ့ရင် မိုလျိုကုန်းမြေပေါ်မှာ သေမျိုးတွေအများကြီး ရှိနေတာ။ ဒါဟာ ငါတို့ကျင့်ကြံသူတွေ စောင့်ထိန်းအပ်တဲ့ တာဝန်ယူမှုပဲ…” ဝမ်လင်းသည် ထရပ်ကာ အလင်းတန်းအသွင်ပြောင်း၍ မိုလျိုကုန်းမြေကနေ မြန်ဆန်စွာ ပျံသန်းထွက်ခွာသွားလေ၏။

သူ့ပုံရိပ်သည် ကြယ်များကြားတွင် ဝေဝါးစွာ ရှိသည်။ အရိုင်းကုန်းမြေတစ်ခုကို တွေ့ဖို့ သူ့အတွက် အချိန်သိပ်မယူလိုက်ရပေ။ ဖျပ်ခနဲ ဝမ်လင်းသည် အရိုင်းကုန်းမြေထံ တိုးဝင်လာသည်။

သူက ထိုအရိုင်းကုန်းမြေပေါ်သို့ ခြေချ၏။ သူ့အစွမ်းထက်နတ်ဘုရားအာရုံကို ကုန်းမြေတစ်ခွင်သို့ ဖြန့်ကျက်သည်။

“ငါ မလွတ်မြောက်နိုင်မှတော့…ငါ ဒီနေရာကိုပဲ တိုက်ပွဲအခင်းနေရာအဖြစ် အသုံးပြုလိုက်တော့မယ်…”

ဝမ်လင်းသည် အမြင့်ဆုံးတောင်ထိပ်ကို ရွေးကာ ထိုင်ချလိုက်၏။

“ငါဟာ ရှေ့ဖြစ်ဟောသူရဲ့ စိတ်ဝိညာဉ်နဲ့ ပေါင်းစပ်ခဲ့တဲ့အချိန်တုန်းက သေရေးရှင်ရေးကပ်ဘေး ရောက်လာဖို့ ခုနစ်ရက်ကျော်လောက်ပဲ လိုတော့တာကို တွေ့ရှိခဲ့တယ်။ ဒီခုနစ်ရက်ဟာ ငါ့အတွက် ကြိုပြင်ဆင်ဖို့ လုံလောက်တာထက် အချိန်ပိုရတယ်…”

ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်ကာ သူ့ညာလက်ကို မြှောက်၍ သူ့နှဖူးကိုယ်သူ ရိုက်လိုက်သည်။ သူ့ဦးခေါင်းထက်မှ နို့နှစ်အဖြူရောင်အမျှင်တန်းတစ်ရာကျော် ပျံသန်းထွက်လာပြီး အလင်းလုံးတစ်ရာအဖြစ်သို့ ပြောင်းလဲသည်။

“ဒီလောကဟာ အမြဲတမ်း ပြောင်းလဲနေတယ်။ ကိုယ်ပွားတစ်ရာ စုစည်းခြင်း၊ ရှေးဟောင်းကလန်ရဲ့ စွမ်းရည်…”

ဝမ်လင်း ထိုကဲ့သို့ ပြောဆိုပြီးနောက် အလင်းလုံးတစ်ရာသည် ရွှေ့လျားလာကာ ဝမ်လင်း အယောက်တစ်ရာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ယင်းတို့မှာ ကိုယ်ပွားများ၊ စိတ်ဝိညာဉ်များ ဖြစ်ကြ၏။ ၎င်းက ဝမ်လင်း၏ခြောက်ခုမြောက်ကြယ် အနည်းငယ် ပြန်ကောင်းမွန်လာပြီးနောက် သူ အသုံးပြုလာနိုင်သော ရှေးဟောင်းနတ်ဘုရားမန္တာန်တစ်ခု ဖြစ်သည်။

သူ့လက်ကို ရှေ့သို့ တွန်းထုတ်လျက် ကိုယ်ပွားတစ်ရာသည် အဘက်ဘက်သို့ ပြန့်ကြဲကာ ကြယ်မြူများကြား တဟုန်ထိုး တိုးဝင်သွားလေသည်။

ဝမ်လင်းသည် မျက်လုံးမှိတ်လိုက်တော့၏။

အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးလို့နေသည်။ မျက်စိတစ်မှိတ်အတွင်း နှစ်ရက်တာ ကုန်ဆုံးသွားခဲ့သည်။ သူ့ကိုယ်ပွားတစ်ရာလုံးတွင် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ စွမ်းအား ပါဝင်ကာ အစွမ်းထက်ကြ၏။ သည်နှစ်ရက်အတွင်း အဆင့်ငါးဒေသအပေါ် သူ့နားလည်မှုဖြင့် သူ့ကိုယ်ပွားတစ်ရာသည် အရိုင်းကုန်းမြေတစ်ရာကို ယူဆောင်လာကြ၏။

ထိုအရိုင်းကုန်းမြေများက သည်နေရာတွင် အရူးအမူး လှုပ်ရှားကာ ဝမ်လင်း ရှိနေသော အရိုင်းကုန်းမြေကို ဝန်းရံထားသည်။

ထိုမြင်ကွင်းကား အဆင့်ငါးဒေသရှိ ကျင့်ကြံသူအားလုံးကို တုန်လှုပ်သွားစေဖို့ရာ လုံလောက်ပေသည်။ သည်အခိုက်အတန့်တွင် ဝမ်လင်း နေရာချထားသော အရိုင်းကုန်းမြေတစ်ရာသည် သည်ဒေသတစ်ခုလုံး၏ အစိတ်အပိုင်းတော်တော်များများကို နေရာယူထားတော့သည်။ အဝေးမှ ကြည့်ပါက ၎င်းသည် ရှေးဟောင်းကြယ်အဖွဲ့အစည်းတစ်ခုမှ ကလန်တစ်ခု၏ ဌာနေဖြင့်ပင် တူနေသေး၏။

ဝမ်လင်းကို ဝန်းရံထားသော ဤအရိုင်းကုန်းမြေများသည် ဧရာမအစီအရင်ကြီးတစ်ခုအသွင် ဖြစ်ပေါ်၏။ ထိုအစီအရင်သည် ကုန်းမြေများကို အခြေခံအဖြစ် အသုံးပြုထားသဖြင့် ကြောက်မက်ဖွယ်စွမ်းအားအဆင့်သို့ ရောက်ရှိနေတော့သည်။

ကိုယ်ပွားတစ်ရာလုံး ပြန်ရောက်လာချိန်တွင် ဝမ်လင်းက မျက်လုံးဖွင့်၏။ သူက သူ့လက်ကို ဝေ့ယမ်းရာ ပျက်သုဉ်းခြင်းအတားအဆီးသည် ပျံသန်းထွက်လာကာ သူ့ကို ဝန်းရံ၍ ဖြည်းဖြည်းချင်း လှည့်ပတ်သည်။

ထိုအတားအဆီးကို စူးစိုက်ကြည့်ကာ ဝမ်လင်းက နှာခေါင်းရှုံ့၏။

သူ့လက်နှစ်ဖက်ကို လေအလျင်ကဲ့သို့ လှုပ်ရှားတော့၏။ အတားအဆီးများစွာသည် ဆက်တိုက် ပျံ့နှံ့လာကာ အရိုင်းကုန်းမြေထဲသို့ စိမ့်ဝင်ပျံ့နှံ့သည်။ ယင်းတို့သည် ဆက်လက် ပျံ့နှံ့နေရင်း အရိုင်းကုန်းမြေအားလုံးထဲ စိမ့်ဝင်ကာ တစ်ခုတည်းအဖြစ် ချိတ်ဆက်သွားသည်။

ထိုမျှများပြားသော အတားအဆီးများကို ဖန်တီးဖို့အတွက် မူလစွမ်းအင်မြောက်များစွာ အသုံးပြုရပေမည်။ သို့သော် ဝမ်လင်းသည် နိဗ္ဗာနဖြိုခွဲခြင်းအဆင့်သို့ ရောက်ရန် ခြေလှမ်းတစ်ဝက်သာ လိုတော့သဖြင့် သူသည် အတောမသပ်နိုင်သောမူလစွမ်းအင်များကို စုပ်ယူနိုင်သည်။ သူသည် မူလသလင်းကျောက်မြောက်များစွာကိုလည်း ပိုင်ဆိုင်ထားသူ မဟုတ်လား။ သူက အချိန်ဖင့်မနေဘဲ ၎င်းမူလကျောက်များကို ထုတ်ယူကာ စုပ်ယူလေ၏။

သူသည် ငွေရောင်အမျိုးသမီးကိုလည်း ဆင့်ခေါ်ကာ သေခြင်းရှင်ခြင်းအတားအဆီးကို အသုံးပြုရန် သူမကို အမိန့်ပေးလိုက်သည်။ ထိုအမျိုးသမီးက ချက်ခြင်း ယင်းအတားအဆီးကို အသုံးပြုသည်။ လုံလောက်သောမူလသလင်းကျောက်များနှင့်အတူ သူမ၏ သေခြင်းရှင်ခြင်းအတားအဆီးသည် သည်ကုန်းမြေများကို ဖုံးလွှမ်းကာ ဝမ်လင်း၏အတားအဆီးများနှင့် ပေါင်းစည်းသွားသည်။

ထိုမျှသာဆိုပါက ဝမ်လင်း၏ နည်းလမ်းဟု မဖော်ပြနိုင်သေးပါ။ ဝမ်လင်းသည် ခုနစ်ရောင်စုံနယ်မြေကနေ ထွက်လာခဲ့သည့်နောက် သူသည် အချိန်အတားအဆီးကို အတော်လေး လေ့လာခဲ့ပေ၏။ သူက ယင်းအတားအဆီးပညာရပ်ကို အပြည့်အဝ နားမလည်သေးသော်လည်း ပျက်သုဉ်းခြင်းအတားအဆီးကို အမွေဆက်ခံသူတစ်ယောက်၊ အတားအဆီးများအပေါ် နားလည်သူ တစ်ယောက်အဖြစ် သူသည် အချိန်အတားအဆီးပညာရပ်ကို အနည်းမျှတော့ ဖမ်းဆုပ်နိုင်ပေသည်။

သည်အခိုက်အတန့်တွင် သူသည် ၎င်းအချိန်အတားအဆီးကို အသုံးပြုကာ ယင်းအတားအဆီးသည် စတင် ပေါ်ထွက်လာသည်။ ငါးရက်မြောက်နေ့တွင် အချိန်အတားအဆီးသည်လည်း သည်ကုန်းမြေများအားလုံးထဲတွင် ပြည့်နှက်သွားတော့သည်။

“အချိန်အတားအဆီးဟာ အချိန်အပေါ်မှာပဲ မူတည်တယ်။ ငါ့မှာ အချိန်စီးဆင်းခြင်းမန္တာန် ပိုင်ဆိုင်ထားတော့ အချိန်အတားအဆီးကို ၎င်းရဲ့ အထွတ်အထိပ်ကို အချိန်တိုအတွင်း ရောက်နိုင်ဖို့အတွက် ငါ ကူညီပေးနိုင်တယ်။ ဒီမဟာအတားအဆီးသုံးခုရဲ့ ပေါင်းစပ်မှုဟာ ကောင်းကင်ကိုတောင် တုန်လှုပ်စေနိုင်တဲ့ စွမ်းအား ပိုင်ဆိုင်ထားတယ်။ ငါ့ကို သတ်ချင်တဲ့လူဟာ တတိယအဆင့်ကျင့်ကြံသူ ဖြစ်နေခဲ့ရင်တောင် သူဟာ ငါ သူ့အတွက် ကြိုပြင်ဆင်ထားတဲ့အရာတွေအားလုံးကိုတော့ သိနိုင်လိမ့်မှာ မဟုတ်ဘူး…”

ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားလေ၏။

***

All Chapters