နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထား ထပ်မံ ပေါ်ပေါက်လာမှု
Vol. 96 Ch. 1324
သေမင်းသည် ဝမ်လင်းထံသို့ မြန်ဆန်စွာ နီးကပ်လာနေ၏။ နောက်ထပ် နှစ်ရက်တာ ကုန်လွန်သွားခဲ့ပြန်လေပြီ။
ခုချိန်တွင် ဝမ်လင်း ရှိနေသော နေရာ၌ အရိုင်းကုန်းမြေတစ်ရာက ဝန်းရံထားသည်။ ၎င်းတို့သည် ထူးဆန်းသောနည်းလမ်းဖြင့် ခင်းကျင်းထားကာ ဥပဒေသအရိပ်အမြွက်နှင့် မူလစွမ်းအင်များ ပါဝင်သည်။
ဝမ်လင်းနှင့်ငွေရောင်အမျိုးသမီးတို့သည် မဟာအတားအဆီးသုံးခုနှင့် ကုန်းမြေများ၏ ဝန်းရံထားခြင်း ခံရသည်။ ယင်းအတားအဆီးသုံးခုနှင့် ကုန်းမြေများက ကောင်းကင်နှင့်မြေကြီးကို ဖျက်စီးပစ်နိုင်သော မုန်တိုင်းအဖြစ် ဖြစ်ပေါ်နေသည်။ သို့ရာတွင် ဝမ်လင်းက ယင်းမုန်တိုင်းကို ဆက်လက် ဖိနှိပ်ထားသည်။ သူသည် မဟာအတားအဆီးသုံးခုကို အသုံးပြု၍ ပတ်ဝန်းကျင်ရှိ ကုန်းမြေများ ဧရာမအစီအရင်ရတနာတစ်ခုအဖြစ်သို့ ပြောင်းလဲမည့်အချိန်အထိ ၎င်းမုန်တိုင်းကို ပေါက်ကွဲထွက်စေခွင့် ပြုလိမ့်မည် မဟုတ်ပေ။
အရှင်မီးတောက်သည် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏အစိတ်အပိုင်းများကို အသုံးချကာ ရတနာတစ်ခုကို သန့်စင်မွန်းမံခဲ့ဖူး၏။ ဝမ်လင်းအသုံးပြုထားသော ကုန်းမြေများ၏အရည်အသွေးမှာ မကောင်းမွန်လှသော်လည်း သည်နည်းလမ်းမှာ အရှင်မီးတောက်၏ နည်းလမ်းနှင့် အဆင့်တူ သို့မဟုတ် အနည်းငယ်တောင် ပိုသာနိုင်ပေ၏။ ထိုသို့ ဖြစ်ရခြင်းမှာ မဟာအတားအဆီးသုံးခုကြောင့်ပင်။
အရှင်မီးတောက်သာ ခုချိန်တွင် ဝမ်လင်းနှင့် တိုက်ခိုက်ပါက သူ ကျိန်းသေပေါက် ရှုံးနိမ့်သွားပေလိမ့်မည်။
အရိုင်းကုန်းမြေတစ်ရာသည် ပြင်းထန်သောဖိအားကို ပေးစွမ်းနေ၏။ သို့သော် ဝမ်လင်းက ၎င်းတို့ကို ဆက်တိုက်ဖိနှိပ်ကာ ဖုံးကွယ်ထားသည်။ သူသည် သူ့ကိုယ်သူ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကို အရူးလုပ်နိုင်မည်ဟု တွေးထင်သည့်အထိတော့ မောက်မာမှု ရှိမနေပေ။ သို့သော် သူက ၎င်း၏စွမ်းအားကို အဆင့်တစ်ခုထိ ရောက်အောက် သိပ်သည်းစေလိုပြီးမှ ပေါက်ကွဲထွက်စေမည် ဖြစ်သည်။
ဝမ်လင်းသည် ပြီးခဲ့သောသေရေးရှင်ရေးတိုက်ပွဲများတွင် အခုလိုမျိုး အချိန်တိုအတွင်း အရူးအမူး ကြိုပြင်ဆင်သည်မှာ ရှားလှ၏။
သည်တစ်ကြိမ်တွင်မူ ဝမ်လင်းက တတိယအဆင့်ကျင့်ကြံသူတစ်ယောက်သည် သူ့ကို သတ်ချင်နေသည်ကို သိထား၏။ သူ့အတွက် ရှင်သန်နိုင်ဖို့ အခွင့်အရေး မရှိလုနီးပါးပင်။ ဝမ်လင်းနေရာတွင်သာ အခြားတစ်ယောက်ယောက် ဖြစ်နေပါက သူတို့သည် မျှော်လင့်ချက်မဲ့ကာ ခုခံဖို့ ဆန္ဒမရှိ ဖြစ်နေလောက်ပေပြီ။ တကယ်တော့ ဤကပ်ဘေးမှာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ ထို့ကြောင့် ကြိုတင်ပြင်ဆင်မှုအားလုံးသည် အသုံးဝင်လိမ့်မည် မဟုတ်ပေ။
သို့သော်ငြားလည်း ဝမ်လင်းက ကောင်းကင်ဘုံကိုဖိဆန်သောကျင့်ကြံသူတစ်ယောက် ဖြစ်၏။ တော်ဝင်ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်၏။ သူ့ဂုဏ်သိက္ခာ၊မာန၊ သူ့ ကောင်းကင်ကိုဖိဆန်သော သဘာဝတို့က သူ့ကို အညံ့ခံဖို့ ခွင့်ပြုလိမ့်မည် မဟုတ်ပါ။ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်သည်ပင် သူ့ကို အညံ့ခံအောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
“ငါ သေသွားနိုင်တယ်။ ဒါပေမဲ့ ငါဟာ သေတဲ့အထိ တိုက်ခိုက်မယ်။ အရှက်ရတဲ့ သေဆုံးမှုကိုတော့ ငါ အလိုမရှိဘူး။ သင်က ငါ့ကို သတ်ချင်ရင်တော့ သင်လည်း တန်ဖိုးတစ်ခု ကျိန်းသေပေါက် ပြန်ပေးဆပ်ရမယ်…” ဝမ်လင်း၏မျက်လုံးတို့က ချင်းချင်းနီရဲနေ၏။ သူသည် ငါးရက်လုံးလုံး ကြိုပြင်ဆင်နေခဲ့ပေသည်။ သူသည် အသက်ဝဝရှုသွင်းကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေပြီးနောက် ရုတ်တရက် သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်သည်။
ဝမ်လင်း၏လက်များ လှုပ်ရှားနေရင်း သွေးမုန်တိုင်းတစ်ခုသည် ဝမ်လင်းကို ဗဟိုပြုကာ ပျံ့နှံ့လာတော့သည်။ အချိန်တိုအတွင်း ၎င်းမုန်တိုင်းသည် အရိုင်းကုန်းမြေများအနှံ့ ပျံ့နှံ့ကာ ခြုံလွှမ်းသွားလေ၏။
ဤအရိုင်းကုန်းမြေများပေါ်တွင် ကြမ်းကြုတ်သောသားရဲများစွာ ရှိနေ၏။ ဝမ်လင်းသည် သည်နေရာသို့ အရိုင်းကုန်းမြေများကို သည်နေရာသို့ ရွှေ့လျားလာစေခဲ့ချိန်၌ သူသည် သားရဲများကို နှင်မထုတ်ခဲ့ပေ။ ထို့ကြောင့် ဤနေရာတွင် ကြမ်းကြုတ်သောသားရဲမြောက်များစွာ စုဝေးနေမှုက ကြောက်မက်ဖွယ်ပင် ကောင်းလေတော့၏။
“တက်တူးကလန်ရဲ့ဘိုးဘေးဟာ ငါ့ကို တက်တူးမန္တာန်တွေ သင်ပေးခဲ့ဖူးတယ်။ ထာရှန်ကလည်း သူ သင်ယူခဲ့တဲ့ အရာတွေ ငါ့ကို လျှို့ဝှက်ပြီး ပြောပြခဲ့ဖူးတယ်။ တက်တူးအမှတ်အသားတွေဟာ သားရဲတိရိစ္ဆာန်တွေရဲ့ အရေပြားကနေ သန့်စင်ထားတာ ဖြစ်ပြီး တက်တူးအမှတ်အသားတစ်ခု ဖြစ်ပေါ်ဖို့အတွက် သားရဲတစ်ကောင်ရဲ့ အဆီအနှစ်ကို ထုတ်ယူရတယ်။ ဒီတက်တူးအမှတ်အသားတွေဟာ ကောင်းကင်တုန်လှုပ်စေနိုင်တဲ့ စွမ်းအား ပိုင်ဆိုင်ထားတယ်…”
“ဒါပေမဲ့လည်း ဒီမန္တာန်ဟာ ကြောက်မက်ဖွယ် ကောင်းလှပေမဲ့ အသက်များစွာ လိုအပ်နေတယ်။ ငါ ဒီမန္တာန်ကို အသုံးမပြုချင်ခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ငါ့အတွက် ရွေးချယ်စရာ မရှိတော့ဘူး…”
ဝမ်လင်း၏မျက်လုံးထဲတွင် အနီရောင်အလင်း တဖျပ်ဖျပ်လင်းကာ သူသည် ရှုပ်ထွေးသောမန္တာန်တစ်ခုကို စတင် ရွတ်ဆိုတော့၏။ ထိုမန္တာန်သည် သူ့ဘေးပတ်လည်တွင် တက်တူးအမှတ်အသားများကို ဝန်းရံလာစေသည်။ ၎င်းတို့က သွေးမုန်တိုင်းထဲသို့ ဝင်ရောက်ကာ ဖျပ်ခနဲပင် အရိုင်းကုန်းမြေအားလုံးကို ခြုံလွှမ်းထားသည်။
အရိုင်းကုန်းမြေပေါ်ရှိ သားရဲများအားလုံးသည် တုန်ယင်ကာ ကြောက်လန့်တကြား အော်ဟစ်ကြလေ၏။ သူတို့၏ခန္ဓာကိုယ်နှင့်သွေးများမှာ မြန်ဆန်စွာ ခြောက်သွေ့ကုန်ကြသည်။ သူတို့၏ အရိုးများပင် အရည်ပျော်၏။ သူတို့ခန္ဓာကိုယ်၏အဆီအနှစ်များသည် သူတို့၏မျက်ခုံးနှစ်ခုကြား အရေးပြားထွင်းဖောက်သည့်အထိ သိပ်သည်းကာ သွေးရောင်တက်တူးအမှတ်အသားတစ်ခုအဖြစ် ဖြစ်ပေါ်လေသည်။
မရေမတွက်နိုင်သော သားရဲများသည် အဆင့်ငါးဒေသတစ်ခွင် ပဲ့တင်ထပ်စေသော ဟိန်းသံများကို ထုတ်ဖော်ကုန်ကြ၏။ အဆင့်ငါးဒေသရှိ ကျင့်ကြံသူအားလုံးမှာ သည်တုန်လှုပ်မှုကို ခံစားမိ၏။
ကြမ်းကြုတ်သောသားရဲများသည် ပျက်စီးသေဆုံးနေရင်း တက်တူးအမှတ်အသားများသည် အရိုင်းကုန်းမြေများအားလုံးပေါ်တွင် လွင့်မြေလာကာ ကြောက်မက်ဖွယ်ဖိအားတစ်ခုကို ဖန်တီးသည်။ ထိုဖိအားသည် နိဗ္ဗာနဖြိုခွဲခြင်းနောက်ဆုံးအဆင့်ကျင့်ကြံသူတစ်ယောက်ကို ဖျက်စီးပစ်ဖို့ လုံလောက်ပေသည်။
“ဓားဆယ်သန်းကို တစ်ခုတည်းအဖြစ် သိပ်သည်းစေတာဟာ ငါ့ကို သတ်ချင်နေတဲ့ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်အတွက် ငါ ပြင်ဆင်ထားတဲ့ ပထမဆုံးတန်ပြန်တိုက်ခိုက်မှုပဲ။ မဟာအတားအဆီးသုံးခု ပေါင်းစပ်ထားတဲ့ အရိုင်းကုန်းမြေ တစ်ရာဟာ သူ့အတွက် ငါ ပြင်ဆင်းထားတဲ့ ဒုတိယမြောက်တန်ပြန်တိုက်ခိုက်မှုပဲ…”
“မရေမတွက်နိုင်တဲ့ သားရဲတွေကနေ ဖြစ်ပေါ်လာတဲ့ မရေမတွက်နိုင်တဲ့ တက်တူးအမှတ်အသားများဟာ တတိယမြောက်တန်ပြန်တိုက်ခိုက်မှုပဲ ဖြစ်တယ်…”
ထိုကဲ့သို့ ပြင်ဆင်မှုများအတွက် ဝမ်လင်းပတ်လည်ရှိ အပုံလိုက်အဆုံးမဲ့မူလသလင်းကျောက်များအားလုံးသည် ပျက်စီးကုန်ကာ အတွင်းရှိ မူလစွမ်းအင်များလည်း ပြောင်သလင်းခါသွားခဲ့ပြီ ဖြစ်သည်။
“ဒီသတ်ဖြတ်မှုသုံးခုနဲ့ တိုက်ခိုက်ခံရရင် ကောင်းကင်ဘုံဒုက္ခအဆင့်တွေတောင် သံသယမရှိ သေဆုံးသွားရလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ ငါ့နှစ်ပေါင်းနှစ်ထောင်ကျင့်ကြံမှုရဲ့ အကန့်အသတ် မဟုတ်သေးဘူး…”
ဝမ်လင်းသည် လာမည့်တိုက်ပွဲအတွက် သူ့ရှိသမျှကို အသုံးပြုတော့မည် ဖြစ်သည်။ သူသည် အသက်ဝဝရှုသွင်းလိုက်၏။ သူ့လက်ကို ဆန့်ထုတ်ကာ သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်၏။ မိုးကြိုးတန်းတစ်ခု ပျံသန်းထွက်လာသည်။
ထိုမိုးကြိုးပေါ်လာချိန်တွင် ဟိန်းသံတစ်ခု မြည်ဟီးသည်။ နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားမှ ဖြစ်ပေါ်သော မိုးကြိုးသားရဲ ပေါ်လာလေသည်။ ၎င်းသည် ပေါ်လာသည်နှင့် ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ အရှင်မီးတောက် ၎င်းသားရဲပေါ် ဆင်မြန်းထားသောအရာအားလုံးသည် ပျက်စီးသွားပြီး ယင်းမိုးကြိုးသားရဲသည် အတိတ်တုန်းက ခွန်အားမျိုး ပြန်ရရှိလာတော့သည်။
ဝေါင်း…။
ထိုမိုးကြိုးသားရဲက ဟိန်းသံပေး၏။ ၎င်း၏မျက်လုံးတို့က အစွမ်းထက်အကြည့်ကို ထုတ်ဖော်ထားသည်။ သည်သားရဲသည် အစောကတည်းက ဉာဏ်ရည်ပိုင်ဆိုင်ထားပြီး ဖြစ်၍ ဝမ်လင်း သေရေးရှင်ရေး အခြေအနေတစ်ခုကို ရင်ဆိုင်နေရမှန်း သိနေလေသည်။
“ဒီနတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားပေါ်မှာ ချိပ်ပိတ်မှုတွေ ကျန်နေသေးတယ်။ အတိတ်တုန်းကသာ ဆိုရင် ငါဟာ ဒီချိပ်ပိတ်မှုတွေကို မဖွင့်လှစ်နိုင်ဘူး။ ဒါပေမဲ့ အခုတော့ ငါ လုပ်နိုင်ပြီ…”
ဝမ်လင်းသည် အသက်ဝဝရှုသွင်းကာ ရှေ့သို့ မှုတ်ထုတ်လိုက်သည်။
သူ့ပါးစပ်မှ လေပြင်းတစ်ခု ထွက်ပေါ်လာကာ မိုးကြိုးသားရဲပေါ်သို့ ကျရောက်သည်။ မိုးကြိုးသားရဲသည် အပြင်းအထန် တုန်ယင်ကာ မှန်တစ်ချပ် တစစီဖြစ်သွားသကဲ့သို့ အက်သံများ ပေါ်လာတော့သည်။
“ဒုတိယမြောက်နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားရဲ့ ချိပ်ပိတ်မှုအားလုံး ထုတ်လွှတ်စေ…”
ဝမ်လင်း၏မျက်လုံးသည် ရုတ်တရက် ပွင့်ဟလာကာ အေးစက်စက်အကြည့်ကို လှစ်ဟသည်။ လေပြင်းသည် စစ်ရထားပေါ်သို့ ကျရောက်သွားစဉ် သူက သွေးတစ်လုပ် ထွေးထုတ်ကာ စစ်ရထားပေါ်သို့ ကျရောက်စေလိုက်ပြန်သည်။
မိုးကြိုးသားရဲသည် နာကျင်စွာ အော်ဟစ်ကာ ၎င်း၏ခန္ဓာကိုယ်သည် မြန်ဆန်စွာ ချဲ့ကား ထွက်လာ၏။ ၎င်း၏ကိုယ်ပေါ်ရှိ ချိပ်ပိတ်မှုများသည် မြန်ဆန်စွာ ပျက်စီးကုန်လေ၏။
အတိတ်တုန်းက ကောင်းကင်ဘုံနယ်မြေ မပျက်စီးခင်တုန်းက မုန်တိုင်းမထန်ခဲ့သော နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားသည် လောကတွင် တဖန် ပေါ်လာခဲ့ပေပြီ။
မိုးကြိုးသားရဲ၏ခန္ဓာကိုယ်သည် ချဲ့ကားလာကာ ၎င်းသည် ပေသောင်းချီရှည်လျားလာ၏။ ၎င်း၏ခန္ဓာကိုယ်မှာ အလျင်အမြန် ပြောင်းလဲလာပြီး ၎င်း၏ခန္ဓာကိုယ်အောက်ပိုင်းမှာ ဧရာမစစ်ရထားတစ်ခုဖြစ်သည့်အထိ ပြောင်းလဲသည်။
၎င်း၏ခန္ဓာကိုယ်အထက်ပိုင်းမှာလည်း ပြောင်းလဲနေသည်သာ။ယင်းအထက်ပိုင်းမှာ ဧရာမလှံတစ်ခု ဖြစ်လာသည်။ ထိုလှံသည် စစ်ရထားနှင့် ချိတ်ဆက်ထား၏။ ၎င်းသည် ဝမ်လင်းရှေ့တွင် ပေါ်လာချိန်၌ အဆုံးမဲ့မိုးကြိုးတို့ကို ပေးစွမ်းသည်။
စစ်ရထားထံမှ ကောင်းကင်တုန်လှုပ်ဖွယ်အော်ရာတစ်ခု ပေါက်ကွဲထွက်လာပြီး ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ကာ သူ့ကိုပင် တစ်ခဏတာ အသက်ရှု ရပ်သွားစေလေ၏။
မြေပြင်ထုသည် စတင် တုန်ခါလာ၏။ မဟာအတားအဆီးသုံးခုဖြင့် ဖုံးလွှမ်းထားသော အရိုင်းကုန်းမြေတစ်ရာသည်လည်း တုန်ယင်သည်။
“ဒါက အခုမှ နတ်ဘုရားသတ်ဖြတ်ခြင်း ဆိုတဲ့ အမည်နာမနဲ့ ကိုက်ညီတော့တယ်…”
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်၏။ သူက သူ့ညာလက်ကို ဝေ့ယမ်းသည်။ စစ်ရထားသည် သူ့ဘယ်ဘက်ဘေးသို့ ကျရောက်လာ၏။ လှံကလည်း ကောင်းကင်ထက်သို့ ညွှန်လျက် ပြင်းထန်သောသတ်ဖြတ်လိုစိတ်ကို ပေးစွမ်းသည်။
ဝမ်လင်း၏ညာလက်သည် နောက်တစ်ကြိမ် ဆန့်တန်းသည်။ ထိုအခါ ငါးရောင်စုံလိပ်ပြာ ထွက်ပေါ်လာပြီး သူ့ကို စတင် လှည့်ပတ်သည်။ ထိုလိပ်ပြာနှင့်အတူ သွေးပျံလွှားတစ်ကောင်လည်း အတူ ပါလာ၏။
“တတိယမြောက်နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားဟာ အသန်မာဆုံးပဲ။ ခုချိန်ထိ ငါက ဒီစစ်ရထားပေါ်က ချိပ်ပိတ်မှုအားလုံးကို မဖွင့်လှစ်နိုင်သေးဘူး။ ဒါပေမဲ့လည်း နောက်ဆုံးချိပ်ပိတ်မှုတစ်ခုကလွဲလို့ ငါဟာ ကျန်တဲ့ချိပ်ပိတ်မှုတွေကို ဖွင့်လှစ်နိုင်ဖို့တော့ ယုံကြည်မှု ရှိတယ်…”
ဝမ်လင်းက သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သွေးများ ပျံသန်းထွက်လာကာ လိပ်ပြာပေါ်သို့ ကျရောက်၏။
ချက်ခြင်းပင် ထိုလိပ်ပြာသည် တုန်ယင်၏။ ၎င်း၏တောင်ပံများ စတင် ခတ်လာသည်။ ထို့နောက် ၎င်းပတ်လည်တွင် ဧရာမပိုးအိမ်တစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
ထိုပိုးအိမ်သည် လိပ်ပြာတစ်ကောင် ဖြစ်လာသည့်အချိန်နှင့် အလားသဏ္ဌာန်တူ၏။ ၎င်း ပေါ်လာသည်နှင့် အဆုံးမဲ့မူလစွမ်းအင်များ စတင် စုဝေးလာသည်။ ဝမ်လင်း၏မူလစွမ်းအင်များပါ အလျင်အမြန် စုပ်ယူခြင်း ခံရ၏။
၎င်းက မူလစွမ်းအင်များကို စုပ်ယူနေရင်း ပိုးအိမ်သည် ကြီးသထက်ကြီးလာပြီး ပေတစ်သောင်းလောက် အမြင့်ထိ ရောက်ရှိလာတော့သည်။
ဝမ်လင်းသည် မျက်လုံးမှိတ်ထားလျက် သူသည် ပိုးအိမ်စုပ်ယူနိုင်ဖို့ မူလသလင်းကျောက်များကို အဆက်မပြတ် ထုတ်ယူပေးသည်။ သိပ်မကြာခင်တွင် ပိုးအိမ်၏ အရွယ်အစားကြီးမားမှုက ရပ်တန့်သွား၏။ သို့သော် ၎င်းပိုးအိမ်အတွင်းရှိ အော်ရာကမူ ပို၍ ကြမ်းကြုတ်လာသည်။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေလျက် တစ်နေ့တာ ကုန်ဆုံးသွားခဲ့ပြန်လေပြီ။
ဤနေရာတွင် မြောလွင့်နေသော ပိုးအိမ်က ရုတ်တရက် ပျက်စီးကာ ပြင်းထန်သောပေါက်ကွဲမှုကို ဖန်တီးပြီး အရာအားလုံးကို နောက်သို့ ရိုက်ခတ်သည်။ ဝမ်လင်းလမ်း ပေတစ်သောင်းလောက်ထိ နောက်ဆုတ်သွားရ၏။ သို့သော် သူ့မျက်လုံးထဲတွင်မူ ကျေနပ်မှုတို့ ပြည့်နေသည်။
ပိုးအိမ်ပျက်စီးသွားချိန်တွင် ပေထောင်ချီရှိသော ခုနစ်ရောင်စုံစစ်ရထားတစ်ခု ပေါ်လာတော့၏။ ထိုစစ်ရထားတွင် လှံတစ်ခု မပါဝင်ပေ။ သို့သော် ယင်းစစ်ရထား၌ ကြောက်မက်ဖွယ်စူးခုနစ်ခု ပိုင်ဆိုင်ထားလေ၏။ ထိုစူးချွန်များသည် မူလစွမ်းအင်များကို စုပ်ယူနေရင်း ခုနစ်ရောင်စုံလင်းလက်မှုကို ပေးစွမ်းသည်။
၎င်းသည် ရုတ်တရက် ကျရောက်လာ၏။ ဝမ်လင်းသည် ရွှေ့လျားနေရင်း စစ်ရထားနှစ်ခုမှာ သူ့ဘယ်နှင့်ညာတွင် ရပ်တည်၏။
“ဒီစစ်ရထားနှစ်ခုဟာ ငါ့လေးခုမြောက် တန်ပြန်တိုက်ခိုက်မှုပဲ။ ကံမကောင်းစွာနဲ့ ငါ့မှာ အချိန်သိပ်မကျန်တော့ဘူး။ ငါ့မှာသာ အချိန်ပိုရှိသေးရင် နောက်ထပ်နည်းနည်းလောက် ထပ်ပြီး ပိုပြင်ဆင်နိုင်ဦးမှာ…”
ဝမ်လင်းက ကောင်းကင်ထက်သို့ ကြည့်၏။ ကပ်ဘေး ရောက်လာရန် ဆယ့်နှစ်နှစ်ရာလောက်သာ လိုတော့ပေ၏။
ဝမ်လင်းက လာမည့်ဆယ့်နှစ်နာရီအတွင်း သူ့ကို သတ်ချင်နေသောသူ ရောက်လာတော့မည်ဟု ခန့်မှန်းမိ၏။ သေရေးရှင်ရေးကပ်ဘေးတစ်ခု စတင်ပေတော့မည်။
“ငါ့နောက်ဆုံး ပြင်ဆင်မှုကတော့ လာမည့် ဆယ့်နှစ်နာရီအတွင်းမှာ သံဓားပေါ်က သံချေးတွေကို ထုတ်ယူဖို့ပဲ…” ဝမ်လင်းသည် သူ့ညာလက်ကို ဝေ့ယမ်းရာ ဓားကျိုးသံဓားတစ်လက် ပျံသန်းထွက်လာသည်။
ထိုသံဓားကို ပြန်ပြုခဲ့လျှင်ပင် ၎င်းသည် ဤကပ်ဘေးကို ခုခံနိုင်ဖို့ လုံလောက်လိမ့်မည် မဟုတ်ပေ။ ဝမ်လင်းသည် ၎င်းကို ပြုပြုချင်ရန်လည်း စိတ်မကူးပေ။ အချိန်မှာ နောက်ကျနေပြီ မဟုတ်လား။ သူ လိုချင်သည်က ထိုသံဓားပေါ်ရှိ သွေးကွက်များပင်။
“ငါ ဒီသွေးတွေနဲ့ ပတ်သတ်လို့ ဘာသဲလွန်စမှ မရှာနိုင်သေးဘူး။ ဒါပေမဲ့ ဒီသွေးကွက်တွေမှာ အံ့မခန်းအားတစ်ခု ပါဝင်နေတယ်လို့တော့ ငါ ခံစားမိနိုင်တယ်။ ဒီသွေးဟာ အဇူရာနဂါးနတ်အင်ပါယာ ပြောခဲ့ဖူးတဲ့ ကောင်းကင်ဘုံသွေးနဲ့တောင် အတော်လေး ဆင်တူနေတယ်…”
ဝမ်လင်းသည် ရုတ်တရက် ပါးစပ်ဟကာ ရှိုက်သွင်းလိုက်၏။ သူသည် သံဓားကို မြိုချလိုက်ကာ သူ့မူလစိတ်ဝိညာဉ်အတွင်း၌ ၎င်းကို စတင် သန့်စင်မွန်းမံတော့သည်။
***