ရောက်လာပြီ…
Vol. 97 Ch. 1325
ကြယ်များကြားတွင် အထီးကျန်ပုံရိပ်တစ်ခုသည် သွားလာနေ၏။ သူမ၏အပြာရောင်ဆံပင်များက လွင့်ဝဲလျက်၊ အဖြူရောင်ဝတ်စုံဖြင့် သူမသည် အလှတရားကို ပေးစွမ်းလို့နေသည်။ သူမသည် လီချန်မေပင်။ လီချန်မေသည် စိတ်ရှုပ်ထွေးစွာ၊ ပြတ်သားစွာဖြင့် ရှေ့သို့ ပျံသန်းလာနေသည်။
သူမမျက်နှာထက်တွင် မျက်ရည်များ ရှိလို့နေဆဲပင်။ သူမက အောက်နှုတ်ခမ်းကို တင်းတင်းကိုက်ကာ မြန်သထက်မြန်မြန် ပျံသန်းနေ၏။
“ဒီလောကမှာ ယုတ္တိမကျတဲ့ အရာအချို့ ရှိတယ်။ လူတစ်ယောက်ဟာ သူတို့ရဲ့ စိတ်ခံစားချက်ပေါ်ပဲ မူတည်ပြီး ထိုက်တန်တာပဲ ဖြစ်ဖြစ်၊ မထိုက်တန်တာပဲဖြစ်ဖြစ် လုပ်ဆောင်တတ်ကြတယ်...” သူမသည် သက်ပြင်းချမိ၏။ ဝမ်းနည်းမှုကို ကြံ့ကြံ့ခံထားရသည်။ သူမစိတ်နှလုံးထဲတွင် ခါးသီးမှုတို့ ပြည့်နှက်နေသည်။သူမသည် ပို၍ မြန်ဆန်စွာ ပျံသန်းလိုက်သည်။
အဆင့်ကိုးဒေသ၊ နတ်ဘုရားကလန် ရှိနေသော နေရာတွင် ကျင့်ကြံခြင်းဂြိုဟ်တစ်လုံး ရှိ၏။ ထိုနေရာတွင် ကြီးမားသည့်အစီအရင်ကြီးတစ်ခု ရှိကာ ဗဟိုချက်တွင် အလွန်ကျက်သရေရှိလှသော နန်းတော်တစ်ခု တည်ရှိလေသည်။
ထိုနန်းတော်အတွင်း၌ မူပင်းမေသည် ထိုင်နေကာ ရှေ့တည့်တည့်သို့ စူးစိုက် ကြည့်နေ၏။ သူမ၏လှပသောမျက်နှာလေးက မထူးခြားနားဟန်အမူအရာကို လှစ်ဟနေ၏။
“နင်တို့ ငါ့ကို ဘာကြောင့် ဒီနေရာမှာ ပိတ်ထားရတာလဲ…”
ဝမ်ရှန်ရှန်က ထိုနန်းတော်၏အပြင်ဘက်တွင် ထိုင်နေ၏။ သူမက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “အမကြီးမူ…ဆရာရဲ့ အမိန့်ကို မနာခံလို့ မဖြစ်ဘူး။ ဒီကညီမလေးလည်း အတော်လေး စဉ်းစားမရ ဖြစ်နေတာပါပဲ။ ဆရာ ဒီအမိန့်ကို ပေးခဲ့တာဟာ သူက အမကြီးကို မြန်နိုင်သမျှ မြန်မြန် ပြန်ကောင်းလာစေချင်လို့ပဲ ဖြစ်မှာပါ…”
မူပင်းမေသည် တိတ်ဆိတ်စွာ စဉ်းစား၏။ သူမသည် နတ်ဘုရားကလန်၏အကြီးအကဲခေါင်းဆောင်က ဘာကြောင့်များ ခုလို လုပ်သည်ကို နားမလည်ပေ။ ထိုလုပ်ရပ်က ထူးဆန်းသောခံစားချက်ကို ပေးစွမ်းနေ၏။ သူမစိတ်နှလုံးထဲတွင် မွန်းကျပ်လို့နေသည်။ တစ်ခုခုကြီးကြီးမားမား ဖြစ်လာတော့မည့်အလားပင်။ ထိုအရာကလည်း သူမ သိသောလူအပေါ်တွင် ဖြစ်လာမည်ကဲ့သို့ ခံစားမိရသည်။
အခုချိန်တွင် မူပင်းမေသည် အဆင့်ရှစ်ကလန်ပြိုင်ပွဲ ဖျက်သိမ်းခဲ့ခြင်း၊ လီချန်မေ ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ကနေ ထွက်လာခြင်းတို့ကို သိမနေပါ။
သူမသည် ဝမ်လင်း ကြီးမားလှသောကပ်ဘေးတစ်ခုကို ရင်ဆိုင်နေရသည်ကိုလည်း မသိပေ။
သူမက ဤအရာများကို သိခဲ့လျှင်ပင် သူမ မည်သို့ ရွေးချယ်မည်နည်း။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးလို့နေ၏။ ဝမ်လင်းကတော့ အရိုင်းကုန်းမြေထက်တွင်သာ ထိုင်နေဆဲ ဖြစ်သည်။ သူ့မူလစိတ်ဝိညာဉ်သည် ဓားကျိုးအပိုင်းအစနှစ်ခုအောက်တွင် မီးအဖြစ်သို့ ပြောင်းလဲကာ ယင်းဓားတို့ပေါ်မှ သွေးကွက်များကို အတင်းအကြပ် ထုတ်ယူထား၏။
တစ်နာရီ၊နှစ်နာရီ၊သုံးနာရီ…ဆယ်နာရီ ကုန်လွန်သွားခဲ့ပေပြီ။
မူလသလင်းကျောက်အားလုံးကို စုပ်ယူသုံးစွဲပြီးနောက် သူသည် သံဓားထံမှ သွေးကွက်များ၏ သုံးဆယ်ရာခိုင်နှုန်းကို နောက်ဆုံးတွင် ထုတ်ယူနိုင်ခဲ့ပေပြီ။ ထိုသွေးများမှာ ပဲစေ့အရွယ်ဆေးလုံးတစ်ခုအသွင် ပြောင်းလဲကာ ထူးဆန်းသောအော်ရာတစ်ခုကို ပေး၍ ဝမ်လင်း ဘေးပတ်လည်တွင် မြောလွင့်လျက် ရှိသည်။
သံဓားထံမှ သွေးကွက်များ၏ သုံးဆယ်ရာခိုင်နှုန်းကို ထုတ်ယူခြင်းသည် ဝမ်လင်း၏အကန့်အသတ် ဖြစ်သည်။ သူ့ထံ၌ အချိန်ပိုရလျှင်ပင် သူသည် နောက်ထပ် ထုတ်ယူနိုင်စွမ်း မရှိတော့ပေ။ အန္တရာယ်ကို ရင်ဆိုင်ဖို့ အကောင်းဆုံးအနေအထားတွင် ရှိနေရမည် ဖြစ်သည့်အတွက် ဝမ်လင်းသည် သွေးများကို အတင်းအကြပ် ထုတ်ယူနိုင်လိမ့်မည် မဟုတ်ပါ။
ထို့နောက် သူက သံဓားနှင့်ငွေရောင်အမျိုးသမီးတို့ကို ပြန်သိမ်းဆည်းထားလိုက်၏။ သူသည် နေရာတွင် ထိုင်လျက် သူ့ခန္ဓာကိုယ်ကို သက်တောင့်သက်သာ ဖြစ်စေသည်။ သူ့နှလုံးခုန်သံမှာလည်း တဖြည်းဖြည်း လျော့ကျသွားတော့၏။
နောက်ထပ်နှစ်နာရီမှာ ဖြည်းဖြည်းချင်း ကုန်လွန်သွား၏။ နောက်ဆုံးအခိုက်အတန့်တွင် ဝမ်လင်းသည် မျက်လုံးဖွင့်လာကာ ကောင်းကင်ထက်သို့ တည်ငြိမ်စွာ ကြည့်သည်။
ချက်ခြင်းပင် ကြယ်မြူများ စတင် မြင့်တက်လာကာ အံ့မခန်းဖိအားတစ်ခုသည် မြူများကြားကနေ ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။
“သူ ရောက်လာပြီ…” ဝမ်လင်း၏မျက်လုံးသူငယ်အိမ်မှာ ရုတ်တရက် ကြုတ်သွား၏။ သို့သော် သိပ်မကြာခင်တွင်ပင် သူသည် ကောင်းကင်ထက်သို့ အေးစက်စက် ကြည့်သည်။
ထိုဖိအားမှာ ကောင်းကင်တုန်လှုပ်စေနိုင်၏။ ယင်းဖိအား ပေါ်လာသည်နှင့် မြေပြင်ထုသည် တုန်ခါကာ ပျက်စီးပြိုပျက်တော့မည့် အရိပ်လက္ခဏာများ ပြသလာသည်။ ချက်ခြင်းပင် အဆင်ငါးဒေသကို လွှမ်းခြုံထားသောမြူများအားလုံးသည် ရုတ်တရက် နောက်သို့ လွင့်စင်ကုန်ကြ၏။
တစ်ချိန်တည်းမှာပင် ဝမ်လင်း၏ အမြင်အဆုံးသပ်တွင် ဧရာမမြူဝဲကတော့ကြီးတစ်ခု ရုတ်တရက် ပေါ်လာသည်။ တုန်ဟည်းသံများ ပဲ့တင်ထပ်လျက် ဧရာမလက်ကြီးတစ်ဖက်သည် ဝဲကတော့ထဲကနေ ထွက်လာကာ ဝမ်လင်းထံ လှမ်းဝင်လာသည်။
ထိုလက်ကြီးမှာ အလွန်အိုမင်းကာ အရေးအကြောင်းများဖြင့် ပြည့်နှက်လျက် ရှိသည်။ လူအိုကြီးတစ်ယောက်၏ လက်တစ်ဖက်ကဲ့သို့ ဖြစ်ဟန် ရသည်။ ယင်းလက်သည် ဝမ်လင်းထံ တိုးဝင်လာချိန်၌ လောကသည်ပင် ၎င်းရှေ့၌ ပျက်စီးတော့မလား ထင်မှတ်ရလေသည်။
လောကရှိ မူလစွမ်းအင်များမှာ ထူးဆန်းသောအားတစ်ခု၏ ချိပ်ပိတ်ခြင်း ခံရပုံ ပေါ်သည်။ သည်ဒေသတွင် မူလစွမ်းအင်လုံးဝ မကျန်ရှိတော့ချေ။
ထိုလက်ကြီး၏ အမြန်နှုန်းကိုလည်း ဖော်ပြ၍ပင် မစွမ်းသာပေ။ ဝမ်လင်းသည် ထိုလက်ကြီး ဝဲကတော့ထဲကနေ ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်သည့်အချိန်မှာပင် ၎င်းက သူ့ဦးခေါင်းအထက်သို့ ရောက်နှင့်လာပြီး သူ့ကို ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ ဖမ်းဆုပ်ပစ်ရန် ဆန့်တန်းလာခဲ့ပေပြီ။
ထိုလက်ကြီး သက်ဆင်းလာနေရင်း စကားလုံးမရှိ၊ အမေးမရှိ၊ ရှင်သန်နိုင်ဖို့ အခွင့်အရေးမရှိ ဖြစ်ရ၏။
ဝမ်လင်းသည် ထိုကဲ့သို့ အဖြစ်မျိုးကို ခုနစ်ရောင်စုံနယ်မြေတွင် တွေ့ကြုံခဲ့ဖူးပေ၏။ ကြည့်ရသည်မှာ တတိယအဆင့်ကျင့်ကြံသူများသည် သူတို့လို လူများကို ပုရွတ်ဆိတ်တစ်ကောင်အဖြစ်သာ မှတ်ယူထားကြပုံ ပေါ်သည်။
အခြားတတိယအဆင့်ကျင့်ကြံသူတစ်ယောက်မှ လွဲ၍ မည်သူကမျှ သည်လိုလူများကို သူတို့၏ခန္ဓာကိုယ်အစစ်အမှန် ပေါ်လာစေရန် လုပ်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။
သို့ရာတွင် ပုရွတ်ဆိတ်တစ်ကောင်သည် ကိုက်နိုင်ဆဲ၊ရုန်းကန်နိုင်ဆဲ၊ ခုခံနိုင်ဆဲသာ ဖြစ်၏။ ဝမ်လင်းသည် သူ့ကိုယ်သူ ဘယ်တုန်းကမျှ ပုရွတ်ဆိတ်တစ်ကောင်ဟု မမှတ်ယူတတ်ပေ။
ထိုလက်ကြီး ကျဆင်းလာချိန်တွင် ဝမ်လင်း၏မျက်လုံးထဲတွင် ပျာယာခတ်သွားသောအကြည့် ဖြစ်ပေါ်သွား၏။ သူသည် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူက ထိုလက်ကြီးထံသို့ ခုန်ဝင်သွားသည်။
“တတိယအဆင့်ကျင့်ကြံသူတစ်ယောက်တောင် ငါ့ကို အညံ့ခံအောင် မလုပ်နိုင်ဘူးကွ…”
ဝမ်လင်း၏စိတ်နှလုံးထဲရှိ တိုက်ပွဲစိတ်ဆန္ဒတို့သည် တောက်လောင်လာ၏။ သူ့မျက်ခုံးနှစ်ခုကြားရှိ ဥပဒေသကြယ်မှာ အရူးအမူး လှည့်ပတ်လာသည်။ သူ ထိုးထွက်လာချိန်တွင် သူသည် လက်ကြီးအနားသို့ ရောက်လာခဲ့ပေပြီ။ ထိုလက်က သူ့ထံ ဆန့်တန်းလာချိန်တွင် သူသည် မာန်သွင်းဟစ်လိုက်၏။
“ဓားအရိပ်ဆယ်သန်း…” ဝမ်လင်းသည် သူ့ညာလက်ညှိုးကို သူ့ထံ တိုးဝင်လာသော လက်ကြီးထံသို့ ညွှန်လိုက်သည်။ သူ့လက်ညှိုးအတွင်းရှိ ဖုံးကွယ်ထားသော ဓားစွမ်းအင်သည် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
ဝမ်လင်း၏ ညာလက်ညှိုးကနေ ဓားအရိပ်ဆယ်သန်းသည် ပေါက်ကွဲထွက်လာခဲ့ပေပြီ။
သည်အခိုက်အတန့်တွင် ဝမ်လင်း၏ ညာလက်ညှိုးမှာ နောက်ဆုံးဓားအရိပ် ဖြစ်နေ၏။ ဓားအရိပ်များ ဆယ်သန်းအထိ ပြီးပြည့်စုံသွားသည့်အတွက် အဆင့်တစ်ခုပြီးမြောက်သွားလေပြီ။
ထိုကဲ့သို့ ပြီးမြောက်ခြင်းအဆင့်ကို ရောက်လာသည့်အခါတွင် သမင်နှစ်ကောင်အရိပ်လည်း ပေါ်လာကာ ဝမ်လင်း၏ လက်ချောင်းကို ဝန်းရံထားပြီး တိုးဝင်လာသော လက်ကြီးနှင့် ထိပ်တိုက်တွေ့သည်။
လက်ဝါးနှင့်လက်ချောင်းတစ်ခုတို့ ထိပ်တိုက်တွေ့ခြင်း။ ဓားအရိပ်ဆယ်သန်းမှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့ပြီ ဖြစ်၏။ ၎င်းသည် နိဗ္ဗာနဖြိုခွဲခြင်းအဆင့်အားလုံးကို သတ်ပစ်နိုင်စွမ်း ရှိကာ ကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူများကိုပင် တုန်လှုပ်သွားစေနိုင်သည်။
ဤက ဝမ်လင်းကို သတ်ချင်နေသော တတိယအဆင့်ကျင့်ကြံသူ့အတွက် သူ့ပထမဆုံး တန်ပြန်တိုက်ခိုက်မှု ဖြစ်သည်။
တုန်ဟည်းသံများ လောကတွင် ပဲ့တင်ထပ်သည်။ ထိုတုန်ခါလှိုင်းသည် အဆင့်ငါးဒေသတစ်ခုလုံးတွင် ပျံ့နှံ့ကာ ကျင့်ကြံသူတော်တော်များများကို သွေးအန်ထွက်စေသည်။ သူတို့၏မျက်နှာများသည် ဖြူရောကုန်ပြီး ကြောက်လန့်မှုတို့ ပြည့်နှက်သွားကြသည်။
ဝမ်လင်း၏လက်ချောင်းက သည်လက်ကြီးပေါ်သို့ ကျရောက်သွားချိန်တွင် သူ့လက်ချောင်းအတွင်းရှိ ဓားအရိပ်ဆယ်သန်းသည် ပေါက်ကွဲထွက်လာတော့သည်။
ဓားအရိပ်များသည် ဧရာမလက်ကြီးထံသို့ အရူးအမူး တိုးဝင်လာ၏။ ဓားအရိပ်ဆယ်သန်းသည် ဝမ်လင်း၏ရူးသွပ်မှု၊ အညံ့မခံမှု၊ ကောင်းကင်ကို ဖိဆန်မည့် သူ့စိတ်ဝိညာဉ်တို့ကို သယ်ဆောင်ထားပေ၏။
သမင်အရိပ်နှစ်ခုမှာလည်း ဓားအရိပ်ဆယ်သန်းနှင့်အတူ တဟုန်ထိုး တိုးဝင်လာပြီး အဖြူအနက်အခိုးငွေ့များအဖြစ် ပြောင်းကာ လက်ဝါးအတွင်းသို့ ဝင်ရောက်သည်။ ထိုလက်ဝါးအတွင်းမှ တစီစီအသံများ ထွက်ပေါ်လာတော့၏။ ကြည့်ရသည်မှာ ကောင်းကင်နှင့်မြေကြီးပင် သူ့ဟာသူ ရပ်တန့်သွားသလားပင် မှတ်ထင်ရသည်။
လောကတွင် ကျန်ရှိသောတစ်ခုတည်းသောအရာမှာ ဝမ်လင်း၏လက်ချောင်းက သည်လက်ဝါးနှင့် ထိပ်တိုက်တွေ့သည့် မြင်ကွင်းတစ်ခုသာ ဖြစ်တော့၏။
ဖျက်စီးအားအပြည့်ဖြင့် ၎င်းလက်ဝါးသည် ရုတ်တရက် တဒင်္ဂ ရပ်တန့်သွားသည်။ အဆုံးမဲ့ တစီစီအသံများ ပဲ့တင်ထပ်သည်။
တုန်ဟည်းသံများ မြည်ဟီးနေပုံက လောကသည်ပင် ပျက်စီးတော့မလား မှတ်ထင်ရ၏။ လက်ဝါး၏အရေပြားများသည် ပေါက်ပြဲကုန်သည်။ သို့ရာတွင် ထူးဆန်းစွာဖြင့် သွေးမထွက်ပေ။ မူလစွမ်းအင်အမျှင်တန်းတစ်ခုတစ်လေပင် ထွက်မလာခဲ့ချေ။
တစ်ခဏတာ တုန့်ဆိုင်းသွားပြီးနောက် သည်လက်ဝါးက မြင့်တက်လာပြီး လက်ဝါးနောက်ကွယ်မှ အဆုံးမဲ့မြူများကြားကနေ အံ့အားသင့်သံတစ်ခု ထွက်ပေါ်လာသည်။
ရှေးဟောင်းအသံတစ်ခု မြူများထံမှ ထွက်ပေါ်လာ၏။ ကောင်းကင်ထက်မှ ပြင်းထန်သောဖိအားတစ်ခု သက်ဆင်းလာသည်။ “မင်းမှာ အရည်အချင်းအချို့ ရှိနေတာပဲ။ ဒါပေမဲ့ ပိုးဖလံက လကို ဘယ်ယှဉ်နိုင်ပါ့မလဲ။ မင်းက ငါ့ရှေ့မှာ လာပြီး ခုန်ကြွဝင့်တယ်ပေါ့။ အောက်ပြန်ဆင်းလိုက်စမ်း…”
ထိုဖိအားသည် အလွန်အမင်း ပြင်းထန်လှသည်။ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်သည်ပင် ၎င်းဖိအားနှင့် ထိတွေ့မိပါက ချက်ခြင်း သေသွားနိုင်သည်။ ၎င်းဖိအားသည် ဝမ်လင်း ပေါ်သို့ ကျရောက်လာချိန်တွင် သူ သွေးအန်လိုက်ရသည်။ သူ့အပေါ်ကို ကျင့်ကြံခြင်းဂြိုဟ်ပေါင်းများစွာက ရိုက်ချလိုက်သည့်အလားပင်။ သူ့အရိုးများထဲမှ အသံများ ထွက်ပေါ်လာ၏။ ဖိအား ရိုက်ချလာသည့်အခါ သူသည် မြေပြင်ထက်သို့ လွင့်စင်ကျသွားရသည်။ သူ့အဖို့ ခုခံနိုင်စွမ်းမဲ့ရသည်။
သို့ရာတွင် ဝမ်လင်းသည် ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ပါးစပ်ထောင့်မှ သွေးကို သုတ်ပစ်ပြီးနောက် သူသည် လှမ်းအော်၏။ “ဓားအရိပ်ဆယ်သန်း…ပျက်စီးခြင်း၊ပျက်စီးခြင်း၊ပျက်စီးခြင်း…”
ဝမ်လင်း၏အသံတွင် ရူးသွပ်ဖွယ် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်သည်။ သူသည် သူ့တစ်ဘဝလုံးတွင် ကောင်းကင်ကိုဖိဆန်လာသော ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူသည် လောကကို အံ့တုသူ ဖြစ်သည်။ ဘယ်တော့မှ အညံ့မခံ၊ဒူးမထောက်ခဲ့ပေ။
သူ့အသံ ထွက်ပေါ်လာချိန်တွင် လက်ဝါးအတွင်း ဝင်ရောက်သွားသော ဓားအရိပ်ဆယ်သန်းသည် ရုတ်တရက် တုန်ယင်ကာ ပေါက်ကွဲသည်။ ဓားအရိပ်ဆယ်သန်း၏ ပေါက်ကွဲမှုကို ဖော်ပြ၍ပင် မဖြစ်နိုင်ပေ။ အဆင့်ငါးဒေသတစ်ခုလုံး တုန်ခါသွားသော ပေါက်ကွဲတုန်လှုပ်မှု ဖြစ်ပွားသွား၏။ လျှပ်တပြတ်အတွင်း ထိုလက်ဝါးထံမှ ကောင်းကင်ဘုံဖိဆန်သောအော်ရာတစ်ခု ပျံ့နှံ့လာတော့သည်။
ထိုတိုက်ခိုက်မှုက မည်သည့်နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကိုမဆို သတ်ပစ်နိုင်၏။ ကောင်းကင်ဘုံဒုက္ခကျင့်ကြံသူများသည်ပင် သနားစရာ အခြေအနေ ဆိုက်ရောက်သွားရပေမည်။ သို့ရာတွင် သည်အခိုက်အတန့်၌ ဧရာမလက်ကြီးသည် ရုတ်တရက် တုန်ယင်ကာ ထူးဆန်းသောအားတစ်ခု ပေါ်လာ၏။ ဓားအရိပ်ဆယ်သန်း၏ ပျက်စီးမှုမှာ ရုတ်တရက် လွင့်ပါးသွားရသည်။ ထိုလက်ဝါးသာ မထိမခိုက် ကျန်ရစ်ခဲ့၏။
လက်ဝါးအရာတွင် အနီရောင်အမှတ်အသားတစ်ခုသာ ထင်ကျန်ခဲ့ပြီး သွေးတစ်စက် ကျဆင်းသွားသည်။
ဝမ်လင်း၏မန္တာန်များသည် တာအိုပညာရှင်အိပ်မက်ပြာ၏ လက်ချောင်းလေးခုကိုပင် ဖျက်စီးနိုင်ခဲ့ဖူး၏။ ခုချိန်တွင် သူ့စွမ်းအားမှာ များစွာ တိုးတက်လာခဲ့သည့်အပြင် ချိပ်ပိတ်ထားသောဓားတိုနှစ်လက်၏စွမ်းအားမှာလည်း သာမန်မဟုတ်ပေ။
နတ်ဘုရားကလန်၏ အကြီးအကဲချုပ် တာအိုပညာရှင်ရေနှင့် ပထမဆုံးတိုက်ခိုက်မှုတွင် ဝမ်လင်းသည် သွေးအန်ခဲ့ရသည်။ သူ့အရိုးများထဲမှ နာကျင်မှုကို ခံစားရ၏။ သူသည် ကောင်းကင်ထက်မှ တရဟော လိမ့်ဆင်းကျရသည်။
သို့ရာတွင် တာအိုပညာရှင်ရေလည်း ဒဏ်ရာ ရသွားခဲ့၏။ ထိုဒဏ်ရာက သေးငယ်သောအနာလေးတစ်ခုသာ ဖြစ်နေလျှင်ပင် သူသည် ဒဏ်ရာ ရသွားတာက ရသွားတာသာ ဖြစ်ပေသည်။
***