← Chapters

အမူအရာ ပြောင်းလဲသွားခြင်း…

Vol. 97 Ch. 1326

အမူအရာ ပြောင်းလဲသွားခြင်း…

Vol. 97 Ch. 1326

တတိယအဆင့်ကျင့်ကြံသူတစ်ယောက်အတွက် နိဗ္ဗာနဖြိုခွဲခြင်းအဆင့်သည် စာဖွဲ့နေစရာ မလိုပေ။ ထိုကဲ့သို့ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်သည် သူ သတ်ချင်နေသော နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူ၏ လက်ချက်ကြောင့် မဆိုသလောက် ဒဏ်ရာလေးတစ်ခု ရရှိသွားခဲ့သည်။ ထိုသတင်းသာ ပျံ့နှံ့သွားခဲ့ပါက ချိပ်ပိတ်နယ်မြေနှင့်ပြင်ပနယ်မြေရှိ လူတိုင်းအား တုန်လှုပ်သွားစေမည်ကို ဝမ်လင်း သိပေ၏။

တတိယအဆင့်ကျင့်ကြံသူတစ်ယောက်က ဒဏ္ဌာရီအဆင့် ဖြစ်၏။ ချိပ်ပိတ်နယ်မြေမှာဖြစ်စေ၊ ပြင်ပနယ်မြေမှာ ဖြစ်စေ ထိုအဆင့်ကျင့်ကြံသူများမှာ ရှားပါးလွန်းလှသည်။ တတိယအဆင့်ကျင့်ကြံသူများသည် လောကကို ခြေဆန့်ကာ ကောင်းကင်ဘုံနှင့်ပင် တိုက်ခိုက်ရဲသူများ ဖြစ်ကြပေ၏။

သည်လူများမှာ ကျင့်ကြံသူများကြား အင်ပါယာများနှင့်တူ၏။ သူတို့ရှေ့တွင် ကျင့်ကြံသူများသည် ပုရွတ်ဆိတ်များလောက်သာ အဆင့်ရှိပြီး လွယ်ကူစွာ အမြစ်ဖြုတ် ခံရနိုင်၏။

နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်သည် ကလန်တစ်ခုတွင် ဆရာ ဖြစ်နိုင်၏။ ကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူတစ်ယောက်သည် မြင့်မြတ်သောအကြီးအကဲတစ်ယောက် ဖြစ်နိုင်၏။ သို့သော် တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ရှေ့တွင်တော့ သူတို့သည် ဘာမှ မဟုတ်တော့သော ပုရွတ်ဆိတ်များသာ ဖြစ်သွားရသည်။ လွယ်လင့်တကူ သတ်ပစ်တာကိုလည်း ခံသွားရနိုင်သည်။

ထိုအရာမှာ ခွန်အားသာ ဖြစ်၏။ ဤက ကျင့်ကြံခြင်းလောက၏ ရက်စက်သောအမှန်တရားလည်း ဖြစ်သည်။ ကြီးနိုင်ငယ်ညှင်း တောတွင်းဥပဒေသဟု ခေါ်နိုင်၏။

အကယ်၍ ဝမ်လင်းကသာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေပါက တာအိုပညာရှင်ရေသည် သူ့ကို သတ်လိုစိတ်အပေါ် အလွန်အမင်း သတိထားပေလိမ့်မည်။ သူသည် မတိုက်ခိုက်တာကိုတောင် ရွေးချယ်တာ ဖြစ်နိုင်သေးပြီး ထိုအစား သူက ဝမ်လင်းကို ဂုဏ်သရေရှိဧည့်သည်တစ်ယောက်အဖြစ်ပင် ဖိတ်ကြားကာ နှစ်ယောက်သား ထိုင်၍ ကိုယ်လိုချင်တာကိုယ် ပြောကြပေလိမ့်မည်။

ဝမ်လင်းကသာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့ပါက သူသည် မဟာမိတ်၊တိမ်ပင်လယ်၊အလုံးစုံကောင်းကင် မည်သည့်ကြယ်အဖွဲ့အစည်းကိုမဆို စိတ်ကြိုက် ကိုင်လှုပ်နိုင်စွမ်း ရှိပေလိမ့်မည်။ အရှင်လုဖုသည်ပင် သူ့ကို အလွန်လေးစားမှုပြ၍ ယဉ်ကျေးစွာ ဆက်ဆံရပေမည်။ တတိယအဆင့်ကျင့်ကြံသူများသည် တစ်ယောက်ကိုတစ်ယောက် ရန်မစကြတာ များပေ၏။

ခွန်အားသည် အရာရာ ဖြစ်၏။ ယင်းက ဤရက်စက်သောကျင့်ကြံခြင်းလောကတွင် ရှင်သန်နိုင်မည့် သော့ချက်တစ်ခုလည်း ဖြစ်သည်။

“ငါ မင်းကို လျော့တွက် မိခဲ့တယ်…ပုရွတ်ဆိတ်လေး…။ ဒါပေမဲ့ မင်း ပိုပြီး ရုန်းကန်လေလေ ဒီအဘိုးအိုက မင်းကို ပို သတ်ချင်လေပဲ…”

ရှေးဟောင်းအသံတစ်ခုသည် လောကတွင် မိုးကြိုးသံအလား မည်ဟိန်းလာ၏။ မြူများသည် အပြင်းအထန် တုန်ခါကာ တာအိုဝတ်စုံနှင့်ကောင်လေးတစ်ယောက် လှမ်းထွက်လာ၏။

ထိုကောင်လေး၏ ဆံပင်များမှာ ဖြူဖွေးနေ၏။ သို့သော် သူ့အသားအရေမှာ ဖြူစင်ကြည်လင်သည်။ သူ ထွက်ပေါ်လာသည်နှင့် သူ့အကြည့်က အောက်ဘက်ရှိ ဝမ်လင်းပေါ်သို့ ကျရောက်လာသည်။ တတိယအဆင့်ကျင့်ကြံသူများသည် လူကိုယ်တိုင် ထွက်လာခဲ၏။ သူတို့သည် လောကနှင့် တစ်သားတည်း ဖြစ်နေကာ မည်သည့်နေရာတွင်မဆို တတိယအဆင့်ကိုယ်ပွားတစ်ယောက်ကို ဖန်တီးနိုင်ကြပေသည်။

တတိယအဆင့်ကျင်ကြံသူများကြား သေရေး၊ရှင်ရေးတိုက်ပွဲများကြမှသာ သူတို့၏ခန္ဓာကိုယ်အစစ်အမှန်ဖြင့် တိုက်ခိုက်လေ့ ရှိကြ၏။ သို့သော် တာအိုပညာရှင်ရေသည် မထင်မှတ်စွာဖြင့် သူ့ခန္ဓာကိုယ်အစစ်အမှန်ဖြင့် ထွက်ပေါ်လာခဲ့ပေပြီ။ ထိုအချက်က သူ ဝမ်လင်းကို မည်မျှသတ်ချင်နေကြောင်းကို ဖော်ပြနေ၏။ သည့်အပြင် သူ တွေးထင်ထားသော ကိစ္စအပေါ် သူက သတိထားနေခြင်းသာ ဖြစ်သည်။

သူသည် ဝမ်လင်းမှာ သူ့ဆရာ ပြန်လည်မွေးဖွားလာတာ ဖြစ်နေမည်ကို စိုးရိမ်ပူပန်နေခဲ့၏။ ဝမ်လင်းတွင် ကောင်းကင်ကိုဖိဆန်နိုင်သော ရတနာများ ရှိနေမည်ကို စိုးရိမ်နေခဲ့သည်။

ဆံဖြူကောင်လေး မြူများကြားမှ လှမ်းထွက်လာချိန်တွင် ဝမ်လင်း၏မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ် ပေါက်ကွဲထွက်လာသည်။ သူသည် ဤအခိုက်အတန့်ကို စောင့်နေခြင်း ဖြစ်သည်။ သူ့ရန်သူ အစစ်အမှန်ခန္ဓာကိုယ်ဖြင့် ထွက်လာမည့် အချိန်ကို စောင့်နေခြင်း ဖြစ်သည်။

“ငါ့ကို ချောင်ပိတ်စေတဲ့အတွက် ငါ့စွမ်းအား အထွတ်အထိပ်ကို ငါ ရနိုင်တယ်…”

ဝမ်လင်းသည် ကြမ်းကြုတ်ရန်လိုဟန် ပြသ၏။ သူသည် နောက်ဆုတ်မည့် အတွေးအားလုံးကို ပယ်ဖျက်ကာ သူ့ကိုယ်သူ သေသည့်အထိ အဆုံးတွန်းပို့ပေတော့မည်။

အမှန်တော့ ဆံဖြူကောင်လေး ပေါ်လာချိန်တွင် သူသည် သေရပြီး ဖြစ်၏။

မြူများကြားကနေ ဆံဖြူကောင်လေး လှမ်းထွက်လာချိန်တွင် ဝမ်လင်းက သူ့လက်နှစ်ဖက်ကို ဝေ့ယမ်းကာ မာန်သွင်းလိုက်သည်။

“သင်က ငါ့ကို သတ်ချင်မှတော့ တန်ဖိုးတစ်ခု ပြန်ပေးဆပ်စေရမယ်…”

ဝမ်လင်းသည် မာန်သွင်းကာ နောက်မဆုတ်ဘဲ လေထဲသို့ နောက်တစ်ကြိမ် ခုန်တက်လာသည်။ သည်အခိုက်အတန့်တွင် ဝမ်လင်းပတ်လည်ရှိ ကုန်းမြေတစ်ရာမှာ စတင် မြည်ဟည်းလာကာ သွေးအလင်းတစ်ခု တောက်ပသည်။ အဆုံးမဲ့သွေးတက်တူးအမှတ်အသားများသည် ပျံသန်းထွက်လာကြ၏။ ၎င်းတို့သည် ဤဧရိယာတွင် ပြည့်နှက်ကာ မည်မျှများပြားကြောင်း တွက်ကြည့်ရန်ပင် မဖြစ်နိုင်ချေ။

ဝမ်လင်းသည် မာန်သွင်းနေရင်း သွေးတက်တူးများသည် ဆံဖြူကောင်လေးထံ ပျံသန်းဝင်လာ၏။ ၎င်းတို့က ကောင်းကင်နှင့်မြေကြီးကို ဖျက်စီးပစ်နိုင်သော စွမ်းအားတစ်ခုကို သယ်ဆောင်လာကြသည်။ တဝီဝီအသံများ မြည်ဟည်း၏။

သွေးတက်တူးတစ်ခုစီတိုင်းမှာ ကြမ်းကြုတ်သောသားရဲတစ်ကောင်၏ အဆီအနှစ်ကနေ ဖြစ်ပေါ်လာခဲ့ခြင်းပင်။ ၎င်းတို့တွင် တိမ်ပင်လယ်ရှိ သားရဲများ၏ ထူးခြားသော တာအိုဆန္ဒတို့ ပါဝင်သည့်အတွက် ယင်းတက်တူးအမှတ်အသားများမှာ ကျန်သည့် ကြယ်အဖွဲ့အစည်းသုံးခုတွင် သန့်စင်ခြင်းထက် များစွာ ပိုအစွမ်းထက်ပေသည်။

ယင်းတက်တူးအမှတ်အသားများ ဆံဖြူကောင်လေးထံ ပျံသန်းဝင်လာကြစဉ် ကောင်းကင်သည် နီစွေးလာပြီး မုန်ကြိုးမုန်တိုင်းများ ကောင်းကင်ထက်၌ ဖုံးအုပ်၏။

“မင်းက တက်တူးကလန်ရဲ့ မန္တာန်ကို သိထားတာပဲ။ ဒါပေမဲ့ ဒီမန္တာန်ဟာ ဒီအဘိုးအိုရှေ့မှာတော့ အသုံးမဝင်ဘူး…” တာအိုပညာရှင်ရေ၏အမူအရာမှာ ပုံမှန်အတိုင်းပင်။ မရေမတွက်နိုင်သောတက်တူး အမှတ်အသားများ နီးကပ်လာချိန်တွင် သူက သူ့ညာလက်ကို ဝေ့ယမ်းသည်။

“လွတ်လပ်တဲ့တာအိုပျက်စီးခြင်း…” တာအိုပညာရှင်ရေ၏အသံမှာ တည်ငြိမ်သည်။ သို့သော် နတ်ဘုရားတစ်ပါး ဟိန်းအော်သောအသံမျိုးကို ပေးစွမ်းသည်။ သူ့အသံသည် ပိုအားကောင်းလာကာ အရူးအမူး ပျံ့နှံ့သည်။

သွေးတက်တူးအမှတ်အသားများသည် မမြင်ရသောအသံလှိုင်းနှင့် ထိတိုက်မိကာ ပျက်စီးသွားကြပြီး တာအိုပညာရှင်ရေ၏ အနားသို့ ရောက်လာနိုင်စွမ်း မရှိကြတော့ပေ။

မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်ကုန်၏။ အဆင့်ငါးဒေသတစ်ခုလုံးသည် အပြင်းအထန် တုန်ခါနေသည်။ ဟင်းလင်းပြင်အက်ကြောင်းတစ်ခုက အဆင့်ငါးဒေသကို နှစ်ပိုင်းခွဲထွက်စေကာ စုတ်ပြဲသံတစ်ခုကို ကြားရလေ၏။

“တက်တူးများ…သွေးအဖြစ် ပြောင်းလဲစေ…” ဝမ်လင်းက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သွေးများ ထွေးထုတ်၏။ ထိုသွေးတို့မှာ နတ်ဆိုးအလင်းကို ပိုင်ဆိုင်ထားသည်။ ထိုသွေးများ ပေါ်လာသည်နှင့် တက်တူးအမှတ်အသားများ ပျက်စီးသွားရာကနေ ထွက်ပေါ်လာသော သွေးများမှာ စုစည်းသွားကြသည်။ ချက်ခြင်းပင် ဝမ်လင်းရှေ့တွင် အနီရောင်သွေးအလင်း ပေါ်လာပြီး ရှေ့သို့ ထိုးထွက်ကာ တာအိုပညာရှင်ရေထံသို့ တဟုန်ထိုး ဝင်ရောက်လာတော့သည်။

သို့ရာတွင် ထိုသွေးတို့ နီးကပ်လာနေရင်း တာအိုပညာရှင်ရေထံမှ အကြည့်တစ်ချက်ဖြင့် ၎င်းတို့မှာ ပျက်စီးသွားရပြန်သည်။ ဤအခိုက်အတန့်တွင် ဆံဖြူကောင်လေးက လက်ဆန့်ထုတ်ရာ ပျက်စီးနေသော သွေးစက်တစ်စက်သည် ပျက်စီးနေရာကနေ ရပ်တန့်သွား၏။ ၎င်းသွေးစက်က ဆံဖြူကောင်လေးထံ မြန်ဆန်စွာ ပျံသန်းဝင်လာ၏။

ဆံဖြူကောင်လေးသည် ထိုသွေးစက်ကို ကိုင်ကာ မြိုချလိုက်သည်။ ထို့နောက် သူ့မျက်လုံးသည် စတင် တောက်ပလာတော့သည်။

“သူက အဲ့ဒီလူ(ဆံဖြူကောင်လေးရဲ့ဆရာ) ပြန်လည်ဝင်စားတာ မဟုတ်ဘူး…”

သွေးတက်တူးများ ပျက်စီးသွားမည်ကို ဝမ်လင်းက မျှော်လင့်ထားပြီးသား ဖြစ်သည်။ သူ့ဓားအရိပ်ဆယ်သန်းသည်ပင် သည်လူ့အပေါ်ကို ဒဏ်ရာပမွှားလေးသာ ချန်ထားနိုင်စွမ်း ရှိခဲ့ပေ၏။ သို့ရာတွင် ခုချိန်၌ တစ်ဖက်လူမှာ တတိယအဆင့်မန္တာန်များကို အသုံးပြုလာပြီ ဖြစ်၍ အခြားမန္တာန်များသည် ပျက်စီးရပေပြီ။ တက်တူးကလန်၏မန္တာန်မှာ မန္တာန်တစ်ခုသာ ဖြစ်နေဆဲ မဟုတ်လား။ ထို့ကြောင့် ၎င်းတိုက်ခိုက်မှုက သက်ရောက်မှု မရှိသည်မှာ သဘာဝပင်။

ပို၍ တိတိကျကျဆိုပါက ဤအချက်ကပင် ဝမ်လင်း လိုချင်သောအချက် ဖြစ်၏။

သွေးတက်တူးများ အဖျက်စီးခံနေရကာ လောကသည် အနီရောင်စွန်းထင်းလုနီး ဖြစ်၏။ သည်အခိုက်တွင် ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းကာ အော်ပြောလိုက်သည်။ “အတားအဆီးတာအို…”

အတားအဆီးတစ်ခုသည် မန္တာန်တစ်ခု မဟုတ်ပေ။ ၎င်းက ရှေးဟောင်းအချိန်များကတည်းက ဖြစ်ပေါ်ခဲ့ပြီး ကိုယ်ပိုင်တာအိုအဖြစ် ပြောင်းလဲသွားခဲ့သောအရာသာ ဖြစ်သည်။

အထူးသဖြင့် ဝမ်လင်းက မဟာအတားအဆီးသုံးခုကို ပေါင်းစပ်ထားသဖြင့် အတားအဆီးများ၏ မူလဇစ်မြစ်ထံ ရောက်ရှိလုနီး ဖြစ်လာခဲ့သည်။ သည်အချိန်မှာပင် အရိုင်းကုန်းမြေတစ်ရာသည် စတင်လှုပ်ခါလာပြီး ဝမ်လင်း၏ထိန်းချုပ်မှုအောက်မှာ မြန်ဆန်စွာ လှည့်လည်ပြီး တာအိုပညာရှင်ရေထံသို့ ဝင်ရောက်လာကြသည်။

“ပျက်သုဉ်းခြင်းအတားအဆီး၊ လောကကို ချိပ်ပိတ်၊ ရှင်ခြင်းသေခြင်းအတားအဆီး၊ ခန္ဓာကိုယ်ကို ချိပ်ပိတ်၊ အချိန်အတားအဆီး မူလစိတ်ဝိညာဉ်ကို ချိပ်ပိတ်စေ…။ မဟာအတားအဆီးသုံးခု တစ်ခုတည်းအဖြစ် ပြောင်းပြီး ချိပ်ပိတ်၊ချိပ်ပိတ်၊ချိပ်ပိတ်။ သင့်ရဲ့လောကကို ချပ်ပိတ်၊ ခန္ဓာကိုယ်ကို ချိပ်ပိတ်၊ မူလလစိတ်ဝိညာဉ်ကို ချိပ်ပိတ်စေ…”

ဝမ်လင်းက လက်ညွှန်၏။

တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ ဝမ်လင်းအောက်ရှိ အရိုင်းကုန်းမြေကလွဲ၍ ကျန်အရိုင်းကုန်းမြေများအားလုံးသည် တာအိုပညာရှင်ရေကို လှည့်ပတ်ကာ အစီအရင်တစ်ခု ဖန်တီးသည်။ ပြင်းထန်သောဖိအားတစ်ခု ပေါ်လာပြီး တာအိုပညာရှင်ရေထံသို့ ခြေမွပစ်ရန် ကျရောက်လာသည်။

အရိုင်းကုန်းမြေတစ်ရာပေါ်ရှိ ဖိနှိပ်ထားသောအတားအဆီးများသည် တစ်ချိန်တည်းမှာ ပေါက်ကွဲထွက်လာ၏။ ပျက်သုဉ်းခြင်းအတားအဆီး ပေါက်ကွဲထွက်ကာ ဧရာမလှောင်ချိုင့်တစ်ခုအသွင် ဖြစ်ပေါ်ပြီး လောကကို ပိတ်လှောင်သည်။

ရှင်ခြင်းသေခြင်းအတားအဆီးသည် အော်ရာနှစ်ခု ဖြစ်ပေါ်၏။ တစ်ခုက ရှင်ခြင်း၊တစ်ခုက သေခြင်းတည်း။ ၎င်းတို့က ဆံဖြူကောင်လေးကို ဝန်းရံကာ သေခြင်းရှင်ခြင်းအတားအဆီး ဖြစ်ပေါ်သည်။

အချိန်အတားအဆီးသည် ဝမ်လင်း၏ အချိန်စီးဆင်းခြင်းမန္တာန်ကြောင့် နှစ်ပေါင်းငါးထောင် ပြန်ပြောင်းစီးဆင်းသွားခဲ့ပြီး ဖြစ်သည်။ ခုချိန်တွင် ၎င်းသည် ရှေးဟောင်းအော်ရာတစ်ခုနှင့် ပေါက်ကွဲထွက်လာကာ ဆံဖြူကောင်လေး၏ မူလစိတ်ဝိညာဉ်ကို ခြုံလွှမ်းသည်။

“မဟာအတားအဆီးသုံးခု…။ ကံမကောင်းစွာနဲ့ လေးခုမြောက်အတားအဆီးက အခု ရှိမနေဘူး။ မဟုတ်ရင် ဒီဟာက စွမ်းအားအချို့ ရှိနေမှာပဲ…” တာအိုပညာရှင်ရေ၏မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူ့ညာလက်ကို ထပ်မံ ဝေ့ယမ်းသည်။

သူ့လက်တစ်ချက် ဝေ့ယမ်းမှုနှင့်အတူ လောကသည် ပျက်စီး၏။ စောနက သူအသုံးပြုခဲ့သော လွတ်လပ်သောတာအိုပျက်စီးခြင်း မန္တာန်မှာလည်း အခုထိ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။ သူ့လက်ဝေ့ယမ်းမှုက ၎င်းမန္တာန်၏စွမ်းအားကို အထွတ်အထိပ်ထိ ရောက်စေသည်။ ၎င်းသည် လောကရှိသက်ရှိအားလုံးကို ပျက်စီးစေနိုင်စွမ်း ရှိသည်။

ပျက်စီးမှုတို့က အတောမသပ်နိုင် ဖြစ်ပေါ်၏။ အရိုင်းကုန်းမြေတစ်ရာပေါ်တွင် အက်ကြောင်းများ ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့မှာ တစ်ခုပြီးတစ်ခု ပျက်စီးပြိုလဲသွားကြသည်။

အရိုင်းကုန်းမြေတစ်ရာကို ပျက်စီးသွားစေရန် စွမ်းအားအများအပြား လိုအပ်၏။ ၎င်းမှာ တတိယအဆင့်ကျင့်ကြံသူများသာ လုပ်နိုင်သည့်အရာမျိုးပင်။

သို့ရာတွင် အရိုင်းကုန်းမြေများသည် ပျက်စီးနေသော်လည်း မဟာအတားအဆီးသုံးခုကတော့ သွေးတက်တူးများထံမှ သွေးများကို စုပ်ယူလို့နေ၏။ ထိုအတားအဆီးများက ရှစ်မြှောင့်အသွင် ဖြစ်တည်ကာ ဆံဖြူကောင်လေးကို အတွင်း၌ ချိပ်ပိတ်သည်။

အတားအဆီးသုံးခုသည် လောက၊အသွေးအသား၊မူလစိတ်ဝိညာဉ်တို့ကို ချိပ်ပိတ်ပစ်နိုင်၏။ သို့သော် ၎င်းတို့သည် စိတ်ဝိညာဉ်ကိုမူ ချိပ်ပိတ်နိုင်ခြင်း မရှိပေ။ ထိုသို့ဖြစ်ရခြင်းမှာ တစ်ခုတည်းအဖြစ် ပေါင်းစပ်ရာတွင် လေးခုမြောက်မဟာအတားအဆီး မပါဝင်ခြင်းကြောင့် ဖြစ်သည်။

သို့ရာတွင် ဝမ်လင်းသည် တိုက်ပွဲဉာဏ် ပြည့်ဝ၏။ သူက ဆံဖြူကောင်လေး၏ ဖျက်စီးတာ ခံလိုက်ရသော တက်တူးအမှတ်အသားများ၏ သွေးတို့ကို အသုံးပြုကာ အတားအဆီးများကို စွန်းထင်းစေသည်။ ထိုအဖြစ်က စိတ်ဝိညာဉ်ကို ပါဝင်လာစေဟန်တူကာ အတားအဆီးများ ပေါင်းစပ်ခြင်းကို ပြီးပြည့်စုံစေမည့် အရိပ်အယောင်များ ပြသလာသည်။

“ပုရွတ်ဆိတ်တစ်ကောင်ရဲ့ မန္တာန်လား။ မင်းက ဒီသွေးတွေနဲ့ အတားအဆီးတွေကို ပြီးပြည့်စုံအောင် လုပ်နိုင်မယ်ဆိုရင်တောင် အသုံးမဝင်သေးဘူး…”

ဆံဖြူကောင်လေးသည် ရှေ့သို့ လှမ်း၏။ သူသည် မည်သည့်မန္တာန်ကိုမျှ ထပ်မံ အသုံးမပြုသေးပေ။ထိုအစား ရှေ့သို့သာ လှမ်းသည်။

သူသည် တတိယအဆင့်ကို ရောက်လာခဲ့ပြီး သူ့ဥပဒေသကို ပြီးပြည့်စုံစေခဲ့ပြီးသူ ဖြစ်သည်။ ဥပဒေသများ ရှိနေသောနေရာ ဖြစ်နေသ၍ မန္တာန်များသည် သူ့ကို ရပ်တန့်အောင် မလုပ်နိုင်ပေ။ သူသည် ရှေ့သို့ လှမ်းလာရင်း လောကသည် သူ့အတွက် လမ်းကြောင်းတစ်ခုကို ဖန်တီးပေးဟန် ပေါ်သည်။

ပေါင်းစပ်ထားသော အတားအဆီးသုံးခုသည်ပင် တုန်ခါရ၏။ မည်သည့်မန္တာန်ကမှ သူ့ကို ရပ်တန့်နိုင်စွမ်း မရှိပေ။ အရင်ဆုံး အချိန်အတားအဆီး ချိုးဖျက် ခံရကာ သူ့မူလစိတ်ဝိညာဉ်ကို ထပ်မံ ချိပ်ပိတ်မထားနိုင် ဖြစ်ရသည်။ ထို့နောက် ရှင်ခြင်းသေခြင်းအတားအဆီး ပျက်စီးသွားကာ သူ့ခန္ဓာကိုယ်ကို ချိပ်ပိတ်မထားနိုင်တော့ပေ။ နောက်ဆုံးတွင် ပျက်သုဉ်းခြင်းအတားအဆီး ပျက်စီးပြီး သူ့လောကကို ချိပ်ပိတ်မထားနိုင်တော့ပါ။

ထိုမဟာအတားအဆီးများသည် ဖျက်စီးခံလိုက်ရသော်လည်း ၎င်းတို့မှာ မန္တာန်များ မဟုတ်သည့်အတွက်ကြောင့် ဆံဖြူကောင်လေးကို တဒင်္ဂတော့ ရပ်တန့်စေနိုင်ခဲ့၏။

ဝမ်လင်းကလည်း ထိုသို့ တဒင်္ဂ ဟန့်တားနိုင်ရန် သည်အရာများကို ပြုလုပ်ခဲ့ခြင်းပင်။

ဝမ်လင်း၏မျက်လုံးသူငယ်အိမ်မှာ ကြုတ်လာ၏။ သူ့ဆံပင်များ ရှုပ်ပွလာသည်။ သူ့မျက်လုံးတို့ နီရဲလာသည်။ သူက မာန်သွင်းလိုက်သည်။ “နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထား…”

မိုးကြိုးသားရဲကနေ ဖြစ်ပေါ်လာခဲ့သော လှံဖြင့် စစ်ရထားသည် ထိုးထွက်လာ၏။ ၎င်းက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ တာအိုပညာရှင်ရေထံသို့ ဦးတည်သည်။ ၎င်းစစ်ရထားဖြင့်လှံသည် လေထုကို ခွင်းလာသည်။

လှံပေါ်လာပြီးနောက် ခုနစ်ရောင်စုံစစ်ရထားထံမှ စူးချွန်များသည် သက်တံရောင် ဖြစ်ပေါ်သိပ်သည်းပြီး တာအိုပညာရှင်ရေထံသို့ တိုးဝင်လာသည်။

သည်အခိုက်အတန့်တွင် ထိုနတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားများ၏ ရှေ့တွင် ဥပဒေသအားလုံး ပျက်စီးရ၏။ ဥပဒေသများပင် ၎င်းတို့ကို မတားနိုင်ပေ။ လောကသည်ပင် ၎င်းတို့ကို မရပ်တန့်နိုင်ပေ။ မည်သည့်စွမ်းအားကမျှ သည်နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားကို မဟန့်တားနိုင်ပါ။

၎င်းက နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထား အစစ်အမှန် ဖြစ်၏။ ၎င်းတွင် နတ်ဘုရားများကို သတ်ပစ်နိုင်သောစွမ်းအား ပိုင်ဆိုင်ထားသည်။ ပထမဆုံးအကြိမ်အဖြစ် တာအိုပညာရှင်ရေ၏အမူအရာမှာ ပြောင်းလဲသွားသည်။

***

All Chapters