လေဟာနယ်အဆင့်လေးခု
Vol. 97 Ch. 1327
နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားများကို သန့်စင်မွန်းမံခြင်းတွင် ကျွမ်းကျင်လှသည့် ကောင်းကင်ဘုံနယ်မြေမှ သူရူးတစ်ယောက်က သန့်စင်မွန်းမံခဲ့ခြင်းပင်။ ကောင်းကင်ဘုံနယ်မြေ ပျက်စီးခဲ့ချိန်ကပင် သူသည် ထိုစစ်ရထားများ ပြီးပြည့်စုံစေရန် လိုအပ်သော သတ္တုများကို ရှာဖွေနေခဲ့ပေသည်။
ထိုစဉ်က ကပ်ဘေးအတွင်း သူသည် နောင်တကြီးစွာ ရ၍ သေဆုံးသွားခဲ့ရ၏။ သူသည် ဤစစ်ရထားများကို ထုတ်လုပ်နိုင်ရန် သူ့တစ်ဘဝလုံးကို ရင်းနှီးခဲ့ပေသည်။ သူသည် သတ္တုများ ရရှိရန်အတွက် လောက၏ ဘယ်နေရာမဆို သွားလာဖို့အတွက် ဝန်မလေးခဲ့ပေ။ သူက အစွမ်းကုန်အားထုတ်ခဲ့သည့်အတွက် သူ့သက်တမ်းပင် အလျင်အမြန် လျော့ပါးခဲ့ရ၏။ သည်စစ်ရထားရတနာများကို အပြီးသပ်ခါနီးတွင် သူ့အသက်ဓာတ်များမှာ ကုန်ဆုံးလုနီး ဖြစ်ခဲ့သည်။ ကောင်းကင်ဘုံနယ်မြေကို ပျက်စီးစေခဲ့သော ကပ်ဘေး ရောက်ရှိမလာခဲ့လျှင်ပင် သူသည် နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားများကို ပြီးပြည့်စုံစေပြီးနောက်တွင် သေဆုံးသွားရလောက်သည်။
သူ့အိပ်မက်မှာ လောကတွင် အစွမ်းထက်ဆုံးရတနာတစ်ခုကို ဖန်တီးရန် ဖြစ်သည်။ နတ်ဘုရားများကို သတ်နိုင်မည့်၊ ဥပဒေသကို ဖျက်စီးနိုင်မည့်၊ လောကကို ထက်ပိုင်းခြမ်းနိုင်မည့် ရတနာတစ်ခုကို သူ ထုတ်လုပ်ချင်ခဲ့သည်။
အဆုံးသပ်၌ ထိုရတနာမှာ ဝမ်လင်းလက်ထဲသို့ ကျရောက်ခဲ့ရ၏။ ယနေ့တွင် နတ်ဘုရားများကိုပါ ဖျက်စီးပစ်နိုင်သော ဤစစ်ရထားရတနာမှာ ဝမ်လင်းထံမှ ထွက်ပေါ်လာခဲ့ပေပြီ။
နှစ်ပေါင်းသောင်းချီ နေထိုင်ခဲ့ပြီးသူ၊ ချိပ်ပိတ်နယ်မြေအရှင်၏ တပည့်တစ်ယောက်ဖြစ်သူ၊ နတ်ဘုရားကလန်၏ အကြီးအကဲချုပ် ဖြစ်သူ တာအိုပညာရှင်ရေသည်ပင် ကောင်းကင်ဘုံနယ်မြေလေးခုရှိ အဖြစ်အပျက်အားလုံးကို မသိနိုင်ခဲ့ပေ။ အတိတ်တုန်းက ကောင်းကင်ဘုံသားတစ်ယောက်သည် ရူးသွပ်စွာဖြင့် တတိယအဆင့်ကျင့်ကြံသူများကိုပါ ခြိမ်းခြောက်နိုင်သော ကောင်းကင်ကိုဖိဆန်မည့် ရတနာတစ်ခုကို တစ်ကိုယ်တည်း တီထွင်ခဲ့ပေ၏။
“ဒါဟာ နိဗ္ဗာနလေဟာနယ်ရတနာတစ်ခု မဟုတ်ဘူး။ ဒီရတနာရဲ့ အဆင့်ကို သတ်မှတ်ဖို့က မဖြစ်နိုင်ဘူး။ ဒါက ဘယ်လိုရတနာမျိုးလဲ…”
ဆံဖြူကောင်လေး(ဝါ) တာအိုပညာရှင်ရေ၏အမူအရာမှာ ပြောင်းလဲသွား၏။ သူသည် ဝမ်လင်းကို သတ်ရန် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။ သတ်နိုင်မည်ဟုလည်း တစ်ရာရာခိုင်းနှုန်း သေချာသည်။ သူ စိုးရိမ်ပူပန်သည့် တစ်ခုတည်းသောအရာမှာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့သာ ဖြစ်သည်။ သူက ဝမ်လင်းထံ၌ အခုလို ကြောက်မက်ဖွယ်ရတနာတစ်ခု ပိုင်ဆိုင်ထားလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
မိုးကြိုးသားရဲမှ ဖြစ်ပေါ်လာသော လှံက ကောင်းကင်ကို ချိုးဖျက်လာနေစဉ်တွင် သည်အကြောင်းကို သူ့အဖို့ တွေးနေရန် အချိန် မရှိပေ။ ထိုလှံက အဆင့်ငါးဒေသကို ပိုင်းဖြတ်ကာ တာအိုပညာရှင်ရေထံသို့ ဦးတည်ဝင်လာနေသည်။
ယင်းလှံက အံ့မခန်းသတ်ဖြတ်လိုစိတ်တစ်ခုကို သယ်ဆောင်လာ၏။
တတိယအဆင့်သို့ ရောက်ရှိလာခဲ့ပြီးနောက် တာအိုပညာရှင်ရေသည် ရန်သူ့ကို တိုက်ခိုက်ရန် သူ့စွမ်းအားအပြည့်အဝကို အသုံးပြုတာ ရှားပေသည်။ သို့ရာတွင် သည်အခိုက်အတန့်၌ သူသည် အလေးအနက် ဖြစ်လာ၏။ ထိုလှံ နီးကပ်လာချိန်တွင် သူ့လက်နှစ်ဖက်ကို သူ့ခန္ဓာကိုယ်ရှေ့သို့ ပို့၏။ သူ့ညာလက်ဖြင့် လက်သည်းကုတ်ဟန် ဖြစ်ပေါ်ကာ ရှေ့သို့ ခပ်ကြမ်းကြမ်း ရိုက်ချလိုက်သည်။
“လွတ်လပ်တဲ့တာအို ပိုင်းလွှာပစ်ခြင်း…” တာအိုပညာရှင်ရေ၏ စကားလုံးများသည် လောကတွင် ပဲ့တင်ထပ်သည်။ သူ့ညာလက်သည် တာအိုကိုပါ ပိုင်းဖြတ်ပစ်မည့်ဟန် ပေါ်သည်။ သူ လက်ဝေ့ယမ်းလိုက်ရာ တစီစီအသံများ ထွက်ပေါ်လာပြီး သူ့ရှေ့ရှိ လေဟာနယ်မှာ ပိုင်းဖြတ်ခြင်း ခံလိုက်ရသည်။
ပျက်စီးသွားသော လေဟာနယ်မှာ ရုတ်တရက် ပုံပန်းပျက်အသွင်ဆောင်ကာ ပျံ့နှံ့သည်။ တစီစီအသံများမှာ အကန့်အသတ်ရောက်လာပြီး ဟိန်းသံတစ်ခုကဲ့သို့ လောကတွင် ပဲ့တင်ထပ်သည်။ ၎င်းအသံက လှံနှင့် ထိပ်တိုက်တွေ့၏။ ပြင်းထန်သောဟိန်းသံသည် အဆင့်ငါးဒေသနှင့်အဆင့်ခြောက်ဒေသများတစ်ခွင်သို့ အလျင်အမြန် ပျံ့နှံ့သွားသည်။ မရေမတွက်နိုင်သောကျင့်ကြံသူများ သွေးအန်လိုက်ရ၏။ သူတို့၏မျက်လုံးထဲတွင် ကြောက်လန့်မှုတို့ ကြီးစိုးသွားကြသည်။
လှံသည် ပုံပျက်သွားသောလေဟာနယ်၏ ဝန်းရံခြင်းကို ခံရ၏။ မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ကျယ်သထက် ကျယ်လောင်လာသည်။ ပွတ်တိုက်သံ ပျံ့နှံ့ကာ ယင်းအသံသည် အလွန်စူးရှ၏။ ယင်းအသံ ဝမ်လင်းနားထဲ တိုးဝင်လာသည့်အခါ သူ့ဒွာရပေါက်များကနေ သွေးများစီးကျလာတော့သည်။ သူ အလွန်နာကျင်ရ၏။ သူသည် သွေးအန်လျက် နောက်သို့ အလျင်အမြန် ဆုတ်သည်။
တာအိုပညာရှင်ရေ၏မျက်လုံးထဲတွင် ပို၍ အလေးအနက် ဖြစ်လာ၏။ သူ့မျက်လုံးတို့မှာ တောက်ပလာသည်။ သူသည် သူ့ညာလက်ကို ပင့်မြှောက်ကာ ခပ်ကြမ်းကြမ်း ခုတ်ပိုင်းသည်။
“လွတ်လပ်တဲ့ ဓားသွားဖျက်တောက်ခြင်း၊ ဥပဒေသအားလုံးကို ဖျက်စီးခြင်း…”
မိုးကြိုးသံ မည်ဟိန်း၏။ ဧရာမအက်ကြောင်းကြီးတစ်ခု တာအိုပညာရေ၏ ရှေ့တွင် ပေါ်လာသည်။ ထိုအက်ကြောင်းသည် မညီမညာအသွင် ရှိကာ ကောင်းကင်နှင့်မြေကြီးကို ပိုင်းခြားထားသည့်အလားပင်။ ၎င်းအက်ကြောင်း ပေါ်လာသည်နှင့် ရှေ့သို့ တိုးဝင်လာ၏။
၎င်းအက်ကြောင်းရှေ့ရှိ အရာရာတိုင်းမှာ ထက်ပိုင်းဖြတ်တောက်ခြင်း ခံရသည်။ ၎င်းသည် လှံထံသို့ နီးကပ်လာပြီး ဖြတ်ကျော်သွား၏။
ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။
မိုးကြိုးသံများ အဆက်မပြတ် မည်ဟိန်းကာ ဝမ်လင်းရှိနေသော အရိုင်းကုန်းမြေသည် တစစီ ဖြစ်သွား၏။ သူ့မျက်နှာမှာ ဖြူရောကာ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းများထံမှ သွေးများ ပန်းထွက်ကုန်သည်။ သူသည် သွေးအလိမ်းလိမ်း ဖြစ်သွား၏။
လှံကမူ ဟင်းလင်းပြင်အက်ကြောင်း၏ ထက်ပိုင်းဖြတ်တောက်ခြင်း ခံလိုက်ရသည်။
လှံကို ဖျက်စီးပြီးနောက် တာအိုပညာရှင်ရေက စိတ်အေးမသွားသေးပေ။ သူ့မျက်လုံးတို့က ပို၍ အလေးအနက် ဖြစ်လာ၏။ လှံ ပျက်စီးသွားပြီးနောက် ခုနစ်ရောင်စုံအလင်းတန်းတစ်ခုက သူ့ထံ တိုးဝင်လာနေသည်။
၎င်းမှာ တတိယမြောက်နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထား၊ စစ်ရထားသုံးခုတွင် အစွမ်းထက်ဆုံးလည်း ဖြစ်သည်။
တောက်ပသော ခုနစ်ရောင်စုံအလင်းက တာအိုပညာရှင်ရေကို အမှန်တကယ် စိတ်ပူပန်သွားစေသည်။ ခုနစ်ရောင်စုံအလင်းက မြန်လွန်း၏။ ပထမဆုံးအကြိမ်အဖြစ် တာအိုပညာရှင်ရေသည် သူ့ညာလက်ကို ဝေ့ယမ်းရင်း နောက်သို့ ခြေသုံးလှမ်းဆုတ်လိုက်ရသည်။ ဟင်းလင်းပြင်အက်ကြောင်းက ခုနစ်ရောင်စုံအလင်းကို ဖြတ်တောက်ပစ်ရန် ရောက်လာ၏။
သို့ရာတွင် ထိုအက်ကြောင်းက ခုနစ်ရောင်စုံအလင်းကို ထိမိချိန်၌ အက်ကြောင်းမှာ မြန်ဆန်စွာ စတင် ကြုံ့လာ၏။
ထိုကဲ့သို့ ရုတ်တရက် ပြောင်းလဲမှုက တာအိုပညာရှင်ရေ၏ အမူအရာကို အကြီးအကျယ် ပြောင်းလဲသွားစေသည်။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ထပ်ဆုတ်ရ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များ ဖြစ်စေကာ တိမ်မြူလွှာထုတစ်ခုကို ထွေးထုတ်လိုက်သည်။
ထိုမြူမှာ အနက်ရောင် ရှိကာ ၎င်းအတွင်းမှ မြေကမ္ဘာအက်ကွဲစေမည့်ဟိန်းသံများ ထွက်ပေါ်နေ၏။ မြူအတွင်း၌ ကြီးမားသောတစ္ဆေကိုးကောင် ကွယ်ပုံးလျက် ရှိသည်။ ၎င်းတို့က ချက်ခြင်းပင် ဟိန်းသံပေးလျက် ခုနစ်ရောင်စုံအလင်းထံ တိုးဝင်လာသည်။
တစ္ဆေတစ်ကောင်ချင်းစီက ကောင်းကင်ဘုံဒုက္ခတတိယအဆင့်၏ စွမ်းအားအပြည့်အဝနှင့် ညီမျှပေ၏။ လွတ်လတ်သောတာအိုမန္တာန်နှစ်ခုကို လစ်လျူရှုကာ သည်တစ္ဆေကိုးကောင်ဖြင့်ပင် တာအိုပညာရှင်ရေသည် မည်သည့်ကြယ်အဖွဲ့အစည်းတွင်မဆို သူ ဆန္ဒရှိရာ လုပ်ဆောင်နိုင်ပေ၏။ သူ့ကို တားဆီးနိုင်မည့်အရာမှာ မရှိသလောက်ပင်။
ဤတွင် တစ္ဆေကိုးကောင်သည် ခုနစ်ရောင်စုံအလင်းကို ဝါးမြိုပစ်ရန် နီးကပ်လာခဲ့ပြီ။ ခုနစ်ရောင်စုံအလင်းသည် တောက်ပသွားကာ ၎င်းတို့မှာ တုန်ယင်သွား၏။ တစ္ဆေကိုးကောင်သည် နာကျင်ထိတ်လန့်စွာ အော်ဟစ်၍ နောက်ပြန်ဆုတ်ကာ ခုနစ်ရောင်စုံအလင်းကို မတားဆီးဝံ့ကြတော့ပေ။ ထိုတစ္ဆေကိုးကောင်ထဲမှ နှစ်ကောင်သည် ခုနစ်ရောင်စုံအလင်း၏ ရိုက်ချခြင်းကို ခံလိုက်ရသည်။ ချက်ခြင်းပင် ယင်းနှစ်ကောင်မှာ မူလစွမ်းအင်များအဖြစ် လွင့်ပြယ်ကာ ပျောက်ကွယ်သွားလေ၏။
တာအိုပညာရှင်ရေ၏အမူအရာမှာ သုန်မှုန်လျက်၊ သူသည် နောက်ထပ်ဆုတ်ရပြန်သည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များ ထပ်မံ ဖြစ်ပေါ်စေကာ နောက်ထပ်မန္တာန်တစ်ခုကို အသုံးပြုလိုက်သည်။
ဤအခိုက်အတန့်တွင် ဝမ်လင်း၏မျက်နှာသည် ဖြူရောနေ၏။ သို့သော် သူ့မျက်လုံးထဲတွင်တော့ သတ်ဖြတ်လိုစိတ်အပြည့် ရှိသည်။ သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ သုံးမြှောင့်ခရင်းခွ ပေါ်လာပြီး သူ့ခန္ဓာကိုယ်မှာလည်း ပေထောင်ချီရှေးဟောင်းနတ်ဘုရားအဖြစ်သို့ ကြီးထွားလာသည်။ သူက ရှေ့သို့ ခြေလှမ်းကာ သုံးမြှောင့်ခရင်းခွကို တာအိုပညာရှင်ရေထံသို့ ပစ်သွင်းသည်။
သူ ရှေ့သို့ ရွှေ့လျားလာရင်း သူ့ဘယ်လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ ကောင်းကင်ထက်သို့ ညွှန်သည်။ လေဆင့်ခေါ်ခြင်းမန္တာန် ပေါ်လာပြီး နဂါးနက်များအဖြစ်သို့ ပြောင်းလဲသည်။ အဖျက်အစီးလေပြင်း ကြီးထွားလာပြီး နဂါးနက်များသည် ကောင်းကင်ခွင်းမည့်လှံအဖြစ် ပြောင်းလဲကာ တာအိုပညာရှင်ရေထံသို့ တိုးဝင်လာသည်။
မိုးဆင့်ခေါ်ခြင်းလည်း ထွက်ပေါ်လာသည်။ မိုးစက်များသည် ရေခဲဓားများအဖြစ် ပြောင်းကာ ထိုးထွက်လာကြသည်။
တစ်ချိန်တည်းမှာ ဆန်းကြယ်လက်နက် အသက်ဝင်လာ၏။ ဝမ်လင်း၏ပါးစပ်ထဲမှ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းလက်ဝါး ပျံသန်းထွက်လာသည်။ မရေမတွက်နိုင်သော တိုက်ပွဲစိတ်ဝိညာဉ်များ ပေါ်လာပြီး အော်ဟစ်သံများ ပဲ့တင်ထပ်သည်။ ၎င်းတို့က အရှင်လေဟာနယ်နှင့်ရှေ့ဖြစ်ဟောသူတို့၏ ဦးဆောင်မှုဖြင့် တာအိုပညာရှင်ရေထံသို့ ဝင်ရောက်လာ၏။
ဝမ်လင်း ရှေ့သို့ ဆက်သွားနေရင်း တောင်ခြေမွခြင်းမန္တာန်လည်း ပေါ်လာသည်။ ပုံရိပ်ယောင်မီးတောင်များ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်ကာ ကောင်းကင်ဘုံတုန်လှုပ်စေမည့် အဖျက်အစီးစွမ်းအားကို ထုတ်လွှတ်သည်။
တာအိုပညာရှင်ရေသည် ထိုမန္တာန်များကို ဂရုမစိုက်ပေ။ သူ ဂရုစိုက်သည့် တစ်ခုတည်းသောအရာမှာ သူ့ထံ အရူးအမူး တိုးဝင်လာသော ခုနစ်ရောင်စုံအလင်းသာ ဖြစ်သည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ သူ မျက်လုံးမှိတ်လိုက်၏။
သူက ချက်ခြင်းလိုလို မျက်လုံး ပြန်ဖွင့်သည်။ သူ မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် သူ့အကြည့်သည် အထည်ဒြပ်ဆန်လာကာ ခုနစ်ရောင်စုံအလင်းပေါ် ကျရောက်သည်။
ဘန်းခနဲ ပေါက်ကွဲ၏။ ထို့နောက် ကောင်းကင်ဘုံတုန်လှုပ်ဖွယ် ဖိသိပ်အားတစ်ခု ပျံ့နှံ့လာ၏။ တာအိုပညာရှင်ရေက ခုနစ်ရောင်စုံအလင်းကို ကြည့်လိုက်ချိန်တွင် အရောင်တစ်ခု ပျက်စီးသွား၏။ သို့သော် ကျန်အရောင်ခြောက်ရောင်မျာ ပျက်စီးသွားခြင်းမရှိဘဲ အရူးအမူး နီးကပ်လာနေသည်။
တာအိုပညာရှင်ရေသည် မျက်လုံးမှိတ်ကာ ပြန်ဖွင့်ပြန်၏။ အချိန်တိုအတွင်း သူသည် မျက်လုံးမှိတ်လိုက်၊ဖွင့်လိုက်ကို အကြိမ်များစွာ ပြုလုပ်သည်။
ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။
အမည်မသိမန္တာန်က ခုနစ်ရောင်စုံအလင်းအချို့ကို ရုတ်တရက် ပျက်စီးစေကာ သုံးရောင်သာ ကျန်ရစ်စေ၏။ ၎င်းအလင်းသုံးရောင်မှာ တာအိုပညာရှင်ရေနှင့် ပေတစ်ရာလောက်သာ လိုတော့သည်။
ထိုကဲ့သို့ အန္တရာယ်အခိုက်အတန့်တွင် တာအိုပညာရှင်ရေ၏ မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်လာပြီး သူက ပြောလိုက်သည်။ “ရပ်တန့်ခြင်းမန္တာန်…”
ထိုသို့ ဆိုသည့်အခါ သူသည် ကောင်းကင်နှင့်မြေကြီးကို ရပ်တန့်ပစ်၏။ ဥပဒေသအားလုံးကို ရပ်တန့်ပစ်၏။ လှုပ်ရှားမှုအားလုံး၊ မန္တာန်အားလုံး၊ သက်ရှိအားလုံးကို ရပ်တန့်ပစ်လေသည်။
ချက်ခြင်းပင် ဝမ်လင်း အသုံးပြုလိုက်သော မန္တာန်များအားလုံး လေဟာနယ်အတွင်း ရပ်တန့်သွား၏။ သူ့ခန္ဓာကိုယ်လည်း ရပ်တန့်သွား၏။ သူ့မျက်လုံးထဲတွင် တုန်လှုပ်မှုတို့ ပြည့်နှက်သွားသည်။ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်များလည်း ရပ်တန့်သွားဟန် ထင်ရကာ သူသည် တစ်လက်မမျှပင် မလှုပ်ရှားနိုင်တော့ချေ။
ကျန်ရစ်နေသော အနီ၊အဝါနှင့်အပြာရောင်အလင်းတို့မှာလည်း ဝုန်းခနဲ မြည်ဟည်းကာ တုံ့ရပ်သွား၏။ ၎င်းအလင်းတို့က အပြင်းအထန် ရုန်းကန်ပြီးနောက် တာအိုပညာရှင်ရေ၏ အရှေ့ ပေသုံးဆယ်အကွာတွင် လုံးဝ ရပ်တန့်သွားရသည်။
“ဘယ်လောက်အားကောင်းလိုက်တဲ့ ရတနာလဲ။ ကံမကောင်းစွာနဲ့ ချိပ်ပိတ်မှုတစ်ခု ကျန်နေသေးတာ သိသာတယ်။ မဟုတ်ရင် ငါ့နိဗ္ဗာနလေဟာနယ်အစောပိုင်းကျင့်ကြံမှုအဆင့်နဲ့တောင် ငါဟာ ဒဏ်ရာ ရသွားလောက်တယ်။ ဒီအဘိုးအိုက ရပ်တန့်ခြင်းမန္တာန်ကို အသုံးပြုရတဲ့အထိ မင်းက ငါ့ကို ဖိအား ဖြစ်စေခဲ့တယ်။ လုဇီဟောင် မင်း ဒီလိုလုပ်နိုင်စွမ်းရှိမှတော့ မင်းကို ကောင်းကင်ဘုံတုန်လှုပ်စေနိုင်တဲ့ ပါရမီရှင်အဖြစ် ယူဆလို့ ရနိုင်တယ်…”
“နိဗ္ဗာနလေဟာနယ်၊ စိတ်ဝိညာဉ်လေဟာနယ်၊ ဆန်းကြယ်လေဟာနယ်၊ လေဟာနယ်အတိဒုက္ခ။ တတိယအဆင့် ကျင့်ကြံခြင်းရဲ့ အဆင့်လေးခု။ စိတ်ဝိညာဉ်လေဟာနယ်အဆင့်ကို ငါ ရောက်သွားခဲ့ရင်တော့ ဒီရတနာလုံးဝ အသက်ဝင်လာခဲ့ရင်တောင် ငါ ဒဏ်ရာ ရနိုင်မှာ မဟုတ်တော့ဘူး…”
တာအိုပညာရှင်ရေ၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားက သူ့ကို အနည်းငယ်တော့ တုန်လှုပ်စေခဲ့ပေသည်။ သူသည် ဤလောကမှ မပိုင်ဆိုင်သော မန္တာန်တစ်ခုကို သိမထားခဲ့ပါက ယင်းစစ်ရထားက သူ့ကို ပြဿနာ ဖြစ်သွားစေနိုင်သည်။ သူသည် မသေလျှင်ပင် ဒီလုဇီဟောင်ကို မသတ်နိုင်ခင် ဒဏ်ရာရသွားနိုင်ပေလိမ့်မည်။ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်အနေဖြင့် ပုရွတ်ဆိတ်တစ်ကောင်၏ တန်ပြန်တိုက်ခိုက်မှုကို ခံလိုက်ရပါက သူ့အတွက် အရှက်ရစရာ ဖြစ်သွားပေမည်။
“မင်းအတွက် ဒီရတနာကို အသုံးပြုနိုင်ခွင့် မရှိဘူး။ ဒါ့ကြောင့် ဒီအဘိုးအိုပဲ ယူသွားလိုက်တော့မယ်…”
တာအိုပညာရှင်ရေသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ သူ့မျက်ခုံးနှစ်ခုကြားတွင် ဝဲကတော့တစ်ခု ပေါ်လာ၏။ ထိုဝဲကတော့ ပေါ်လာချိန်တွင် ၎င်းသည် တဟုန်ထိုး ထိုးထွက်ကာ အနီ၊အဝါ၊နှင့် အပြာအလင်းတို့ကို ဝါးမြိုသွားသည်။
ဝမ်လင်းနှင့် တာအိုပညာရှင်ရေတို့ကြားရှိ ကျင့်ကြံမှုအဆင့်ကွာဟချက်မှာ ဖြတ်သန်းမရနိုင်လောက်အောင် ဖြစ်၏။ ဝမ်လင်းသည် မင်သေသေဖြင့်သာ ဖြစ်ပျက်သမျှကို ကြည့်နေရ၏။ သို့သော် သူ့စိတ်နှလုံးထဲတွင်မူ လက်မခံနိုင်မှု၊အလိုမကျမှု မီးတောက်တစ်ခု လောင်ကျွမ်းနေသည်။
“ငါ…လက်မခံနိုင်ဘူး။ ငါ့မှာ ပွဲသိမ်းဝှက်ဖဲအချို့ ကျန်နေသေးတယ်။ ငါ သေရမယ်ဆိုရင်တောင် ဒီလူ့ကို တန်ရာတန်ကြေး ပြန်ပေးဆပ်စေပြီးမှ သေချင်တယ်…”
***